ဓါတ်ပုံ – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးငါးတိုင်နှင့် လှိုင်ဝအကြားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲဝင်များနှင့် Lion Battalion Commando ဗျူဟာစစ်ကြောင်း၊ ပူးပေါင်း တပ်တို့ကြား ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်မှ နေ့လယ် ၁၀ခွဲ အချိန်ထိ အနီးကပ် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနှစ်ဖက်တိုက်ပွဲမှာတော့ ပူးပေါင်းတပ်ဖွဲ့များဖြစ်တဲ့ ကောသူးလေ Army မှာ ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါးဦးဆောင်ပြီး Lion Battalion Commando ဗျူဟာစစ်ကြောင်းနှင့် အခြား မဟာမိတ်စစ်ကြောင်းများမှ ပါဝင် တိုက်ခိုက် ခဲ့ကြပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ဦး၊ တပ်စာရေး ဗိုလ်ကြီး ၁ဦး၊ တပ်ကြပ် ၃ဦးနှင့် ရဲမေ ၁ဦး ကျဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရမိခဲ့ကြောင်း Lion Battalion Commando – ဗျူဟာ စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
“တိုက်ပွဲကတော့ နေ့လယ်ပိုင်းလောက်မှာ ငြိမ်သွားတယ်။ တိုက်ပွဲဖြစ်နေချိန်မှာတော့ လမ်းတွေ ပိတ်ထားတာရှိတယ်။ တိုက်ပွဲဖြစ်ပြီး ၁နာရီ အကြာလောက်မှာတော့ လမ်းတွေ ပြန်ဖွင့်ပေးပါတယ်။ တောနော်ရေတံခွန်နားက တံတားက တစ်ခြမ်းကျိုးသွားတော့ လမ်းတစ်ခြမ်းကိုပြန်ဖွင့်ထားပေးတယ်။ ပြည်သူတွေတော့ အထိအခိုက် မရှိပါဘူး” ဟု မျက်မြင်ဒေသခံတစ်ဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
ထိခိုက်မှု ကြီးမားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အဲဒီနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတဲ့ အနီးဝန်းကျင်မှာ
ရဟတ်ယဉ်တစ်စီးအပါအဝင်၊ စက်သေနတ် တင်ထားတဲ့ ကားတစ်စီးဖြစ်လည်း လက်ရောက် ပစ်ကူ ပေးခဲ့တယ်လို့ သိရပါတယ်။