ပုံ – KNU ( ပုံဟောင်း)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၉
စစ်ကောင်စီက ကရင်ပြည်နယ်ထဲက ကော့ကရိတ်ဒေသအပါအဝင် အရပ်သားနေ ကျေးရွာများသို့ ပစ်မှတ် ထားပြီး လက်နက်ကြီးများ ပစ်ခတ်မှုပိုမိုပြုလုပ်လာလို့ စစ်ဘေးရှောင်အရေး ကူညီနေသူများ ပို၍အခက် ကြုံတွေ့နေရတယ်လို့ ကရင် ပြည်နယ်ရွေ့ပြောင်းသွားလာရေးကော်မတီ တာဝန်ခံ စောခဲလေက ဖက်ဒရယ် ဂျာနယ် မြန်မာကို ပြောပါတယ်။
စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး “အလှူရှင်(ဒိုနာ)တွေက အကူအညီပေးမယ်ဆိုရင် စာရင်းတွေ ကောက်ဖို့ ပြောပေမယ့် ကျနော်တို့ ဒီဘက်က ဒေသအခြေအနေတွေက အဆင်မပြေပြန်ဘူး၊ ဘာလို့လဲ ဆိုတော့ ဒေသခံ တွေက လယ်ယာ၊ စိုက်ပျိုးထားကြတယ်၊ အိမ်မွေးတိရိစ္ဆာန်တွေ မွေးထားကြတော့ ရွာထဲ လက်နက်ကြီး ပစ်ခတ်လာပြီဆိုရင် ဘေးလွတ်ရာ တော်ထဲ၊ နီးစပ်ရာ ကျေးရွာတွေထဲ ပြေးကြ လွှာကြရတယ်။ အဲဒါပြေး လာရင် ဒေသခံတွေကို ကူညီစောင့်ရှောက်ပေးရတယ်၊ လက်နက်ကြီးသံ
ငြိမ်သွားရင် ရွာထဲကို ပြန်ကြတယ်။ ပြန်ပစ်လာရင် ပြန်ပြေးလာကြတယ်။ အကူအညီမလိုဘူးလားလို့ ပြောရင် မဟုတ်ပြန်ဘူး၊ အကူအညီကတော့ တောက်လျောက်လိုနေတာပဲ” လို့ သူက ပြောပါတယ်။
စစ်ကောင်စီက ကရင်ပြည်နယ်ထဲက ကော့ကရိတ်အပါအဝင်၊ မြ၀တီ၊ လှိုင်ဘွေ့၊ ဘားအံ အစရှိတဲ့ ကရင်-ထိုင်းနယ်စပ် ဒေသတွေမှာ အရပ်သားများ နေထိုင်တဲ့ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်မှတ်ထား တိုက်ခိုက်တာတွေက ခပ်စိပ်စိပ် ပြုလုပ်လာလို့ ဒေသခံများဟာ ဘေးလွတ်ရာသို့ နီးစပ်ရာ တော်ထဲ၊ ကျေးရွာတွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အခုလို စစ်ကောင်စီ၏ လက်နက်ကြီး မကြာခဏ ပစ်ခတ်မှုကို ကြုံနေရတဲ့ ကျေးရွာနေ ဒေသခံများ ဟာ မကြာခဏ ပြေးရှောင်ပြီး ပြန်လာနေကြတဲ့ ဒေသခံများဖြစ်တာကြောင့် စစ်ဘေးရှောင်များလို့ သတ်မှတ်ဖို့ ပြောဖို့ ခက်ပေမယ့် ရေရှည်စစ်ဘေးရှောင်နေကြတဲ့သူများနဲ့ နည်းတူ အခက်အခဲများ ကြုံ နေရသလို အကူ အညီများလည်း အမြဲလိုအပ်နေဆဲ ဖြစ်ပါတယ်။