သတင်း

စစ်ကောင်စီကို နိုင်ငံတကာက အရေးယူရန် TPCC တောင်းဆို

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၅
နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည့် စစ်တပ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ အရေးယူပေးရန် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ TPCC တောင်းဆို လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာတွင် ဖြစ်ပွားခဲ့ သည့် တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သလို လေယာဉ်နှင့်ပါ ဗုံး ကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူနေအိမ်များ လည်း ထိမှန်ပျက် စီးခဲ့တာပါ။
စစ်တပ်မှ ရဟတ်ယာဉ်များနှင့် ဂျက်လေယာဉ်များ အသုံးပြုကာ ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှု အပေါ် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ TPCC က လေကြောင်းတိုက်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် နိုင်ငံတကာက စစ်တပ်ကို အရေးယူပေးရန် ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်တောင်းဆို ထားပါတယ်။
စစ်ကောင်စီ၏ လက်နက်ကြီးများနှင့် လေကြောင်းတို့ဖြင့် ကျေးရွာအတွင်းသို့ ဗုံးကြဲပစ်ခတ် တိုက်ခိုက် ခြင်းဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့်အပြင် နိုင်ငံတကာ လူ့အခွင့် အရေးနှင့် စစ်ရာဇဝတ်မှုများ ချိုးဖောက်ကူးလွန်သည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း မှ အရေးယူ ပေးရန် တိုက် တွန်း ထားပါတယ်။
တအာင်းဒေသတွင် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်များနည်းတူ မြန်မာနိုင်ငံရှိ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် စစ်တပ်၏ လေကြောင်း ပစ်ခတ်မှုကြောင့် သော်လည်းကောင်း၊ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် သော်လည်းကောင်း လူသေဆုံးမှုများနှင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် ဖြစ်စဉ်များမှာ အာဏာသိမ်းပြီးနောက်မှာ ဆက်တိုက် ဆိုသလို ဖြစ်ပွားလာခဲ့ပါတယ်။

Related Articles

Back to top button