
ဓါတ်ပုံ – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂၀
အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၉၇ တပ်ရင်းက ယမန်နေ့ ဒီဇင်ဘာလ ၁၈ရက်နေ့၊ နေ့လယ် ၁၂နာရီခန့်က ဒူးပလာယာခရိုင်ထဲက ကျုံဒိုးမြို့နယ်၊ ဖားကျကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့လို့ အရပ်သား ပြည်သူများ၏ နေအိမ် ၄ လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ကေအဲန်ယူ – ဒူးပလာယာခရိုင်မှ ထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး ကျုံဒိုးမြို့နယ် ဖားကျရှိဒေသခံတစ်ဦးက “အခုထိလည်း မငြိမ်သေးပါဘူး။ ဒီဘက်မှာ သိပ်ပြီး ငြိမ်တဲ့အချိန် မရှိဘူး။ ညတိုင်း လက်နက်ကြီးနဲ့ ပစ်တယ်။ တစ်ခါတစ်လေဆို နေ့လည်နေ့ခင်းဘက်တွေမှာပါ ပစ်တယ်။ အခုနောက် ပိုင်းတော့ စစ်ကြောင်း တွေရှိတဲ့ ဘက်ကို မပစ်ပဲ လူနေအိမ်တွေ၊ ကျေးရွာတွေထဲကို ဦးတည် ပစ်ခတ်လာတယ်” လို့ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
ပြီးခဲ့တဲ့လက အဲဒီဒေသဘက်မှာ နယ်ကျော်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းနှင့် နယ်မြေခံ တိုင်းရင်း သား လက်နက်ကိုင်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများမှာကို မကြာခဏ ဆိုသလို ပြုလုပ်လာတာပါ။
အာဏာသိမ်းစစ်ကောင်စီတပ်များဟာ အရပ်သားများကို ပစ်မှတ်ထားပြီး တိုက်လာမှုများဟာ ပိုမို ကျယ်ပြန့်လာသလို လူနေအိမ်များကို ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခံနေရလို့ ဒေသခံ ပြည်သူများ စိုးရိမ်မှုမြင့်တက်နေပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။