“၂၀၀၈ ခြေဥ အသက်ဝင်နေသေးလား” အပိုင်း (၁)
ခြေဥ ဆိုတာ…
မြန်မာပြည်မှာ ခြေဥ ဆိုရင် ဖွဲစည်းပုံအခြေခံဥပဒေ (Constitution) ကို အတိုကောက် ခေါ်ခြင်းဖြစ်ကြောင်းသိကြပါတယ်။ နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မရှိမဖြစ်လိုအပ်ပြီး အဆိုပါနိုင်ငံအတွင်းနေထိုင်ကြသူ ပြည်သူလူထုနှင့် နိုင်ငံကိုစီမံခန့်ခွဲရေးတာဝန်အသီးသီးယူကြသူများကြား အပြန်အလှန်သဘောတူချုပ်ဆိုကြသောစာချုပ် (Social Contract) တခုအဖြစ် မှတ်သားရပါတယ်။
ခြေဥ (၃)ခု နှင့် မြန်မာပြည်
ခြေဥအကြောင်းပြောကြပြီဆိုရင် မြန်မာနိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့ ၁၉၄၇ ခြေဥ၊ ၁၉၇၄ ခြေဥ နဲ့ ၂၀၀၈ ခြေဥ ဆိုပြီး ဖွဲစည်းပုံအခြေခံဥပဒေ (၃) ခု အကြောင်း ပါဝင်နေမှာဖြစ်ပါတယ်။
ဗြိတိသျှကိုလိုနီအောက်ကနေ မြန်မာနိုင်ငံအဖြစ်လွတ်လပ်ရေးရယူကြဖို အစပြုခဲ့တဲ့ဖြစ်စဥ်ကနေ ပင်လုံစာချုပ်အဖြစ်ပေါ်ပေါက်လာချိန်အထိ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လူမျိုးစုတိုင်းရင်းသားခေါင်းဆောင်ကြီးများရဲ့ ပင်လုံသဘောတူညီချက်များ၊ အခြေခံမူများ၊ ကျောရိုးများ၊ လမ်းညွှန်ချက်များဖြင့် ၁၉၄၇ ဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေပေါ်ပေါက်လာစေဖို့ မျှော်မှန်းခဲ့ကြသော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် လူမျိုးစုခေါင်းဆောင်များ လုပ်ကြံခံရပြီးနောက် စစချင်း ဆောက်နဲ့ထွင်းသလို နိုင်ငံအစ ၁၉၄၇ ခြေဥအတည်ပြုစဥ်ကတည်းက ပင်လုံအနှစ်သာရ သဘောတူညီချက်များအတိုင်း ဖြစ်မလာခဲ့ကြောင်း လေ့လာသိရှိနိုင်ကြမှာဖြစ်ပါတယ်။
၁၉၄၇ ခြေဥသည် နိုင်ငံတည်ဆောက်ရေးသဘောတူညီချက်များအတိုင်းမဖြစ်ခဲ့လို ပြည်တွင်းစစ်စတင်လာချိန်မှာပဲ ၁၉၆၂ မှာ ဗိုလ်နေဝင်းက အာဏာသိမ်းလိုက်ပြီး တပါတီအာဏာရှင်စနစ်အခြေခံ ဆိုရှယ်လစ် ၇၄ ခြေဥ ရေးဆွဲပေါ် ပေါက်ခဲ့ပါတယ်။ ၁၄နှစ် အကြာမှာတော့ ရှစ်လေးလုံး ပြည်လုံးကျွတ်ပြည်သူ့အရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ပြီး ၇၄ ခြေဥ နှင့် အာဏာရှင်ဗိုလ်နေဝင်း တို တခန်းရပ်ခဲ့ပါတယ်။
ဗိုလ်နေဝင်းနဲ့ ၁၉၇၄ ခြေဥအစား ဗိုလ်သန်းရွှေရဲ့ ၂၀၀၈ ခြေဥဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်တွေ သက်ဆိုးရှည်စေဖို အထောက်အပံ့ကောင်းကောင်းပေးနိုင်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် (စု) ပေါ်ပေါက်ရေး၊ တိုင်းရင်းသားလူမျိုးများအားလုံးရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တိုအတွက် ၁၉၄၇ ၊ ၁၉၇၄ နှင့် ၂၀၀၈ ခြေဥတွေကနေ လုံးဝ(လုံးဝ) အကောင်အထည်ဖော်နိုင်မှာမဟုတ်ပဲ တိုင်းပြည်ရဲ့နှောင်ကြိုးတွေသာဖြစ်ကြောင်း နိုင်ငံတည်ထောင်ချိန်ကနေ ယနေ့ ထိ နှစ်ပေါင်းများစွာ သွေးအသက်ပေါင်းများစွာ ရင်းနှီးပြီး သက်သေပြနေခဲ့ကြရပြီဖြစ်ပါတယ်။
၂၀၀၈ ခြေဥ ဇာတ်သိမ်းခန်း . . သိုသော်
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD)၊ တိုင်းရင်းသားပါတီများ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ စသည့် နိုင်ငံရေးဦးဆောင်လှုပ်ရှားသူအများစုသည် ၂၀၂၁ နွေဦးတော်လှန်ရေးမတိုင်ခင်အထိ တိုင်းရေးပြည်ရေး နိုင်ငံရေးကိစ္စများကို ၂၀၀၈ ခြေဥအောက်ကနေ ဒီမိုကရေစီစံနှုန်းများအတိုင်း အပြည့်အဝ မကျင့်သုံးနိုင်ပဲ အကန့်အသတ်များ စိန်ခေါ်မှုများဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြရကြောင်း ကြားသိရလေ့ရှိပါတယ်။ အဆိုပါ နိုင်ငံရေးဦးဆောင်လှုပ်ရှားသူများထဲမှာ ၂၀၀၈ ခြေဥကို အပြီးတိုင်ဖျက်သိမ်းနိုင်ဖိုကြိုးစားတိုက်တွန်းခဲ့သူများလည်းရှိသလို လိုအပ်တဲ့အချက်တွေကို ပြန်ပြင်ဖိုအားထုတ်ခဲ့သူများလည်းရှိခဲ့ကြောင်း သိရပါတယ်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ စစ်အာဏာရှင်မင်းအောင်လှိင်ဦးဆောင်တဲ့ အာဏာလုစစ်တပ်မှ မဲသမာမှုအကြောင်းပြပြီး အာဏာသိမ်းဖိုကြိုးစားရာမှ ယခု နွေဦးတော်လှန်ရေးပေါ်ပေါက်လာခဲ့ရာ ၂၀၂၀ ရွေးကောက်ပွဲမှ အနိုင်ရကိုယ်စားလှယ်များဖြင့် စုပေါင်းဖွဲစည်းထားသည်ဆိုသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က “အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဌာန်းချက်များကို ချိုးဖောက်လျက် နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့ခြင်းကြောင့် ဤဖွဲစည်းပုံအခြေခံဥပဒေသည် ပျက်ပြယ်ခဲ့ပြီး ဖြစ်သည်။” ဟု ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာတွေ့ရပါတယ်။
ဒီကြေညာချက်အရ အလိုအလျောက်ပျက်ပြယ်ခဲ့ပြီဆိုတဲ့ ၂၀၀၈ ခြေဥဟာ တဘက်မှာတော့ တစုံတရာ (သို) တစိတ်တပိုင်း အသက်ဝင်မှုရှိနေသေးကြောင်း ပြောဆိုဆောင်ရွက်မှုတွေလည်း ရှိနေတဲ့အတွက် အဲဒီလိုဆောင်ရွက်ချက်တွေအပေါ် မှာ ဝေဖန်ထောက်ပြမှုတွေ၊ အကြံပြုတိုက်တွန်းချက်တွေ ပေါ်လာတာ တွေ့မြင်ကြားသိလာရပါတယ်။ ဒါတွေကို နည်းနည်းလောက် ဆန်းစစ်လေ့လာကြည့်ကြမယ်ဆိုရင် …
By People’s Message