တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 82, November 8, 2022)

 

၁။ ကရင်ပြည်နယ်တွင် တစ်လတာ တိုက်ပွဲအတွင်း စစ်တပ်နှင့် BGF ဘက်မှ ၃၆၉ ဦးသေဆုံးပြီး KNLA၊ KNDO ရဲဘော် ၆ ဦးကျဆုံး
November 7, 2022
ကရင်ပြည်နယ်၊ KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း အောက်တိုဘာလ တစ်လတာ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်နှင့် BGF အဖွဲ့ဘက်မှ ၃၆၉ ဦးသေဆုံးခဲ့ကြောင်း KNU-ကရင်အမျိုးသား အစည်းအရုံးထံမှ သိရသည်။ အောက်တိုဘာလ ၁ လတာ အတွင်း ကော်သူးလေ အုပ်ချုပ်နယ်မြေများ အတွင်း အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ နေ့စဥ် စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်နေခြင်းကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့နှင့် တိုက်ပွဲကြီး တိုက်ပွဲငယ်များ နေစဥ် ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။ ကော်သူးလေ နယ်မြေတွင် အောက်တိုဘာလ ၁ လတာအတွင်း တိုက်ပွဲပေါင်း ၂၈၆ ကြိမ် ဖြစ်ပွားခဲ့ ပြီး အာဏာသိမ်း အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဘက်မှ ၃၆၉ ဦး သေဆုံးပြီး ၃၀၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့ဘက်မှ ရဲဘော် ၆ ဦး ကျဆုံးပြီး ၄၆ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် ဘက်မှ တပ်သား ၄ ဦး လက်နက်အပြည့်အစုံနှင့် ကရင် အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံသို့ CDM ပြုလုပ်ခဲ့ပြီး တပ်သား ၃၂ ဦးမှာ စစ်မြေပြင်တွင် လက်နက်ချ အဖမ်းခံခဲ့ကြောင်း၊ဟထို့ပြင် တပ်သား ၁ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စခန်းအတွင်းမှ တပ်သား ၂ ဦးလည်း မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့ပြီး နောက်ထပ် ၂ ဦးလည်း ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၃၈၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ ၃၆၆၄ ဦး သေဆုံးပြီး ၂၇၀၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၃၁၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ ၂၁၉၀ ဦး သေဆုံးပြီး ၂၀၄၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အာဏာသိမ်းမှု ဖြစ်စဉ် ဖြစ်ပွားပြီးသည့်နောက်တွင် အကြမ်းဖက်စစ်တပ်များမှ တိုက်လေယာဥ်များ၊တိုက်ခိုက်ရေးရဟတ်ယာဥ်များဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့အား လေကြောင်း မှာ တိုက်ခိုက်မှု ၁၀၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကော်သူလေ အုပ်ချုပ်နယ်မြေ အတွင်း တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားလျက် ရှိသောကြောင့် ပြည်သူလုထု ၃ သိန်းကျော်သည် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ၁ သိန်းကျော်သည် အရေး ပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ထားသည်။

၂။ KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ လက်နက်ကြီးနဲ့ အပစ်ခံရ
November 7, 2022
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ကို နိုဝင်ဘာလ ၆ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေးချက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုင်ဂျာယန်မြို့ထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတဲ့အတွက် အဆောက်အအုံတချို့ ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ မိုင်ဂျာယန်မြို့မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ “နေ့လယ် တစ်နာရီကျော်လောက်မှာ ပစ်တာဟုတ်တယ်။ လေးချက်ပစ်တာ။ မြို့ထဲက လူမနေတဲ့ ဆိုင်ခန်းတွေနားကျလို့ လူမထိဘူး။ ဆိုင်ခန်းတွေတော့ ပျက်စီးတာ ပေါ့” နိုဝင်ဘာလ ၆ ရက်နေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေ ဘုရားကျောင်းသွားပြီး ဝတ်ပြုဆုတောင်းကြတဲ့ တနင်္ဂနွေနေ့ဖြစ် တာကြောင့် ဆိုင်ခန်းအများစု ပိတ်ထားတယ်လို့ ဆိုပါတယ်။

မိုင်ဂျာယန်မြို့ဟာ တိုင်းရင်းသားပေါင်းစုံ တက်ရောက်နေတဲ့ ဖက်ဒရယ်ကောလိပ်နဲ့ မိုင်ဂျာယန်အမျိုးသား ကောလိပ် ကျောင်း လည်းရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ ညပိုင်းက လည်း KIA နဲ့ KPDF ကာကွယ်ရေးအဖွဲ့တွေက မြစ်ကြီးနားနဲ့ ဗန်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို ရှော့တိုက်ဒုံး တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တပ်တွင်းအဆောက်အအုံတချို့ ပျက်စီးသွားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထား ပါတယ်။

၃။ မင်းပြားမြို့နယ်၌ အေအေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်
November 8, 2022

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာအနီးမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၈ ရက် မနက် ၉ နာရီကစတင်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွေက ပြောပါတယ်။ “ဒီနေ့ မနက် ၉ နာရီမှာစဖြစ်ကြတာ။ လက်နက်ကြီး လက်နက်ငယ်အသံတွေ ဆူညံစွာကြားနေရတယ်။ စစ်တပ်ဘက်က အထိနာနေတော လေကြောင်း နဲ့ ရေကြောင်းကပါ ပစ်ခတ်မူ တွေရှိနေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာ ရဲစခန်းအနီး မြစ်ကွေ့ဘက် တက်လာတဲ့ စစ်ကောင်စီနေဗီဇက်ရေယာဥ် ၂ စီးအား ရက္ခိုင့်တပ်တော် (အေအေ) က ဒီနေ့မနက် ၉ နာရီလောက် ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှ အခုလို တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ အင်အား သုံး တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီဘက်က ရုရှားထုတ် MI 17 စစ်သုံးရဟတ်ယာဥ်တစီး နဲ့ ခေါင်းလောင်းချောင်း ရွာဘက်ကို တိုက်ခိုက်နေ တယ်။ နေဗီက လည်းလက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေတယ်” လို့ မင်းပြားဒေသခံတဦးက ပြောပါတယ်။ ခေါင်းလောင်း ချောင်း ကျေးရွာအနီးသာမက ပုလဲပေါက် နဲ့ စက္ကရေ ကျေးရွာတွေအနီးမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် မနက်ကလည်း မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာအနီးမှာ စစ်တွေဘက်က လာတဲ့ စစ်တပ်ဇက်ရေယာဉ် ၂ စီးအား အေအေက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးနောက် ဇက်ရေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေနဲ့ အနီးအနား ကျေးရွာတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဦးတည်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံကိုယ်ဝန်ဆောင် အမျိုး သမီး ၁ ဦး၊ ကလေးငယ် ၁ ဦးနဲ့ လူငယ် ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ ကြပါတယ်။

၄။ စစ်ရှောင်ဆန်သယ်ယူပေးတဲ့ ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး၊ စစ်ရှောင်အမျိုးသားတစ်ဦး ခြေထောက်ကျိုးတဲ့ ထိခိုက် ဒဏ်ရာရရှိခဲ့
November 8, 2022
ကရင်နီပြည် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းတစ်နေရာမှာ နိုဝင်ဘာလ ၄ရက်နေ့က စစ်ရှောင်တွေအတွက် ဆန်သယ်ယူ တဲ့ ကားတစ်စီးအပြန်လမ်းမှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ ရိက္ခာသွားသယ်ကူတဲ့ စစ်ရှောင်အမျိုးသားနှစ်ဦးနဲ့ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ရှောင်အမျိုးသားတစ်ဦးကတော့ ခြေတောက် ကျိုးတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်ကော်မတီ တာဝန်ခံတစ်ဦးက ပြောပြပါတယ်။ “ကျနော်တို့ ကားကတော့ အဆင်း နည်းနည်းတော့ရှည်တယ်ပေါ့နော။ ကျနော်တို့အဆင်းက နည်းနည်းတော့ ကြီးတယ်လို့ပြောလို့ရတာပေါ့နော။ အဲခါကျတော့ ကျနော်တို့ကားက သွားနေရင်းနဲ့ ဘရိတ်မနိုင်တော့တဲ့ ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော။ ဆန်ကလည်း ၁၄၀လောက်သယ်လာတယ် ဆိုတော့ အဲဒါနဲ့ ဘရိတ်က သိပ်နိုင်တဲ့အခါကျတော့ ခဏကပြောသလိုမျိုး လမ်းကလည်း နည်းနည်းအကွေ့ဖြစ်နေတယ်ပေါ့နော။ အဲဒါနဲ့ ခဏကဒီလိုအကွေ့နဲ့ ကားဘရိတ်က သိပ်မနိုင်တဲ့အခါကျတော့ ဟိုလိုမျိုး လျောပြီးတော့ မှောက်သွားတဲ့ သဘောမျိုးပေါ့ နော။ အဲလိုမျိုး။” လို့ စစ်ဘေးရှောင်ကော်မတီ တာဝန်ခံတစ်ဦးက ပြောပါတယ်။ ကားပေါ်လိုက်ပါလာသူ သုံးဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့တာအပြင် ကား နဲ့ ဆန်တချို့ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့ ဖရူဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကော်မတီ တာဝန်ခံ တစ်ဦး က ဆက်ပြောပြပါတယ်။

နိုဝင်ဘာလအတွင်း စစ်ရှောင်တွေရဲ့ ရိက္ခာအတွက် သွားသယ်ယူတာဖြစ်ပြီး ဆန်သုံးပုံတစ်ပုံ ( ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀ ခန့် ) ဆုံးရှုံးခဲ့ရပြီး လက်ရှိမှာ အဲဒီအတွက် ပြန်လည် အစားထိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ဆီမှာ ကြီးကြီးမားမားဘတ်ဂျက်လည်းမရှိဘူးပေါ့နော။ ဒီလိုမျိုး အနောက်ဘက်ခြမ်းမှာရှိနေတဲ့ သူတွေကပဲ ဝိုင်းဝန်းပြီးတော့ ပြန်ကြည့် ရတယ်။ အခုဆိုရင် အလှူရှင်တွေလည်း အများကြီးမရှိတော့ဘူးဆိုတော့ အဓိကဒီစားနပ်ရိက္ခာကူညီတဲ့အဖွဲ့တွေနဲ့ ပြန်ချိတ် ရတာပေါ့နော။ အဲလိုမျိုးလောက်တော့ရှိတယ်။” လို့ ဖရူဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကော်မတီ တာဝန်ခံ တစ်ဦးက ပြောပါတယ်။ ဖရူဆိုမြို့အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင် ၄၀၀၀ ဝန်းကျင်ရှိနေပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင် သေးတဲ့အတွက် သူတို့အတွက် အခြေခံလိုအပ်ချက်အများအပြားရှိနေတာဖြစ်ပါတယ်။

၅။ စစ်တွေတက္ကသိုလ်ကျောင်းသားတစ်ဦး တစ်ရက်ကြာပျောက်ဆုံးပြီးနောက် အလောင်းကို ဓားဒဏ်ရာများဖြင့် ချောင်း ထဲတွင်တွေ့
November 6, 2022
ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်မှ သမိုင်းမေဂျာအထူးပြု တတိယနှစ် ကျောင်းသားတစ်ဦး တစ်ရက်ကြာ ပျောက်ဆုံး နေပြီးနောက် သူ့၏အလောင်းကို ဓားဒဏ်ရာများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြေကုန်းကျေးရွာအနီးရှိ ချောင်းတစ်ခု အတွင်း မှ ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။ ၎င်းကျောင်းသားမှာ ပုဏ္ဏားကျွန်းမြို့မှ စစ်တွေမြို့တွင် ယာယီနေထိုင်သူ မောင်မျိုးထက် (၂၁)နှစ်ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့် နိုဝင်ဘာ ၄ ရက်၊ ည ၉ နာရီခန့်က သူငယ်ချင်းများနှင့် အတူ စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်းရှိ The Bay Bar & Restaurant သို့ သွား၍အပြန်တွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

သူ့အလောင်းကို နိုဝင်ဘာလ ၆ ရက် နံနက် ၁၀ နာရီခန့်က ပုဏ္ဏားကျွန်း မြို့နယ် အောင်မြေကုန်း ကျေးရွာ၏ သချိုင်း အနီးရှိ ချောင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကာ ၎င်း၏လည်ပင်းတွင် ဓားဒဏ်ရာအပြင် နောက်ကျောတွင် ဓားဒဏ်ရာ နှစ်ချက်ရှိ ကြောင်း အလောင်းအားသွားရောက် သယ်ဆောင်ခဲ့သည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအသင်းမှ ကိုကျောက်ချိုင်က ပြော သည်။ “သူ့မှာအမှတ်အသားပါတာတွေကအစ အားလုံးကွက်တိဖြစ်သွားတယ်။ မိသားစုက ကြည့်ပြီးတော့ သူဖြစ်တဲ့အကြောင်း ကိုတော့ အတည်ပြု ဖြစ်သွားပါပြီ။ ဓားဒဏ်ရာတွေနဲ့ လည်ပင်းအလှီးခံထားရတဲ့ ဒဏ်ရာတွေရှိပါတယ်” ဟုပြောသည်။ ၎င်း တက္ကသိုလ်ကျောင်းသား ပျောက်ဆုံးသွားစဉ်က ၎င်းနှင့်အတူ ၎င်း၏ Wave 100 အမျိုးအစား အပြာရောင် ဆိုင်ကယ်တစ်စီးလည်း ပါဝင်သွားပြီး ဆိုင်ကယ်လည်း ပျောက်ဆုံးသည်ဟု သိရသည်။

၆။ ပလက်ဝမြို့တွင် တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ဆန်အိတ်များရောက်ရှိပြီး အိမ်ထောင်စုစာရင်းဖြင့် ဝယ်ယူနေကြရ
November 8, 2022
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် နိုဝင်ဘာ ၂ ရက်နေ့က တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ဆန်အိတ် (၁၄၀ဝ) ရောက်ရှိလာပြီး ဆန်ကုန်သည်များထံတွင် အိမ်ထောင်စုစာရင်းဖြင့်တင်ပြကာ တအိမ်ထောင်တွင် ဆန်တအိ်တ်နှုန်းဖြင့် အကန့် အသတ် ဝယ်ယူခွင့်ကြရသည်ဟု ပလက်ဝမြို့က အိမ်ရှင်မတစ်ဦးက ပြောသည်။ “အိမ်ထောင်စုစာရင်းနဲ့ဝယ်ရတယ် လွတ်လွတ် လပ်လပ်နဲ့ဝယ်တာမဟုတ်ဘူး ဒီမနက်ဆိုရင် တန်းစီရတယ်။ ကျမတို့ကရတယ် ကြိုတင်ပြီးတော့မှာထားတာ တအိတ်ပဲရတယ်။ အားလုံးရလားတော့မသိဘူး။ ပေါ်ဆန်းမွှေးက ခုနှစ်သောင်းနဲ့တစ်ထောင်ပေးတယ် ကြက်ဥ၊ ကြက်သွန်လည်းရောင်းပေးတယ်” ဟု ပလက်ဝမြို့က အိမ်ရှင်မ က ပြောသည်။ ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ဆက်သွယ်ထားသော ရေလမ်းကြောင်း ပြန်လည်ဖွင့်ပေးရန် အောက်တိုဘာလအတွင်း ပလက်ဝမြို့ခရစ်ယာန်ဆရာတော်များ၊ ဗုဒ္ဓဘာသာဘုန်းကြီး များ၊ ရပ်မိ/ ရပ်ဖတို့မှ ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ထံ ပြည်သူများကိုယ်စား စာရေးတင်ပြခဲ့ကြကာ ရေလမ်း ကြောင်း တရားဝင်ဖွင့်ပေးခြင်းမရှိသော်လည်း ဆန်များ သယ်ယူခွင့်ရခဲ့ကြခြင်းဖြစ်သည်။

လက်ရှိရောက်လာသည့် ဆန်အိတ်များကို ဆန်ကုန်သည်များမှတဆင့် ရောင်းချပေးကာ ပုံမှန်ဆန်တအိတ်တွင် (၅၂၀ဝ၀) ကျပ်၊ ပေါ်ဆန်းမွှေးတအိတ် (၇၂၀ဝ၀) ကျပ်၊ ကြက်ဥ ၄ လုံး (၁၀ဝ၀)၊ ကြက်သွန်နီ ၁ပိဿာ (၄၀ဝ၀) ကျပ် သီးသီးတို့ ဖြင့် ဝယ်ယူကြရကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ပလက်ဝမြို့သို့ စက်လှေ ၄ စီးဖြင့် ဆန်အိတ်အပါအဝင် စားသောက်ကုန်ပစ္စည်းအနည်းငယ်နှင့် စက်သုံးဒီဇယ်ပေပါ ၄၀ ခန့်တို့ကို သယ်ယူခွင့်ရရှိခဲ့ကြသောကြောင့် ပလက်ဝမြို့ပေါ်တွင် ယခင်ဖြန့်ဝေနေကြသည့်အတိုင်း ရပ်ကွက်အလိုက် တရက်ခြားဖြင့် လျှပ်စစ်မီး ပြန်လည်ရရှိနေသည်ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။ “ဒီဇယ်ပါလာတယ် မနေ့ကနေပြီး မီးပြန်ရပြီ၊ ရပ်ကွက်လိုက်ပေးတာ ပလက်ဝတမြို့လုံးကို နှစ်ဖွဲ့ခွဲပြီးမှ တလှည့်စီ တလှည့်ပေးတယ်။ မနေ့ညတော့ ရိက္ခာဖက်ရတယ် ဒီနေ့တော့ ကျွန်တော်တို့ဖက်ရမယ်” ဟု ပလက်ဝမြို့ခံက ပြောသည်။ ပလက်ဝမြို့တွင် အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်မိ/ရပ်ဖတို့၏ ဦးဆောင်မှုဖြင့် ရောက်ရှိလာသော ဆန်အိတ် ၁,၄၀၀ ဝန်းကျင် သည် အကန့်အသတ်ဖြင့် ဝယ်ယူနေရပြီး ဆန်လုံလောက်မှုမရှိခြင်းကြောင့် ဒုတိယအကြိမ် သယ်ယူခွင့်ရရှိရန် တာဝန်ရှိသူများထံ ထပ်မံစာရေးတင်ပြသွားရန်ရှိကြောင်းလည်း သိရှိရသည်။

၇။ မိုးရေးမြို့ရောက် မြန်မာစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
November 8, 2022
အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယနိုငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့ဘက်ကို ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။ စစ်ဘေးတိမ်းရှောင်နေရတာဟာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်ပြီး အကူအညီရရှိတာတွေ နည်းပါးတဲ့အတွက် အကူအညီတွေ ပိုပြီးလိုအပ်နေတာလို့ ဆိုပါတယ်။ အဓိက လိုအပ်နေတာကတော့ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်း‌တွေဖြစ်ပြီး ဆောင်းတွင်းရောက်လာပြီဖြစ်လို့ နယ်စပ်မှာ အအေးပို တဲ့ အတွက် အနွေးထည်တွေနဲ့ စောင်တွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။ နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်အများစုဟာ စစ်ကိုင်းတိုင်းအတွင်းကဖြစ်ပြီး တမူးမြို့နယ်က စစ်ရှောင်တွေလည်း အများအပြားပါဝင်ကာ စစ်ဘေး ရှောင်ထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးသူငယ်တွေလည်း ပါဝင်နေပါတယ်။

စစ်ဘေးရှောင်တွေကိုတော့ အိန္ဒိယအစိုးရက တရားဝင်လက်ခံကူညီတာမရှိဘဲ နားလည်မှုအနေနဲ့သာ ‌ရှောင်တိမ်းနေ ရတာဖြစ်ပြီး အိန္ဒိယအစိုးရက မြန်မာစစ်ဘေးရှောင် ၁၀၀ ကျော်ကို ဖမ်းဆီးထားကာ နိုင်ငံခြားသားအမှုနဲ့ အမှုဖွင့် အရေးယူ ထားတာတွေလည်း ရှိနေပါတယ်။ အဆိုပါစစ်ဘေးရှောင်တွေကို ရံဖန်ရံခါ ပရဟိတအသင်းတွေနဲ့ ကူကီး အမျိုးသမီး လူ့အခွင့် အရေး အဖွဲ့အစည်းက ၂၀၂၂ ခုနှစ် ဇူလိုင်လကစပြီး လစဉ် အသေးစားထောက်ပံ့ပေးမှုတွေ ပြုလုပ်‌နေပေမဲ့ လုံလောက်မှုမရှိဘူး လို့ ပြောပါတယ်။ လက်ရှိ စစ်ဘေးရှောင်တွေဟာ ဒေသတွင်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ အတွက် အိမ်နီးချင်းနိုင်ငံကို လာရောက် တိမ်းရှောင်နေကြရတာပါ။ အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာစစ်ဘေး ရှောင် ၅,၀၀၀ ကျော်ရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

၈။ တစ်နှစ်နီးပါး နေရပ်မပြန်နိုင်တဲ့ ဖရူဆိုမြို့ပေါ်ရပ်ကွက်နေအိမ်တွေကို သန့်ရှင်းရေးပြန်လည်ပြုလုပ်ခဲ့ကြ
November 8, 2022
ကရင်နီပြည် ဖရူဆိုမြို့ပေါ်ရပ်ကွက်တွေကို ဒေသခံတွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ရက်ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ ၃ရက်အတွင်း သန့်ရှင်းရေးပြန်လည်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ “အေး ပြန်ကြတယ်၊ ပေးပြန်တာ ၃ ရက် လို့ ပြောတယ်၊ ညောင်ဇင်ဘက်တော့ တော်တော်ဝင်ကြတယ် ပြောတယ်၊ အရှေ့ဘက်ခြမ်း ခေါသမောတို့ ဒေါသကလဲတို့မှာ လာနေတဲ့ လူတွေဝင်ကြတယ်ပြောတာ တစ်ချို့တွေ ကား လေးစီးလောက်ပြန်တယ် ဆိုင်ကယ် တစ်ချို့ပေါ့။ “လို့ ဖရူဆို ဒေသခံ တစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ ဒေသခံတော်တော်များများဟာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြပြီး နေရပ်ကို ပြန်လည်မနေထိုင်နိုင်တာ တစ်နှစ်နီးပါးရှိနေကြပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေကနေ သန့်ရှင်းရေးပြန်လည်ပြုလုပ်ခိုင်း တာဖြစ်ပြီး ဒေသခံတော်တော်များများ ပြန်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖရူဆိုမြို့ပေါ်မှာ ၅ ရပ်ကွက်ရှိပြီး နေအိမ်အားလုံးနီးပါးဟာလည်း ဖောက်ထားတဲ့ပုံစံနဲ့ အဖိုးတန်ပစ္စည်းတွေလည်း မရှိ တော့တဲ့အပြင် နေအိမ်တွင်း ပစ္စည်းတွေပြန့်ကျဲနေတယ်လို့ နေအိမ်ပြန်ကြည့်တဲ့ ဒေသခံတချို့က ပြောပါတယ်။ ယခင်မှာတော့ စစ်ကောင်စီတပ်တွေ မြို့ပေါ်တွေမှာ ရှိနေပေမဲ့ လက်ရှိမှာတော့ ကင်းပုန်းပုံစံနဲ့ ရှိနေသေးတယ်လို့ သိရပါတယ်။ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ခမရ(၅၃၁)၊ ခမရ(၄၂၈)နဲ့ အမှတ်(၁၄) လေ့ကျင့်ရေးတပ် တို့ ရှိပါတယ်။ ဒေသခံတွေဟာ တိုက်ပွဲဖြစ်မှာကို စိုးရိမ် တဲ့အပြင် စစ်ကောင်စီဖမ်းဆီးနှိပ်စက်မှာကိုလည်း ကြောက်တဲ့အတွက် ကျေးရွာအတွင်း မနေထိုင်ရဲတာဖြစ်တယ်လို့ဆိုကြပါတယ်။

၉။ ဖားကန့် တွင် စစ်တပ်ကုန်းတစ်ခု လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး စစ်သား ငါးဦး ဒဏ်ရာရ
November 8 , 2022
ဖားကန့် မြို့နယ် ဒေသအခေါ် ဆိပ်မူစစ်တပ်ကုန်းတွင် လက်နက်ကြီး နှစ်လုံးပစ်ခတ်ခံရပြီး စစ်သားငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၇ ရက် ည ၄ နာရီအချိန်ခန့်တွင် အမည်မသိ အဖွဲ့တစ်ခုက လက်နက်ကြီး နှစ်ချက် ပစ်ခတ်ခဲ့ရာ တစ်လုံးသည် စစ်တပ်ဝန်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၅ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း ဖြစ်စဥ်သိရှိသူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ”ငါးနာရီထိုးခါနီး လေးအချိန်မှာလာပစ်သွားတယ်။ အသံတော့ အကျယ်ကြီးပဲ သေဆုံးတာရှိမရှိ တော့မသိရသေးဘူး။ ဒါပေမယ့် စစ်သားငါးယောက် တိတိ ကျတော့ဒဏ်ရာတွေရသွားတယ် မနေ့ကတော့ အဲ့ငါးယောက်လုံးသေတယ်ထင်တာ အခုသတင်းပြန်ရတာက မသေဘူး ဆေးကုနေတဲ့အထဲမှာပဲ” ဟု အထက် ဖော်ပြပါ အမျိုးသားက ပြောသည်။

စစ်တပ်ကုန်း ပစ်ခတ်ခံရမှုအပြီး ၅ နာရီခွဲအချိန်ခန့်တွင် စစ်သားများက လက်နက်ငယ် အချက် ၅၀ ခန့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ပြည်သူလူထု ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ ပစ်ခတ်ခံရသည့် အဆိုပါ စစ်တပ်ကုန်းတွင် စစ်ကောင်စီ အင်အား ၁၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။ နိုဝင်ဘာလ ၄ ရက်နေ့တွင်လည်း ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်ရှိ စီးပွားရေးဘဏ် အနီးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ ရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ လက်အောက်ခံ အစိုးရရုံးများ မိုင်းခွဲခံရမှု မကြာခဏဖြစ်ပွားလျက်ရှိနေသည်။

၁၀။ စစ်ကောင်စီပူးပေါင်းတပ်တို့ ပစ်ခတ်မှုကြောင့် တစ်လအတွင်း ပြည်သူ ၁၃ ဦးသေဆုံးရကြောင်း KNU ထုတ်ပြန်
November 8, 2022
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲတွင် ပြီးခဲ့သည့် အောက်တိုဘာလ တစ်လ အတွင်း စစ်ကောင်စီပူးပေါင်းတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် သံဃာတော်အပါအဝင် အပြစ်မဲ့ပြည်သူ ၁၃ ဦးအထိ သေဆုံးခဲ့ရသည်ဟု ကေအဲန်ယူ၏ လစဉ်သတင်းထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။ ကေအဲန်ယူ နယ်မြေထဲတွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် -BGF တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် -KNDO ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပွား ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာများထဲသို့ လက်နက်ကြီး နှင့်ပစ်ခတ်သည့်အပြင် လေကြောင်း တိုက်ခိုက်မှုပါ ပြုလုပ်သည့်အတွက် ယခုလို အရပ်သားထိခိုက်သေဆုံးမှု များရခြင်းဖြစ် သည်ဟု နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်သည့် ကေအဲန်ယူ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ထိုအထဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရသူနှင့် စစ်ကောင်စီတပ်၏ ရက်စက်စွာ အကြောင်းမဲ့ ပစ်သတ်ခံရသည့် ပြည်သူများလည်းရှိပြီး အရပ်သားပြည်သူ (၄၆) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူများ နေထိုင်သည့် ကျေးရွာထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရသလို ကေအဲန်ယူ တပ်မဟာ(၁)ဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် BGF တပ်မှ အရပ်သားပြည်သူ နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညောင်လေးပင်ခရိုင် ဘက်တွင်လည်း လူနေအိမ်(၆)လုံး မီးရှို့ဖျက်ဆီး သွားခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။ လက်ရှိအချိန်တွင် တောင်သူလယ်သမားများ စပါးရိတ်သိမ်းရသည့်အချိန်တွင် ကေအဲန်ယူ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲရှိ စစ်ကောင်စီတပ်မှ ပြည်သူများကို ကောက်ရိတ်ခွင့်မပေးသည့်အတွက် ပြည်သူ များ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောဆိုသည်။ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ထဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းပေါင်း ၅၀ ကျော်နှင့် နယ်မြေခံ BGF တပ်ရင်း ၄ ရင်းတို့နှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလထဲတွင် တိုက်ပွဲပေါင်း ၂၈၆ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၆) ကြိမ် လုပ်ဆောင်ခဲ့သည်ဟုလည်း ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

၁၁။ သိန္နီ PDF နှင့် စစ်ကောင်စီ တိုက်ပွဲကြား PDF တပ်ဖွဲ့ ၇ ဦး ကျဆုံး
November 7, 2022
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် သိန္နီ – ဟိုပန် လမ်းကြားတွင် သိန္နီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် အာဏာ သိမ်း စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ဘက်မှ ၇ ဦး ကျဆုံးခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက် ညနေ ပိုင်းမှ စတင်ခဲ့သည့် နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲတွင် PDF ဘက်မှ ၇ ဦးကျသည့်အပြင် ယနေ့အချိန်ထိ နှစ်ဖွဲ့တပ်ဖွဲ့ စစ်ရေး တင်းမာနေလျက်ရှိကြောင်း သျှမ်းမြောက်မှ PDF တပ်ဖွဲ့ ဝင် တစ်ဦးက ပြောသည်။ “TNPDF အခြေစိုက် ပင်မ ဗဟိုစခန်းကုန်း ပေါ်ကို စစ်ကောင်စီက လက်နက်ကြီး နဲ့ လှမ်းပစ်တာ၊ TNPDF ဘက်က ၇ ဦး ကျတယ်၊ စစ်ကောင်စီဘက်က တော်တော်များများ ကျသွားတယ်လို့ သတင်းသိရတယ်၊ ဒီနေ့ အချိန်ထိ စစ်ရေးတင်းမာနေတုန်းပဲ” ဟု အထက်ပါ နီးစပ်သူ အမျိုးသားက ပြောသည်။ ကွမ်းလုံလမ်းပိုင်းဖြစ်သည့် သိန္နီ – ဟိုပန် ကြားတောင်ကြောဘက်ရှိသည့် TNPDF ၏ တပ်စခန်း အနီးကို စစ်ကောင်စီတပ်ဖွဲ့ တောနင်းရာမှ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNPDF မှ ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန် ထားသည်။

ထို့အပြင် TNPDF တပ်ဖွဲ့ဘက်မှ ရဲဘော် အယောက် ၃၀ ကျော်လည်း ထိခိုက် ဒဏ်ရာရရှိနေသည့်အတွက် ရှေ့ဆက် တိုက်ပွဲဖြစ်ပါက အသေခံ တိုက်ပွဲဝင်ရန်သာရှိကြောင်း TNPDF ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ “တပ်ဆုတ်ခွာ ဖို့ အတွက်လည်း အနီးပတ်ဝန်းကျင်မှာ ပြည်သူနေ ကျေးရွာရှိနေလို့ မဲမဲမြင်ရာ လိုက်ပစ်တဲ့ စကစရန်ကို ကျည်မကုန်မချင်း ဒီစခန်းမှာ အသေခံ တိုက်မယ့် ကျူပ်တို့ TNPDF တပ်ဖွဲ့ဝင် အားလုံးထဲက ဒဏ်ရာရလို့ ဆေးကုနေရတဲ့ ရဲဘော် ၃၂ ယောက် အပါအဝင် တပ်ဖွဲ့ဝင် ညီအကို မောင်နှမ အားလုံး သူတို့ ရန်သူကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြပါတယ်” ဟု ထုတ်ပြန်ရေးသား ထားသည်။ ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်အတွက် လက်နက်၊ ခဲယမ်း ထပ်မံဝယ်ယူနိုင်ရန်အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကို TNPDF မှ အကူညီတောင်းခံထားကြောင်းလည်း သိရသည်။

၁၂။ လုံဂျာဘွမ်တောင်ခြေ ကျေးရွာများတွင် တပ်စွဲထားသည့် စစ်သားများ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူဖျက်ဆီးနေ
November 7 ,2022

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ခြေရှိ နောင်ပေါင်း၊ တပ်စခန်းနှင့် လုံဂျာကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိနေပြီး ပြည်သူပိုင်ပစ္စည်များကို ခိုးယူ ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံ ပြည်သူများထံမှသိရသည်။ ပြီးခဲ့သော အောက်တိုဘာလ ၂၂ ရက်နေ့မှစကာ စစ်အင်အား ၆၀၀ ခန့်ရှိသော စစ်ကောင်စီ တပ်ဖွဲ့ သည် အဆိုပါ ကျေးရွာများတွင် တပ်ဖြန့်ချနေထိုင်လျက်ရှိနေပြီး ယခုလိုလုပ်ဆောင်နေသည်ဟု မိုးမောက်မြို့နေ အမျိုးသား တစ်ဦးက ပြောသည်။ “နောင်ပေါင်း၊ လုံဂျာ၊ တပ်စခန်း အဲ့ဒီရွာတွေအကုန်လုံးမှာ သူတို့က လုပ်ချင်သလို နေနေကြတယ်။ အိမ်တွေမှာ တပ်ထားတဲ့ Wifi တွေလည်း ယူသုံးသာမက တခါတည်းယူသွားပေးတယ်။ ရွာမှာရှိတဲ့ ကြက်တွေ ဝက်တွေ ကြိုက် သလို ရိုက်သတ်စားပေးတယ်။ နွားတွေကိုလည်း သေနတ်နဲ့ ပစ်သတ်စားကြတယ်။ ပြီးရင် အိမ်တွေလည်း ရိုက်ဖွင့် ဖျက်းဆီး နေတာတွေလုပ်ပေးတယ်။ သူတို့က အိမ်တိုင်းလိုလိုမှာရှိနေတယ်”ဟုပြောဆိုသည်။ စစ်အင်အား ၆၀၀ ဝန်းကျင်ရှိသည့်အနက် တစ်ရွာတွင် ၂၀၀ ခန့် တပ်ဖြန့်ချထားသည်ဟုသိရသည်။

မိုးမောက်မြို့၏ အရှေ့ဘက်ခြမ်းရှိ လုံဂျာဘွမ်တောင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ ရှိသည့်နေ ရာဘက်တွင် စစ်ကောင်စီဘက်မှ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး လေကြောင်းလိုင်းအပါအဝင် မြေပြင်တွင် စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ “သူတို့က တောင်ထိပ်ဘက်ကို မတက်ရဲလို့ တောင်ခြေ မှာပဲ ရှိနေကြတာဟုတ်တယ်။ အခုဆိုရင် ၁ လလောက်ရှိနေပြီ မြေပြင်ကနေ လက်နက်ကြီး လက်နက် ငယ် တွေနဲ့ နေ့တိုင်းလိုလို ပစ်နေတာ။ ဒီလဆန်းပိုင်းဘက်မှာတော့ လက်နက်သံတွေသိပ်မကြားရတော့ဘူး။ တစ်ခါတစ်လေလောက်ပဲ ကြားရတော့တယ်။ အခုက ဆုတ်သွားတာလည်းမရှိဘူး ရွာထဲမှာပဲ ဒီတိုင်းရှိနေကြတယ်”ဟု နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ယခုလို စစ်အင်အားအများအပြား ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေသည့်အပြင် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် လုံဂျာဘွမ်တောင်ခြေ အနီးတဝိုက်ရှိ လုံဂျာ၊ နောင်ပေါင်း၊ တပ်စခန်း၊ ဝဝမ်နှင့် ခါးနန်စသည့် ကျေးရွာနေပြည်သူများမှာ မိုးမောက်မြို့နှင့် ဗန်းမော်မြို့ပေါ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

၁၃။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ခလရ ၂၈၄ မှ တပ်သား ရဲနိုင်သွေး သေနတ် ၂ လက် ၊ လက်ပစ်ဗုံး ၃ လုံး အပါအဝင် လက်နက်ခဲယမ်းများဖြင့် CDM ဝင်
November 7, 2022
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ခလရ၂၈၄ မှ တပ်သား ရဲနိုင်သွေးသည် သေနတ် ၂ လက် ၊ လက်ပစ်ဗုံး ၃ လုံး အပါအဝင် လက်နက်ခဲယမ်းများစွာဖြင့် CDM ဝင်ရောက် လာကြောင်း နဂါနီစစ်ကြောင်း တပ်ခွဲ ၂ က တရားဝင် သတင်း ထုတ်ပြန်သည်။ နိုဝင်ဘာလ ၆ ရက်နေ့ တွင် ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးတပ်နယ် ဗျူဟာလက်အောက်ခံ ခလရ(၂၈၄) တွင် တာဝန်ထမ်းဆောင်နေသော တပ်သား ရဲနိုင်သွေးသည် နဂါးတောင်စခန်းမှ သေနတ်နှစ်လက် ဖြင့် CDMပြုလုပ် လာခဲ့ ကြောင်း ၊ လက်နက်ခဲယမ်းများအနေဖြင့် MA 1 တစ်လက် ၊ MA 2 တစ်လက် ၊ ကျည်ဘောက် ၄ ခု ၊ကျည် ၂၄၀ တောင့် ၊ လက်ပစ် ဗုံး ၃ လုံး၊ အီနာဂါ ၄ လုံး ၊ ၄၀မမ ၁ လုံး၊ အီကွေ့မန့် ကျည်ကာအကျီ တစ်စုံဖြင့် KNLAတပ်ရင်း၁၇တပ်ခွဲ၂ နှင့် နဂါးနီစစ်ကြောင်း တပ်ခွဲ၂ထံ ပူးပေါင်းလာခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် သေနတ် တစ်လက်နှင့် CDM ပြု လုပ်လာသည့် စစ်သားများကို ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်မည်ဖြစ်ပြီး ဘ၀ရပ်တည်ရေးအတွက်ပါ ဆောင်ရွက်ပေးမည်ဖြစ်၍ အကြမ်းဖက်စစ်တပ် လက်အောက်မှ စစ်သားများ CDM ဝင်ကြရန် နှိုးဆော်ထားသည်။

၁၄။ စစ်တွေမှာ ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး အပစ်ခံရပြီးနောက် ဒေသခံတချို့ဖမ်းဆီးခံရ
November 7, 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က RV စားသောက်ဆိုင်မှာ နိုဝင်ဘာလ ၆ ရက် မနေ့ညနေက ပြည်နယ် ငါးလုပ်ငန်း ဦးစီးမှူး ဦးသက်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရသွားပြီးနောက် စစ်တွေမြို့ပေါ်က ဒေသခံတချို့ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဦးသက်ဦးကို ဆိုင်ကယ်နဲ့ လူနှစ်ဦးက သေနတ်နဲ့ လာပစ်သွားတာဖြစ်ပြီး လည်ပင်း၊ ပါးနဲ့ နားရွက် တွေမှာ ဖောက်ဝင် ဒဏ်ရာရသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး ပြောပါတယ်။ “သူ့အမျိုးသမီးနဲ့ နှစ်ယောက် ဆိုင်ထဲမှာထိုင်နေတာ။ အဲဒီမှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်က သေနတ်နဲ့ ပစ်သွားတာ။ သုံးလေးချက်လောက် ပစ်သွား တယ်။ လည်ပင်းရယ်၊ ပါးရယ်၊ နားရွက်၊ ပြီးတော့ ဦးခေါင်းလည်း ထိသွားတယ်” လက်ရှိမှာတော့ ဒဏ်ရာရသွားတဲ့ ပြည်နယ် ငါး လုပ်ငန်းဦးစီးမှူး ဦးသက်ဦးဟာ စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့လည်း ဆိုပါတယ်။ ဦးသက်ဦးကို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့သလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ABD အသင်းတာဝန်ခံ ဦးသန်းလွင်ကတော့ ပစ်ခတ်ခံရတဲ့ ဦးသက်ဦးရဲ့ ဒဏ်ရာအခြေအနေကို စစ်တွေဆေးရုံမှာ သွား ကြည့်ချိန်မှာပဲ အဖမ်းခံခဲ့ရတာလို့ လုံခြုံရေးအရ အမည် မဖော်လိုသူ တစ်ဦးက ပြောပါတယ်။ “သူက ဆေးရုံမှာ လူနာအခြေ အနေကို လာကြည့်တာ။ အဲဒီမှာ ရဲက ဒီကောင်ကို ဖမ်းကွာဆိုပြီး ဖမ်းသွားတာ။ ဘာကြောင့်ဖမ်းတာလဲတော့ မသိဘူး။ ကားပေါ် တင်သွားတယ်” စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည် ဦးဌေးနိုင်ကိုတော့ ဒီနေ့ မနက်အစော ၃ နာရီ လောက်မှာ စစ်ကောင်စီ တပ်သားတွေ ဒုက္ခသည်စခန်းထဲကို ဝင်ရောက်စစ်ဆေးပြီးနောက် ဖမ်းသွားတာလို့ အမည်မဖော်လိုတဲ့ ဒုက္ခသည် တစ်ဦးက ပြောပါတယ်။

၁၅။ သံဖြူဇရပ်ရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း မီးလောင်ကျွမ်း
November 8, 2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲဘိုတောင်ကျေးရွာက ရှေးဟောင်းဘုန်းကြီးကျောင်းမှာ နိုဝင်ဘာ ၈ ရက် မနက် ၇ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့နေရာကို ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မနက် ၁၀ နာရီလောက်မှာ မီးငြှိမ်း သတ်နိုင်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “ဘုန်းကြီးကျောင်းက ရှေးဟောင်းလက်ရာတွေနဲ့ သက်တမ်းက နှစ်တွေ ကြာပါပြီ။ အဲဒီကျောင်းဟာ လျှပ်စစ်ဝါယာရှော့ကနေ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ကျောင်းတခုလုံးကို မီးကူးစက်လောင် ကျွမ်းသွားတာ ဖြစ်တယ်။” မီးလောင်မှုကြောင့် ဘုန်းကြီးကျောင်း အဆောက်အဦနဲ့ ကျောင်းသုံးပစ္စည်းတွေ မီးလောင်ပျက်စီး ခဲ့ရပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

မွန်ပြည်နယ်ထဲမှာ တရက်တည်း ရှေးဟောင်းဘုန်းကြီးကျောင်း ၂ ကျောင်း မီးလောင်ပျက်စီးခဲ့ပြီး မွန်းတဲ့ ၁၂ နာရီခွဲ လောက်က ကျိုက်ကော် သိမ်ဆိပ်ဘုန်းကြီး ကျောင်းနဲ့ မနက် ၇ နာရီလောက်မှာ သံဖြူဇရပ်မြို့ ဝဲဘို့တောင်ကျေးရွာ ဘုန်းကြီး ကျောင်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့တာပါ။ မြန်မာနိုင်ငံမှာ နှစ်စဉ် မီးလောင်မှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းနဲ့ချီရှိပြီး အများဆုံးက ပေါ့ဆမီးနဲ့ လျှပ်စစ်ဝါယာရှော့တွေကြောင့် ဖြစ်ပွားခဲ့ကာ တခါတရံ လူသေဆုံးတဲ့အထိ ဖြစ်တဲ့အတွက် အခုလို ပွင့်လင်းရာသီကာလမှာ မီးသုံးစွဲသူတွေ သတိရှိကြဖို့ လိုအပ်တယ်လို့ မီးသတ်ဌာနက သတိပေးထားပါတယ်။

၁၆။ ကွယ်လွန်သူ ဝါရင့်ကရင့်တော်လှန်ရေး တပ်ဖွဲ့ဝင်ဟောင်းစောသန်းလှကို KNU မှတ်တမ်းတင်ဂုဏ်ပြု
November 7, 2022
ကရင့်တော်လှန်ရေးတွင် နာမည်ကြီး ပဲခူးရိုးမပြန်အခြေချမှု စစ်ဆင်ရေးတွင် ပါဝင်ခဲ့ဖူးသူ ဝါရင့် ကရင့်တော်လှန်ရေး တပ်မှူးဟောင်း ဗိုလ်ကြီးစောသန်းလှ ကွယ်လွန်မှုအပေါ် လေးစားဦးညွတ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ ဗိုလ်ကြီးစောသန်းလှသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ၎င်း၏ဇာတိမြေ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ ကျေးရွာတွင် ထောင်တွင်းမှ ရရှိလာခဲ့သည့် ရောဂါ များဖြင့် ကွယ်လွန်သွားခဲ့ကြောင်း၊ ၎င်းအနေဖြင့် တော်လှန်ရေးကို စတင်ဝင်ရောက်ချိန်မှစ၍ အသက်သေဆုံးသည်အထိ သစ္စာ ရှိရှိပေးဆပ်ခဲ့သည့် ရိုးမပြန် အာဇာနည်အပေါ် လေးစားဦး ညွတ်အလေးပြုကြောင်း KNU က ဖော်ပြထားခြင်းဖြစ်သည်။ “ကျနော့် ဦးလေးက ကန်မှာနေရင်းနဲ့ မူး(မူးမိုက်)ပြီးတော့ ကန်ထဲပြုတ်ကျသွားတာ။ ၁၀ မိနစ်လောက်ပဲရှိမယ် အသက် မရှိတော့ဘူးလို့ ပြောတယ်။ သူက အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစား။ ဒီလို လူကြီးကျန်းမာရေးပဲလေ။ ရောဂါကြောင့် မူးဝေရင်း အဲလိုဖြစ်သွားတာ။”ဟု ဗိုလ်ကြီးစောသန်းလှ၏ တူတော်စပ်သူက ပြောသည်။

မအူပင်ဇာတိဖြစ်သူ ဗိုလ်ကြီးစောသန်းလှသည် ယခင် ၁၉၆၃ခုနှစ်၊ အသက် (၁၅)နှစ်အရွယ်မှစ၍ ကရင်အမျိုးသားကာ ကွယ်ရေးတပ်မတော်-KNDO တပ်ဖွဲ့ဝင်များနှင့်အတူ ပဲခူးရိုးမတွင်လိုက်ပါရင်း ကရင်တော်လှန်ရေးတွင် ပါဝင်လာခဲ့ပြီး ၁၉၇၄ ခုနှစ်လောက်တွင် ပဲခူးရိုးမမှ အရှေ့တိုင်းကော်သူးလေသို့ လိုက်ပါလာခဲ့ကာ ကရင့်တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်း ဆောင်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် ၁၉၈၃ ခုနှစ်တွင် ပဲခူးရိုးမသို့ ပြန်လည်အခြေချရန် ဗိုလ်မှူးစောမင်းသိမ်း ဦးဆောင်သော KNU တပ်ဖွဲ့ဝင်များ နှင့်အတူ ဒုခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီးနောက် အဆိုပါခေတ်က မြန်မာစစ်တပ်၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်တွင် ထောင်တွင်း နှိပ်စက်ညှင်းပမ်းမှုများစွာ ခံခဲ့ရပြီးနောက် ထောင်တွင်း တရားစီရင်မှုဖြင့် သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် သူသည် ကရင်တော်လှန် ရေးနယ်မြေသို့ ပြန်လည်ရောက်ရှိ လာခဲ့ပြီး ကရင့်တော်လှန်ရေး အနှစ် (၆၀)ပြည့် အခမ်းအနားတွင် တော်လှန်ရေးနှစ်(၄၀)ပြည့် ဂုဏ်ပြုထူးချွန်ဆု ချီးမြှင့် ခံခဲ့ရသည်။ ဗိုလ်ကြီးစောသန်းလှသည် ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ်ရှိပြီဖြစ်သည်။

၁၇။ သီပေါမြို့ အမျိုးသမီးတစ်ဦး နှစ်ကြိမ်မြောက် ဖမ်းဆီးခံရ
November 7, 2022
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မြန်မာရပ်ကွက် နယ်မြေ ၁ တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး နှစ်ကြိမ်မြောက် ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက် ညနေပိုင်း အချိန်တွင် လုပ်သွားလုပ်ရန် အတွက် မန္တလေးမြို့တွင် ပျောက်ဆုံးခဲ့ဖူးသော အမျိုးသမီးတစ်ဦးသည် အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီဝန်းကျင်တွင် သီပေါမြို့ပေါ်၌ ကားအမဲရောင်တစ်စီးဖြင့် အမည်မသိ အမျိုးသား ၃ ဦးက ထပ်မံခေါ်ဆောင်သွားပြီး ပျောက်ဆုံး သွားခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီတွင် သီပေါမြို့ မြန်မာရပ်ကွက် တွင်နေထိုင်သော အသက် ၂၂ နှစ်အရွယ် မဆောင်းဟေမာန်ငြိမ်း သည် အိမ်အနီးရှိ မုန့်ဆိုင်သို့ ပဲမှုန့်သွားရောက်ဝယ်နေရင်း ကားအမဲရောင်တစ်စီးဖြင့် အမည်မသိ အမျိုးသား (၃) ဦးက ခေါ်ဆောင်သွားခဲ့ကြောင်း သူမ၏ မိခင်က ပြောသည်။ “မုန့်ဆိုင်တစ်ခုမှာ သမီးနဲ့ အသက် (၈) နှစ်အရွယ် ကလေးနဲ့အတူ ပဲမှုန့်သွားဝယ်တဲ့အချိန်မှာ သမီးက ပျောက်သွားတယ်။ အသက် (၈) နှစ်အရွယ် ကလေးကတော့ အိမ်ကိုပြန် လာပြီး သမီးကို ကားနဲ့လာဖမ်းသွားတယ်ဆိုတာ ပြောသွားတယ်” ဟု ၎င်းမိခင်က ဆိုသည်။

မဆောင်းဟေမာန်ငြိမ်း သည် ယခုနှစ် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းတွင် မန္တလေးမြို့သို့ အလုပ်သွားလုပ်ရန် သွားစဥ် လမ်းတွင် တကြိမ် ပျောက်ဆုံးခဲ့ဖူးခဲ့သည်။ “အရင်တခေါက်တုန်းက အွန်လိုင်းပေါ်ကနေ မိငယ်ဆိုတဲ့ အကောင့် တစ်ခု နဲ့ ခင်ပြီး၊ အကောင့်ကနေပြီးတော့ မန္တလေးမှာ အလုပ်လုပ်သွားဖို့ ခေါ်တယ်။ အဲ့တုန်းကလည်း သမီး တစ်ကြိမ်ပျောက်ပြီး အိမ်တခုထဲမှာ ပိတ်လှောင်ခံရလို့ လွတ်မြောက်လာခဲ့တယ်” ဟု သူမ၏ မိခင်က ပြန်ပြောပြသည်။ သူမသည် အောက်တိုဘာ ၃၁ ရက်တွင် မန္တလေးတွင် ဖမ်းဆီးခံရပြီး အိမ်တစ်ခုထဲ၌ ပိတ်လှောင်ခံရကာ နိုဝင်ဘာလ ၁ ရက်၌ ပြန်လည်လွတ်မြောက်လာခဲ့ သည်။ အဆိုပါ ပျောက်ဆုံးသွားသော အမျိုးသမီးတစ်ဦးသည် အသက် ၂၂ နှစ် မဆောင်းဟေမာန်ငြိမ်း ဆိုသူဖြစ်ပြီး မန္တလေးမြို့ တွင် ပြန်ပေးဆွဲခဲ့သော အဖွဲ့နှင့် ယခုပြန်လည် ဖမ်းဆီးသွားသော အဖွဲ့သည် တစ်ဖွဲ့တည်းဖြစ်မည်ဖြစ်ကြောင်းကို သံသယဝင် နေသည်ဟု ၎င်းမိဘက ပြောသည်။

၁၈။ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၈ ဦးထက်မနည်း သေဆုံး
November 8, 2022
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ကနေ ကရင်ပြည်နယ်ထဲကို စစ်ကူသွားရောက်မယ့် စစ်ကောင်စီစစ်ကြောင်းကို တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာနားမှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမဲ့ မိုင်းက မပေါက်ကွဲတာကြောင့် အပြန်အလှစ် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ယောက်ထက်မနည်း သေဆုံးကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တယောက်ကတော့ ဝမ်းဗိုက်ဖောက်ထွင်းဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့ ဒေသတွင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဲဒီလို တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက အရှေ့ မော်တုံးကျေးရွာကနေ ကဒဲလိပ်ကျေးရွာအထိ သုံးမိုင်အကွာအဝေးအတွင်း ကင်းစခန်းတွေ ချထားခဲ့သလို ခရီးသွားယာဉ်တွေနဲ့ အရပ်သားပြည်သူတွေကို စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ချထားတဲ့ ကင်းစခန်းတွေကလည်း ဒေသခံတွေကို ဆန်နဲ့ စားနပ်ရိက္ခာတွေ ပေးမသယ်တော့ဘဲ စားနပ်ရိက္ခာတွေ ဖြတ်တောက်နေတဲ့အပြင် ကျေးရွာထဲမှာလည်း ဝင်ရောက်စစ်ဆေးတာ၊ ရမ်းသန်းပစ်ခတ်တာတွေ လုပ်နေလို့ ဒေသခံတချို့ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်း ကလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ တော့ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို နှစ်ဖက် အပြန်အလှန်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သေဆုံးတဲ့စာရင်းကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်လေ့ မရှိပါဘူး။

၁၉။ ကျောက်မဲမြို့ ခရိုင်ရဲရုံး လက်လုပ်ဗုံးပစ်ခံရ
November 8, 2022
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ခရိုင်ရဲရုံးတွင် ယနေ့ (နိုဝင်လဘာ ၈)ရက် မွန်းလွဲ ၃နာရီကျော်၌ အမည်မသိ လူ၂နှစ်ဦးမှ လက်လုပ်ဗုံးဖြင့် လာရောက်ပစ်သွားကြောင်း သတင်းရရှိသည်။ ယနေ့ (နိုဝင်ဘာ ၈)ရက် မွန်းလွဲ ၃နာရီကျော်တွင် ဆိုင်ကယ်တစ်စီးဖြင့် လူ၂ဦးက ရောက်လာပြီး ကျောက်မဲမြို့ ခရိုင်ရဲရုံးကို လက်လုပ်ဗုံးဖြင့်လာပစ်သွားကြောင်း ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ” ဒီနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်လောက်မှာ ဆိုင်ကယ် တစ်စီးနဲ့လူ ၂ ယောက် စီးလာပြီး လက်လုပ်ဗုံးနဲ့ပစ်သွားတာ။ လူထိခိုက်မှုတော့ မသိရသေးဘူး” ဟု ၎င်းအမျိုးသားက ဆိုသည်။ ထို လက်လုပ်ဗုံးပစ်ပြီးနောက် ကျောက်မဲခရိုင်ရဲရုံးဘက်မှ သေနတ်ဖြင့် ပစ်ခတ်သည့်သံလည်း ကြားရကြောင်း၊ လက်ရှိမှာ ကျောက်မဲမြို့ အဝင်၊အထွက်လည်း စစ်ဆေးရေး တင်းကြပ်နေကြောင်း ကျောက်မဲမြို့ ဒေသခံ အသက် ၄၀ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။ ” လက်လုပ်ဗုံး ပစ်ခံရပြီးနောက်မှာပဲ သေနတ်သံတွေလည်းကြားရတယ်။ မြို့အဝင်၊အထွက်မှာ လည်း စစ်ဆေးရေး တင်းကြပ်နေတယ်”လို့ ၎င်း အမျိုးသမီးက ဆိုသည်။

၂၀။ ဗန်းမော်၌ စစ်ကောင်စီတပ်က ကားနှင့်ဆိုင်ကယ်များကို ဖမ်းဆီးပြီး ငွေညှစ်နေ
November 8, 2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီ လက်‌အောက်ခံ စစ်တပ်၊ ရဲနဲ့ ယာဉ်ထိန်း‌ရဲတွေ ပူးပေါင်းပြီး လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို ပိတ်ဆို့ဖမ်းဆီးပြီး ဆိုင်ကယ်တစီးကို ကျပ် ၂ သိန်းနဲ့ ပြန်ရွေးခိုင်း တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဗန်းမော်မြို့ ၂ မိုင်ရပ်ကွက် နာရီစင်အနီး နောင်ခိုရပ်ကွက်နဲ့ ဗန်းမော် ၅ မိုင်လမ်းမကြီး နေရာတွေမှာ စစ်တပ်နဲ့ရဲတွေပူးပေါင်းဖမ်းဆီးနေရာမှာ ပြည်သူတွေရဲ့ ဆိုင်ကယ်အစီး ၁၀၀ ကျော်နဲ့ ကားအစီးရေ ၃၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။ ဒေသခံ အမျိုးသားတယောက်က “လိုင်စင်မပါတာ ခေါင်းစဉ်တပ်ပြီး ဦးထုပ်၊ ဘက်မှန်၊ ယာဉ်မောင်းလိုင်စင် မပါတဲ့သူတွေကို အကုန်ဖမ်းတာ။ ဖမ်းခံထားရတာ တရုတ်နိုင်ငံလုပ် Kenbo-125 ဆိုင်ကယ်တွေ များတယ်။ အကုန်ပြန်ရွေးခိုင်းမယ်လို့ သိရတယ်” လို့ ပြောပါတယ်။ ခေတ်ပျက်လို့ ပြည်သူတွေ စားဝတ်နေရေးခက်ခဲနေချိန် သူတို့လုပ်ပိုင် ခွင့်ထဲကနေ မတရားသဖြင့် အခုလို အပြစ်ရှာဖမ်းဆီးပြီး ငွေညှစ်နေတာလို့ ဆိုင်ကယ်ဖမ်းခံရသူတဦးက ပြောပါတယ်။

၂၁။ စစ်ရေးတင်းမာမှုကြောင့် ကော့ကရိတ်မြို့နယ်တွင် ကွမ်းသီးရောင်းဝယ်လုပ်သူ နည်းပါး
November 8, 2022
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ထဲရှိ ကျေးရွာများတွင် စစ်ရေး တင်းမာမှုကြောင့် ကွမ်းသီးရောင်းဝယ်သူများ မရှိသလောက် နည်းပါးသဖြင့် ကွမ်းသီးလုပ်ကိုင်သူများ အဆင်မပြေမှုဖြစ်နေရ ကြောင်း ဒေသခံများက ပြောသည်။ ကော့ကရိတ်မြို့နယ်တွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ကွမ်းသီးရောင်းရမည့်အချိန်တွင် လာရောက် ဝယ်ယူသူမရှိသည့်အပြင် မြို့ထဲသို့ကွမ်းသီးသွားရောင်းရန်အတွက်လည်း ကော့ကရိတ်မြို့တွင်း နှင့်မြို့ပြင်တွင် ပစ်ခတ်မှုမကြာခဏ ရှိသောကြောင့် ကွမ်းသီး သိုလှောင်ထားသည့် ကွမ်းခြံသမား များသည် အခက်ကြုံတွေ့နေရခြင်းဖြစ်သည် ဟုသိရသည်။ ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသခံတစ်ဦးက “ကွမ်းသီး မြို့ထဲသွားရောင်းဖို့လည်း အသွားအလာ မလုံခြုံတဲ့ အတွက် စိတ်ပူရတယ်။ အခုကလည်း မြို့ထဲကလူတွေလည်း တစ်ချို့တိမ်းရှောင်နေကြပြီး။ မီးကင်ကွမ်းသီးက အထားမခံတာ အခက်အခဲတော့ရှိတာပေါ့။ ပြီးတော့ ကွမ်းသီးမရောင်းရရင် ဝင်ငွေမရှိလည်း မတတ်နိုင်ဘူး၊ ကွမ်းသီးက သိုလှောင်ထားနေရ တာပေါ့”ဟု ပြောသည်။

မိုးရာသီတွင် အသီးမှည့်သည့် ကွမ်းသီးများသည် မီးနှင့်အခြောက်လှန်းရသည့်အတွက် ဒေသအခေါ် ကွမ်းသီးမီးကင် အမျိုးအစားတစ်ခုနှင့် နေပူနှင့် လှန်းရသည့် ကွမ်းသီးအမျိုးအစားတစ်ခုရှိပြီး ကွမ်းသီးမီး ကင်သည် နေပူနှင့် အခြောက်လှန်းသည့် ကွမ်းသီးထက် စျေးရရှိနည်းသည်ဟု ဒေသခံထံမှ သိရသည်။ လက်ရှိအချိန်တွင် ဒေသအတွင်းရှိ ကွမ်းသီးစျေးနှုန်းသည် ကွမ်းသီး မီးကင် တစ်ပိဿာလျှင် ၃၅၀၀ ကျပ် သာစျေးရှိပြီး နေလှန်းကွမ်းသီးသည် တစ်ပိဿာလျှင် ၆၅၀၀ ကျပ် စျေးနှုန်းရှိသည်ဟု သိရ သည်။ “ အခုစျေးငြိမ်တော့ အရောင်းအဝယ်မလုပ်ရဲဘူး။ ပြီးတော့ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး လမ်းတွေက ပစ်ခတ်မှုဒီ လောက်ဖြစ်တာ လုပ်လို့အဆင်မပြေဘူး။ လိုက်ဝယ်ပြီးဆိုရင်ရောင်းရတော့မယ်ဆိုတော့ ဒီအခြေအနေနဲ့ကလိုက်ဝယ်တာ လုံးဝအဆင်မပြေဘူး။ ကျမက ဒီနှစ်ကွမ်းသီးအနုပဲ လုပ်တော့ တယ်။”ဟု ဒေသအတွင်းကွမ်းသီးအရောင်းအဝယ် လုပ်ကိုင်သူ တစ်ဦးက ပြောသည်။ ကော့ကရိတ်မြို့နယ်ထဲတွင် ကော့ကရိတ်မြောက်ပိုင်းထက် ကော့ကရိတ်တောင်ပိုင်းတွင် ကွမ်းသီးလုပ် ကိုင်သူများပြီး ထိုအထဲတွင် မိဖလားကျေးရွာ၊ အစွန်းကျေးရွာ၊ လန်းဖားကျေးရွာနှင့် ကော့ဆိုင်‌ကျေးရွာ အစရှိသည့် ကွမ်းသီး စိုက်ပျိုးသည့် ကျေးရွာများတွင် ယခုနှစ်တွင် ကွမ်းသီးအရောင်း အဝယ်လုပ်ကိုင်သူနည်းသည်ဟု သိရသည်။

၂၂။ မြစ်ကြီးနား လယ်ကုန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား
November 8, 2022
မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် ယနေ့ နေ့လယ် သုံးနာရီအချိန်ခန့်က နေအိမ်သုံးလုံး မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် ဇီးလွန်ကွက်တစ် စာသင်ကျောင်းအနီးရှိ နေအိမ်သုံးလုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း လူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “တစ်ထပ် အိမ်ကတော့ အကုန်ပြောင်သွားတယ်။ အဲ့အိမ်ကတော့ ရစရာတစ်ခုမှ မရှိအောင်လောင်သွားတာ။ နှစ်ထပ်အိမ်ကတော့ အပေါ်ထပ်လောင်သွားတာ။ နောက်တစ်လုံးကတော့ မီးနည်းနည်းပဲ စွဲသွားတာ။ ခုကတော့ အကုန်မီးငြိမ်းသတ်နိုင်ခဲ့ပါပြီ” ဟုပြောသည်။ မြစ်ကြီးနားမြို့နယ်မီးသတ်ဌာနမှ မီးသတ်ကား ၅ စီးဖြင့် မီးငြိမ်းသတ်ခဲ့ပြီး ဆိုင်ခန်းငှားနေသော ဓါတ်ပုံဆိုင် တစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုနေကြောင်း လယ်ကုန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ “မီးသတ်ကား အကြီးရော၊ အသေးရော ပါတယ်။ မီးလာငြိမ်းသွားတာ။ အဲ့ဆိုင်ခန်းတွေကနေ စဖြစ်တာဆိုပြီးတော့ ပြောနေကြ တာ” ဟု ဆိုသည်။

၂၃။ မိုးဗြဲမြို့ တစ်နေရာမှာ မူးယစ်ဆေးဝါး တစ်သောင်းကျော်ကို ဖမ်းဆီးရမိပြီး မီးရှို့ဖျက်စီးခဲ့
November 7, 2022
မိုးဗြဲ PDF တပ်ရင်း ၂ နဲ့ KNDF B-03 တို့ ပူးပေါင်းပြီး ( WY ) မူးယစ်ဆေးဝါး တစ်သောင်းတစ်ထောင့်နှစ်ရာကျော် ( ၁၁၂၀၀ ) ကို မိုးဗြဲမြို့ ဒေသတွင်းတစ်နေရာမှာ ဖမ်းဆီးရမိပြီး မီးရှို့ ဖျက်စီးခဲ့တယ်လို့ မိုးဗြဲ PDF တပ်ရင်း ( ၂ ) က နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရမိသူတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေ ဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာ အရပ်သားသတင်းပေးမှုနဲ့အတူ သွားရောက်စစ်ဆေးရင်း ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးမှု ရှိတဲ့ဒေသတွေမှာဆိုရင်တော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ထိန်းချုပ် မှု ပြုလုပ်နေတာတွေ ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၃ ( KNDF B-03) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရောင်းချတဲ့လူကို ခေါ်ထားပြီးတော့ နောက်တစ်ခါမလုပ်ဖို့ သက်ဆိုင်ရာကို သတိပေးတယ်ပေါ့။ အဲဒီလောက် အဲဒီ အဆင့်ပဲရှိပါတယ်။ နောက် သုံးစွဲတဲ့လူခါကျတော့ မူးယစ်ဆေးဝါးသုံးပြီးတော့ နည်းနည်းဟိုစာမျိုးဖြစ်တဲ့လူ အလွန်အကျွံဖြစ်တဲ့ လူတွေကိုတော့ ခေါ်ပြီးတော့ ထိန်းထားတယ်။ပြီးတော့ ပြန်လွှတ်ပေးတယ်အဲလိုပေါ့။” လို့ ( KNDF B-03) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မိုးဗြဲဘက်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာတွေလည်း ရှိနေပြီး မူးယစ်ဆေးပြား သုံးလုံး ကို တစ်ထောင်ကျပ်သာပေး ပြီးဝယ်ယူသုံးစွဲနေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ကရင်နီပြည်တချို့နေရာ တွေမှာ လက်ရှိအချိန်အထိ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိသူတွေအများအပြားရှိနေတာကို တွေ့ရပါတယ်။

၂၄။ ကျား/မအခြေပြု အကြမ်းဖက်မှုပပျောက်ရေး အစီအစဉ်မရှိကြောင်း UNOCHA ၏ ထုတ်ပြန်မှုအပေါ် KWO တုန့်ပြန်
November 7, 2022
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ ပြီးခဲ့သည့် အောက်တိုဘာလ ၁ရက် နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ ထိန်းချုပ်မှုပြင်ပတွင် ကျား/မအခြေပြု အကြမ်းဖက်မှု (GBV) ပပျောက်ရေးလုပ်ဆောင်သည့် အဖွဲ့အစည်းများမရှိကြောင်း ထုတ်ပြန်မှုခဲ့အပေါ် ကရင်အမျိုးသမီးအစည်းအရုံး-KWO က နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပြန်လည်ပေးပို့ တုန့်ပြန်လိုက်သည်။ ကရင်ပြည်နယ်၏ ကရင်အမျိုးသား အစည်းအရုံး-KNU ထိန်းချုပ်ရာ နယ်မြေများအတွင်း ကျယ်ပြန့်သည့် လူထုအခြေပြု GBV ဝန်ဆောင်မှုများစွာရှိနေသော်လည်း UNOCHA ၏ အကြွင်းမဲ့ လျစ်လျူရှုခံရမှု အပေါ် အံ့ဩတုန်လှုပ်မိကြောင်း KWO ၏ တုန့်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ KWO ၏ ပြောခွင့်ရ နော်ကညောဖော က “ကျမတို့ ဒီကျားမ အခြေပြု အကြမ်းဖက်မှု ဆိုင်ရာ အကူအညီပေးရေးကို လုပ်လာတာ ကြာခဲ့ပြီး။ သူတို့က စစ်တပ်က ထုတ်ပြန်တဲ့ အချက်အလက်တွေကိုပဲ ယူပြီးတော့ တကယ်ဖြစ်တဲ့ နေရာတွေကိုလည်း သူတို့ မရောက်သလို ထောက်ပံ့မှုလည်း မပေးခဲ့ဖူးဘူး။ ဒါတွေက မမှန်ဘူးလေ။ ကျမတို့ လူထုအခြေပြုအဖွဲ့အစည်းတွေကို အသိအမှတ်ပြုမှုလည်း မရှိခဲ့ဘူး။” ဟု ပြောသည်။

UNOCHA ၏ ထုတ်ပြန်မှုအရ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် GBV ကိစ္စရပ်များအပေါ် စီမံလုပ်ဆောင်သည့် အေဂျင်စီအဖွဲ့အစည်းများမရှိကြောင်း၊ လက်ရှိတွင် တရားဝင် မိတ်ဖက် အဖွဲ့အစည်းတစ်ခု၏ ကူညီမှုဖြင့် တရားဝင် ဝန်ဆောင်မှု များရရှိနေကြောင်းနှင့် တနင်္သာရီတိုင်းနှင့် ကရင်၊ မွန်ပြည်နယ်များရှိ စစ်ကောင်စီ၏ ထိန်းချုပ်မှု ပြင်ပနေရာများတွင် GBV အတွက် ဝန်ဆောင်ပေးမှု ကင်းမဲ့နေကြောင်း ဖော်ပြပါရှိသည်။ သို့သော် KWO အနေဖြင့် ကျား/မ အခြေပြု အကြမ်းဖက်မှုအတွက် အကူအညီပေးရေး လုပ်ဆောင်မှုကို KNU၏ ထိန်းချုပ်နယ်မြေ ခရိုင် (၇)ခုလုံးတွင် ကူညီလုပ်ဆောင်လာသည်မှာ ဆယ်စု တစ်ခု ကျော်လာ ခဲ့ပြီးဖြစ်ကြောင်း နှင့် အာဏာသိမ်းပြီး ချိန်ကတည်းကစ၍ အရှိန်မြင့်လာသည့် ပဋိပက္ခနှင့် ရွှေ့ပြောင်း နေထိုင်မှု ကြားကာလတိုင်အောင် GBV ခံစားခဲ့ရသူ ၁၈၆ ဦးကို ကူညီပေးနိုင်ခဲ့ပြီး ကွန်မြူနတီအဖွဲ့ဝင် ၇,၅၀၀ ခန့်ကိုလည်း GBV ဆိုင်ရာ အသိပညာပေးမြှင့်တင်မှုကို ပေးနိုင်ခဲ့ကြောင်းနှင့် ဆက်လက်လုပ် ဆောင်ပေးနေကြောင်း KWO ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြ ထားသည်။ ထို့အပြင် UNOCHA အနေဖြင့် ကွန်မြူနတီအခြေပြု အမျိုးသမီးအဖွဲ့အစည်းများ၏ လုပ်ဆောင်မှု အစီအစဉ်များ အပေါ် လျစ်လျူရှုမှုနှင့်ပတ်သက်ပြီး လူသိရှင်ကြား တောင်းပန်ရန်နှင့် အလားတူ ဖြစ်ရပ် မျိုး နောက်တစ်ကြိမ် ထပ်မဖြစ်စေ ရန် အာမခံချက်ပေးရန်လည်း KWO ၏ အိတ်ဖွင့်စာတွင် တောင်းဆိုထားသေးသည်။

၂၅။ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို သွားလာခြင်းမပြုရန် ပုလော PDF သတိပေး
November 8, 2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) မြိတ်ခရိုင်၊ တပ်ရင်း(၁) မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေ သောကြောင့် သွားလာခြင်းမပြုကြရန် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က နိုဝင်ဘာလ ၇ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။ မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုနေကြသော ခရီးသွားပြည်သူများအနေဖြင့် မြိတ်ခရိုင် တပ်ရင်း(၁)မှ နောက်ထပ်ကြေညာချက် မထုတ်ပြန်မီကာလအထိ အချိန်အကန့်အသတ်မရှိ လုံးဝ(လုံးဝ) သွားလာခြင်း မပြုလုပ် ကြရန် ဖော်ပြထားသည်။ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ပုလော (PDF)ပြန်ကြားရေး တာဝန်ခံတစ်ဦးက “အဓိကထုတ်ပြန်တာ ကတော့ စစ်ရေးကြောင့် ပြည်သူတွေထိခိုက်တာ မဖြစ်စေချင်လို့ပါ။ မလိုက်နာဘူးဆိုရင် အရေးယူဖို့မရှိပါဘူး။ မလိုက်နာတဲ့ သူပဲထိခိုက်မှာပါ။ ကျနော်တို့ကလည်း လိုအပ်လို့သာ ထုတ်ပြန်ရတာပါ”ဟု ပြောသည်။

၎င်းထုတ်ပြန်ချက်အပြင် ပြည်သူများအနေဖြင့်လည်း မလိုအပ်ဘဲအပြင်မထွက်ကြရန်နှင့် ပျော်ပွဲရွှင်ပွဲကိစ္စများ ကိုလည်း လိုတာထက်ပိုမပြုလုပ်ကြရန်ကိုပါ အဆိုပါ တာဝန်ခံက ဆက်လက်သတိပေးပြောဆိုသည်။ “အရေးတကြီးကိစ္စ မရှိဘဲ အပြင် မထွက်ဖို့၊ စစ်ရေးသတင်းအမြဲနားစွင့်ဖို့၊ လိုအပ်သည်များ အဆင်သင့် ထုပ်ပိုးထားပြီး သတိနဲ့နေထိုင်ကြဖို့၊ မဟာမိတ်တွေရဲ့ ထုတ်ပြန်ချက်များကို လိုက်နာပေးကြဖို့ အဓိကပါ။ အသက်ကို ဉာဏ်စောင့်တာဆိုတော့ ဉာဏ်ရှိရှိ နေထိုင်ကြဖို့ပါ။ မနေ့က ဖြစ်ရပ်တွေဆို ပြည်သူတွေအသိမရှိကြဘူး။ တိုက်ပွဲဖြစ်နေတာတောင် တိုက်ပွဲအတွင်း ကထိန်သွားဖို့ အလှူသွားဖို့ ဖြတ်သွား ဖြတ်လာလုပ်နေကြတာ။ သူတို့အတွက်အန္တရာယ်သိပ်များတယ်။ ဒီလိုစစ်ရေးတွေဖြစ်လာပြီးဆို ဉာဏ်ရှိရှိနေဖို့အထူးလို အပ်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။ ပြီးခဲ့သည့်ရက်အတွင်းမြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်များတွင် တိုက်ပွဲဆက် တိုက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှတပ်ရင်းမှူး တစ်ဦးအပါအဝင် ၁၃ ဉီးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူး တစ်ဦး လည်း ပစ်ခတ်မှုခံရ၍ သေဆုံးခဲ့သည်ဟု သိရသည်။

၂၆။ အသက်ရှင်နေထိုင်နိုင်ရေးနှင့် အသက်မွေးဝမ်း ကျောင်းအတွက်ဖားငင်ရွာတွင် ဖွံ့ဖြိုးရန်လိုအပ်နေ
November 8, 2022
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မိုင်းနော ကျေးရွာအုပ်စု လားဟူတိုင်းရင်းသားများနေထိုင်သည့် ဖားငင်ဒေသ တွင် အသက်ရှင်နေထိုင်နိုင်ရေးနှင့် အသက်မွေးဝမ်းကြောင်းအဆင်ပြေစေရန် ဒေသဖွံ့ဖြိုးလာရန် လိုအပ်နေကြောင်းသိရသည်။ ဖားငင်ဒေသသည် တောင်တန်းသာသနာပြု ဦးဇင်းတစ်ပါးရောက်ရှိနေခြင်းကြောင့် နိုဝင်ဘာ ၇ ရက်နေ့တွင်ကထိန်ပွဲကို ဖားငင် (၄) ရွာတွင် ကျင်းပပြုလုပ်ပြီး ဆင်းရယ်ချို့တဲ့သော ဒေသခံများစွာအား တွေ့မြင်နေရကြောင်းသတင်းရင်းမြစ်ထံက သိရသည်။ “ကျွန်မတို့တောင်ပေါ်ဒေသကိုသွားတယ် ကထိန်ပွဲပေါ့နော် ဖားငင်(၄)ရွာမှာ အဲ့ဒေသကလူတွေ သူသူငါငါလာကြတယ် သူများနဲ့ မတူတဲ့ ကလေးငယ်နှစ်ယောက်ကိုတွေ့ပြီး သနားမိတယ် စကားစမြည်းပြောဆိုပြီး အဲ့ကလေးတွေနေတဲ့ အိမ်ကို လိုက် သွားခဲ့တယ် အိမ်ရောက်တော့ အရမ်းဆင်းရယ်နွမ်းပါးတာပါ စားဖို့ဆန်ဆီဆားတွေမရှိတော့ဘူး အိမ်တွင်း သူတို့ စောင်တွေနဲ့ အဝတ်စားနည်းနည်းပါးပါးပဲရှိတယ် နောက်တစ်ခုက စားစရာဆိုလို ငရုတ်ဆုံထဲမှာ တစ်ဇွန်းစာလောက် ထောင်းထားတဲ့ ငရုတ်သီးပဲရှိတာ”ဟု သွားရောက်ကူညီသူကျိုင်းတုံမြို့ခံ နန်းမားလားဝမ်းကပြောသည်။

“အရမ်းခက်ခဲကြတယ် ကျွန်မတို့ ရောက်တဲ့ အိမ်မှမဟုတ်ဘူး တခြားတအားဆင်းရယ်တဲ့ အိမ်တွေ မိသားစုတွေလည်း ရှိပါတယ် တောင်ပေါ်ဒေသမို့ လမ်းပန်း ဆက်သွယ်ရေးလည်း သိပ်အဆင်ပြေဘူး လမ်းကြမ်းတယ်ပေါ့နော် ဒီဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်စေချင်တယ် သူတို့ဖူဖူလုံလုံအသက်ရှင်နေထိုင်နိုင်ရေးပေါ့”ဟု ၎င်းနန်းမားလားဝမ်းကဆက်ပြောထားသည်။ ဖားငင်ဒေသမှာ အိမ်အတော်များများဟာ သုံးပုံနှစ်ပုံဆင်းရယ်နွမ်းပါးကြပြီး တောတောင်အတွင်း သစ်ဥသစ်ဖုများကို ရှာဖွေကာ အသက်မွေးဝမ်းကြောင်းအတွက် ရုန်းကန်နေကြရပြီး စာသင် ကျောင်းမရှိသည့်ကျေးရွာတွေလည်းများစွာရှိကြောင်း စာသင် ကျောင်းရှိသော ကျေးရွာတွင် ကလေး သူငယ်များကစာသင်ကြားခြင်းကျောင်းတက်ခြင်းမရှိခဲ့ကြောင်း သိရသည်။ ကျန်းမာရေး စောင့်ရှောက်နိုင်ရန် ဖားငင်ရွာ(၄)လုံးမှာ သားဖွားဆရာမတစ်ဦးသာရှိခဲ့ကြောင်း ဒေသမှာနေထိုင်ကြသည့်ဒေသခံများသည် တောင်ကျရေကိုသာအပြုကြရပြီး သောက်ဖို့အတွက်သာလုံလောက်ကာချိုးဖို့အဝတ်စားလျော်ဖို့ လုံလုံလောက်လောက်မရှိသည့် အတွက် အခက်ခဲဖြစ်နေကြောင်းလည်းသိရသည်။

၂၇။ ဟားခါးမြို့တွင် စစ်ကောင်စီတပ်သားများ ရမ်းသမ်းပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ကျည်ထိဒဏ်ရာရ
November 8, 2022
နို၀င်ဘာ ၇ ရက် ညပိုင်း ၈နာရီခွဲခန့်တွင် ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်ရှိ ၆-လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် တာ၀န် ကျသော စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်လို့ အသက် ၆၀နှစ် ဒေါ်ဖာရ်ကြန် ကျည်ထိဒဏ်ရာရရှိပြီး ဆေးရုံ သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ “ဂိတ်‌စောင့် စစ်သားတွေ အရက်မှုးပြီး ရမ်းသမ်းပစ်ခတ်တာထင်တယ်။ ရပ်ကွက် အတွင်း လူနေအိမ်တွေ ထိသွားတယ်။ အိမ်ထဲမှာနေတဲ့ အမျိုးသမီးတစ်ဦး ကျည်ထိပြီး ဆေးရုံပို့ထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်နေချိန်တွင် ဟားခါးမြို့၌ တိုက်ပွဲဖြစ်ပွား ခြင်း မရှိဘူးလို့ သိရပါတယ်။ နို၀င်ဘာ ၆ ရက်နေ့တွင်လည်း ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ကညနရုံးအနီးတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်စီးလာသော သာမန်အမျိုးသားတစ်ယောက်အား တားဆီးပြီး CNA တပ်ဖွဲ့၀င်ဟုစွပ်စွဲကာ ရိုက်နှပ်ခဲ့သည်။ စစ်ကောင်စီ တပ်သားများက အဆိုပါအမျိုးသားအား သွားတစ်ချောင်းကျိုးသွားသည့်အထိ ရိုက်နှပ်ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြကြောင်း မျက်မြင်တွေ့ရှိသူတွေ ပြောပြချက်အရသိရှိရသည်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button