(No. 88, November 29, 2022)
၁။ မိုးညှင်းမြို့အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို KIA – KPDF ပူးပေါင်းအဖွဲ့သွားရောက်တိုက်ခိုက်
November 28, 2022
မိုးညှင်း – နန်းမား ကားလမ်းမပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ ည ၁၁ နာရီဝန်းကျင် ခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် မိုးညှင်း KPDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ မိုးညှင်းမြို့ပြင် BOC ဆီဆိုင်အနီးရှိ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။ “၄၀ မမလေးလုံးနဲ့ BOC ထောင့်မှာကင်းပုန်းဝပ်တဲ့ အုပ်စုကိုသွားပစ်တာ။ ပစ်ပြီးပြန်ဆုတ်တဲ့အခါမှာ စခန်း (မိုးညှင်း ရဲ စခန်း) ထဲက ကားတစ်စီးထွက်လာတာ။ အဲ့ကားတစ်စီးကိုလည်းထပ်ပြီးမိုင်းဆွဲ လိုက်တယ်”ဟုပြောသည်။ ၎င်းတို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်သူမရှိကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုကိုမူ မသိရှိရသေးကြောင်း သူက ဆက်ပြောသည်။
ပစ်ခတ်မှုဖြစ်စဉ်မှာ လေးဆယ့်ငါးမိနစ်ဝန်းကျင် ကြာမြှင့်ခဲ့ကြောင်း အသက် ၁၉ နှစ်အရွယ် မိုးညှင်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ “ဆက်တိုက် လက်နက် ကြီးတွေရော။တော်တော်ကြမ်းတယ် ခါတိုင်းထက်။ ပြီးရင် ပန်းခြံဘက်ကရော အသံထွက်ခဲ့တာ၊ သေနတ်သံ” ဟုပြောသည်။ တိုက်ခိုက်ခံရသည့် အင်အား ၁၅ ဦးဝန်းကျင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့မှာ လွန်ခဲ့သည့် သုံးရက်ခန့်မှစပြီး အဆိုပါ BOC ဆီဆိုင်အနီးတွင် တပ်စွဲထားပြီး ဖြတ်သန်းသွားလာသူများအား စစ်ဆေးမှုများ ပြုလုပ်ကာ ညပိုင်းတွင် ကင်းပုန်းဝပ်လေ့ရှိကြောင်း သိရသည်။ https://www.facebook.com/The74Media
၂။ အပစ်ရပ်စဲထားသော်လည်း အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်ကြောင်း AA ပြော
November 28, 2022
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ လတ်တလော အပစ်အခတ်ရပ်စဲထားသော်လည်း စာချုပ်များနှင့် တရားဝင် လက်မှတ်ထိုးထားခြင်း မဟုတ်သည့်အတွက် အချိန်မရွေး စစ်ပွဲပြန်ဖြစ်ပွားလာနိုင်ကြောင်း ULA/ AA ၏ (နိုဝင်ဘာလ ၂၈ ရက်) တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။ “ရှေ့လာမယ့် အခြေအနေပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ကျနော်တို့က စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးထားတာလဲ မဟုတ်ပါဘူး။ ပြီးတော့ အလွတ် သဘော ဒီလို သဘောတူညီထားတာပဲ ဖြစ်တဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက်က တစ်ခုခု လုပ်လာလို့ရှိရင်တော့ အချိန်မရွေးပြန်ဖြစ်နိုင်ပါတယ်” ဟု ဦးခိုင်သုကပြောသည်။ ထို့အပြင် တိုက်ပွဲရပ်စဲထားသည့် ကာလအတွင်း နှစ်ဦးနှစ်ဖက် လုပ်ဆောင်ရမည့်မူဝါဒများ ချမှတ် ထားခြင်း မရှိသေးသလို အလွတ်သဘောချမှတ် ထားသည့် ကတိကဝတ်အပေါ် ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဦးခိုင်သုခ က ပြောသည်။ “ရှေ့ကို ဘာလုပ်မှာလဲ ဘာဖြစ်မှာလဲ ဆိုတာကိုတော့ ကြိုပြီး ပြောလို့ မရပါဘူး။ ကျနော်တို့လည်း ဆက်ပြီးတော့ စောင့်ကြည့် နေပါမယ်။ ပြည်သူတွေလည်း ဆက်ပြီးစောင့်ကြည့်နေမယ်ဆိုတာကို ကျနော်တို့အနေနဲ့ နားလည် ပါတယ်။ ဒါကြောင့်မို့ တစ်ဖက်နဲ့တစ်ဖက် ဘာဖြစ်လာမယ်ဆိုတာကတော့ခါ နှစ်ဖက်လုံးရဲ့ လုပ်ဆောင်မှုနဲ့ ကတိကဝတ်တွေ တည်မှု၊မတည်မှုအပေါ်မှာပဲ အများကြီးမူတည်ပါလိမ့်မယ်”ဟု ဦးခိုင်သုခက ပြောသည်။
ထိုသို့ အပစ်အခတ်ရပ်စဲရခြင်းမှာ လက်ရှိ ဖြစ်ပေါ်နေသည့် အကျပ်အတည်းများကို သက်သာမှုရစေဖို့ အတွက် ပြည်သူ့ အကျိုးကို ရှေးရှုပြီး ဂျပန်နိုင်ငံ၊ နီပွန်းဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်မှုကြောင့် ဖြစ်သည်ဟုလည်း ဦးခိုင်သုခက ပြောသည်။ “ကျနော်တို့ ဒီကိစ္စကို ပြည်သူလူထုတွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို သက်သာခွင့် ရစေဖို့အတွက် ပြည်သူ့အကျိုးရှေ့ရှုပြီးတော့ အဲဒီကိစ္စဆောင်ရွက် တာဖြစ်ပါတယ်။ ဒီဟာမှာတော့ ကြားခံ ပုဂ္ဂိုလ်တစ်ချို့က ဝင်ရောက်ပြီးတော့ ကြိုးစားလုပ်ဆောင်ပေးတာတော့ ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် နိပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကျနော်တို့ ဒီကိစ္စဖြစ်ပေါ်လာတယ်လို့ ပြောလို့ရပါတယ်”ဟု ၄င်းကဆိုသည်။
၃။ ကျောက်တော်မြို့နယ်တွင် အစာအဆိပ်သင့်မှုကြောင့် မိသားစုဝင် ၆ ဦး သေဆုံး
November 28, 2022
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းအထက်ပိုင်းရှိ သက်ထင်(မြို)ကျေးရွာတွင် အစာအဆိပ်သင့်မှုကြောင့် မိသားစုဝင် ၆ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါမိသားစုသည် နိုဝင်ဘာလ ၂၆ ရက်နေ့က ကျောက်တော်မြို့မစျေးမှ ဝယ်ယူလာသည့် ပြောင်းဖူးအား စားသောက်ပြီးနောက် အစာအဆိပ်သင့်ကာ အသက်ရှူ ကျပ်လာသဖြင့် ဝဲကြီးထောင့်ဆေးရုံသို့ ပို့ ဆောင်ရာတွင် သမီးအလတ်ဖြစ်သူ မစိုးသန်း(၂၃)နှစ် သေဆုံးသွားသည်။ ထို့နောက် ကျန်လူများကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ရာတွင် မိခင်ဖြစ်သူ ဒေါ်ခိုင်သန်းနု၊ သမီးကြီး မစန္ဒာဝင်းနှင့် သားဖြစ်သူ မောင်ကျော်ငြိမ်းထွန်း တို့မှာ (နိုဝင်ဘာလ ၂၇ ရက်)က သေဆုံးသွားကြပြီး ဖခင်ဖြစ်သူ ဦးသောကြာအောင်နှင့် အဖွားဖြစ်သူ အသက် ၆၀ အရွယ်တို့မှာ ယနေ့ (နိုဝင်ဘာလ ၂၈ ရက်) နံနက်ပိုင်းက သေဆုံးသွားကြခြင်းဖြစ်ကြောင်း သိရသည်။ “သူတို့ပြောတာက ပြောင်းဖူးစားပြီးမှ အသက်ရှူကျပ်လာတာ လို့ပြောတယ်။ ဒါကြောင့် တစ်မိသားစုလုံးကို ကျောက်တော်ဆေးရုံကို ခေါ်လာတဲ့လမ်းမှာ အခြေအနေဆိုးလို့ ဝဲကြီးထောင့် ဆေးရုံကို အရင်တင်လိုက်ပါသေးတယ်။ အဲဒီဆေးရုံမှာ သမီးအလတ်ဖြစ်တဲ့ မစိုးသန်းက ရောက်ရောက်ချင်းသေသွားတော့ ဆေးရုံကလူတွေကလည်း ကျန်တဲ့လူနာတွေကို ကျောက်တော်ဆေးရုံကို ပို့မှရတော့မယ်လို့ပြောပါတယ်။ ဒါကြောင့် ကျောက်တော်ဆေးရုံကို လာကြတာပါ။ အခုတော့ ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ သူတို့တွေအကုန်လုံး သေသွားကြပါပြီ”ဟု မိသားစုဝင်တစ်ဦးကပြောသည်။
“သေဆုံးသူတွေရဲ့ အစာအိမ်က အရည်တွေကိုစုပ်ယူပြီး ဆေးစစ်ချက်ယူဖို့အတွက် စစ်တွေ ကိုပို့ထားပါတယ်။ ဒီမှာက စစ်ဆေးတဲ့စက်တွေ မရှိဘူးလို့ပြောတယ်။ အဲဒီကအဖြေထွက်မှပဲ ဘယ်အရာက အဆိပ်သင့်တာလဲ၊ ဘာဖြစ်တာလဲဆိုတာ သိရမှာပါ။ သူတို့အိမ်ကခွေးလည်း သေသွားတာဆိုတော့ ခွေးကပြောင်းဖူးကို စား မစား ကျနော်တို့လည်းမသိပါဘူး”ဟု အဆိုပါ မိသားစုဝင်က ဆက်ပြောသည်။ သက်ထင်ကျေးရွာသည် ပီချောင်းအထက်၌တည်ရှိကာ ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အမှီပြု သွားလာနေရသည့် မြိုတိုင်းရင်းသားကျေးရွာတစ်ရွာဖြစ်ပြီး ကျောက်တော်မြို့နှင့် ၂ မိုင်ခန့် ဝေးကြောင်းလည်း သိရသည်။
၄။ ကလေးငယ် (၃) ဦး မိုင်းနင်းမိရာ ဦးခေါင်းထိခိုက်တဲ့ ကလေးတဦး ဒဏ်ရာပြင်းထန်၊ မိုးဗြဲမြို့တွင်း အသွားအလာ သတိပြုကြ မိုးဗြဲ PDF က အသိပေး
November 28, 2022
နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂:၀၀ အချိန်ခန့်က မိုးဗြဲမြို့ပြင်တနေရာမှာ မိုင်းနင်းမိတာကြောင့် ကလေးငယ် ၃ ဦး ထိခိုက် ဒဏ်ရာရကာ ၁ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။ ၁၅ နှစ်အရွယ် ယောကျာ်းလေး တဦး ဦးခေါင်းထိမှန် ဒဏ်ရာရခဲ့ပြီး ယခုထိဆေးကုသမှုခံနေရကာ ကျန် ၁၅ နှစ်နဲ့ ၁၂ အရွယ်ယောက်ျားလေး (၂) ဦး အသေးစားဒဏ်ရာရခဲ့တယ်လို့ Mobye Rescue Team ရဲ့ တာဝန်ရှိသူထံက သိရပါတယ်။ “မြို့ပြင်နားမှာ ဖြစ်တာပေါ့။ နယ်မြေထဲက တော်လှန်ရေးအင်အားစုတွေနဲ့ သွားပြီး ကူခဲ့ တာ။ ခေါင်းထိသွားတဲ့ ၁၅ နှစ်တယောက်က ဒဏ်ရာပြင်းတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ ခြေသလုံးမှာ ထိတာ။ မစိုးရိမ်ရတဲ့ ဒဏ်ရာမို့ အခုတော့ သူတို့ရဲ့ သက်ဆိုင်ရာ နေရပ်တွေဆီပြန်ပို့လိုက်ပါပြီ။” လို့ Mobye Rescue Team ရဲ့ တာဝန်ရှိသူက ပြောပြခဲ့ပါတယ်။
စစ်ကောင်စီတပ်များဟာ စက်တင်ဘာလ ကစပြီး မိုးဗြဲမြို့အတွင်း တပ်စွဲထားခဲ့ပါတယ်။ ဒါကြောင့် မိုးဗြဲ PDF က အရပ် သားပြည်သူများလုံခြုံရေးအတွက် အသွားအလာ သတိပြုကြဖို့နဲ့ ည ၇:၀၀ အချိန်မှ မနက် ၅:၀၀ အချိန်အတွင်း သွားလာခြင်း မပြုကြဖို့ ယနေ့မနက်မှာ အသိပေးကြေညာထားပါတယ်။ ယခု ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးငယ် ၃ ဦးအပါအဝင် နိုဝင်ဘာလ အတွင်း ကရင်နီပြည်နယ်မှာ အာဏာသိမ်းမှုနောင်ပိုင်းပဋိပက္ခများကြောင့် အသက်မပြည့်သေးတဲ့ကလေးသူငယ် ၆ ဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး ဖြစ်ကာ ကလေးငယ် တဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
၅။ သီပေါတွင် စစ်ကောင်စီနှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ငါးရာကျော် ထွက်ပြေးတိမ်းရှောင်
November 28, 2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ကုန်းသာကျေးရွာရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ သီပေါမြို့နှင့် ဆယ်မိုင်အကွာတွင်ရှိသည့် ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူ ငါးရာကျော် ထွက်ပြေးတိမ်းရှောင်နေကြောင်း ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် တစ်ဦးက ပြောသည်။ “ပစ်ခတ်သံတွေ ကြားတော့အခြေအနေမကောင်းဘူးဆိုပြီး ကျောင်းတက်နေတဲ့ ကလေးတွေလည်း သွားခေါပြီး ပြေးလာကြတာ။ တချို့ဆို အဝတ်ထုပ်တောင်မပါဘူး။ တချို့ဆို ဖိနပ်ကို ကျွဲတစ်ဖက်၊ နွားတစ်ဖက် စီးပြီးပြေးလာ ကြတာ” ဟုပြောသည်။ ကုန်းသာကျေးရွာမှ ဒေသခံများမှာ သီပေါမြို့ပေါ်ရှိ အောင်မင်္ဂလာဘိုးတော် ကျောင်းတိုက်နှင့် မဟာစည် ဘုန်းကြီးကျောင်းတို့ တွင် ရောက်ရှိနေပြီး ကျန်ဒေသခံများမှာ မုန်းလမ်းကျေးရွာနှင့် ဆွေမျိူးနီးစပ်ရာနေအိမ်များတွင် ခိုလှုံနေ ကြောင်း သူကပြောသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် ကျေးရွာအုပ်စု ၆၅ စုရှိပြီး ဒေသခံဦးရေ တစ်သိန်းခုနှစ်သောင်းကျော် နေထိုင်ကြောင်း သိရသည်။ https://www.facebook.com/The74Media
၆။ စစ်ဘေးဒဏ်ကြောင့် ဘင်္ဂလားဒေရှ့်က ချင်း(ဇိုး) မျိူးနွယ်စု ၂၉၃ ဦး မီဇိုရမ်ပြည်နယ်တွင် ခိုလုံလျှက်ရှိ
November 29, 2022
ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) ပူးပေါင်း တပ်ဖွဲ့ က Kuki-Chin National Army(KNA) တပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံချင်း(ဇိုး) မျိုးနွယ်စု အမြောက် အများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရာ ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူ ၂၉၃ ဦးရှိသည်ဟု သိရ သည်။ စစ်ဘေးရှောင်များသည် Bawm ချင်းမျိုးနွယ်စုများဖြစ်ကြပြီး မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် Parva-၃ ကျေးရွာတွင် ခိုလုံလျှက်ရှိကာ အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၁၆၁ ဦး စုစုပေါင်း ၂၉၃ ဦးရှိပြီး ယင်းတို့ အနက်အသက် ၁၈ နှစ် အောက် ၁၄၈ ဦးပါဝင်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင်ဖော်ပြသည်။ ယခုလက်ရှိတွင် ၎င်းတို့သည် Parva ကျေးရွာ ရပ်ရွာခန်းမဆောင်၊ အစိုးရအထက်တန်းကျောင်း၊ မိုကြိုကျောင်း၊ ကျန်းမာ ရေးဌာန အဆောက်အဦးတို့တွင် နေရာချ ထားကြပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို မီဇိုရမ် ပြည်နယ် အစိုးရအဖွဲ့နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တို့မှ လိုအပ်သော အစီအမံများ ဆောင်ရွက်ပေးခဲ့ကြ သည်ဟု သတင်းစာကဆိုသည်။
လောင်းတလိုင်လူငယ်များအသင်း(CYLA) နှင့် Doctor without Borders အဖွဲ့မှတာဝန်ရှိသူများကလည်း နိုဝင်ဘာလ ၂၈ ရက်နေ့က Parva ကျေးရွာသို့သွားရောက်ကာ စစ်ဘေးရှောင်များအား အခမဲ့ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ကာ ဆေးဝါးနှင့် ရိက္ခာတချို့ကူညီထောက်ပံ့ပေးခဲ့ကြသည်ဟု သိရသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ (Chittagong Hill Tracts) တွင် ချင်း(ဇိုး)မျိုးနွယ်စု ၆ စု (Bawm, Miria, Khumi, Lushai, Khiang, Pang) တို့နေထိုင်ကြပြီး ၎င်းတို့၏ ယဉ်ကျေးမှု အသွင်အပြင်များ ထိန်းသိမ်းစောင့် ရှောက်ရန်၊ မြေယာသိမ်းပိုက်မှုကို ကာကွယ်ရန်နှင့် ခေတ်နောက်ကျသောဒေသနှင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်း တောင်တန်းဒေသရှိ လူ့အဖွဲ့အစည်းငယ် များ သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းရေးကို ထူထောင်ရန် Kuki-Chin Development Organization (KNDO) ကို ၂၀၀၈ ခုနှစ်က ဖွဲ့စည်းခဲ့ကြသည်။ KNDO အနေဖြင့် ၂၀၁၅ ခုနှစ်တွင် စစ်တကောင်းတောင်တန်းဒေသမှ ချင်း(ဇိုး) မျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အစိုးရအနေဖြင့် ဘတ်ဂျက်သီးသန့် ချပေးရန် တောင်းဆိုခဲ့ကြပြီး ယင်းကိစ္စကို ဘင်္ဂလားဒေရှ့်အစိုးရက အရေးတယူ မလုပ်ဘဲ ပယ်ချခဲ့သည်ဟု သိရသည်။ ထို့ကြောင့် KNDO ကို Kuki-Chin National Army အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်း တောင်တန်း ဒေသက ၎င်းတို့၏ ဘိုးဘွားပိုင်နယ်မြေဖြစ်သော (Bhaichari၊ Juraichari၊ Borkol၊ Bilaichari၊ Rwangchari၊ Rwang chari၊ ၊ Ruma၊ Thanchi၊ Lama နှင့် Alikdam) ဒေသများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု သို့မဟုတ် “ကူကီး-ချင်းနယ်မြေ ပြည်နယ်” အဖြစ် သတ်မှတ်ရန် တိုက်ပွဲဝင်တောင်းဆိုလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းကိစ္စကြောင့် ဘင်္ဂလားဒေရှ့် အစိုးရက Kuki-Chin National Army အား ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အတွက် စစ်တကောင်းတောင်တန်းဒေသ တွင် ဒေသတွင်း မတည်မငြိမ်မှုဖြစ်လာရခြင်းဖြစ်သည်။ https://www.facebook.com/KhonumthungBurmese/ph otos/pc b.33025929633 42056/3302592716675414/
၇။ ရေကြောင်းဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ဘုတ်ပိုင်ရှင် ၇ ဦးကို ငွေဒဏ် ၅ သိန်းကျပ်စီပြစ်ဒဏ်ချမှတ်ခဲ့
November 28, 2022
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားအနီးမှ ဖမ်းဆီးခံခဲ့ရပြီး ရေကြောင်းဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ဘုတ်ပိုင်ရှင် ၇ ဦးမှာ ပြစ်ဒဏ်အတွက် ငွေဒဏ်ကျပ် ၅ သိန်းကျပ်စီ အသီးသီးကျခံခဲ့ရကြောင်း ကာယကံရှင်များမှ ပြောသည်။ အဆိုပါဘုတ်ပိုင်ရှင်များသည် အငူမော်၊ မကျည်းချောင်း၊ စေတီပြင်၊ ရသေ့တောင်၊ ရေချမ်းပြင် စသည့် တို့မှ ဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က စစ်တွေမြို့ အမြင့်ကျွန်းတံတားအနီးတွင် ဆိုက်ကပ် ထားစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်ဆီး ခြင်းခံခဲ့ရခြင်းဖြစ်သည်။ ဖမ်းဆီးခံရစဥ် စုစုပေါင်းဘုတ်အစီးရေမှာ ၉ စီးဖြစ်ပြီး အဆိုပါဘုတ်များမှ ပိုင်ရှင်အသီးသီးမှာ စစ်တွေ မြို့နယ်တရားရုံးတွင် ရေကြောင်းဥပဒေပုဒ်မ ၄၃ ဖြင့် တရားစွဲဆို ခံခဲ့ရကာ ထိုအထဲမှ အငူမော်နှင့် မကျည်းချောင်းမှ ဘုတ်ပိုင်ရှင် ၂ ဦးမှာ AA အားအခွန်ပေးဆောင်မှုရှိသည်ဟုဆိုကာ ၁၇(၁) ဖြင့်စွဲဆိုခံထားရသည်။လက်ရှိတွင် အဆိုပါဘုတ်ပိုင်ရှင် ၉ ဦးထဲမှ ၇ ဦးကို စစ်တွေမြို့နယ်တရားရုံး၌ နိုဝင်ဘာ ၂၃ ရက်နေ့တွင် အနိမ့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့ပြီး ဘုတ်များကိုလည်း ပြန်လည်လွဲအပ်ခဲ့သည်ဟု ဘုတ်ပိုင်ရှင်တစ်ဦးက ပြောသည်။
“ပြစ်ဒဏ်က ငွေကျပ် ၅ သိန်းစီချမှတ်လိုက်တယ်။ ၂၃ ရက်နေ့ကအမိန့်ချတာ။ ဘုတ်တွေကိုလည်းပြန်လွဲပြောင်း ပေးလိုက်ပါပြီး။ ပြန်ပြီသွားလာခွင့်တွေတော့ မရသေးဘူး လမ်းခရီးအခြေနေတွေကလည်း ပုံမှန်အတိုင် မဟုတ်သေးတော့လေ” ဟုပြောသည်။ ဘုတ်ပိုင်ရှင်များကို စွဲဆိုထားသည့် ရေကြောင်းဥပဒေပုဒ်မ ၄၃ မှာ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ဆိုလျှင် ၂၅ သိန်းမှ ၅ သိန်းကျပ်အထိ ပြစ်ဒဏ်ရှိသည့် ပုဒ်မတစ်ခုဖြစ်သည်။ မကျည်းချောင်းနှင့် အငူမော်မှ ဘုတ်ပိုင်ရှင် ၂ ဦးမှာမူ တရား ဆက်လက်စွဲဆိုခံထားရဆဲဖြစ်ပြီး ထိုအထဲမှ ၁ ဦးမှာ လွတ်မြောက်လျက်ရှိကာ ကျန်တစ်ယောက်မှာ အမှတ် ၁ ရဲစခန်းမှနေ၍ အမှုရင်ဆိုင်နေရသည်ဟု သိရသည်။ ရခိုင်တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းမှစ၍ နိုဝင်ဘာလအထိ မြို့နယ်အချို့သို့ စစ်ကောင်စီမှ ရေကြောင်းသွားလာခွင့်အားတင်းကျပ်စွာကန့်သတ်ခဲ့ပြီး သွားလာသူများအား ယခုကဲ့သို့ ဖမ်းဆီးတရားစွဲဆိုမှုတို့ ရှိခဲ့ခြင်းဖြစ်သည်။
၈။ လွတ်ရှမ်းရွာတွင် တစ်လဆန်အိတ် ၂ဝ သာ စစ်ကောင်စီ သယ်ယူခွင့်ပြုသဖြင့် ဆန်ရိက္ခာ အခက်အခဲရှိလာ
November 28, 2022
KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် လွတ်ရှမ်းရွာရှိ ဒေသခံများအား တစ်လလျှင် ဆန် အိတ် ၂ဝ သာ စစ်ကောင်စီမှ သယ်ယူခွင့်ပြုတော့သည့်အတွက် ဆန်ရိက္ခာ မလုံလောက်သည့် အခက်အခဲရှိလာကြောင်း ရွာသား များထံမှ သိရသည်။ အိမ်ခြေ ၃ဝဝ နီးပါးရှိသည့် လွတ်ရှမ်းကျေးရွာတွင် လူဦးရေ ၂ဝဝဝ ဝန်းကျင်ရှိပြီး ကျေးရွာအတွင်းရှိ အိမ်ဆိုင် များနှင့် ကားသမားများအား စစ်ကောင်စီစခန်းတာဝန်ရှိသူများက နိုဝင်ဘာလ ၁၆ ရက်နေ့ နောက်ပိုင်းတွင် ကျေးရွာ အတွင်း တစ်လလျှင် ဆန်အိတ်ရေ ၂ဝ သာ သယ်ယူခွင့်ပြုတော့သည်ဟု ဒေသခံရွာသားများက ပြောသည်။ “ဆန်ရောင်းဝယ်သူတွေ ကား သမားတွေကို တစ်လဆန်အိတ် ၂ဝ ပဲ သူတို့သယ်ခွင့်ပြုတော့တယ်။ ရွာက လူဦးရေများတော့ စားလို့မလောက်ဘူးပေါ့နော်။ ဆန်း များများလာသယ်ရင် တော်လှန်ရေးအဖွဲ့တွေကို သွားထောက် ပံ့မှာ သူတို့စိုးရိမ်တယ်လို့ ထင်တယ်။ ရွာမှာသူတို့ လာနေပြီး နောက်ပိုင်းမှာ လုပ်ကိုင်စား သောက်ဖို့ မလွတ်လပ်တော့ဘူး။ သူတို့ကိုကြောက်နေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
လွတ်ရှမ်းကျေးရွာတွင် ခြေကုပ်တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းအဖွဲ့နှင့် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (KNLA)တို့ ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ ကျေးရွာအတွင်း အမြှောက်လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့သလို စစ်သုံးရဟတ်ယာဉ်ဖြင့်လည်း လာရောက်ဗုံးကြဲချသည့်အတွက် လူနေအိမ် များနှင့် ဥယျာဉ်ခြံများ ထိခိုက်ပျက်စီးခဲ့ပြီး ကောက်ရိပ်သိမ်းထားသည့် စပါးအများအပြားလည်း ချန်ထားရကာ ယနေ့အထိ စစ် ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံရွာသားများက ပြောသည်။ “သူတို့စခန်းအနီးက နေအိမ်တွေဆိုရင် တံခါးတွေ ရိုက်ချိုး ဖျက်ဝင်ပြီး ဆန်တွေ ယူသွားတယ်။ ဆိုလာ ပြားတွေ လူသုံးကုန်ပစ္စည်းတွေအပြင် အမျိုးသမီးအဝတ်အထည်၊ အသုံး အဆောင် တွေပါ အကုန်ယူသွားတယ်။ စီးပွားဖြစ် အိမ်မွေးတိရစ္ဆာန်တွေလည်း သတ်စားတယ်။ လယ်ထဲသွားတာ ညအချိန် ရာဘာသွား ခြစ်တာ မီးအလင်းရောင်မြင်ရင် သေနတ်နဲ့လှမ်းပစ်လို့ ဘယ်သူမှ အလုပ်သွားမရဲတော့ဘူး” ဟု စစ်ရှောင်ကူညီသူ တစ်ဦးက ပြော သည်။ လွတ်ရှမ်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းသည် ယခင်က KNU နယ်မြေလုံခြုံရေး စခန်းဖြစ်ပြီး ပြီးခဲ့ သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ငြိမ်းချမ်းရေးအကြောင်းပြချက်ဖြင့် ကျေးရွာ အတွင်း ဝင်ရောက် လာခဲ့ပြီးနောက် KNU စခန်းနေရာကိုပါ တပ်စွဲနေရာယူလိုက်ခြင်းဖြစ်သည်ဟု KNU တာဝန်ရှိသူများထံမှ သိရသည်။ https://kicnews.org/2022/11 /%e1%80%9c%e1%80%bd%e1%80%90%e1%80%ba% e
၉။ မတူပီမြို့တွင် မြေမြုပ်မိုင်းကြောင့် အရပ်သားတစ်ဦးသေဆုံး
November 29, 2022
ချင်းပြည်နယ် မတူပီမြို့တွင် ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့မနက်ပိုင်းက မြေမြုပ်မိုင်းနင်းမိမှုကြောင့် အရပ်သား ပြည်သူ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ အသက် (၅၆) နှစ်ရွယ် ဦးရာပဲန်းဟုသိရပြီး ယနေ့မနက်ပိုင်း ၉ နာရီခန့်က ဇနီးသည်နှင့် အတူ ခြံထဲသို့အတူသွားကြရာမှ မြေမြုပ်မိုင်း နင်းမိကာ ဦးရာပဲန်း မှာသေဆုံးခဲ့ရပြီး ဇနီးဖြစ်သူမှာလည်း ခြေထောက်ဒဏ်ရာကြောင့် မတူပီမြို့ပြည်သူ့ဆေးရုံတွင် တင်ထားရသည်ဟု ဒေသခံ တစ်ဦးကပြောသည်။ “သူက နွားနောက်ခြံရှိတယ် အကောင်က များတယ်။ အခုက ဒုတိယအကြိမ်သွားတာဖြစ်မှာပေါ့ လင်မယား နှစ် ယောက်သွားပြီးတော့ ဒီနေ့သွားကြည့်ကြတော့ သူ့အမျိုးသား ဦးရာပဲန်းက မိုင်းမိပြီးပေါက်လို့ ၁နာရီလောက်အ သက်ရှိတယ် အခုတော့ဆုံးသွားပြီ။ သူ့အမျိုး သမီးက ခြေထောက် မှာဒဏ်ရာရသွားတယ်။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ မိုင်း ပေါက်ကွဲသည့်နေရာသည် မတူပီမြို့၊ အခြေစိုက် ခလရ ၃၀၄ တပ်ရင်းအနီးတွင် ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေး ဂိတ်လည်းရှိသည်ဟုသိရသည်။ မတူပီမြို့လောင်ဗန်းရပ်ကွက်တွင် နေထိုင်သည့် ဦးရာပဲန်းသည် ဆက်သွယ်ရေးဝန်ထမ်း တစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် သား (၂) ယောက် နှင့် ဇနီး ကျန်ခဲ့ကြောင်း သိရသည်။ https://www.facebook.com/ Khon umthungBurmese/photos/a.1681578 358776866/3302516810016338/
၁၀။ ဖားကန့်တွင် မြေစာပုံပြိုပြီး ရေမဆေးကျောက်ရှာသူ ၂ ဦး သေဆုံး
November 29, 2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက မြေစာပုံ ပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာသူ အမျိုးသား နှစ်ယောက် သေဆုံးခဲ့တယ်လို့ ရေမဆေးကျောက်ရှာသူတွေ က ပြောပါတယ်။ မှော်ဆီစာရွာနားက ကုမ္ပဏီလုပ်ကွက်ဟောင်း တခုမှာ မြေစာတင်ကားက မြေစာလာပုံချိန် မြေစာ ပုံ ပြိုကျခဲ့လို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ရေမဆေးကျောက်ရှာသူ တဦးက “မြေစာကား မြေစာသွန် နေတုန်း မြေစာပုံ ပြိုကျတာ။ အောက်မှာ ရေမဆေးရှာတဲ့သူ နှစ်ဦး သေတယ်။ အလောင်းတွေကို လူမှု ကူညီရေး ကားနဲ့ သယ်သွားတယ်။” လို့ ပြောပါတယ်။ မြေပုံပြိုကျလို့ အသက် ၃၀ ကျော် အရွယ် တယောက်နဲ့ အသက် ၄၀ ကျော် အရွယ် တယောက်တို့ သေဆုံးခဲ့တာပါ။ မိုးကာကျေးရွာမှာလည်း အောက်တိုဘာလက မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာ သူ အမျိုးသားနှစ်ယောက် သေဆုံးခဲ့ပါတယ်။ ဖားကန့်မြို့နယ်ထဲက မှော်ဆီစာ၊ မမုံနဲ့ မက်လင်ချောင်ရွာတွေမှာရှိတဲ့ ကျောက်စိမ်း လုပ်ကွက်တွေမှာ ညလုံးပေါက် ကျောက်စိမ်းတူးဖော်တာတွေ ပုံမှန်ရှိနေဆဲ ဖြစ်ပါတယ်။ http://burmese.dvb.no/archive s/566240
၁၁။ စေတနာ့ဝန်ထမ်းတွေနဲ့ အလယ်တန်းအထိ တိုးချဲ့ဖွင့်လှစ်တဲ့ ကိုယ်ထူကိုယ်ထကျောင်း
November 28, 2022
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ရွာတစ်ရွာက ကျောင်းတစ်ကျောင်းမှာ ဒေသခံကလေးတွေနဲ့ စစ်ရှောင်ကလေးတွေ ပညာဆက်ပြီးဆည်းပူးနိုင်ဖို့ လက်ရှိပညာသင်နှစ်မှာ ကျောင်းဖွင့် ထားတာ ၅ လ လောက်ရှိပြီလို့ ဆိုပါ တယ်။ KG အတန်းကနေ ရှစ်တန်းအထိ ဖွင့်လှစ်ထားတဲ့ အဲ့ဒီကျောင်းမှာ ကျောင်းသူ၊သား ၁၅၀ ကျော် ပညာသင်ယူဆည်းပူး နေကြတာပါ။ အဆိုပါကိုယ်ထူကိုယ်ထကျောင်းမှာ စေတနာ့ဝန်ထမ်း ဆရာမ (၁၀) ဦးနဲ့ ဆရာ (၁) ဦး က ပညာသင်ကြားပေးနေ ကြတာပါ။ အင်္ဂလိပ်စာကို သင်ကြားပေးနေတဲ့ စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးက ကလေးတွေကို စာသင်ကြားပေးဖြစ်တဲ့ အကြောင်းအရင်းကို အခုလို ဆိုပါတယ်။ “ကလေးတွေလည်း ကျောင်းပြန်တက်ချင်ခါကျတော့ ကျနော်တို့ အရင်က စာသင်ဖူးတဲ့ ဆရာ၊မလည်း ဒီကလေးတွေကို သနားသော အားဖြင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုရရှိအောင် ပြီးရင် စိတ်ဒဏ်ရာ တွေမရအောင် အဲ့ဒါတွေ အဓိကထားပြီးတော့မှ သင်ကြားရေးကို ကျနော်တို့ ပြန်ဝင်လာတဲ့ သဘောပဲပေါ့နော်။” သုံးတန်းနဲ့ လေးတန်းတွေမှာ သချာ်နဲ့ အင်္ဂလိပ်စာဘာသာရပ်တွေကို သင်ကြားပေးနေတဲ့ စေတနာ့ဝန်ထမ်းဆရာမ တစ်ဦးကလည်း သူ စာသင်ပေးဖြစ်တာကို ခုလို ပြောပါတယ်။
“ကလေးတွေကို အပြင်မှာ လေလွင့်မနေစေချင်ဘူးပေါ့နော်။ အဓိက အချက်က အဲ့ဒါပဲ။ ကျမတို့ ကျောင်းမှာက ပညာ တစ်ခုတည်း သင်ပေးတာမဟုတ်ဘူး။ စိတ်ဓါတ်ပိုင်းဆိုင်ရာကော ပြီးတော့ စိတ်ဓါတ်၊ စည်းကမ်း၊ ပညာဆိုတာ နောက်ဆုံးမှ လေနော်။ စာဖတ်တတ်တဲ့လူတစ်ယောက်က ကလေးကို သင်ပေးလိုက်လို့ရတယ်။ ဒါပေမယ့် ကျမတို့ စိတ်ဓါတ်ပိုင်းတွေ၊ စည်းကမ်းပိုင်းတွေဆိုတာ လူ့အသိုင်းအဝိုင်းနဲ့ စုပြီးတော့ နေတဲ့အခါမှာ သူ့အတွက် ပိုကောင်းမွန်တဲ့ ဟာတွေဖြစ်ဖို့အတွက်ဆိုရင် ကျမတို့ကလည်း တစ်ဖက်တစ်လမ်းက ကူညီပေးချင်တာပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ဒီကလေးတွေကို စိတ်ဓါတ်ကျသွားတဲ့ ကလေးတွေ မဖြစ်ဖို့အတွက် ကျမက ဒီကျောင်းမှာ ပြန်ပြီးတော့ ကလေးတွေကို ပြန်သင်ပေးချင်တာပေါ့။” လို့ အဆိုပါ ဆရာမက ပြောပါတယ်။ အဆိုပါ ကျောင်းမှာ မိခင်ဘာသာစကားအခြေပြု ဘာစကားအစုံးသုံးပညာရေးဆိုင်ရာ ဘာသာရပ်တွေ၊ ကယန်း သမိုင်း၊ ကယန်းပြည်သူ့နီတိ၊ ခေါင်းဆောင်မှုစွမ်းရည်၊ တင်ဆက်မှုစွမ်းရည်စတဲ့ ဘာသာရပ်တွေနဲ့ မြန်မာ၊ အင်္ဂလိပ်၊ သချာ်စတဲ့ သင်ရိုးသစ်ဘာသာရပ်တွေကိုလည်း သင်ကြားပေးနေပါတယ်။ အခုလို အတန်းတိုးချဲ့ထားတာကြောင့် စာသင်ဆောင်တွေ မလုံလောက်တဲ့အတွက် ယာယီမိုးကာဆောင်တွေနဲ့ သင်ကြားပေးနေကြပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီကျောင်းမှာ စာသင်ကြား ပေးနေတဲ့ စေတနာ့ဝန်ထမ်းအချို့ဟာ ပံ့ပိုးမှုတွေ မရရှိတာကြောင့် ရေရှည်အတွက် အခက်အခဲဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ https://www.kantarawaddytimes.org/%e1%80%85%e1%80%b1%e1%80%90%e1%80%94%e1%80%ac%e1%80
၁၂။ ကွတ်ခိုင်တွင် နေအိမ်မီးလောင်ပြီး ကလေး ၁ ဦး သေဆုံး
November 28, 2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် ၇ မှာ နိုဝင်ဘာ ၂၇ ရက် ည ၁၀ နာရီဝန်းကျင်က နေအိမ်မီးလောင် ကျွမ်းပြီး ကလေး ၁ ဦး မီးစွဲလောင်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတဦးက “ဟုတ်တယ်။ ရပ်ကွက် ၇ ဘက်။ ကလေးတယောက် အသက်ဆုံးရှုံးတဲ့အထိ လောင်သွားတယ်။ ဆေးရုံဘက် သေပြီးသား သယ်လာတာ ထင်တယ်။ ထိုးထိုးထောင်ထောင်နဲ့ မ လာတယ်” လို့ ပြောပါတယ်။ အသက် ၁၂ နှစ်အရွယ် ကလေးတဦး မီးစွဲလောင် သေဆုံးသွားပြီး တခြား ထိခိုက်သူမရှိဘူးလို့ အကူအညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ “သူတို့တအိမ်လုံးတော့ ပြာကျသွားတာပဲ။ ကလေးတယောက် သေသွားတယ်။ ယောက်ျားလေး။ စာကျက်ရင်းနဲ့ ဒီကောင် အိပ်ပျော်သွားတယ်ထင် တယ်။ သူ့ခြင်ထောင်ကနေစပြီး စွဲပြီး လောင်တာလို့ သိရတယ်။” သေဆုံးတဲ့ကလေးကိုတော့ မနေ့ညက ကောင်းသောရှမာရိ လူမှုကူညီရေးအသင်းနဲ့ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ ကွတ်ခိုင် ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ကူညီပို့ ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ကလေးတွေ ဖယောင်းတိုင် အသုံးပြု စာကျက်နေရရင် မိဘတွေ ဒါမှမဟုတ် မိသားစုဝင် လူကြီးတွေအနေနဲ့ ပိုသတိထား စောင့်ကြည့်နေသင့်တယ်လို့ ဒေသခံ ကျောင်းသားမိခင်တဦးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဇူလိုင် ၁၆ ရက် မနက်အစော ပိုင်း ၁ နာရီလောက်ကလည်း ကိုဗစကပ်ရောဂါကြောင့် အသွားအလာကန့် သတ်ထားတဲ့ကြားက ကွတ်ခိုင်မြို့ ရပ်ကွက် ၅ ထဲရှိ မြို့မဈေးကြီး မီးလောင်မှုဖြစ်ပွားပြီး ဆန်ဆိုင်၊ တိုင်းရင်းဆေးဆိုင်၊ ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ အပ်ချုပ်ဆိုင်တွေ စုစုပေါင်း ၃၇ ဆိုင်၊ ဈေးကြီးရဲ့ ၅ ပုံ ၁ ပုံခန့် မီးလောင်ကျွမ်း ပျက်စီးခဲ့ပါသေးတယ်။ http://burmese.dvb.no/archives/566205
၁၃။ အာဏာသိမ်းပြီးနောက် အမျိုးသမီး ၃၀၀ ကျော်အသတ်ခံထားရတယ်လို့ NUCC ထုတ်ပြန်
November 29, 2022
စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသမီး သုံးရာကျော်အသတ်ခံရပြီး အမျိုးသမီးသုံးထောင့်လေးရာကျော် မတရား ဖမ်းဆီးခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC )က နိုဝင်ဘာလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာ ချက်ထုတ်ပြန်ပြောပါတယ်။ NUCC က လက်လှမ်းမှီသလောက်ပြုစုထားတဲ့ စာရင်းတွေအရ အသတ်ခံရသူ ၂၃၂၇ ဦးမှာ အမျိုး သမီး ၃၀၈ ဦး ပါဝင်ပြီး ဖမ်းဆီးခံထားရသူ ၁၆၄၃၂ ဦးမှာ အမျိုးသမီး ၃၄၃၄ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေကို မုဒိန်းမှုကျူးလွန်ပြီး သတ်ခဲ့တာ ၁၂ မှုရှိတယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က စစ်ကောင်စီက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် နိုင်ငံရေးအရ အကြမ်းဖက်မှု၊ ဖွဲ့စည်းတည်ဆောက်ပုံအရ အကြမ်းဖက် မှု၊ ဓလေ့ထုံးတမ်းအရ အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက ပြည်တွင်းပဋိပက္ခတွေဖြစ်တိုင်း အမျိုးသမီးနဲ့ ကလေးငယ်တွေကို မုဒိန်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ စစ်လက်နက်တစ်ခုလိုအသုံးပြုကျူးလွန်နေပြီး အရေးယူခံရမှု ကင်းလွတ်ခွင့်ရနေတဲ့အပေါ် နိုင်ငံတကာအဖွဲ့ အစည်းတွေအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကြေညာချက်ထုတ်ပြန်တိုက် တွန်းလိုက်ပါတယ်။ နိုင်ငံတကာမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ နှစ်စဉ် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုလုပ်ဆောင်ကြပြီး ပြည်သူအားလုံး ဒီလှုပ်ရှားမှုမှာပါဝင်ဖို့ NUG က တိုက်တွန်း ထားပါတယ်။ https://www.rfa.org/burmese/news/nucc-reports-more-than-300-women-killed-after-cou p-112720
၁၄။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှု ဆက်တိုက် လုပ်ဆောင်နေ
November 29, 2022
ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီရဲ့ အခြေစိုက်တပ်တွေက နိုဝင်ဘာလ ၂၃ ရက် နေ့ကစတင်ပြီး လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ဆက်တိုက် ပစ်ခတ်မှု လုပ်ဆေင် နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လာတဲ့အတွက် ကျေးရွာတွေထဲ ကျပြီး အရပ်သား ထိခိုက်တာတွေ၊ နေအိမ်ပျက်စီးတာတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက် မနက်ပိုင်း မှာလည်း ဒီးမော့ဆို အရှေ့ဘက် ခြမ်းက ကျေးရွာအတွင်းလက်နက်ကြီး ထပ်မံကျလာပြီး အသက် ၃၈ အရွယ် ခူးရှားရယ် ခြေထောက်ထိခိုက်သွားတယ်လို့ ခူးရှားရယ်ညီ ဖြစ်သူက ပြောပါတယ်။ ” နောက်ပြီးတော့ ကွဲတော့ ကျနော်က ထနေတာ။ အကိုလည်း အဲတိုင်းပဲ ရပ်နေတာ။ သူ့ကိုမထိဘူးပဲထင်နေတာ။ ကျနော့်ကလေးက အိမ်ထဲမှာအိပ်နေတာ။ သွားပြေးမလိုပဲရှိသေး။ သူက ကျနော့်ကို ထိသွားပြီတဲ့။ ကျနော်ကြည့် လိုက်တယ်။ ဘယ်သူ့မှလည်းမရှိဘူး။ အထဲက ပုဝါ ယူပြီးတော့ ချီထားပေးလိုက်တယ်။ ခြေသလုံးထိသွားတယ်။ အရိုးတော့ မထိဘူးထင်တယ်။ အဖေကလည်း ပြန်ရောက်လာတယ်။ ထူပူပြီးတော့ ဘာမှမသိတော့ဘူး။ အဝေးမှာပဲ ကျတယ်ပဲထင်နေတာ။ကြည့်လိုက်တော့ မီးခိုးထွက်လာတော့တာပဲ။ ရင်ဘတ်တအားအောင့်သွားတော့ ဘာမှမသိတော့ဘူး ” လို့ သူက ပြောပါတယ်။
ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက တချို့ကျေးရွာတွေထဲကို လက်နက်ကြီး မကျလာတာ ၁ လ နီးပါးကြာပြီ ဖြစ်ပြီး ရွာသူရွာ သားတော်တော်များများက ကျေးရွာတွင်း ပြန်လာနေထိုင်ကြပါတယ်။ ယခု ရက်ပိုင်းအတွင်းမှာတော့ စစ်ကောင်စီဟာ နေ့ရော ညပါ လက်နက်ကြီး ပစ်ခတ်လာနေတာကြောင့် ပြန်လည်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ ကြောက်ဖို့ ကောင်းတယ်။ တိုက်ပွဲမရှိလည်းပဲ ကျနော်တို့ရွာဘက်ကို ပစ်ချတယ်။ လက်နက်ကြီးကို ကြောက်လို့ ကျနော်တို့ ထွက် ပြေးတိမ်း ရှောင်တယ်။ ကျနော်တို့ မိသားစုကို ကျနော်တို့ကာကွယ်တာ။ စားဖို့သောက်ဖို့ စားနပ်ရိက္ခာတွေကို ယူသွားတယ်။ ရွာပြင် ဘေးကင်းလုံခြုံမယ့်နေရာပေါ့။ ကျနော်တို့ရွာကို ကျနော်တို့ မကာကွယ်ချင် လို့ မဟုတ်ဘူး။ ကျနော်တို့ မိန်းမတွေ ကလေးတွေကို လုံခြုံမယ့်တောထဲတွေမှာ သွားထားထားတယ်။ ကျနော်တို့ ကတော့ ရွာကိုပြန်စောင့်ရှောက်တယ်။အဲလိုမျိုးပေါ့”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ နိုဝင်ဘာလ နောက်ဆုံး ပတ် အတွင်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ် မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ်နှစ်လုံးပျက်စီးပြီး တစ်လုံးမှာတော့ မီးလောက်ပျက်စီးခဲ့ပါတယ်။ https:/ /www.kantarawaddytimes.org/%e1%80%92%e1%80%ae%e1%80%b8%e1%80%99%e1%80%b1%e1%80
၁၅။ သံတွဲမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ အသက် ၁၆ အရွယ်လူငယ်တစ်ဦးသေဆုံး
November 29, 2022
သံတွဲမြို့နယ်၊ကညှင်ကွင်းအုပ်စု၊ ခြံကျေးရွာမှ အသက် (၁၆)နှစ်အရွယ်လူငယ်တစ်ဦးမှာ (နိုဝင်ဘာလ ၂၈ ရက်) ညနေ ၃ နာရီခန့်က မိုးကြိုးပစ်ခံရ၍ သေဆုံးသွားကြောင်း မိသားစုဝင်များထံက သိရသည်။ သေဆုံးသူမှာ မောင်ဖိုးသား (ခ) ဖိုးချစ် ဆိုသူဖြစ်ပြီး မိဘနှစ်ဦးနှင့်အတူ လယ်ကွင်းပြင်တွင် စပါးရိတ်သိမ်းနေစဉ် မိုးကြိုးထိမှန်သေဆုံးသွားခြင်း ဖြစ်သည်ဟု မိသားစုဝင် မနုနုအေးက ပြောသည်။ “မိုးကြိုးပစ်ခံရတာတော့ ညနေ (၃)နာရီလောက်မှာဖြစ်တယ်။ ကလေးက မိဘတွေနဲ့ အတူ လယ်ကွင်း မှာ စပါး ရိတ်ဖို့ လိုက်သွားတာ ။အဲဒီမှာရောက်လို့ အလုပ်လုပ်နေတုန်း မှာ မိုးကြိုးပစ်တဲ့အခါ ထွက်ပြေးသွားတယ်။ မိဘတွေက တော့ ငါ့သားမိုးကြိုးပစ်တာကို ကြောက်လို့ ဝပ်နေတယ်ထင်ပြီး သွားကြည့်တဲ့အခါ ကလေးက အသက်မရှိတော့ဘူး”ဟု သူက ဆိုသည်။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ အချိန်အခါမဟုတ် မိုးရွာနိုင် ကြောင်း သတိပေးထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်အနှံ့တွင် လည်း မိုးရွာသွန်းမှုရှိခဲ့သည်။အချိန်အခါမဟုတ် မိုးရွာခြင်း နှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက် ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ကြောင်းလည်း ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။
“မိုးကြိုးအန္တရာယ်ကတော့ မိုးကြိုကာလမှာ မဟုတ်ပါဘူး။ နွေ၊မိုး၊ ဆောင်းတွေမှာလည်းဖြစ်တတ်တဲ့ သဘော ရှိတယ် ဆိုတော့။ မိုးကြိုးအန္တရာယ်ဘယ်လောက်ထိရှိလဲဆိုတာ အရင်ထက်စာရင်တော့ ပိုများနိုင်တာပေါ့။ ပမာဏနဲ့ အကြိမ်အရေ အတွက်တော့ ပြောလို့မရဘူးပေါ့လေ။ပစ်မယ့် အကြိမ်အရေအတွက် ကတော့ အရင်နှစ်တွေ ထက်များနိုင်ပါမယ်။ ဘာကြောင့်လဲ ဆိုတော့ အရင်နှစ်တွေထက် ဒီနှစ်အပူများလို့။မိုးကြိုးတွေက အပူများရင် ပိုဖြစ်ထွန်းတယ်လေ”ဟု ပြောသည်။ ရခိုင်ပြည်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် ပြည်သူများ အသက်သေဆုံးမှုရှိနေသည်။ပြီးခဲ့သည့် မေလ ၃ ရက်နေ့က အမ်းမြို့နယ်မှ အမျိုးသမီး တစ်ဦး မိုးကြိုးထိမှန်သေဆုံးသွားသကဲ့သို့ ဇွန်လ ၂ ရက်နေ့ကလည်း ရသေ့တောင်မြို့ နယ်၊အငူမော်ကျေးရွာ အမျိုးသမီးတစ်ဦး၊ ဇွန်လ ၁၃ ရက်က ပေါက်တောမြို့နယ်၊ရီပဒေရွာမှ အမျိုးသားတစ်ဦး၊ ဇူလိုင်လ ၁၉ ရက်က မောင်တောမြို့နယ်၊ဥဒေါင်းကျေးရွာမှ အမျိုးသမီးတစ်ဦးတို့ မိုးကြိုးထိမှန်သေဆုံးသွားသည်။ https://www.facebook.com/dmgnewsage ncy/photos/a.4666793 83484478/2457791754373221/
၁၆။ CDF ကန်ပက်လက်ထံ လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီတပ်သား ၁ ဦး CDM ပြုလုပ်ခိုလှုံလာ
November 29, 2022
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အခြေစိုက် CDF ကန်ပက်လက်ထံ နိုဝင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီတပ် သား ခေါလေး(ခ)ကျော်ဝင်းမောင်(ခ)ကျော်စိုင်းခန့်သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်လာကြောင်း CDF-Kanpeletက သတင်းထုတ်ပြန်ထားသည်။ CDM ပြုလုပ်လာသော စစ်ကောင်စီတပ်သား၏ ထွက်ဆိုချက်အရ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲ ခံရမှုကြောင့် စစ်ကောင်စီတပ်ထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ပြင်းထန် စွာ တိုက်ခိုက်သော ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သို့ စေလွှတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်က ပြည်သူလူထုကို ဖိနှိပ်တိုက်ခိုက်နေသော အခြေအနေများ၊ CDF-Kanpeletမှ ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေသော အခြေအနေအရပ်ရပ်တွင် CDMပြုလုပ်ပြီး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခြင်းဖြစ်ကြောင်း CDF-Kanpelet က ပြောသည်။ CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ထဲသို့ ခိုလှုံလာသော စစ်ကောင်စီတပ်သားကို CDF-Kanpelet က လွတ်မြောက်နယ်မြေကို ကောင်းမွန်စွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ https://www.facebook.com/ayeyarwa ddytim es/photos/a.509189952572344/2344402365717751/
၁၇။ ဒေါက်တာအေးမောင်ဦးဆောင်သော(AFP) ပါတီ၏ပြောခွင့်ရသူကို ဖမ်းဆီးထားကြောင်း AA အတည်ပြု
November 29, 2022
ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ ပြောခွင့်ရသူ ဦးကျော်ဇောဦး ကို ဖမ်းဆီးထား ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက အတည်ပြုပြောကြားသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သော ရက္ခိုင့်တပ်တော်(AA)၏ သတင်းစာရှင်းလင်းပွဲ တွင် ဦးခိုင်သုခက သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ စစ်မက်ဖြစ်ပွားနေဆဲ တော်လှန်ရေးကာလအတွင်း လူထုကို စိတ်ဝမ်းကွဲပြားစေသော လှုံ့ဆော်မှုများကို ခွင့်ပြုနိုင်မည် မဟုတ်ကြောင်း ဦးခိုင်သုခက ဆိုသည်။ “ကိုကျော်ဇောဦး နဲ့ပတ်သက်ပြီး ဆွေးနွေးစရာတွေနည်းနည်းရှိတဲ့အတွက် ကျွန်တော်တို့ ခေါ်ယူစကား ပြောနေတာရှိပါတယ်၊ ပြောရမယ်ဆိုရင်တော့ ကျန်းကျန်းမာမာရှိပါတယ်၊ ဘာမှစိုးရိမ်စရာမရှိပါဘူး” ဟု ဦးခိုင်သုခ က ပြောသည်။ ရခိုင့်ဦးဆောင်ပါတီ(AFP)၏ ပြောခွင့်ရသူ ဦးကျော်ဇောဦး ကို ဖမ်းဆီးထားမှုအပေါ် ရက္ခိုင့်တပ်တော် (AA) အနေ ဖြင့်ပြန်သုံးသပ်ပြီး အမြန်ဆုံးလွှတ်ပေးကာ သဘောထားကြီးရန်လိုအပ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကပြောသည်။
“အတွေးအခေါ် မတူရင်တောင် သဘောထားပြည့်ဝဖို့ လိုအပ်ပါမယ်၊ ပြန်သုံးသပ်ဖို့ လိုပါမယ်၊ ဆွေးနွေး ညှိနှိုင်းမယ်၊ အဖြေတစ်ခုရတယ်ဆိုရင်ပြန်လွှတ်ဖို့၊ သူ့ရဲ့ မူလတာဝန်ပေါ့၊ လက်နက်မကိုင်လိုလို့ နိုင်ငံရေးနည်းနဲ့ ရခိုင့် လူ့အဖွဲ့ အစည်း၊ မြန်မာ့ လူ့ အဖွဲ့အစည်းကိုပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ ပုဂ္ဂိုလ်တိုင်းကို အမြင် မတူရင်လည်း ဦးတည်ချက် တူနိုင်တယ်၊ လမ်းမတူဆိုတဲ့ အမြင်နဲ့ လွှတ်ဖို့လိုပါတယ်၊ သဘောထားကြီးဖို့ လိုပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။ ထို့ပြင် ပါတီတွင်း ဆွေးနွေး ညှိနှိုင်းပြီး သဘောထား ထုတ်ပြန်သွားမည်ဟုလည်း ဒေါက်တာအေးမောင်က ပြောသည်။ AFP ပါတီ၏ ပြောခွင့်ရသူဖြစ်သကဲ့သို့ ပါတီ ဒုက္ကဋ္ဌလည်းဖြစ်သော ဦးကျော်ဇောဦးသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် အမှတ်(၂) မဲဆန္ဒနယ် မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သော လွှတ်တော်အမတ်ဟောင်း တစ်ဦးလည်း ဖြစ်သည်။ ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (AFP) ကို ၂၀၁၈ ခုနှစ်အောက်တိုဘာလတွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ https://www.facebook.com/MizzimaDaily/photos/a.320351647999747/6158376454197208/
၁၈။ ကျောက်မဲမြို့နယ် သျှမ်းနှစ်သစ်ကူးပွဲတော်ထဲ လောင်းကစားဝိုင်းများပါရှိ
November 28, 2022
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာတွင် ပြုလုပ်သည့် ၂၁၁၇ သျှမ်းနှစ်သစ်ကူးပွဲတော်တွင် လောင်းကစားဝိုင်းများ ပါဝင်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်မှစပြီး လက်ရှိအချိန်ထိ ကုန်းသာကျေးရွာ ထဲတွင် သျှမ်းနှစ်သစ်ကူးပွဲ ပြုလုပ်နေပြီး လောင်းကစားပါရှိကြောင်း ကျောက်မဲ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ “ သူတို့ သျှမ်းနှစ်သစ်ကူးနဲ့ပွဲထဲမှာ လောင်းကစားဝိုင်းတွေထည့်ပြီးလုပ်နေတာ။ အခုထိလည်း လုပ်နေသေးတယ်။ သူတို့ လောင်းကစား ဝိုင်းက အရင်က တစ်နေရာဖွင့်နေတာ။ ပြီးမှ ကုန်းသာက သျှမ်းနှစ်သစ်ကူးပွဲမှ ပြောင်းလာပြီး ဖွင့်ပေးတာ” ဟု ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ထိုသို့ ကျောက်မဲမြို့ နယ်တွင် လောင်းကစားဝိုင်းဖွင့်လှစ်ခြင်းသည် မဖြစ်သင့်ကြောင်း၊ ရိုးရာပွဲဖြစ်သောကြောင့် လောင်းကစားပွဲ မပါဝင်သင့်ကြောင်း ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ သျှမ်းနှစ်သစ်ကူးပွဲတော် ပြုလုပ်ရန်အတွက် ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ဥက္ကဌက ခွင့်ပြုပေးခဲ့ပြီး လောင်းကစား ဖွင့်လှစ်ရန်အတွက် ခွင့်မပြုထားကြောင်း သိရသည်။
ထိုသို့ လောင်းကစားဖွင့်လှစ်ခြင်းကို ယခုကာလအနေဖြင့် အရေးယူဆောင်ရွက်ရန် ခက်ခဲသောကြောင့် ပြုလုပ်သူများ သည် မိမိအသိစိတ်ရှိသင့်ကြောင်း ယခုလို ရိုးရာပွဲမှာ လောင်းကစားဝိုင်း ပြုလုပ်သောကြောင့် ဆိုးကျိုးအများကြီး ရှိကြောင်း ပြော သည်။ “ ကျနော်တော့ ပွဲလုပ်ဖို့ ခွင့်ပြုထားတယ်။ လောင်းကစားဝိုင်းတော့ မပါခိုင်းဘူး။ မြို့ပေါ်မှာ တော့ ကျနော်တို့တားထား တယ်။ ဒီလိုမျိုး ရိုးရာပွဲမှာ လောင်းကစား လာလုပ်တာဟာ ဆိုးကျိုးတွေပဲရှိတယ်။ အခုလို စီးပွားရေး မကောင်းတဲ့ချိန် လောင်း ကစားလုပ်ကြတော့ ပိုပြီးဆင်းရဲကြတယ်။ ကိုယ်မကောင်းတာလုပ်ရင်တော့ မကောင်းတဲ့ အကျိုးတွေ ကိုပဲခံစားရမယ်။ အခုလို ခေတ်ကာလနဲ့ကလည်း အရေးယူဆောင်ရွက်ဖို့ကလည်း ခက်တယ်” ဟု ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ဥက္ကဌက ပြောသည်။ အဆိုပါ လောင်းကစားဝိုင်းကို ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု တောင်နောက်ကျေးရွာနေ ဦးဝင်းထွန်းက ဦးဆောင်ပြီး လုပ်ဆောင်ပေးနေ ကြောင်း ဒေသခံ ပြောပြချက်အရ သိရသည်။ “ သူက TNLA ၊ SSPP/SSA တွေကိုကော အခွန် ပေးပြီးဖွင့်တာ။ ၁ လကို သိန်း ၁၅၀ ပေးရတယ်တဲ့။ သူက ကျောက်မဲမြို့နယ်ထဲပဲနေတာ။ ပြီးတော့ မြို့နယ်က ဌာနဆိုင်ရာတွေ ကိုလည်း တစ်ရက် ၃ သိန်းလောက်ထိ အခွန်ဆောင် ရတယ်တဲ့” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ စစ်အာဏာသိမ်း ပြီး နောက်ပိုင်း သျှမ်းပြည်အတွင်းရှိ ဘုရားထီးတင်ပွဲ အပါအဝင် နေရာအနှံ့ လောင်းကစားဝိုင်းများ ထည့်သွင်းလာကြသည်။ https://burmese.shannews.org/archives/31753
၁၉။ လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ မိုးမောက်ဒေသခံများကို နေရပ်ပြန်ခေါ်ကာ အကာအကွယ် ယူနေ
November 28, 2022
မိုးမောက်မြို့နယ် လုံဂျာရွာနှင့် နောင်ပေါင်းကျေးရွာမှ လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်နေသောကြောင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပြီး စစ်သားများနှင့်အတူ နေထိုင် နေရသည်ဟု သိရသည်။ စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF တို့ကြား တိုက်ပွဲကြောင့် လုံဂျာရွာနှင့် နောင်ပေါင်း ကျေးရွာရှိ ဒေသခံပြည်သူ ၁၀၀၀ နီးပါးသည် အောက်တိုဘာလမှ စတင်ကာ မိုးမောက်မြို့ပေါ်သို့ ထွက်ပြေးခဲ့ရာ လူမရှိသည့်နေအိမ်များကို မီးရှို့မည်ဟု စစ်ကောင်စီ စစ်သားများက ခြိမ်းခြောက်နေသောကြောင့် စစ်ရှောင်များသည် စစ်သားများနှင့်အတူ နေရပ်ပြန် နေထိုင်နေရသည်ဟု မိုးမောက်မြို့ မှ အမျိုးသားတစ်ဦးက ပြောသည်။ ”စစ်သားတွေ ကိုယ်တိုင်လာပြောတာ ပြန်မလာရင် အိမ် မီးရှို့မယ်ဆိုတော့ပြန်သွားရတယ် အခုစစ်သားတွေက အဲ့နှစ်ရွာလုံးမှာရှိတယ်။ အိမ်တိုင်းမှာရှိတယ် အိမ်ရှင်တွေနဲ့ရောပြီးနေ နေတာ ကြောက်လန့်တကြီးနေ နေရတာပေါ့ဗျာ ပြည်သူတွေကတော့” ဟု ပြောသည်။
စစ်ကောင်စီ စစ်သားများသည် မိုးမောက်မြို့ပေါ် စစ်ရှောင်စခန်းအထိ ရောက်လာပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ နောက် ဆုံးထား အိမ်ပြန်ကြရန်နှင့် ပြန်မလာပါက နေအိမ်မီးရှို့မည်ဟု ခြိမ်းခြောက်သဖြင့် ဒေသခံအများစု ထိုရက်မတိုင်မှီ နေရပ်ပြန်ကြ ပြီ ဖြစ်သည်။ ”တိုက်ပွဲကတော့မရှိပါဘူး ဒါပေမယ့် စစ်သားတွေက တပ်ချိန်းနေ့တိုင်းရှိတယ်။ စစ်သားအပြောင်း အလဲလုပ်တာ မိုးမောက်မြို့ထဲကဟာ ဒီဘက်လာ ဒီဘက်ကဟာ မိုးမောက်မြို့ထဲသွားတာ၊ သူတို့ရှိတယ်ဆိုတာ ပြချင်တာလား မသိဘူး၊ တစ်နေ့ တစ်ကြိမ် ပြောင်းနေတာတစ်ရက်ကို ၁၀၀ လောက်တော့ လှုပ်ရှားတယ်။ ပြီးတော့ လယ်တောတွေ ရွာပတ်ဝန်းကျင်တွေမှာ အမြဲတမ်းလှည့်တယ် ရွာသားတွေက သူတို့နဲ့တစ်အိမ်ထဲနေ နေရတော့ ကြောက်ကြတာပေါ့”ဟု မိုးမောက် ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ လုံဂျာရွာနှင့် နောင်ပေါင်းရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်စီရှိကြပြီး လက်ရှိ ထိုကျေးရွာ နှစ်ရွာ တွင် စစ်အင်အား ၄၀၀ ကျော်အထိ ပုံမှန်ရှိနေကြောင်း သိရသည်။ https://burmese.kachinnew s.com/2022/11/28/az3-14/
၂၀။ ဖာပွန်မှာ မင်္ဂလာဆောင်က အပြန် ကားမှောက်လို့ ၁ ဦးသေဆုံးပြီး ကလေးငယ်တွေအပါဝင် လူ ၂၀ ကျော် ထိခိုက် ဒဏ်ရာ
November 29, 2022
ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ မင်္ဂလာဆောင်က အပြန် ကားမှောက်လို့ ၁ ဦးသေဆုံးပြီးကလေးငယ်တွေအပါဝင် လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဖြစ်စဉ်က နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းလွဲပိုင်း ကဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ဖာပွန်မြို့နယ်၊ ကမမောင်းမြို့အနီးမှာ မင်္ဂလာဆောင်တစ်ခုမှ ပြန်လာတဲ့ Toyota Hilux ကား တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကလေး၊ လူကြီး (၂၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ယာဉ်တိမ်း မှောက်မှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရလူနာ (၂၄) ဦးအား မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကမမောင်း) မှ ကမမောင်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး နောက် ညနေပိုင်းတွင် ကမမောင်းဆေးရုံမှတဆင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ စိုးရိမ်ရ လူနာ (၁၅) ဦးအား လွှဲပြောင်းပို့ဆောင်ခဲ့ တယ်လို့ဆိုပါတယ်။
ယင်းဖြစ်စဉ်ကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ) မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေး အဖွဲ့(နောင်လုံ) မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကမော့ကစင်)၊ မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဖအွံကော့ကျိုက်) အသင်းများပူးပေါင်း ကာ ဘားအံပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းလာသောထိခိုက်ဒဏ်ရာရလူနာများအား CTဓာတ်မှန်ရိုက်ခြင်းနှင့် Ultrasound ရိုက်ခြင်း များ ကူညီဆောင်ရွက် ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ https://www.myanmaplatform.com /a/65832 .html
၂၁။ ကလေး PDF ဆေးတပ်သား ၉ ဦးကို ထောင် ၁၂ နှစ်စီချခံရ
November 29, 2022
ကလေးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆေးတပ်သား အမျိုးသမီး ၉ ဦးကို စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင်း တရားရုံးက အောက်တိုဘာလအတွင်း ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်သည်ဟု အကျဉ်း ထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကပြောသည်။ နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅−က၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်များဖြင့် ထောင်ဒ်များ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ “ပုဒ်မက ၅၀၅−က ရယ် ၊အကြမ်းဖက်မှု ပုဒ်မ တွေနဲ့ တရားစွဲခံရတာလို့သိရတယ်။ အဲ့ဒီအမှုတွေအားလုံးပေါင်းပြီး တစ်ယောက် ၁၂နှစ်စီ ချလိုက်တာ” ဟု ကလေးမြို့ အကျဉ်းထောင်နှင့် နီးစပ်သူက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ကလေးမြို့ အနောက်တောင်ဘက်ရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်စီးပြီး အသက် ၂၀ မှ ၂၈ နှစ်ကြားရှိ မဇမ်ဇိုးဇာမ်၊ မမန်လွန်းဒိမ်း၊ မညောင်ဒွ့န့်ကျင်၊ မမားလ်ဆောမ်ဒေါင်းအီး၊ မလားလ်တန်လွေးအီး၊ မလားလ်လွန်စန်းအီး၊ မလားလ်မွမ်းကိမ်းအီး၊ မဗန်လားရွန်းအီး၊ မလားလ်ပျန်းဖဲလ်အီး တို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
ယင်းတို့ ၉ ဦးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးPDF တပ်ဖွဲ့တွင် ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင် နေသူများဟု PDF ကလေးတပ်ဖွဲ့ဝင်များက အတည်ပြုသည်။လက်ရှိတွင် ကျန်းမာရေးကောင်းမွန်ပြီး၊ မိသားစုဝင်များမှာ ကလေးမြို့ပေါ် လုံခြုံရေးအခြေအနေကြောင့် ထောင်ဝင်စာပို့ရန် အခက်ခဲကြုံနေသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ “ထောင်သွားဖို့ကမလွယ်ဘူး၊ စစ်တပ်စစ်ဆေးရေး ဂိတ်တွေက ဆိုင်ကယ်နဲ့သွားရင် အတင်းစစ်ဆေးတာ၊ အခုကသွားလို့ကို မရတော့ဘူး” ဟု ထိန်းသိမ်းခံရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။ ၂၀၂၂ နိုဝင်ဘာ ၁၆ တွင် ကလေးမြို့အနောက်တောင် ဘက်ရှိ PDF စခန်းကို စစ်တပ်က ဝင်ရောက် စီးနင်းရာ ၃ ဦး အသတ်ခံရပြီး ထို ၉ ဦး သုံ့ပန်းဖြစ်သွားခြင်း ဖြစ်သည်။ https://zalen.info/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-pdf-%e1%80%86%e
၂၂။ ဖရူဆိုမြို့နယ် က စစ်ဘေးရှောင်စခန်းတစ်ခုမှာ လူဦးရေရဲ့ တစ်ဝက်ခန့် ဖျားနာနေ
November 28, 2022
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တောင်ဘက် ဆိုသယ် စစ်ဘေးရှောင်စခန်းမှာ ရာသီအကူးအပြောင်းကြောင့် စစ်ရှောင် ပြည်သူတွေ တစ်ဝက်ခန့် ဖျားနာနေပြီး လူဦးရေ ၃၀၀ ခန့်က ရောဂါပြင်းထန်တယ်လို့ စေတနာဝန်ထမ်း သူနာပြု တစ်ဦးက ပြောပါတယ်။ အဆိုပါ ဆိုသယ် စစ်ရှောင်စခန်းမှာ လူဦးရေ ၁၇၀၀ ရှိနေတာပါ။ “ကလေးတွေဆို နှာစေး၊ ချောင်းဆိုး၊ အဖျားကြီး ပြီး အချို့ဆို သတိလစ်တဲ့အထိ ဖြစ်ကြပါတယ်။ အဲ့လောက်ပြဿနာတေအထိ ရင်ဆိုင်နေရပါတယ်၊ လူကြီးတေမှာဆိုလဲ နှာစေး၊ ချောင်းဆိုး၊ တစ်ကိုယ်လုံးကိုက်ခဲ နာကျင်ကြတယ်၊ ပူလိုက်အေးလိုက် အဲ့လို အလုအယက်ဖျားနေကြတာပေါ့” လို့ စေတနာ့ ဝန်းထမ်း သူနာပြု တစ်ဦးက ပြောပါတယ်။ ရောဂါလက္ခဏာ အများစုက တုပ်ကွေးရောဂါနဲ့ ဆင်တူပြီး ရုတ်တရက် ကိုယ်ပူပြီး အဖျားတက်တာတွေအပြင် အားနည်းတဲ့ကလေးတွေမှာ ပျို့အန်တဲ့အခြေအနေထိ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရေးပြားယားနာပေါက်ခြင်း၊ အနာပြည်တည်ခြင်း၊နဲ့ နာတာရှည်ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ အဆစ်အမြစ်ကိုက်ခဲတဲ့ ရောဂါနဲ့၊ အစာအိမ်ရောဂါတွေလည်း ဖြစ်ပွားနေတယ်လို့ အဆိုပါသူနာပြု က ထပ်လောင်းပြောပါတယ်။
တောတောင်ထဲမှာ စစ်ရှောင်နေရတာကြောင့် ရာသီအကူးပြောင်းချိန်မဟုတ်လည်း မကြာခန ဖျားနာကြသလို အဲဒီ ရောဂါတွေကို ကုသနိုင်ဖို့ အတွက် လည်း ဆေးဝါးတွေမလုံလောက်ဘူးလို့ စစ်ရှောင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။ “သားက ချမ်းတုန်တယ်၊ တကိုယ်လုံးကိုက်ခဲတယ်၊ ခေါင်းကိုက်တယ်တဲ့။ ချောင်းလည်းဆိုးတယ်၊ ပျို့အန်ချင်နေတယ်။ မနက်စောစော မိုးမလင်းခင်ကတည်းက ဖြစ်တယ်။ ဒီညတော့ မသက်သာဘူး။ ဘာဆေးမှလည်းမပေးထားသေးဘူး။ တိုက်စရာဆေးလည်း မရှိ လို့။ တစ်လမှာ တစ်ကြိမ်လား ၂လမှာ ၃ ကြိမ်လားမသိဘူး ခနခန ဖျားတာပဲ။ ” လို့ စစ်ရှောင်မိခင်တစ်ဦးက သူမရဲ့ သားဖြစ်သူ ရဲ့ အခြေအနေကို ရှင်းပြပါတယ်။ “ကျမတို့အတွက် ဒီမှာက အခက်အခဲတွေကတော့ လူနာ တွေဖျားတာများတော့ ဆေးဝါး မလုံ လောက်တာရယ်၊ အရေးပေါ် လူနာတေ၊ မွေးလူနာတွေလဲ ရှိနေတော့ ဆေးရုံပို့ဖို့က ကားတေမရှိဘူး၊ ဓါတ်ဆီ၊ဒီဇယ်တွေမရှိဘူး အဲ့တာတွေခက်ခဲတာ ပေါ့ နော်။” လို့ စေတနာဝန်းထမ်းတစ်ဦးကပြောပါတယ်။ လက်ရှိ ဖရူဆိုမြို့နယ် မှာ စစ်ဘေးရှောင် ဦးရေး ၆၀၀၀ ကျော်ရှိနေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာတွေရှိနေပါတယ်။ https://www.kantarawa ddytimes.org/%e1%80%96%e1%80%9b%e1%80%b0%e1%80%86%e1%80%ad%e1%80
၂၃။ အာဟာရ ချို့တဲ့ပြီး လမ်းမလျှောက်နိုင်တဲ့ ကလေးငယ်နဲ့ မွေးရာပါ လက်ကြီးဝေဒနာ ခံစားနေရတဲ့ ကိုရင်လေး ဆေးကုသဖို့ ငွေကြေး ခက်ခဲနေ
November 29, 2022
အာဟာရ ချို့တဲ့ပြီး လမ်းမလျှောက်နိုင်တဲ့ ကလေးငယ်နဲ့ မွေးရာပါ လက်ကြီးဝေဒနာ ခံစားနေရတဲ့ ကိုရင်လေးတစ်ပါး ဆေးကုသဖို့အတွက် ငွေကြေး အခက်အခဲ ကြုံတွေ့နေရပါတယ်။ ရှမ်းမြောက် တန့်ယန်းမြို့နယ် ဟိုတာကျေးရွာအုပ်စု ပန်းရုံးရွာ မှာ နေထိုင်တဲ့ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ အာဟာရ ချို့တဲ့နေပြီး ဆေးကုသဖို့ ငွေကြေး လိုအပ်နေတာပဲ ဖြစ်ပါတယ်။ မိခင်ဖြစ်သူက “ကလေးက ဝမ်း ခဏခဏလျှောတယ်။ ဆေးခန်းတစ်ခါပြတယ်။ ဝမ်းလျှောတာ သက်သာလာတယ်။ နောက် ဆေးခန်း ထပ်မပြဖြစ်တော့ဘူး။ ဆေးခန်းပြဖို့လည်း ပိုက်ဆံမရှိလို့ ဒီအတိုင်းပဲ ထားလိုက်တော့ ပိုဆိုးလာတယ်။ ကလေးက အမြဲငိုနေတယ်။ အခုကျေးရွာအနီးက ဆေးခန်းပြန်ပြတယ်” လို့ ပြောပါတယ်။ လားရှိုး ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းရမှာဖြစ်ပြီး ငွေ မရှိတာကြောင့် မလွှဲပြောင်းနိုင်သေးဘဲ ကလေးဟာ လက်ရှိအချိန်ထိ လမ်းမလျှောက်နိုင်သေးတဲ့အတွက် ကုသဖို့ ပါဝင် ကူညီ လိုသူတွေအနေနဲ့ ဖုန်း 09-899 826 834 (K-Pay, Wave Pay), 09454122689 သို့ ဆက်သွယ်နိုင်ပါတယ်။
အလားတူ နမ့်ခမ်းမြို့နယ် မန်စပ်ရွာမှ (၁၂)နှစ်အရွယ် ကိုရင်လေး အရှင်ကေသရဟာ မွေးရာပါ လက်ကြီးရောဂါ ခံစားနေရတာကြောင့် ခွဲစိတ်ကုသဖို့ တအာင်း သံဃာတော်များအဖွဲ့ (TSA)ရဲ့ ဗဟိုဥက္ကဌဆရာတော် ဦးပညာသီရိက ခေါ်ယူထား ကာ ငွေကြေး ကူညီပေးနိုင်သူ ရှာဖွေနေတယ်လို့ ဦးပညာသီရိက မိန့်ပါတယ်။ “ကိုရင်လေးရဲ့ ညာဘက်လက်မှာ မွေးရာပါ လက်တစ်ဖက် ကြီးတဲ့ဝေဒနာခံစားနေရတယ်။ သူ့ကို ဆေးကုသဖို့ ဘုန်းဘုန်းတို့ ခေါ်ထားတယ်။ ကူညီမယ့်အဖွဲ့အစည်းနဲ့ ဒကာတွေတော့ မရှိသေးဘူး ဘုန်းဘုန်းတို့ ရှာနေတုန်းပဲ” ကိုရင်လေးအတွက် ပါဝင်ကူညီလိုသူတွေအနေနဲ့ တအာင်းသံဃာတော် များအဖွဲ့ (ဗဟို)ရဲ့ ဥက္ကဌဆရာတော် ဦးပညာသီရိအပြင် အတွင်းရေးမှူး အရှင်သီဟနန္ဒ (မန်တုံကျောင်းတိုက်) ဖုန်း 09-420 199 111 သို့ ဆက်သွယ်နိုင်ပါတယ်။ https://www.facebook.com/photo/?fbid=457894933184443&set=pcb.45789502651
၂၄။ စစ်တွေရှိ ဘုန်းကြီးကျောင်းတစ်ခုမှ ဖမ်းဆီးသွားသည့်တက္ကသိုလ်ကျောင်းသား ၅ ဦးပြန်လွတ်မြောက်လာ
November 28, 2022
စစ်တွေမြို့ ဓညဝတီ(က)ရပ်ကွက်ရှိ ဂန္ဓာရုံဘုန်းတော်ကြီး ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းမှ အကြောင်းမဲ့ ဖမ်းဆီးသွား သည့် အဝေးသင် တက္ကသိုလ်ကျောင်းသား ၅ ဦး ပြန်လွတ်မြောက်လာပြီ ဖြစ်ကြောင်းသိရသည်။ ပြန်လွတ်မြောက် လာသည့် တက္ကသိုလ်ကျောင်းများမှာ ပုဏ္ဏားကျွန်းမြို့နယ် မြက်သောက်ကျေးရွာမှ မောင်ဘိုအောင်ခင် (၂၃ နှစ်)၊ မောင်အောင်လင်းစိုး (၂၀ နှစ်)၊ မောင်စိုးမင်း (၂၁ နှစ်)၊ ပုဏ္ဏားကျွန်းမြို့နယ် ပဲစိနန်းကျေးရွာမှ မောင်အောင်ငြိမ်း (၂၁ နှစ်)နှင့် မောင်ဇော်လှိုင်ဦး (၂၀ နှစ်) တို့ဖြစ်သည်။ ၎င်းတို့ ၅ ဦးစလုံးကို နိုဝင်ဘာလ ၂၇ ရက်က ညနေပိုင်းက ပြန်လွတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင် တစ်ဦးကပြောသည်။ “သူတို့ကို ဘယ်ကနေပြန်လွတ် လဲဆိုတာမသိရပါဘူး။ မျက်နှာတွေကိုချုပ်ပြီးတော့ ဘုန်းကြီးကျောင်းမှာ ချခဲ့တယ်လို့ပြောပါတယ်။ ကျန်းကျန်း မာမာရှိကြပါတယ်။ သူတို့ဖုန်းတွေကို ဒီနေ့ညနေ ရဲစခန်းကနေလာယူခိုင်းထားပါတယ်” ဟုပြောသည်။ သူတို့ ၅ ယောက် ကို နောက်ထပ် ဒေသခံ ၄ ဦးနှင့် အတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက် ညဉ့် ၁၂ နာရီခန့်တွင် ဘုန်းကြီးကျောင်း များမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိရသည်။ ၎င်းဒေသခံ ၄ ဦးကို စစ်ကောင်စီက နိုဝင်ဘာလ ၂၁ ရက်က ပြန်လွတ်ပေးခဲ့ပြီး သူတို့ ၅ ဦးကို ယမန်နေ့က လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ https://burmese.narinjara.com/…/6384840b6dd2ad341b3fefd1
၂၅။ လွိုင်ကော်မြို့ပေါ်မှာ လျှပ်စစ်မီးပြတ်တောက်ပါက မီတာခဆောင်မှသာ ပြန်လည်ပြင်ဆင်ပေးနေ
November 28, 2022
ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ အိမ်သုံးလျှပ်စစ်မီးတွေ အကြောင်းအမျိုးမျိုးကြောင့်ပြတ်တောက်သွားရင် လျှပ်စစ် မီတာခ ဆောင်ပြီးမှ ပြန်ပြင်ပေးနေတာတွေ ရှိတယ်လို့ လွိုင်ကော်မြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “မီးပျက်ရင် မီတာခတွေ ဆောင်ပြီးမှ ပြင်ပေးတယ်။ ကိုယ့်အိမ်က ပြတ်လို့ သွားပြင်ခိုင်းရင် မီတာခဆောင်ခိုင်းတာမျိုးပေါ့။” လို့ သူက ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် မကောက်ခံနိုင်ခဲ့တဲ့ မီတာခတွေကိုပါ ပေါင်းပြီး ကောက်ခံနေတာဖြစ်တယ် လို့ ဒေသခံတွေက ဆိုကြပါတယ်။ မီတာခဆောင်ဖို့ လျှပ်စစ်ဝန်ထမ်းတွေကနေ သွားကြည့်တာမျိုးမဟုတ်ပဲ အိမ်ကနေ ဓာတ်ပုံ ရိုက်သွားပြီး သွားပြပေးဆောင်ရတယ်လို့ ဆိုပါတယ်။ အခုလို မီတာခမဆောင်ရတာ ၁၉ လ အကြာမှ မီတာခ ပေါင်းပေးရတဲ့ အတွက် ယူနစ်တွေများနေပြီး ကျပ်ငွေသိန်းနဲ့ချီ ပေးဆောင်ရတဲ့ မိသားစုတွေ ရှိနေပါတယ်။ ယခုလအတွင်း မီတာခသွားဆောင် ခဲ့တဲ့ လွိုင်ကော်မြို့ ဒေသခံ အမျိုးသား တစ်ဦးက မီတာခ မဆောင်တာ နှစ်နှစ်ကျော်ပြီဖြစ်တဲ့အတွက် မီတာခရဲ့ တစ်ဝက်စာ တစ်သိန်း ကျော်ကို ဆောင်ခဲ့တယ် လို့ ဆိုပါတယ်။
“ ဘယ်လိုပဲဆောင်ဆောင် ဆောင်လို့ရတယ်။ တစ်လစာ နှစ်ထောင်၊ သုံးထောင်ပဲ ဆောင်ရင်လည်းရတယ်။ သူအဲလို ပဲပြောတယ်။ မီတာခ ဒီလောက်ကျတယ်။ ဒီလောက်ကျန်တယ် သူအဲလိုပြောပြတယ်။ တစ်ခါတည်း အကုန်လုံး ဆောင်ရမယ် လို့တော့ မပြောဘူး။ ကိုယ်ဆောင်ချင်သလောက်ပဲ ဆောင်ခိုင်းတယ်။” လို့ မီတာခသွားဆောင်ခဲ့တဲ့ လွိုင်ကော်ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ လွိုင်ကော်မြို့ပေါ်က ဒေသခံတွေထဲက အနည်းအကျဉ်းလောက်သာ လျှပ်စစ်မီတာခ ဆောင်နေကြတာဖြစ်ပါတယ်။ တခြားရေမီတာခတွေလည်း လာရောက်ကောက်ယူတာတွေမရှိသလို ပေးဆောင်တာတွေလည်း မရှိဘူးလို့ ဆိုကြပါတယ်။ စစ်ကောင်စီ အာဏာမသိမ်းခင်က ကိုဗစ်ကာလအတွင်း အစိုးရကနေပြီး အိမ်သုံးလျှပ်စစ်မီတာခ ကင်းလွှတ်ခွင့်ပေးတာတွေလည်း ရှိခဲ့တဲ့အတွက် ပြည်သူတွေ မီတာခ မဆောင်ရတာ နှစ်နှစ်ကျော် ရှိသွားပြီဖြစ်ပါတယ်။ https:// www.kantarawaddytimes.org/%e1%80%9c%e1%80%bd%e1%80%ad%e1%80%af%e1 %80%84%e1%80
၂၆။ ထားဝယ်မှာ အဖမ်းခံရတဲ့ဗိုလ်မှူး ထွက်ပြေးတာကြောင့် ပစ်သတ်ခံရ
November 29, 2022
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီခန့်က ခရီးသည်တင်ယာဉ် တစ်စီးပေါ် ကနေ ဖမ်းမိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ဦးဝင်းဌေးနိုင်ကို ကာကွယ်ရေးအဖွဲ့တွေက ခေါ်ယူစစ်ဆေး မေးမြန်း နေချိန် သေနတ်လုပြီး ထွက်ပြေးတာကြောင့် ပစ်သတ်လိုက်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ပုလောမြို့နယ်ဘက်ကနေ ထားဝယ်ဘက်ကို ထွက်ခွာလာတဲ့ အဲဒီခရီးသည်တင်ယာဉ်ကို မသင်္ကာလို့ ဆိုပြီး ထားဝယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက တားဆီး စစ်ဆေးခဲ့ရာမှာ အရာရှိတစ်ဦးကို ဖမ်းဆီးရ မိခဲ့တယ်လို့ ဆိုပါတယ်။ မေးမြန်း နေချိန်မှာပဲ သေနတ်လုပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ပစ်သတ်လိုက်ရတာလို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “ကားကိုတားတယ်။ တားပြီး စစ်ဆေးတဲ့အချိန်မှာ ဗိုလ်မှူးတစ်ယောက် ပါလာတယ်။ မေးစရာရှိတာ မေးပြီးတော့ ဖမ်းလိုက်တာပေါ့နော်။ အဲဒီအချိန်မှာပဲ ဗိုလ်မှူးက သေနတ် လုပြီးတော့ ထွက်ပြေးတဲ့အတွက် ပစ်မိသွားတာ။ သူ့ကို က ကြိုးမတုပ်ထားမိဘူး။ ရဲဘော်တွေကများတော့ သူဒီလိုလုပ်မယ်လည်း မထင်လို့” ဗိုလ်မှူးအဆင့်ရှိသူ ဦးဝင်းဌေးနိုင်ဆီက ရရှိတဲ့အချက်အလက်တွေအရ မှတ်ပုံတင်မှာ မလမ(နိုင်)လို့ ရေးသားထားပြီး ပုလောအခြေစိုက် တပ်ရင်းတစ်ခုကနေ ထားဝယ် တပ်ရင်း တစ်ခုဘက်ကို ပြောင်းရွှေ့လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“သူကမပြောဘူး။ မှတ်ပုံတင်ထဲမှာ ဗိုလ်မှူးလို့ ရေးထားလို့ သိရတာ။ ကြည်းတပ်က ပုလောကနေ ထားဝယ်တပ်ရင်းကို လာတာ။ အသက်က လူလတ်ပိုင်း ၄၀ နီးပါးရှိပြီ။ မှတ်ပုံတင်မှာ မော်လမြိုင်ဘက်ကလို့ ရေးထားတယ်။ မလမ (နိုင်) ပေါ့” ဗိုလ်မှူးဖြစ်သူကို ဖမ်းဆီးရမိပြီးနောက် ကျန်တဲ့ခရီးသည်တွေကိုပါ စစ်ဆေးခဲ့ပေမယ့် ကျန်တဲ့သူတွေဟာ သာမန်အရပ်သားတွေ ဖြစ်တာကြောင့် အကုန်လုံးကို ပြန်လွှတ် ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။ ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ညဘက် ထားဝယ်လမ်းကြောင်းကိုသုံးပြီး ဖြတ်သန်းသွားလာခြင်းတွေ မပြုလုပ်ကြဖို့လည်း မေတ္တာရပ်ခံ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ https://www.rfa.org/burmese/news/major-winhtaynaing-dead-11282022042346.html
၂၇။ မူဆယ် စီးပွားရေးလုပ်ငန်းရှင်များ မကြာခဏ ဓားပြတိုက်ခံရ
November 28, 2022
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်၊ ပိုက်ဆံချမ်းသာသူများ မကြာခဏ ဓားပြတိုက်ခံရပြီး လုံခြုံ ရေး မရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။ ယခုလ (နိုဝင်ဘာ ၂၅ ရက်) မူဆယ် မြို့ တောင်ရပ်ကွက်တွင်း နေထိုင်သည့် ပိုက်ဆံချမ်းသာသည့် နေအိမ်တစ်လုံးကို အမည်မသိ အမျိုးသား ၆ ဦးက သေနတ်ဖြင့် ဓားပြဝင်တိုက်ခဲ့ပြီး တရုတ်ယွမ်ငွေ ၂၅ သိန်း ( မြန်မာကျပ်ငွေ ၁ ထောင်ဝန်းကျင်) နှင့် မြေဂရမ် ၅ ခုပါသွားကြောင်း နီးစပ်သည့် ဆွေမျိုးတစ်ဦးက ပြောသည်။ “ သူတို့ ၆ ယောက်လာတယ်။ သေနတ်ကိုယ်စီ ကိုင်ထားပြီး ၄ ယောက်က အပြင်စောင့်၊ ၂ ယောက် က အိမ်ထဲဝင်ပြီး ဓားပြတိုက်တာ။ အိမ်ထဲမှာက သက်ကြီးရွယ်အို အဘိုးနဲ့ အဖွား နှစ်ယောက်ဘဲ ရှိတယ်။ တရုတ်ယွမ်ငွေ ၂၅ သိန်းနဲ့ မြေဂရမ် ၅ ခု ပါသွားတယ်။ ဒီနေ့ ဒီချိန်ထိတော့ ပြန်ရတယ်ဆိုတဲ့ သတင်းတော့ မကြားရသေးဘူး “ ဟု ၎င်းဆွေမျိုးက ပြောသည်။
အဆိုပါ ဓားပြတိုက် မှုခင်း ဖြစ်ပွားခဲ့သည့်နောက်ပိုင်း မူဆယ်မြို့ရှိ ငွေလဲလှယ်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် ပိုက်ဆံချမ်းသာသူများသည် မနေရဲသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။ “တချို့ ငွေလဲလှယ်တဲ့ သူတွေက မနေရဲ တော့ဘူး။ မန္တလေး၊ ရန်ကုန် တို့ဘက်မှာ သွားခိုလှုံနေရတယ်။ ပြည်သူ့စစ် တပ်ဖွဲ့တွေလည်း အရမ်းများတယ်။ တချို့ ပြည်သူ့စစ် ထဲဝင်ရင် သေနတ်တွေ ကိုင်ရတယ်။ အခု ဓားပြတိုက်အဖွဲ့တွေက သေနတ် ကိုယ်ဆီကိုင်ပြီး အရမ်းတောင်းကြမ်းနေတယ် “ ဟု မူဆယ်မြို့ စွမ်စော်ရပ်ကွက်နေ အသက် ၃၀ နှစ် အမျိုးသမီးတစ်ဦး က ပြောသည်။ ယခု နိုဝင်ဘာလအတွင်း မူဆယ်မြို့မှာ ဓားပြ တိုက်မှု (၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ https://burmese.shannews.org/archives/31759
၂၈။ KNU တပ်မဟာ(၁)ဌာနချုပ်ရုံးကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် တိုက်ခိုက်
November 28, 2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ် တိုတယ်ခီးကျေးရွာရှိ KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) ဌာနချုပ်ရုံးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့ (၁၂) နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနှင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူထံမှ သိရသည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် လူထိခိုက်သေဆုံးမှု မရှိသော်လည်း အဆောက်အဦး၂ လုံး ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။ “ဒီတစ်ကြိမ်လာပစ်တာက တပ်မဟာဌာနချုပ်ရုံးမှာ သွားပြီးတော့ သွားပစ်ချတယ်။ ၂ ကြိမ်လာပြီး ၄ လုံးပစ်ချတယ်၊ ဒါပေမယ့် လူမရှိဘူး။ လူမရှိတော့ အဲဒီမှာ ထိခိုက်ဒဏ်ရာရတာတွေမရှိဘူး။ အဆောက်အဦးတွေတော့ ထိသွားတာရှိတယ်။ ပြီးတော့ အရင် တစ်ခါတုန်းကလည်း အဖွဲ့အစည်းနဲ့မ ဆိုင်တဲ့ရွာမှာလည်း ပစ်ခဲ့တာရှိခဲ့တယ်”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ(၇)ရက်နေ့ညတွင်လည်း ဘီးလင်းမြို့နယ် ဘောနော်ဝါးကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်က ဂျက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် လူနေအိမ် ၅ လုံး ထိခိုက်ပျက်စီးကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေး သည်ဟု ကေအဲန်ယူက ပြောသည်။ ထို့အပြင် စစ်ကောင်စီက ကေအဲန်ယူ ဘီးလင်းမြို့နယ်ထဲတွင် လေယာဉ်နှင့် လာရောက် ပစ်ခတ်မှုနှင့် ကင်းထောက်လေယာဉ်များနှင့်မကြာခဏ လာရောက် စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်သည့်အတွက် လေးကေ၊ ဝင်းတာပန်၊ ကျောက်ဖြာ၊ မြစ်ကျိုးနှင့် အနီးအနားကျေးရွာမှ ထောင်နှင့်ချီသော ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။ မြစ်ကျိုးဒေသခံတစ်ဦးက “ဒီရက်ပိုင်းလေယာဉ်လာပစ်မယ်လို့ အဲလို ပြောတာကြားတာပဲ။ အဲဒါကြောင့် ကြိုတင်တိမ်းရှောင်ကြတာ။ ရွာမှာတော့ တစ်အိမ် တစ်ယောက်နှစ်ယောက် လောက်ကျန် တယ်။ လေယာဉ်လာပစ်တာ ညအချိန်ပဲပစ်တာများတယ်ဆိုတော့ တချို့က ညပိုင်းရှောင်ပြီး နေ့ပိုင်း အိမ်ပြန်လာကြည့် တာလည်းရှိတယ်”ဟု ပြောသည်။ https://kicnews.org/2022/11/knu-%e1%80%90%e1%80%95%e1%80%ba%e1%80 %99%e1%80%9f%e1%80%ac%
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။