ဘာသာတရားဖြစ်လာတဲ့ နွေဦးတော်လှန်ရေး
- စည်းနရီ l သူ့အတွေးသူ့အမြင်
“ကမ္ဘာမကြေဘူး ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ…”
ဒီသီချင်းကို ပြိုင်တူဆိုနေရင်း ရင်ထဲမှာလှုပ်ရှားခဲ့ကြတဲ့ လမ်းပေါ်သပိတ်နေ့ရက်တွေကို လူတိုင်း သတိရကြမှာပါ။ လမ်းပေါ်ထွက်မယ်၊ စစ်တပ်ကိုရင်ဆိုင်မယ်၊ ငါတို့အနာဂတ်ငါတို့မျိုးဆက် အတွက် ငါတို့စွန့်လွှတ်အနစ်နာခံရမယ်လို့ တွေးခဲ့ကြတယ်။
“ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော အော်… သူရဲကောင်းတို့ရေ…”
နွေဦးတော်လှန်ရေးကာလအတွင်း အသက်ပေးခဲ့ကြသူတွေ သောင်းချီပါပြီ။ ရောဂါနဲ့သော် လည်းကောင်း၊ အခြားအကြောင်းကြောင့်သော်လည်းကောင်း သေဆုံးကြသူတွေကိုပါ ထည့်သာ တွက် လိုက်ရင် တော်တော်များလွန်းပါပြီ။ ပျက်စီးသွားတဲ့ အိုးအိမ်၊ စီးပွား၊ မိသားစုနဲ့ သီးသန့်ဖြစ်တဲ့ အနာဂတ်တွေကို ထည့်တွက်လိုက်ရင်တော့ ပြောဖွယ်ရာမရှိအောင် စတေးနေကြရတာဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးကို ဓမ္မဓိဌာန်ကျကျ ပြန်ကြည့်ဖို့ လိုပါတယ်။
ဒီနေရာမှာ ဆွေးနွေးချင်တဲ့ ခေါင်းစဉ်က နွေဦးတော်လှန်ရေးက ဘာသာတရားတခု ဖြစ်လာ သလားဆိုတဲ့ မေးခွန်းပါ။
ဘာသာရေးဆိုတာဘာလဲ။ ဒီနေရာမှာ ဘာသာရေးဆိုတာကို အယူသည်းမှုတခုတည်းကို ဆိုလိုတာမဟုတ်ဘူး။ Emile Durkheim ရဲ့ ဖွင့်ဆိုမှုလို အကျင့်တရား သီလတစ်ခုကို ယုံကြည်သက်ဝင်ကြပြီး သာမန်နိစ္စဓူဝအရေးအရာတွေကနေ ကျော်လွန်မြင့်မြတ်တယ်လို့ သတ်မှတ်ထားတဲ့အရေးအရာတွေကို ကျင့်ကြံလုပ်ဆောင်ကြတဲ့ စနစ်တွေကို ဆိုလိုတာဖြစ်တယ်။
ဒီစနစ်တွေ ဘာသာတရားတွေဟာ အမှန်၊ အမှားဟာ ဘာလဲဆိုတာကို ပြောပြတယ်။ မမြင်ရတဲ့ စွမ်းအား သို့မဟုတ် ဖြစ်စဉ်တခုခုကို ယုံကြည်တယ်။ ဘာတွေဖြစ်နေတယ်ဆိုတာကို အကြောင်းပြချက်ပေးတယ်။ ကောင်းကင်ဘုံနဲ့ ငရဲကို ခွဲခြားပေးတယ်။ တည်ရှိမှုကို ရည်မှန်းချက်ပေးတယ်။ ဂါထာမန္တန်တွေလို ရွတ်ဆိုမှုနဲ့ အခမ်းအနားလိုအရာတွေကို တည်ဆောက် ပေးတယ်။ ဘဝအဓိပ္ပာယ်ကိုပေးတယ်။ အယူဝါဒ Doctrine ကို ပေးတယ်။
တော်လှန်ရေးဆိုတာ ဘာကိုပြောတာလဲ။ မျက်မှောက်ကာလမှာ တည်ရှိနေတဲ့ စုစည်းမှုတွေ၊ အဖွဲ့အစည်းတွေ၊ ဉာဏအဆောက်အအုံ အင်စတီကျူးရှင်းတွေ အလုပ်မဖြစ်တော့တဲ့အခါ ဒီအနေအထားကို တဟုန်ထိုးပြောင်းလဲဖို့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအမြင်တွေနဲ့ စုစည်းကြတာကို တော်လှန်ရေးလို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။
မူရင်းစကား Re-volution ဆိုတာ တဆစ်ချိုးကွေ့တယ်လို့ အနက်ဖွင့်ဆိုနိုင်တယ်။ တော်လှန်ရေးတွေမှာ နိုင်ငံရေး ဖွဲ့စည်းမှု ရည်မှန်းချက်၊ လူမှုစီးပွားအမြင်တွေနဲ့ စိတ်လှုပ်ရှားတက်ကြွစေတဲ့ အကြောင်းအရာတွေ ရှိကြတယ်။ အများအားဖြင့် နိုင်ငံရေးစုဖွဲ့တော်လှန်မှုတွေဟာ အချိန်မြန်ပြီး လူမှုရေးပိုဆန်တဲ့ ပြောင်းလဲမှုတွေဟာ ကြာမြင့်တတ်တယ်။
နွေဦးတော်လှန်ရေးရဲ့ ဦးတည်ချက်နဲ့ လုပ်နည်းလုပ်ဟန်ကို သုံးသပ်ကြပါစို့။ နွေဦးတော်လှန်ရေးရဲ့ ပြဿနာဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ ရွေးကောက်ခံထားရတဲ့ အစိုးရကို အာဏာသိမ်းလိုက်လို့ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
အရင်ကတည်းက ရှိနေခဲ့တဲ့ နှစ် ၇၀ ကျော် လွတ်လပ်ရေးရကတည်းက ဗမာနိုင်ငံရေးယူနစ်ရဲ့ အနိုင်ကျင့်ဗိုလ်ကျပြီး တနိုင်ငံတည်း ဇာတ်သွတ် သွင်းမှုကို တောင့်ခံ၊ တင်းခံ၊ တွန်းလှန်နေတဲ့ တော်လှန်ရေးတွေလည်း ရှိတာကို အသိအမှတ်ပြုလာ သလိုလိုရှိပေမယ့် လူအများအပြားကတော့ နွေဦးတော်လှန်ရေးဟာ ပိုမြင့်မြတ်တဲ့ပုံစံ ပြောဆို နေကြတုန်း ရှိသေးတယ်။
နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားတွေ လိုလားပါတယ်ဆိုတဲ့ ဖက်ဒရယ် ဒီမိုကရေစီကို ပေးမယ်လို့ ပြောပေမယ့် NUG ကို စတင်ဖွဲ့စည်းကတည်းကဖြစ်စေ၊ NUCC ကို ဖွဲ့စည်းတဲ့အခါမှာဖြစ်စေ တိုင်းရင်းသားတော်လှန်ရေးအစိုးရတွေကို တော်လှန်ရေးအစိုးရတွေလို မမြင်ပဲ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေလိုပဲ တပြေးညီရှုမြင်ခဲ့တာ အခုအထိဖြစ်တယ်။
တနည်း ပြော ရရင် Depoliticize democracy လို့ခေါ်တဲ့ နိုင်ငံရေးအနှစ်သာရ ထုတ်ထားတဲ့ ဒီမိုကရေစီ ကို ယဉ်ကျေးမှုအစုံ (Multiculturalism) ဝတ်ရုံခြုံပေးပြီး ပေးဖို့ လုပ်နေတုန်းပဲ။ ဒါဟာ ဗမာလူမျိုးကြီးလို့ ပြောနေကြတဲ့ ဗမာ့ကိုလိုနီလမ်းစဉ်ကို မစွန့်လွှတ်သေးတဲ့ တနိုင်ငံတည်းသားများဖြစ်လို့ နိုင်ငံရေး ဦးဆောင်မှု တခုသာရှိသင့်တယ်ဆိုတဲ့ One-Nation Agenda ကို တည်ဆောက်နေဆဲပဲလို့ ပြောရမှာဖြစ်တယ်။
စစ်တပ်နဲ့ NLD ဟာလည်း ကနဦးတည်းက ဒီလိုပဲ One-Nation Agenda နဲ့ တနိုင်ငံတည်းသားမို့ တူတူပဲလို့ လုပ်နေခဲ့ကြတာကို ပြန်ပြောင်းချိန်ထိုးကြည့်ရမှာပါပဲ။ အခုထိ ဖက်ဒရယ်ယူနစ်ဘယ်နှခုရှိမလဲ ဆွေးနွေးတာကို မလုပ်နိုင်သေးသလို၊ အရေးပါတဲ့ နိုင်ငံရေးစုဖွဲ့မှုတွေ သိပ်မလုပ်နိုင်ပဲ လူမှုရေးဆန်တဲ့ စုဖွဲ့မှုနဲ့ လူ့အခွင့်အရေးရှုထောင့်တွေကိုသာ ဆွေးနွေးနိုင်နေဆဲဖြစ်တာမို့ depoliticized democratic agenda ဖြစ်နေတယ်လို့ ဆေးခါးကြီးဆန်ဆန် ပြောရဦးမယ်။
ဖက်ဒရယ်ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာကို သဘောတူတာမျိုး လက်ရှိမှာ တိတိကျကျဖြစ်နေသေးဘူး။ အင်တာဗျူးတွေမှာလည်း အဖြေတွေ ရှေ့နောက်ကွဲလွဲတာတွေ တွေ့နေရဆဲပဲ။ မိုတီဗေးရှင်းတွေ လှိုင်လှိုင်ပေးနေပေမယ့် အခြေခံအကောင်အထည်ဖော်ရမယ့် သူတွေနဲ့ ထိတွေ့မှုနည်းပါးနေဆဲပဲ။
နွေဦးတော်လှန်ရေးမှာ ငရဲပြည်ဆန်တဲ့ အမြင်ရှိတယ်။ အဲ့ဒါကတော့ စစ်အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံဆိုရင် မကောင်းဘူးဆိုတာ တိတိကျကျဟောထားတယ်။ နတ်ပြည်ဆန်တဲ့ အမြင်ရှိတယ်။ အဲ့ဒါကတော့ မင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်ပြုတ်ကျပြီး တော်လှန်ရေးအင်အားစုတွေ အနိုင်ရတာလို့ ဆိုရမှာပေါ့။
တိတိကျကျတော့ အမြင်မပေါ်သေးဘူး။ လူမှုရေးသဟဇာတနဲ့ စီးပွားရေးတွေကို ဘယ်လိုပြန်တည်ဆောက်မလဲဆိုတာ ဆွေးနွေးဖို့အချိန်လည်း မဖြစ်နိုင်သေးဘူး။ CRPH ကတော့ အမြင့်ဆုံး အာဏာယူထားတုန်းမို့ ကိုင်ထားတဲ့ Legitimacy ဟာ တရားထူးတရားမြတ်လို ဖြစ်လာတယ်။
စစ်တပ်နဲ့မပူးပေါင်းနဲ့၊ စစ်တပ်ကို ထောက်ခံတာဟာ မိစ္ဆာဒိဌိတွေဖြစ်တာမို့ တတ်နိုင်သလောက် သတ်ကြမယ်ဆိုတာဟာ သီလတရားလို ဖြစ်လာတယ်။ တော်လှန်ရေးကို တယောက်တည်းကျိတ်ပြီး သံသယဝင်လာရင်လည်း ဘေးက အသိုင်းအဝိုင်းကနေ တွန်းအားပြန်ဖြစ်လာတယ်။ မီဒီယာအင်တာဗျူးတွေဟာ တရားပွဲတွေဖြစ်တယ်။
မြေပြင်ထိတွေ့မှုမှာလည်း NUG ဟာ ထင်သလောက်မဟုတ်ဘူးလို့ အင်တာဗျူးတွေမှာ လှိုင်လှိုင်ကြားရတယ်။ အစည်းအဝေးတွေ လုပ်နေပေမယ့် ဦးဆောင်မှုပေးနိုင်မှု အားနည်းတယ်လို့ ဝေဖန်ခံရတာကို မြင်ရတယ်။ ဘာသာတရားရှုထောင့်ကကြည့်ရင် နတ်ဘုရားတွေလိုပါပဲ။ ယုံကြည်ဖို့ တွန်းအားပေးကြသလို ရှိတယ်လို့ ခံစားရပေမယ့် လက်တွေ့ဘဝထဲ ရောက်မလာတာတွေ ဖြစ်လာတယ်။ NUCC ဟာလည်း ပျောက်လုနီးပါးဖြစ်နေတယ်။ ပြည်သူ့ဘဝထဲမှာ မရှိဘူး။
စစ်တပ်ကလည်း ဒီလိုပဲ သူတို့ရပ်တည်ချက်ကို ဘာသာရေးဆန်အောင် လုပ်နေတာပါပဲ။
နွေဦးတော်လှန်ရေးက ဘာသာတရားတခုဖြစ်မသွားဖို့ ဘာလုပ်ကြမလဲ။
အရေးကြီးတာက ဒါပါပဲ။ နတ်ပြည်နဲ့ ငရဲပြည်ဆိုတာထက် ငါတို့ဘယ်လိုနိုင်ငံကို တည်ဆောက်မလဲဆိုတာ လူမှုရေးဘောင်ကိုကျော်ပြီး နိုင်ငံရေးအရ တွေးကြဖို့ လိုပါတယ်။ ဖက်ဒရယ်ယူနစ်တွေ ဘယ်နှခုရှိမှာလဲ၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အချုပ်အခြာနဲ့ သမိုင်းအရတည်ရှိခဲ့တဲ့ နိုင်ငံရေးယူနစ်တွေကို ဆက်ပြီး ချုပ်ကိုင်ဖို့ ပဲ့ကိုင်ဖို့ ကြိုးစားဦးမှာလား။
တော်လှန်ရေးအစိုးရအချင်းချင်းကို တန်းတူထားတတ်ဖို့ မြင်နိုင်ပြီလား။ မေးခွန်းပေါင်းများစွာကို ဆေးခါးကြီးလို သောက်ကြရပါလိမ့်မယ်။ စစ်တပ်ထောက်ခံတဲ့သူတွေမှာလည်း အလယ်နား ရောက်တဲ့၊ အစွန်းမရောက်တဲ့သူတွေရှိသလို၊ ကြားနေချင်တဲ့သူတွေလည်း ရှိတယ်။ ဘယ်သူက ရန်သူစစ်စစ်၊ ဘယ်သူက မိတ်ဆွေစစ်စစ်၊ ဘယ်သူက ကြားနေလဲ သဲကွဲကြဖို့လိုပါတယ်။
အားလုံးမှာ နိုင်ငံသူနိုင်ငံသား ရာခိုင်နှုန်းတခုစီ ရှိနေတာပါပဲ။ ရန်သူအားလုံးကို သတ်မယ်၊ Genocide လုပ်မယ်ဆိုတာ တကယ်တော့မဖြစ်နိုင်ဘူးလို့ လက်ခံရင် ကိုယ့်ဘက်ပါလာအောင် အကြမ်းနည်း တင် မကဘူး၊ စိတ်နှလုံးကို ဆွဲဆောင်နိုင်မယ့်သဘောတရားနည်းနာတွေကို လေးလေးနက်နက် ကျင့်သုံးရဖို့ ကြိုးစားကြရဖို့ ဖြစ်ပါတယ်။
မဟုတ်ပဲ ခေါင်းဆောင်တွေကို ဖယ်ရှားသုတ်သင်ပြီး လူလဲမယ်ဆိုတဲ့ အမြင်သပ်သပ်ပဲရှိရင် အပေါ်ယံတော်လှန်ရေး ဖြစ်သွားမယ့်အန္တရာယ်ရှိပါတယ်။ ကိုယ့်အမြင်နဲ့မတူတဲ့ ပညာရှင်တွေကို ဘေးထုတ်ထားတဲ့ Anti-intellectual အယူဝါဒဟာ အလွန်အန္တရာယ်ရှိတာကို သဘောပေါက်ဖို့ လိုပါတယ်။
ပြည်သူတွေကို ရှင်းလင်းတဲ့ချပြမှုတွေ၊ ဒလန်သတ်မှတ်ချက် ရှင်းလင်းမှုတွေ ရှိရပါလိမ့်မယ်။ တော်လှန်ရေးထဲပါဝင်တာကို ဘာသာတရားတခုလို ရှုမြင်လို့မရပါဘူး။ တကယ့်တော်လှန်ရေး အစိုးရတွေ တနည်းပြောရင် Governments of National Unity ဆိုတာ နိုင်ငံတကာသမိုင်းကို ပြန်ကြည့်ရင် ရွေးကောက်ခံဖြစ်စရာမလိုပါဘူး။ ပြည်သူနဲ့ ချိတ်ဆက်ပြီး ကောင်းကောင်း ဦးဆောင်နိုင်ဖို့ လိုပါတယ်။
လက်တွေ့ဆန်ဖို့ လိုပါတယ်။ NUG/NUCC ကို စင်ပြိုင်တော်လှန်ရေး အစိုးရတွေ၊ လယ်ဗယ်တခုတည်းက အချုပ်အခြာဦးဆောင်မှုပြုနိုင်သူတွေနဲ့ ပြန်ဖွဲ့စည်းဖို့ လိုကောင်းလည်း လိုနိုင်ပါတယ်။ ယုံကြည်မှုကို Decentralize လုပ်တာ၊ မဟာဗျူဟာကို Decentralize လုပ်တာတွေ လုပ်လိုက်တဲ့အခါ ဗရမ်းဗတာကို Decentralize လုပ်သလိုဖြစ်ပြီး အစီအစဉ်မကျတဲ့ဖြစ်စဉ်တွေ ပိုတိုးလာပါတယ်။
နိုင်ငံရေးဖြစ်စဉ်တွေအောက်မှာ မိသားစုဘဝ တွေကို ယဇ်ပူဇော်ကြတဲ့အခါ တကယ်အကျိုးရှိဖို့လိုပါတယ်။ ဗရမ်းဗတာတွေကို ထိန်းချုပ်မရ တာက စစ်တပ်အတွက် ရေတိုမှန်ပေမယ့်၊ ရေရှည်မှာ လူတွေဟာ အကြောင်းအရာတခုအောက်ကို စုစည်းသွားမှာက သဘာဝပဲဖြစ်ပါတယ်။
ဒါကို မထိန်းချုပ်နိုင်တာတွေကြောင့် တော်လှန်ရေးပြီး တဲ့အခါ ဖက်ဆစ်ဆန်တဲ့နိုင်ငံရေးခေါင်းဆောင်တွေဟာ “စုစည်းညီညွတ်ကြဖို့” ခေါင်းစဉ်အောက်ကနေ သံမဏိလက်သီးတွေနဲ့ ပေါ်ပေါက်လာတတ်ကြတာပါပဲ။ ဒါကို ကြပ်ကြပ်သတိပြုဖို့လိုပါတယ်။
အချုပ်ပြန်ပြောရရင် တော်လှန်ရေးမှာ လက်တွေ့ကျတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ နိုင်ငံရေး မဟာဗျူဟာ လိုပါတယ်။ ယုံကြည်မှုတခုတည်းကို အခြေပြုလို့ မရပါဘူး။ လက်တွေ့ဖြစ်နိုင်ဖို့ လိုပါတယ်။ အချက်အလက်အမှန်တွေကို အခြေခံဖို့ လိုပါတယ်။
မှန်ကန်တဲ့ ဦးဆောင်မှုပုံစံနဲ့ ဖွဲ့စည်းမှုတွေ လိုအပ်ပြီး သူ့နေရာနဲ့သူမရှိရင် ပြန်ဖွဲ့စည်းဖို့လည်း လိုအပ်ပါတယ်။ အချက်အလက်ကို ရောဂါလိုသဘောထားပြီး မတိုက်ထုတ်ပဲ စနစ်တကျစဉ်းစားလုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။ တခါတလေ တကယ်ချစ်တဲ့သူတွေဟာ တကယ်အမုန်းခံပြီး ပြောစရာရှိတာပြောဖို့နဲ့ နားထောင်ဖို့ လိုတာကို နားထောင်ဖို့လိုပါတယ်လို့ ဆွေးနွေးလိုက်ရပါတယ်။