အတွေးအမြင်

“ဗမာပြည်နယ် သို့မဟုတ် အညာဖက်ဒရယ်ယူနစ် ရှိသင့်သလား” အပိုင်း (၁)

“ဗမာပြည်နယ် သို့မဟုတ် အညာဖက်ဒရယ်ယူနစ် ရှိသင့်သလား” အပိုင်း (၁)
 
– ဗျင်းခင်ခင် l သူ့အတွေးသူ့အမြင်
 
ဗမာပြည်နယ် (အညာဖက်ဒရယ်ယူနစ်) ရှိသင့်သလား မရှိသင့်သလားဆိုတာ ပြောလာကြတော့ ကျုပ်တို့ ပရိသတ်ကလည်း အခြေခံကျကျ စဥ်းစားကြည့်ဖို့ လိုအပ်လာပါပြီ။
 
ဗမာပြည်နယ်ဆိုသာ ပေါ်လာရင်ဖြင့် ရပ်ကွက်ထဲက သာမန်ပြည်သူလူထုတွေက “ဟာ ငါတို့က တိုင်းရင်းသားတွေကို ငါတို့ပိုင်ထားတဲ့နေရာတွေ ခွဲပေးလိုက်ရ တော့မှာလား” “ချင်းပြည်ရောက်နေတဲ့ ငါ့အမျိုးတွေ ဘာဖြစ်မှာလဲ” “ကချင်ပြည်မှာ အလုပ်လုပ်နေတဲ့ ငါ့သားသမီးတွေ ကို နှင်ထုတ်တော့မှာလား” နဲ့ ပူပန်သောကတွေရောက်ကုန်ကြရင်ဖြင့် တိုင်းပြည်တည်ထောင်ရေး ဆွေးနွေးနေကြတဲ့ လူကြီးတွေ စိတ်သောကရောက်ရပြီး နဂိုထဲက ရှေ့မရောက်တဲ့ နိုင်ငံရေးခရီးလမ်း လုံးဝလမ်းပျောက်ကုန်ကြမှာကို တကယ်ပဲ စိုးရိမ်လာမိရပါပြီ။
 
နိုင်ငံရေးအရ ရွေးကောက်ခံထားရခြင်းဟာ ပြည်သူကအပ်နှင်းတဲ့ အာဏာနဲ့ ပြည်သူကို ကိုယ်စားပြုတာဖြစ်လို့ လက်နက်ကိုင် တော်လှန်ရေးကို အမြန်ဆုံးအဆုံးသတ်နိုင်ဖို၊ အနာဂါတ်မှာ ပြည်သူတွေကောင်းစားဖို၊ ကချင်ပြည်မြောက်စွန်းကနေ တနင်္သာရီ ကော့သောင်း အငူ အဖျားအထိ ဘယ်အရပ်ရောက်နေတဲ့ နိုင်ငံသားမဆို တန်းတူညီမျှတဲ့ အခွင့်အရေးတွေနဲ့ နေနိုင်ကြဖိုတွေကို အာမခံနိုင်မယ့် တစ်ကြောင်းတည်းသောစိတ်နဲ့ နိုင်ငံရေးစေတနာ အပြည့်အဝထားပြီး ဦးဆောင် ဆုံးဖြတ်ချက်ချကြမယ်ဆိုရင်ဖြင့် ပြည်သူကလည်း လက်ခံကြည်ဖြူမှာပါပဲ။
 
သူတို့ကို ကိုယ်စားပြုစေချင်လို့ မဲ ပေးထားတာမလို့ ပြည်သူက ဖက်ဒရယ်ပြောမှ၊ ကွန်ဖက်ဒရိတ်ပြောမှ အနောက်ကနေလိုက်စဥ်းစားကြမယ်ဆိုရင်တော့ ဗုံးဆံ အမြောက်သံတွေကြားက ပြည်သူကို ခေါင်းဆောင်တွေက နိုင်ငံရေးကြိုးကွင်းပါ ထပ်စွပ်နေသလိုသာ ရှိမှာပါပဲ။
 
တန်းတူဆုံးဖြတ်ပိုင်ခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတာမှာလည်း ဗမာနဲ့ တိုင်းရင်းသားလို ခံယူပြီး အီကွေးရှင်းချနေသမျှတော့ ဗမာတစ်ကျပ် ကရင်တစ်ကျပ်၊ ဗမာ တစ်ကျပ် ရှမ်းတစ်ကျပ် ဆိုသလို အဆုံးမှာ ဗမာ ၇ ကျပ် ကျန်တာ ၁ကျပ်စီပဲ ဖြစ်နေမှာပါ။ အဓိကလူမျိုးစုအားဖြင့် ကချင်၊ ချင်း၊ ကရင်နီ၊ ရှမ်း၊ ကရင်၊ ချင်း၊ မွန် တို့နည်းတူ ဗမာသည်လည်း ဌာနေတိုင်းရင်းသား/ နယ်မြေခံ (လူမျိုးစု) တစ်ခု ဖြစ်လို ဗမာပြည်နယ် တစ်ခု (သို) ကိုယ်စားပြုမှုတစ်ခုအနေနဲ့ ရိုးရိုးရှင်းရှင်းစဥ်းစားကြည့်လိုက်ရင် ရိုးရှင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းကို ချမှတ်နိုင်ကြမှာပါ။
 
ဆိုလိုတာကတော့ လက်ရှိ နိုင်ငံရေးအင်အားစုတွေထဲ ပြည်သူအပ်နှင်းတဲ့ အာဏာအရ အင်အားအကြီးဆုံးလိုဖြစ်နေတာ CRPH, NUG နဲ့ NUCC platform ပါပဲ။
 
ဒီအင်အားစုတွေရဲ့ စဥ်းစားချက်မှာ ဗမာပြည်နိုင်ငံရေးပြဿနာကို ဖြစ်စဥ်တခုလုံးမကြည့်မိပဲ ၈၈၊ ၂၀၁၅ ၂၀၂၀ စတဲ့ ဖြစ်ရပ်တွေကိုသာကြည့်သလား၊ ဗမာပြည်မနဲ့ အခြားတိုင်းရင်းသားများကို တန်းတူထား နားလည် စဥ်းစားသလား၊ ဗမာက အများစုမို့လို့ ကျန်တိုင်းရင်းသားများကို လွှမ်းမိုးအုပ်စိုးရမှာပဲလို့ စဥ်းစားမိနေသလား ဆိုတာတော့ သက်ဆိုင်ရာအင်အားစုတွေက အဓိကရေးနေ၊ ပြောနေတဲ့ ဇာတ်ကြောင်းတွေကနေ သက်သေပြသွားမှာပါပဲ။
 
ဒီအခြေခံကနေပဲ ရှေ့တစ်နှစ်အတွင်း တော်လှန်ရေးအောင်မြင်နိုင်သလား၊ တော်လှန်နေ့သစ်တွေကနေ နှစ်သစ်တွေကို တက်လှမ်းဦးမှာလား ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်တယ်ဆိုတာကို သတိချပ်ကြစေ ချင်ပါတယ်။

Related Articles

Back to top button