တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 81, November 4, 2022)

 

၁။ ကွတ်ခိုင်ကျမ်းစာကျောင်းဝင်းထဲ လက်နက်ကြီးကျပြီး ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရ
November 4, 2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် ၅ ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ကျမ်းစာသင်ကျောင်း ထဲကို နိုဝင်ဘာ ၃ ရက်ညပိုင်း စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကျောင်းသား ၄ ယောက် ဒဏ်ရာရသွားပါတယ်။ မနေ့ည ၈ နာရီခွဲ လောက်က ကွတ်ခိုင်မြို့ အခြေစိုက် အမြောက်တပ်ခွဲက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ KBC ရဲ့ KTC ကချင်ကျမ်းစာ ကျောင်း အမျိုးသားအဆောင်ရှိ ရေချိုးကန်နားမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား ၄ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ကွတ်ခိုင်ဒေသခံတွေကဆိုပါတယ်။ကွတ်ခိုင်မြို့ခံတဦးက“စစ်တပ်ဘက်မှာလက်နက်ငယ်သံတွေကြားရပြီးနောက်ပိုင်းလက်နက် ကြီးသံကြားရတော့တာပဲ။ တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ကျမ်းစာကျောင်း ယောကျာ်းလေး အဆောင် နားကျပြီး ကျောင်းသား ၄ ယောက် ကျည်အစမှန်တယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် KTC ကချင်ကျမ်းစာသင်ကျောင်းက အမျိုးသားအဆောင်မှာ ထိမှန်ပျက်စီးသွားတာလည်း ရှိပါတယ်။

ဒဏ်ရာရတဲ့ကျောင်းသား ၄ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။ ထိခိုက် ဒဏ်ရာရသူတွေထဲက နှစ်ယောက်ကိုကတော့ ကျောင်းသား မိတုန်ဒွဲလာ၊ အင်ဒေါင်အောင်ဆန့်တို့ဖြစ်တယ်ပြီး ကျန် နှစ်ယောက် ကတော့ နာမည်မသိရသေးဘူးလို့ ကျမ်းစာကျောင်းနဲ့ နီးစပ်သူ အမျိုးသမီး ၁ ဦးက ပြောပါတယ်။ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်ဘက်က ည ၈ နာရီ ၄၅ မိနစ်လောက်မှာ လက်နက်ကြီး ၂ ကြိမ်၊ ၉ နာရီလောက်မှာ ၁ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ မြို့ခံ တဦးက ပြောပါတယ်။ ဒဏ်ရာရသူတွေကို လတ်တလော ဆေးရုံ ခေါ်လာပြီးဆေးကုသခွင့် မပေးဘဲ စစ်ကောင်စီဘက်က ဆေးရုံဝန်းကျင်မှာပါ လုံခြုံရေးယူ ပိတ်ဆို့ ထားနေတယ်လို့ ဆိုပါတယ်။ “တလုံးက ကွတ်ခိုင် အောက်နားက မန်မောင်ဆိုတဲ ဘရွာက ပလောင်ပွဲမှာ သွားကျတာ။ ဘယ်လောက်ထိသွားလဲတော့ မသိရသေးဘူး” လို့ နောက်ထပ် ဒေသ ခံ အမျိုးသမီး တဦးက ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်အတွင်း ဆယ်စုနှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ပစ် ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သားပြည်သူ ၂၀ ထက်မနည်း သေဆုံး ထိခိုက်ဒဏ်ရာရတာ ရှိခဲ့တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။

၂။ ဖယ်ခုံ PDF တပ်ရင်း ၂ အတွက် အရေးပေါ်ဆေးဝါးနှင့် လက်နက်ကျည် အကူအညီလိုအပ်နေ
November 3, 2022
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတာကြောင့် ဖယ်ခုံ PDF တပ်ရင်း ၂၊ တပ်ခွဲ ၃ အတွက် အရေးပေါ်ဆေးဝါးနဲ့ လက်နက်ကျည် အကူအညီ လိုအပ်နေတယ်လို့ တပ်ရင်းတာဝန်ရှိသူတဦးက ပြောပါ တယ်။ ဖယ်ခုံမြို့နယ် အင်းလေးအရှေ့ဘက်ခြမ်းရှိ ဆောင်ကန်းလမ်းဆုံကို စစ်ကောင်စီက ထိန်းချုပ်ဖို့ အင်အားအလွန်အကျွံ စစ်ကြောင်းထိုး စစ်ဆင်လာတဲ့ပေါ် ဖယ်ခုံ PDF တပ်ရင်း ၂ အပါအဝင် ပူးပေါင်းတပ်ဖွဲ့က ခုခံကာကွယ်ရင်း တိုက်ပွဲပြင်းထန်နေ တာလို့ ဆိုပါတယ်။ ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ခံတဦးက “ခုတိုက်ပွဲအခြေအနေကတော့ ရှေ့ရက်တွေက လက်နက်ကြီး တွေ ၁၂၀ မမတွေ၊ ၁၀၅ မမတွေတရစပ်ပစ်ခတ်လို့ ရွာသားတွေလည်းထိခိုက်တယ်၊ ရဲဘော် တွေလည်းထိခိုက်တယ်” လို့ ပြောပါ တယ်။ ၅ ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုရှိသလို ပူးပေါင်း တပ်ဖွဲ့ ဘက်ကလည်း ထိခိုက်သေဆုံးမှု ရှိပါတယ်။

“ဆေးဝါးတွေကတော့ လက်ရှိအထိမပြည့်စုံဘူး၊ အဆင်ပြေအောင် ကြိုးစားစီစဉ်နေကြတယ်ဆိုတာထက် ပိုပြောလို့မရ သေးပါဘူး။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆရာဝန်တွေ ကိုယ်တိုင်ကြပ်မတ်ကုသနိုင်အောင်စီစဉ်ထားပါတယ်။ စစ်ကောင်စီက အင်အားအများပြားနဲ့ ထိုးစစ်ဆင်လာတာမို့ တန်ပြန် ထောက်လှမ်းရေးအတွက်နဲ့ တိုက်ခိုက်ရေးတွက် drone လည်း လိုအပ်သလို ကျည်လည်းလိုအပ်နေတယ်။” ဖယ်ခုံ PDF တပ်ရင်း ၂ တာဝန်ခံက ပြောပါတယ်။ လက်ရှိခုခံစစ်မှာ စစ်ကောင်စီက လက်နက်ကြီး အလွန်အကျွံအသုံးပြုပြီး တိုက်ခိုက်လာတာကြောင့် ပူးပေါင်းတပ်ဖွဲ့အပြင် ပြည်သူတွေကိုလည်းထိခိုက် သေဆုံးမှုတွေ ရှိနေတယ် လို့ ဆိုပါတယ်။ လွိုင်ကော် မိုးဗြဲတလျှောက်အရေးပါတဲ့ ဆောင်ကန်းလမ်းဆုံကို သိမ်းပိုက် အထိုင်ချနိုင်ရေးအတွက် စစ်ကောင်စီ က စစ်အင်အား အလွန်ကျွံသုံးပြီး ကျေးရွာတွေပါမချန် လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်တာနဲ့ စစ်ကြောင်း သုံးလေးကြောင်း ဖြန့်ပြီး ထိုးစစ် ဆင်နေတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

၃။ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဖလံတောင်တိုက်နယ် ဆေးရုံ ယာယီပိတ်လိုက်ရ
November 4, 2022
ကေအဲန်ယူ-ဘားအံမြို့နယ်အတွင်းရှိ (၁၆) ကုတင်ဆံ့ ဖလံတောင် တိုက်နယ်ဆေးရုံကိုစစ်ကောင်စီတပ်က လက် နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့်ဆေးရုံကိုယာယီပိတ်ထားရကြောင်း သိရသည်။ အဆိုပါ ဆေရုံကို နိုဝင်ဘာလ (၁) ရက်၊ မွန်းလွဲ (၂)နာရီတွင် စကခ(၈) လက်အောက်ခံ ခမရ (၄၀၈) တပ်စခန်း (ကမမောင်း)မှ လက်နက်ကြီး (၁၂၀မမ) ဖြင့် ၅ ချက် ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။ ယင်းပစ်ခတ်မှုတွင် ဆေးရုံထိခိုက်ပျက်စီးမှုမရှိခဲ့သော်လည်း လုံခြုံရေးအရယာယီပိတ်ထားခဲ့ရပြီး ဆေးရုံဝန်ထမ်း များ၊ ဆေးရုံအတွင်းကုသမှုခံယူနေဆဲ လူနာများ၊ ဆေးရုံအနီးရှိ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ကြရကြောင်း KNU ၏ ထုတ်ပြန်ချက်အရသိရသည်။ ” ဆေးရုံကိုပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုကို လုံးဝကန့်ကွက်ရှုတ် ချတယ်။ ဒါမလုပ်သင့်တဲ့ လုပ်ရပ်ပါ၊ တချို့ရွာသားတွေဆို လက်နက်ကြီးကျတော့ စစ်ကောင်စီ စစ်ကြောင်းထိုးမှာကို စိုးရိမ်ပြီး တိမ်းရှောင်ထွက်ပြေးကြတာရှိတယ်။ ပြီးတော့အခုချိန်က ဒေသခံပြည်သူတွေ ရာဘာခြစ် တဲ့အချိန်၊ စပါးရိတ်သိမ်းတဲ့အချိန် လည်းဖြစ်တော့ ပြည်သူတွေပဲ ထိခိုက်နစ်နာတယ်။ ဒုက္ခရောက်ကြတယ်” ဟု ကေအဲန်ယူ-ဘားအံမြို့နယ်၊ KNLA တပ်ရင်း (၁) တပ်ရင်းမှူးကပြောသည်။

အဆိုပါဆေးရုံတွင် စစ်ကောင်စီမှအာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူများကိုသာမက နယ်ခြား၊ ရပ်ဝေးမှလူနာ များကိုလည်း စေတနာရှင်လူမှုဝန်ထမ်းများက စု ပေါင်းကာကျန်းမာရေးဝန်ဆောင်မှု ပေးခြင်းဖြစ်သည်။ ထို့အပြင် ယင်းဆေးရုံကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် အာဏာသိမ်းစစ်ကောင်စီလက် အောက်ခံ BGF တပ်များမှဝင်ရောက်မွှေနှောက်ကာ ဆေးဝါးများနှင့် အခြားပစ္စည်းများအားဖျက်ဆီး ခြင်း၊ ယူဆောင်ခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။

၄။ ဗန်းမော် စစ်ရှောင်စခန်းမှ အမျိုးသား ၉ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
November 3, 2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရောဘတ်နှစ်ခြင်းဘုရားကျောင်းဝန်းရှိ IDP စစ်ရှောင်စခန်းကို နိုဝင်ဘာ ၂ ရက် ည ၉ နာရီကျော်လောက်က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ အင်အား ၄၀ လောက် ရှောင်တခင်ဝင်ရောက်ပြီး အမျိုးသား ၉ ယောက်ကို အကြမ်းဖက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာ လူဦးရေ ၄,၀၀၀ ခန့်၊ အိမ်ထောင်စု ၆၀၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။ စစ်ရှောင်စခန်းနဲ့ နီးစပ်သူတယောက်က “ညကြီးမိုးချုပ် ရုတ်တရက် ဝင်လာပြီး ဧည့်စာရင်း စစ်တာမှာ လာတည်းကြတဲ့ ဧည့်သည်၊ ဆွေမျိုး အသိတချို့ စာရင်းမမှတ်ထားတဲ့ အမျိုးသားတွေကို ဖမ်းသွားတာပါ။ သူတို့က လက်နက်တွေနဲ့ဆိုတော့ ဘာမှပြောခွင့်မသာဘူး။ ဘုရားကျောင်းအပြင် လမ်းတလျှောက်မှာလည်း စစ်တပ်ကားတွေ ရဲကားတွေ နဲ့ စစ်သားတွေအများကြီးပဲ။ အဲ့အချိန် ဖြတ်သန်းသွားတဲ့သူမှန်သမျှကို စစ်ဆေးမေးမြန်းပြီး မသင်္ကာရင် တခါတည်း ဖမ်းထား လိုက်တာ။ ဖမ်းဆီးသွားတဲ့သူတွေကို ဘယ်မှာချုပ်နှောင်ထားမှန်း မသိရသေးဘူး။ နောက်ထပ် IDP စစ်ရှောင်စခန်းက လူတွေ အတွက် စိုးရိမ်မိတယ်” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗန်းမော်မြို့ရှိ တည်းခိုခန်း၊ ဟိုတယ်၊ ရပ်ကွက်တွေထဲမှာ ရှောင်တခင် ဧည့်စာရင်း စစ်ဆေး ဖမ်းဆီးလေ့ရှိပြီး လူမသိသူမသိ ဖမ်းဆီးခံလိုက်ရတဲ့ အရေအတွက်ကိုတော့ မသိရဘဲ အခုလို IDP စစ်ရှောင်စခန်းကို ဝင်မွှေပြီး ဧည့်စာရင်းစစ်ကာ အမျိုးသားတွေပဲ ဖမ်းဆီးခံလိုက်ရတာဟာ ပထမဆုံးဖြစ်တယ်လို့လည်း သိရပြီး အဲဒီလူတွေ ပြန်လွတ်ဖို့ တာဝန်ရှိသူတွေ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

၅။ ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ဦးကို စစ်တပ်က ထပ်မံဖမ်းဆီး
November 4, 2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ နိုဝင်ဘာ ၂ ရက် ရပ်ကွက်အုပ်ချုပ်ရေးမှူး တယောက် အပါအဝင် လေးယောက်ကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ နိုဝင်ဘာ ၂ ရက် ညက ပြင်ဖြူမော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းနဲ့ တခြားရပ်ကွက်တွေက အမျိုးသား သုံးယောက်ကို စစ်ကောင်စီကတပ်က အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ ကျောက်ဖြူမြို့ခံတယောက်က “ ၂ ရက်နေ့ ညမှာ ပြင်ဖြူမော် ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုခင်မောင်ထွန်းကို ဖမ်းသွားတယ်။ ပြီးရင် စေတီတောင်ရပ်ကွက်မှာနေတဲ့ ကိုမောင်ထွန်းဆိုတဲ့ သူကိုလည်း နေအိမ်ပြန်လာတဲ့အချိန် လမ်းမှာဖမ်းသွားတယ်။ နောက်စေတီတောင်ရပ်ကွက်က ဦးဝင်းမောင်ကို ဖမ်းတယ်လို့ သိရတယ်။ နောက်ထပ် စေတီယျရပ်ကွက် ဦးထွန်းဝင်းလှိုင်ဆိုသူကိုလည်း ဖမ်းသွားတယ်လို့ သိရတယ်။ သူတို့ကို စစ်တပ်က အေအေနဲ့ဆက်စပ်တယ်လို့စွပ်စွဲပြီး လိုက်ဖမ်းနေတာပေါ့။ အခုက စစ်တပ်က ပြည်သူတွေ ဖမ်းချင်သလိုဖမ်းနေတာ၊ ပြီးရင် အေအေ နဲ့ဆက်စပ်တယ်၊ ငွေကြေးထောက်ပံ့တယ်ဆိုပြီး အကြောင်းပြတာပေါ့”လို့ ပြောပါတယ်။

ကျောက်ဖြူမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း စေတီယျရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးလှထွန်း၊ ထွေအုပ် စာရေး ဦးစိုးမင်းနိုင်နဲ့ ရာအိမ်မှူးတယောက်တို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ ကျောက်ဖြူမြို့မှာ စက်တင်ဘာလကစတင်ပြီး စစ်ကောင်စီတပ်က အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ အရပ်သားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့အပါအဝင် လူပေါင်း ၄၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပြီးနောက် တချို့ကိုပြန်လွှတ်ပေးခဲ့ပေမဲ့ အများစုကိုတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(က)နဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁) စတာတွေနဲ့ အမှုဖွင့်ပြီး တရားစွဲဆိုထားပါတယ်။

၆။ ဖရူဆိုမြို့နယ်ရှိ စစ်ကောင်စီ ကင်းပုန်းစခန်းကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက်
November 4, 2022
ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းကို ကရင်နီပူးပေါင်းတပ်က နိုဝင်ဘာလ ၃ ရက်၊ နံနက် ၁၁ နာရီခွဲတွင် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၄) တို့ ပူးပေါင်း၍ စစ်ကောင်စီ၏ ခမရ(၄၂၈) တပ်စခန်း ကင်းပုန်းကို စနိုက်ပါဖြင့် သွား ရောက်ပစ်ခတ် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု KNDF တပ်ရင်း(၄) က ဆိုသည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၇။ ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်များအတွက် အနွေးထည်နှင့် စောင်များ လိုအပ်နေ
November 4, 2022
ချမ်းအေးသည့် ဆောင်းရာသီဝင်စပြုလာခြင်းနှင့် အလှူရှင်များမရှိသောကြောင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ ပေါ် တွင် စစ်ဘေးရှောင်နေကြသည့် ပြည်သူများအတွက် အနွေးထည်နှင့် စောင်များလိုအပ်နေသည်ဟု ပလက်ဝမြို့ က စစ်ဘေး ရှောင်များကို ကူညီပေးသူတစ်ဦးက ပြောသည်။ “ အနွေးအထည်က ဘယ်သူမှ ထောက်ပံ့တာမရှိဘူး၊ အဲ့တော့ မလုံလောက်ဘူး။ မနှစ်တုန်းက ပြေးတဲ့ သူတွေလောက်ပဲနည်း နည်းပါးပါးနဲ့ ဟောင်းတွေပဲရှိတော့မယ်။ ဒီနှစ်ပြေးလာတဲ့သူတွေကတော့ အဝတ်တ ထည်ကိုယ်တခုနဲ့ပြေးလာ ကြတာဆိုတော့ အဝတ်တွေတော့ မရှိဘူး။ အရင်တုန်းကအလှူရှင် NGO၊ ပုဂ္ဂလိက ဖက်ကပဲရှိတာ နောက်ပိုင်းမဝင်တော့ ကျွန်တော်တို့ဒေသမှာကမရောက်နိုင်တာ တော်တော်လေး အခက်တွေ့ တယ် ဒါကြောင့် နည်းနည်းရနိုင် တယ်ဆိုရင် ကူညီပေးပါအုံးပေါ့။” ဟု ပလက်ဝမြို့က စစ်ဘေးရှောင်များကို ကူညီပေးသူတစ်ဦးက ပြောသည်။ ၎င်း စစ်ဘေး ရှောင် ပြည်သူများကို ၂၀၂၀ ခုနှစ် ချင်းပြည်နယ်အစိုးရမှ ထောက်ပံ့ပေးမူ၊ NGO၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အလှူရှင်အသီးသီး တို့မှ ဆောင်းတွင်းအဝတ်အနွေးထည်၊စောင်များ ကူညီလှူဒါန်း မှုများရှိခဲ့သော်လည်း ယခုနှစ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုခက်ခဲလာကာ အင်တာနက်လိုင်းပြတ် တောက်ခံထားရဆဲဖြစ်သောကြောင့် အလှူရှင်များနှင့် ဆက်သွယ်ရေးပြတ်တောက်ခြင်း တို့ ကြုံတွေ့နေ ရခြင်းဖြစ်သည်။

ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများထဲတွင် သက်ကြီးရွယ်အို၊ ကိုယ်ဝန်သည် အပါအဝင် ကလေးငယ်များရှိ နေသောကြောင့် လက်ရှိဆောင်းတွင်းအဝတ်ထည်သာမက အာဟာရဖြည့်စွက်အစာနှင့် ဆေးဝါးများ လည်း အကူညီလိုအပ်နေ သည်ဟု အဘောင်သား ဒေသခံတစ်ဦးက ပြောသည်။ “ အခုဆောင်းရာသီဝင်လာပြီဆိုတော့ စောင်၊ အနွေးထည်၊ အခင်းတွေ လိုအပ်တယ်။ တချို့က ကျန်းမာရေး မကောင်းကြတော့ ဆေးကုဖို့လိုတယ်။ပြည်သူ့ဆေးရုံကဆရာမတွေက တလတကြိမ် ဆေးခန်း လာဖွင့်ပေးကြ ပေမယ့် နည်းနည်းပါးပါးဖျားတာလောက်ပဲကုပေးတယ် အသည်းသန်ဖြစ်ရင် ဆေးရုံတက်ရဆေးကုဖို့ ပိုက်ဆံလို တယ်” ဟု အဘောင်သားဒေသခံက ပြောသည်။

၈။ လုံဂျာဘွမ်တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်ဘက်သို့ တိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင် အတွက် အကူအညီလိုအပ်နေ
November 3 , 2022
ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ကုန်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ ၄ ခုမှ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ကူညီထောက်ပံ့ပေးရန် အရေးပေါ်လိုအပ်နေ ကြောင်းသိရသည်။ မိုးမောက်မြို့၏ အရှေ့ဘက်ခြမ်းရှိ လုံဂျာဘွမ်တောင်ကုန်းတွင် အောက်တိုဘာလ ၂၂ ရက်နေ့စတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ် ရေးတပ်မတော် KIA ၊ PDF တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လုံဂျာ၊ ဝဝမ်၊ နောင်ပေါက်နှင့် ခါနန် စသည့် ကျေးရွာနေ ဒေသခံပြည်သူများက လက်နက်ကြီးများထိမှန်မည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။ ကျေးရွာ ၄ ခုမှ စစ်ဘေးရှောင်ပြည်သူများ တစ်ထောင်ဝန်းကျင်ခန့်သည် မိုးမောက်မြို့ပေါ် ကြေးနန်ရပ်ကွက်၊ အလောန့်ကောင့်ရပ်ကွက်ရှိ ခရစ်ယာန်ဘာသာရေးကျောင်းဆောင်များ၊ ဘုန်းကြီးများနှင့် ဆွေမျိုးအိမ်များတွင် တိမ်းရှောင်နေရ ပြီး ၎င်းတို့ စစ်ရှောင်များအတွက် အကူအညီလိုအပ်နေသည်ဟု ခါနန်ရပ်ကွက် စစ်ရှောင်ပြည်သူတစ်ဦး ပြောသည်။

“စစ်ရှောင်လာတဲ့ ပြည်သူတွေက တစ်ထောင်ဝန်းကျင်လောက်ရှိတယ်။ အားလုံးက တစ်နေရာထဲမှာမဟုတ်ဘူး နေရာ ခွဲပြီးနေကြတယ်။ လောဆယ်က လိုအပ်ချက်တွေအများကြီးရှိနေတယ်။ အဓိကပြောရမယ်ဆိုရင် အစားအသောက်တွေပေါ့။ ဆန်၊ ဆီ၊ ဆားလိုအပ်နေတယ်။ ဒီိမှာရောက်လာတဲ့သူတွေက ကိုယ်လွတ်ထွက်ပြေးလာကြတဲ့သူတွေပဲဆိုတော့ ဘာမှပါမလာ ကြဘူး။ ဆိုင်ကယ်တစ်စီးမှာ သုံး လေး ယောက်စီးပြီး ပြေးလာခဲ့ရတာ ဘာအဝတ်အထည်တွေလည်း ပါမလာဘူး။ အဲ့ကြောင့် အဝတ်အထည်တွေလည်းလိုအပ်တယ်”ဟုပြောဆိုသည်။ လက်ရှိ စစ်ရှောင်အကူအညီများလိုအပ်နေသည့်အပေါ် တတ်နိုင်သည့် ပြည်သူများအနေဖြင့် တတ်နိုင်သလောက် ပါဝင်ကူညီလှူဒါန်းပေးရန် စစ်ရှောင်ပြည်သူများက တောင်းဆိုထားသည်။ လုံဂျာဘွမ် တောင်ကုန်းတွင် အောက်တိုဘာလ ၂၂ ရက်နေ့ စစ်ကောင်စီတပ်မှ လေကြောင်းလိုင်းအပါ မြေပြင်တွင်လည်း စစ်အင်အား အလုံး အရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် ၁၀ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂ ရက်နေ့အထိ လုံဂျာဘွမ်တောင်ဘက်တွင် ဦးတည်ကာ စစ်ကြောင်း ၂ ခုဖြင့် စစ်အင်အားအလုံးအရင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေဆဲ ဖြစ်သည့်အတွက် ၂ ဖက်တပ် စစ်ရေးတင်းမာလျက်ရှိနေသည်ဟု ဒေသခံများပြေဆိုသည်။

၉။ မြတန်ဆောင်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ဦးရေ ၁၄၀၀ ခန့် အငတ်ဘေးနှင့်ကြုံနေရ
November 4, 2022
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်စခန်းကြီးတစ်ခုဖြစ်သည့် မြတန်ဆောင် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် များမှာ ရိက္ခာဖူလုံမှု မရှိ၍ အငတ်ဘေးနှင့် ကြုံနေရသည်ဟု စခန်းတာဝန်ရှိသူများ ကပြောသည်။ ရခိုင်တွင် မြောက်ဦးအပါအဝင် မြို့နယ် ၆ ခုသို့ လူသားချင်းစာနာထောက်ထားရေးအကူအညီများကို ရပ်တန့်ရန် စစ်ကောင်စီမှ NGO၊ INGO တို့အား တားမြစ် ထားချက်ကြောင့် စစ်ဘေးရှောင်များမှာ ကျရာလုပ်ကိုင်ရင်း စားဝတ်နေရေးအတွက် ရုန်းကန်လျက်ရှိနေကြသည်။ ထိုအခြေ နေမျိုးတွင် ဒေသမတည်ငြိမ်မှုအခြေနေများကြောင့် မူလလုပ်ကိုင်လျက်ရှိသည့် အလုပ်ကိုင်များမှာလည်း လုပ်ကိုင်ရအဆင်မပြေ သည့်အတွက် ရိက္ခာမလုံလောက်ဖြစ်လာကာ စခန်းနေစစ်ဘေးရှောင်များ အငတ်ဘေးဆိုက်နေကြရသည်ဟု မြတန်ဆောင်း စစ်ဘေးရှောင်စခန်းမှ ဒေါ်လှအေးစော ကပြောသည်။ “ရိက္ခာထောက်ပံ့မှုတွေရပ်နေတာ ၄ လလောက်ရှိပါပြီ။ စခန်းက အိမ်ထောင်စုတိုင်းမှာတော့ ကျရာအလုပ်လုပ်နေတာတွေရှိတယ်။ အခုက အဲ့အလုပ်တွေလည်းအဆင်မပြေဘူး။ ဘေးတွဲ ဆိုင်ကယ်ကလည်း လိုင်စင်တွေစစ်နေတော့မမောင်းရဘူး။ တောတောင်တွေမှာ ထင်းရှာမယ်ဆိုရင်လည်း ခုအခြေနေမျိုးက သွားလို့မရပြန်ဘူး။ ဒီလိုပုံမှန်အလုပ်လေးတွေကအလုပ်မဖြစ်တော့ ကျမတို့ ရေသောက်နေရတဲ့ နေ့တွေများလာပါတယ်” ဟု ပြောသည်။

မြတန်ဆောင်း စစ်ဘေးရှောင်စခန်းမှာ လက်ရှိ ၂၀၂၂ ခုနှစ် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲ အခြေနေကြောင့် ထပ်တိုးလာသည့်အိမ်ထောင်စုများလည်းရှိပြီး စုစုပေါင်း အိမ်ထောင်စု ၂၈၀ ခန့်ရှိကာ လူဦးရေ ၁၄၀၀ ကျော်ရှိ သည့် စခန်းတစ်ခုဖြစ်သည်။ မြတန်ဆောင်းစခန်းမှ နောက်ထပ် စစ်ဘေးရှောင်တစ်ဦးကလည်း အငတ်ဘေးကြုံနေရသည့် လက်ရှိအခြေနေတွင် ကျန်းမာရေးပြဿနာများလည်း ကြုံနေကြရသည်ဟု ပြောသည်။ “မိသားစုအတွက် ပုံမှန် ဆန် နို့ဆီဘူး ၈ လုံးချက်မှစားရတဲ့အခြေနေမှာ ၄ လုံးတောင် နပ်မမှန်နိုင်တဲ့အနေအထားတွေဖြစ်နေပါတယ်။ ဒီကြားထဲ ကျန်းမာရေးမကောင်း တာတွေလည်းဖြစ်နေကြတယ်။ စားဝတ်နေရေးတောင်အဆင်မပြေတာ ဆေးဖိုးဝါးခကအတွက်လည်း ဘယ်အဆင်ပြေနိုင်မလဲ” ဟုပြောသည်။ ယခုကဲ့သို့ ရိက္ခာမဖူလုံမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း မြောက်ဦးမြို့ရှိ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတွင် ဆန်ပြုတ်ကြိုသောက်နေကြရသည့် အခြေနေဖြင့်ကြုံခဲ့ရသည်။ စစ်ဘေးရှောင်များမှာ ဒေသမတည် ငြိမ်မှု အခြေနေများကြောင့် ၎င်းတို့နေထိုင်ရာ ရပ်ရွာများ၊ မူလအလုပ်အကိုင်များ ကိုစွန့်ခွာကာ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင် နေကြရချိန်တွင် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုအကူအညီအပါအဝင် ကျရာလုပ်ကိုင်ရင်း စစ်ရှောင်စခန်းအသီးသီးတွင် ၄ နှစ်နီးပါးကြာ နေထိုင်လာခဲ့ကြပြီဖြစ်သည်။

၁၀။ ဟားခါးမြို့တွင် အိမ်တစ်လုံး ဖောက်ထွင်းခံရပြီး မီးစက်ခိုးမှုဖြစ်ပွါး
November 3, 2022
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လျှပ်စစ်မီးမရတာ နှစ်ပါတ်နီးပါးကြာပြီးနောက် ချင်းဦးစီးရပ်ကွက်ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရကာ မီးစက်တစ်လုံး ပျောက်ဆုံးတယ်လို့ အိမ်ရှင်ထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ညတွင် အမည်မသိလူတစ်ချို့က ခြံစည်းရိုး သံဇကာ ဖျက်ဆီး၊ ၎င်းအိမ်ကို အိမ်ရှင်မရှိတုန်း သော့ဖျက်ဖောက်ထွင်းခဲ့တာဖြစ်တယ် လို့ သိရသည်။ “အခု ဖောက်ထွင်းခံရတဲ့ အိမ်က နှစ်ထပ်အိမ်ပေါ့နော်၊ သူခိုးတေက အိမ်အောက်ထပ်ကို သော့ဖျတ်ပြီးဝင်မွေသွား တာပေါ့။ အဲမှာ မီးစက်နှစ်လုံးထားထားတာ ပိုကြီးတဲ့တလုံးကို ခိုးသွားကြတာပဲ။ ပိုက်ဆံတော့ ဘာမှမရှိတော့ မပါဘူးပေါ့နော်။ ဒီလိုမျိုး အိမ်ဖောက်ခံရတယ်ကြားတော့ ဝမ်းနည်းတာပေါ့။ ကိုယ့်အနေနဲ့ကျ ဘာမှတတ်နိုင်တာလဲမရှိဘူးလေနော်။” လို့ အိမ်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ခိုးဆိုးလုယက်မှုများ သိသိသာသာများလာပြီး ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း လွန်ခဲ့သည့် အောက်တိုဘာလတွင် ဟားခါးမြို့ မတူပီလမ်းရှိ ကုန်စုံဆိုင်နှစ်ဆိုင်အား သူခိုး များ ဖောက်ထွင်းဝင်ရောက်ကာ ငွေကြေး သိန်းနှစ်ဆယ်ဝန်းကျင် ခိုးယူခဲ့ကြပါသည်။ ယခု ဟားခါးမြို့တွင် လျှပ်စစ်မီး ဆက်တိုက် မလာတာကြောင့် လျှပ်စစ်မီးအစား အသုံးပြုနိုင်သည့် solar၊ နေရောင်ခြည်ပြား၊ မီးစက်၊ ဖယောင်းတိုင်၊ မီးသွေး စသည့်ပစ္စည်း များ စျေးနှုန်းထိုးတက်သည်သာမက ဝယ်ယူရန်လည်း အလုံအလောက်မရှိဘူးလို့ သိရသည်။

၁၁။ မအီမြို့ရဲစခန်းမှူးကို စုပေါင်းဘုံကထိန်ပွဲ ကျင်းပနေချိန် အေအေ ဖမ်းဆီး
November 4, 2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့က စစ်ကောင်စီလက်အောက်ခံ မအီရဲစခန်းမှူး ရဲအုပ် ကိုကိုမင်းထွန်းကို ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၄ ရက် မနက် ၁၁ နာရီကျော်က ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်ပွဲ ကျင်းပ နေချိန်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ ဒေသခံတယောက်က “ဒီနေ့ ၁၁ နာရီကျော် လောက်မှာ မအီမြို့ရဲစခန်းမှူး ရဲအုပ်ကိုကိုမင်းထွန်း အေအေတပ်ဖွဲ့ဝင်တွေက လာပြီးဖမ်းသွားတယ်။ ဖမ်းတာက မအီမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ စတဲကျေးရွာက ဘုန်းကြီးကျောင်းမှာ ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်ပွဲမှာ အေအေတပ်ဖွဲ့ဝင်တွေက ဖမ်းသွား တာပေါ့။ သူ့ကိုလာဖမ်းချိန်မှာ သေနတ်နဲ့ရော ဓားတွေပါ ပါလာကြတယ်”လို့ ပြောပါတယ်။ ကျောက်ဖြူမြို့နယ် စနဲမြို့မှာလည်း ပြီးခဲ့တဲ့ ၂ လကျော်က စစ်ကောင်စီလက်အောက်ခံ စနဲမြို့စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်း စျေးဝယ်ဖို့ ဆိုင်ကယ်နဲ့လာစဥ်မှာ ရက္ခိုင့် တပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို ရမ်းဗြဲမြို့နယ်မှာလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့ကို ရက္ခိုင့်တပ်တော် (အေအေ) က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ကြား တကျော့ပြန် တိုက်ပွဲပြင်းထန်လာချိန်မှာ ရက္ခိုင့်တပ်တော်က စစ်ကောင်စီလက်အောက်ခံ စစ်သားတချို့နဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးတာတွေရှိပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ အရပ်သားပြည်သူတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးညှဉ်းပန်း နှိပ်စက်တာတွေရှိနေပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေ မဟုတ်ဘဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ် အပါအဝင် လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိနေပါတယ်။

၁၂။ လွယ်ဝိန်းရွာအထက်မှာ MNDAA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ လားရှိုးကနေ စစ်တပ်က လက်နက်ကြီးတွေ ပစ်ကူနေ
November 2, 2022
ရှမ်းမြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ် လွယ်ဝိန်းကျေးရွာအထက်မှာ ဒီနေ့လယ် ၃ နာရီခွဲကျော်ကစပြီးတော့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ တိုက်ပွဲဟာ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေကြ တာဖြစ်ပြီး ရွာအနီးမှာ တိုက်ပွဲ ပြင်းထန်နေလို့ ဒေသခံတွေဟာ အုပ်ချုပ်ရေးမှူးအိမ်မှာ စုနေကြရတယ်လို့ လွယ်ဝိန်းရွာခံ တစ်ဦး က ပြောပါတယ်။ “တိုက်ပွဲက အခုထိ ဖြစ်နေတယ်။ အစက လက်နက်ငယ်တွေနဲ့ အခုလက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်နေ ကြတယ်။ ရွာကလူတွေ ရွာအပြင် မပေးထွက်ဘူး။ လက်နက်ထိမှာ ကြောက်နေတယ်။ အခုထိတော့ထိခိုက်တဲ့သူတွေ မရှိသေး ဘူး”လို့ ပြောပါတယ်။ မနေ့ညက ဟိုလောင်ရွာမှာ စစ်ကောင်စီတပ် အင်အား(၆၀)ကျော် ရောက်ရှိနေတယ်လို့ ၎င်းက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဟိုလောင်ရွာမှာနေပြီး MNDAA တပ်ဖွဲ့က လွယ်ဝိန်းရွာအထက်မှာ တည်ရှိနေပြီးတော့ လက်ရှိ အချိန်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ ၎င်းက ဆိုပါတယ်။ တိုက်ပွဲဟာ ဆက်လက် ပြင်းထန်နေလို့ စစ်ကောင်စီတပ်က လားရှိုးကနေ လက်နက်ကြီးတွေ လှမ်းကူပစ်ပေးနေပြီး အဲဒီလက်နက်ကြီးတွေဟာ လွယ်ဝိန်းကျေးရွာ ပတ်ဝန်းကျင်မှာ ကျရောက်ပေါက်ကွဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လွယ်ဝိန်းရွာမှာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာလည်း တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ကျေးရွာထဲ လက်နက်ကြီး ၉ လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးပါတယ်။

၁၃။ နယ်မြေမတည်ငြိမ်မှုကြောင့် ကော့ကရိတ်မြို့ပေါ်ရှိ စာသင်ကျောင်းအားလုံး ပိတ်ထားရ
November 4, 2022
နယ်မြေတွင်း မတည်ငြိမ်သည့် အခြေအနေကြောင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ စာသင်ကျောင်းအားလုံး ဆက်လက်မဖွင့်နိုင်ဘဲ ကျောင်းပိတ်ထားလိုက်ရသည်ဟု ကျောင်းဆရာ၊ ဆရာမများထံမှ သိရသည်။ ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာဝင်းထဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့က ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်နှင့် ကော်သူးလေတပ်မတော် -KTLA ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းသည့် နေ့မှစတင်၍ စာသင်ကျောင်းများအားလုံး ပိတ်ထားလိုက်ရသည်ဟု ကျောင်းဆရာ၊ ဆရာမများ၏ ပြော ဆိုချက်အရသိရသည်။ ကျောင်းဆရာမတစ်ဦးက “အရင်က ဖွင့်လိုက်ပိတ်လိုက်လုပ်သေးတယ်။ မြို့ပေါ်တိုက်ပွဲဖြစ်ပြီး လေယာဉ် နဲ့လာ ပစ်တဲ့နေ့ကတည်းက ကျောင်းပြန်မဖွင့်ရဲတော့ဘူး။ ကျောင်းသားမိဘတွေလည်း သူတို့ကလေးကို ကျောင်းမပို့ရဲဘူး။ တချို့လူထုတွေကတော့ ဒီမြို့မှာမနေရဲတော့ဘူး ရှောင်သွားကြတယ်” ဟု ပြောသည်။

ကော့ကရိတ်မြို့ပေါ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၅ ကျောင်း နှင့် အလယ်တန်း၊ မူလတန်းကျောင်း အပါ အဝင် ကျောင်းပေါင်း၂၀ ကျော်ခန့်ရှိပြီး လက်ရှိအချိန်တွင်တိုက်ပွဲကြောင့် စာသင်ကျောင်းများမဖွင့်သော်လည်း ကျောင်းဆရာ၊ ဆရာမများသည် ကျောင်းကိုသွား၍ ကျောင်းတက်လက်မှတ်သွားထိုးရသည်ဟု အဆိုပါဆရာ၊ ဆရာမထံမှ သိရသည်။ ထို့အပြင် ကော့ကရိတ်မြို့ အာရှလမ်းမအနီးရှိ အထက ချောင်းတောင် ကျောင်းဝင်းတွင်လည်း စစ်ကောင်စီတပ်မှ ကျောင်ဝင်းထဲ မကြာ ခဏ ဝင်ရောက်တပ်စွဲထားလေ့ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထိုစာသင်ကျောင်းဝင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု သိရသည်။

၁၄။ အောက်တိုဘာလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရ
November 2, 2022
အောက်တိုဘာလအတွင်း ရှမ်းမြောက်၊ ရှမ်းတောင်မှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ထိခိုက် ဒဏ်ရာရသူ အရပ်သား ၆ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေဟာ ရှမ်းမြောက် မူဆယ်ခရိုင် မုံးပေါ်ဒေသက ၃ ဦး၊ ကျောက်မဲက ၂ ဦးနဲ့ ရှမ်းတောင် မိုင်းကိုင်က ၁ ဦးတို့ပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ မြေမြှုပ်မိုင်း၊ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ဒဏ်ရာရသူ (၈၆)ဦးနဲ့ သေဆုံးသူ (၃၂)ဦးရှိပြီး အဲဒီအထဲမှာ အသက် (၁၈)နှစ်အောက် ကလေးငယ်တွေ အများဆုံး ပါဝင်နေပါတယ်။ စစ်လက်နက် အကြွင်းအကျန်နဲ့ မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်သေဆုံးသွားသူ တွေဟာ ရှမ်းတောင် မိုင်းကိုင်၊ ရပ်စောက်၊ ရှမ်းမြောက် သိန္နီ၊ ကွတ်ခိုင်၊ နောင်ချို၊ မူဆယ်၊ ကျောက်မဲနဲ့ မန်တုံမြို့နယ်က ဒေသခံ တွေပဲ ဖြစ်ပါတယ်။

၁၅။ ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရတာကြောင့် ၉ ဦး သေဆုံး
November 3, 2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်း ၂ ကြိမ် ခြုံခိုတိုက် ခိုက်ခံရ တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ ဦးသေဆုံးသွားတယ်လို့ တောင်ညို ပြည်သူ့ပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါ တယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်မှာ လမ်းကင်းချဖို့လာတဲ့ စစ်ကောင်စီကား ၂ စီးကို ဝဲခမိကျေးရွာနဲ့ ရွာသာ အေးကျေးရွာကြားမှာ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဘက်က ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ခြုံခိုတိုက်ခိုက်ခံရတာ ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် အဲဒီနေ့ ည ၇ နာရီလောက်မှာလည်း သံဖြူဇရပ်ဘက်ကနေ ရေးဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီကား ၆ စီးပါ ယာဉ် တန်းကို ရွာသာအေးရွာနဲ့ပိန္နဲတောကျေးရွာကြားမှာ ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒေသခံတွေ အဆိုအရ စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ် ခတ်မှု မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ မွန်ပြည်နယ်၊ ရေး-သံဖြူ ဇရပ်လမ်းပိုင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီး နောက် စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ တိုက်ခိုက်ခံရနေသလို အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေ တာ ဖြစ်ပါတယ်။

၁၆။ ပလက်ဝရေလမ်းကြောင်းပြန်ဖွင့်ရေး တောင်းဆိုချက် စစ်ကောင်စီအကြောင်းမပြန်
November 3, 2022
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ကုန်စည်စီးဆင်းမှုအတွက် အဓိက အသုံးပြုတဲ့ ပလက်ဝ-ကျောက်တော် ရေလမ်းကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတာ အချိန်နှစ်နီးပါးရှိလာနေပြီး ပြန်ဖွင့်ပေးဖို့အတွက် ပလက်ဝမြို့ ခလရ – ၂၈၉ တပ်ရင်းကို ဘာသာရေးအဖွဲ့စည်းတွေနဲ့ မြို့မိမြို့ဖတွေက အောက်တိုဘာ ၂၄ ရက်နေ့က တောင်းဆိုထားပေမယ့် ဒီနေ့အထိ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကစလို့ ဒီနေ့အထိ စစ်ကောင်စီတပ်က ရေလမ်းကြောင်းကို ပိတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိပလက်ဝမြို့မှာ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး ဆန်ဝယ်စရာမရှိ တော့အောင် ပြတ်လပ်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပလက်ဝ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဆန်တွေက မရှိ တော့ဘူး။ တချို့ဆိုရင် ဆန်ပြုတ်တောင် ချက်စားနေရပြီ။ ဆန်ကြမ်း တစ်အိတ် တစ်သိန်းလေ။ ပိုက်ဆံရှိရင်တောင် ဆန်မရှိလို့ ဝယ်မရဘူး။ လမ်းကဘယ်ချိန်ပြန်ဖွင့်မယ်မှန်း မသိဘူး” ပလက်ဝမြို့မှာ ဆန်ဝယ်စရာမရှိတော့တာကြောင့် ဆန်ဝေပေးဖို့ စစ်ကောင်စီတပ်ကို ဒေသခံတွေက တောင်းဆိုထားတယ်လို့ ပလက်ဝဒေသခံ တွေက ပြောပါတယ်။

၁၇။ လားရှိုးမြို့တွင် သားအရင်းမှ မိခင်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား
November 3, 2022
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု ၆ မိုင်ကျေးရွာတွင် သားအရင်းမှ မိခင်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် အီနိုင်းကျေးရွာအုပ်စုတွင် သားအရင်းမှ မိခင် ဖြစ်သူကို ဓားဖြင့် ခုတ်သတ်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ အလောင်းကို သွားသယ် ပေးခဲ့ရကြောင်း လားရှိုးမြို့ အခြေစိုက် ပရဟိတအသင်းဝင် တစ်ဦးက ပြောသည်။ “သားဖြစ်သူက မူးယစ်ဆေးကြောင်တယ်လို့ ဒေသခံတွေပြောကြတယ်၊ ဒါပေမယ့် ကျနော်တို့ကတော့ အသေးစိတ် မသိရဘူး၊ အလောင်းသယ်ဖို့ ကျနော်တို့ ရောက်သွား တဲ့အချိန်မှာ အလောင်းက တစ်စစီဖြစ်နေတယ်၊ တချို့ အပိုင်းအစတွေ ရှာမတွေ့တော့ဘူး၊ တစ်ကိုယ်လုံးက ဓားဒဏ်ရာတွေ ချည်းပဲ” ဟု အထက်ပါ ပရဟိတက ပြောသည်။ မိခင်ဖြစ်သူကို ခုတ်သတ်သွားသည့် သားဖြစ်သူကို ဖြစ်စဥ် ဖြစ်ပြီးပြီးချင်း နာရီ ဝက်ခန့် အကြာတွင် လက်နက်ကိုင် တပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားကြောင်းလည်း သိရပြောသည်။ “သားအမိနှစ်ဦးတည်း နေကြတာတဲ့၊ သူ့မိခင်ကို သတ်ပြီး နာရီဝက်အကြာမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လာဖမ်းခေါ်သွားတယ်၊ ဘယ်လက် နက်ကိုင် တပ်ဖွဲ့လည်းတော့ မသိရဘူး၊ အလောင်းကိုတော့ ပြည်သူ့ ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့လိုက်တယ်” ဟု အထက်ပါ ပရဟိတ သမားက ဆက်ပြောသည်။

၁၈။ ထားဝယ်အထူးစီးပွားရေးဇုန်တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်
November 3, 2022
တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်ထည်ဖော်မယ့် နဘုလယ်ဒေသကို စစ်ကောင်စီတပ်တွေ နိုဝင်ဘာ ၂ ရက် ညနေကတည်းက အင်အားတိုးချဲ့ ဝင်ရောက်လာပြီး ညပိုင်းမှာ ရေဖြူမြို့နယ် ခမောင်းချောင်းရွာအနီး ဒေသကာ ကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၂ ရက် ညနေပိုင်းက လည်း နဘုလယ်ဒေသကို စစ်ကြောင်းထိုးဖို့ ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ရလိုင်ရွာအနီးမှာ မိုင်းဆွဲခံခဲ့ရပါသေးတယ်။ နဘုလယ်ဒေသခံတယောက်က “မနေ့ညက နှစ်ဖက်စလုံး ပစ်နေကြတာ၊ စစ်တပ်ဘက်ကတော့ လက်နက်ကြီးတွေပါ ပါတယ်။ စစ်ကြောင်းဝင်လာကတည်းက စစ်ကား ၈ စီးနဲ့ ဝင်လာတာ။ နောက်ထပ်လည်း ဝင်လာနေတုန်းပဲ။ ရွာသားတွေကတော့ နီးစပ်ရာ တောတောင်ထဲ ရှောင်နေရတယ်” လို့ ပြောပါတယ်။ အင်အားတိုးချဲ့ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ ၃ ရက်အထိ ပြန်မထွက်သေးတဲ့အပြင် နောက်ထပ် စစ်ကားတွေ ဝင်လာနေသေးတာကြောင့် နဘုလယ်ဒေသ ရွာစဉ်တလျှောက်က ရွာသားတချို့ဟာ နောက်ထပ် ထိတွေ့တိုက်ပွဲ ထပ်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ကြရပါတယ်။

နိုဝင်ဘာ ၂ ရက် ညက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီကရော တော်လှန်ရေးအင်အားစုတွေ ဘက်က ရော တစုံတရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။ ထားဝယ်အထူးစီးပွားရေးဇုန် ပြန်လည်အကောင်အထည်ဖော်ရေးအတွက် စစ်ကောင်စီ အရာရှိတယောက် ရေနက်ဆိပ်ကမ်းဒေသကို အခုရက်ပိုင်းအတွင်း ရောက်ရှိလာမှာ ဖြစ်တာကြောင့် နဘုလယ် ဒေသ အပါအဝင် ထားဝယ်မြစ် ဆိပ်ကမ်းတချို့မှာ ကုန်းပေါ်သာမက မြစ်ကြောင်းတွေမှာပါ စစ်အင်အား တိုးချဲ့ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ရေဖြူမြို့နယ်က ဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်း၊ ရငဲ၊ ရလိုင်၊ ပုဂေါဇွန်း၊ ဝဇွမ်းတော ရွာတွေက ဒေသခံ ၅,၀၀၀ နီးပါး တိမ်းရှောင်ခဲ့ရပြီး ၈၀၀ ကျော် ယာယီစစ်ရှောင်စခန်းမှာ ခိုလှုံနေရဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီရေး ပြုလုပ်နေတဲ့ ဒေါနတနင်္သာရီအဖွဲ့ရဲ့ မှတ်တမ်း တွေအရ သိရပါတယ်။

၁၉။ ဖားကန့်တွင် ဆန်တစ်အိတ် တစ်သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာ
November 4, 2022
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ် ဆန်နှင့် စက်သုံးဆီများ တင်ပို့ခွင့် ပိတ်ဆို့ထားဆဲဖြစ်သည့်အ တွက် ဆန်တစ်အိတ် တစ်သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာသည်ဟု ဖားကန့်ဒေသခံများထံမှသိရသည်။ အောက်တိုဘာလ ၂၅ ရက် နောက်ပိုင်း ဖားကန့်မြို့ပေါ်နှင့် လုံးခင်း၊ ဆိုင်းတောင် နေရာများတွင် ဆန်စျေးနှုန်းများ ယခင်စျေးနှုန်းထက် အဆ မတန် မြင့်တက်သွားပြီး ဆန်ဆိုင်အချို့မှာ ပိတ်ထားသည်ကို မြင်တွေ့ရကြောင်း လုံးခင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “ဆန်စျေးကတအားတက်လာတယ် ဟိုနေ့က သွားဝယ်တာ ပေါ်ဆန်းမွှေးတစ်အိတ်ကို တစ်သိန်း တစ်သောင်းအထိပေးရတယ်။ အရင်တုန်းကဆို ၇ သောင်းပဲရှိတာ။ ဧရာပဒေသာဆန်က ၈ သောင်းအထိတောင် စျေးတက်သွားတယ် အဲ့ဒါလည်းအရင်တုန်းက ၅ သောင်းပဲပေးရတယ်။ ဆန်စျေးတွေ အကုန်တက်တယ် တစ်မျိုးကို သုံး လေး သောင်းလောက်ကို တက်သွားတယ်”ဟု ပြောသည်။

ယခုလို စစ်သုံးဆီနှင့် ဆန်စျေးနှုန်းများမြင့်တက်လာခြင်းသည် ဖားကန့်သွားလမ်း နန့်ယားကျေးရွာအဝင် စစ်တပ်ဂိတ် တွင် ဖားကန့်ဘက်သို့ တင်ပို့မည့် ဆန် နှင့် စက်သုံးဆီ တင်ပို့ခွင့်ပိတ်ဆို့ထားသည်။ ဖားကန့်တွင် အောက်တိုဘာလ ၁၅ ရက် နောက်ပိုင်းမှစတင်ကာ ဆန်နှင့် စက်သုံးဆီ တင်ပို့ခွင့်များပိတ်ဆို့ခံထားရပြီး နိုဝင်ဘာလ ၄ ရက်နေ့အထိ တစ်လခန့်ကြာမြင့်လာ ပြီဖြစ်သည်။

၂၀။ မိုလိုချောင်း အတက်ကျ ပုံမှန်မရှိတာကြောင့် ချောင်းအတွင်းခဲရှာသူများ အခက်တွေ့
November 3, 2022
ကရင်နီပြည် ဖားဆောင်းမြိုကနယ် ခဲမဖြူကျေးရွာ အနီးက မိုလိုချောင်းအတွင်းမှာ ခဲရှာယူ နေကြတဲ့ ဒေသခံတွေဟာ ချောင်းရေအတက်အကျ ပုံမှန်မရှိတာကြောင့် အခက်တွေ့နေကြရတယ်လို့ ချောင်းခဲလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါ တယ်။ “ဒီရာသီဥတုအခြေအနေပေါ့နော် မိုးရေနဲ့ ဥပမာ မိုးမမှန်တာပေါ့နော်။ တခါတေလေ ရေတက်လိုက်ရေကျလိုက် ဒါ အခက်တစ်ခုရှိမယ် နောက်တစ်ခုက ဒီ ကိုယ်ခဲလုပ်တဲ့အချိန်မှာပေါ့နော် တစ်နေရာထဲလုပ်လို့မရဖူးနော် နေရာရှာရတယ် အဲ့ချိန် မှာလဲ အခက်ခဲရှိတယ်” လို့သူကဆိုပါတယ်။ ဒါ့အပြင် ယခင်က ချောင်းခဲကိုလွတ်လွတ်လပ်လပ် လုပ်ကိုင်လို့ရပေမဲ့ ခုစစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာတော့ စိုးရိမ်စိတ်နဲ့လုပ်ကိုင်ရတာရှိတယ်လို့လဲ ပြောပါတယ်။ ချောင်းခဲလုပ်ကိုင်ရင် တစ်ရက်ကို ခဲတစ်ပိဿာ ဝန်းကျင်ရရှိပြီး ခဲတစ်ပိဿာကို ကျပ် တစ်သောင်းကျော် စျေးပေါက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကုန်စျေးနှုန်မြင့်တက်မှုကြောင့် လက်ရှိမှာ ရလာတဲ့ ဝင်ငွေနဲ့ ပြန်ပြီးဝယ်စားရတာက ပြန်ပြီးမကာမိဖူးလို့ ချောင်းခဲ လုပ်ကိုင်သူ အမျိုးသားတစ်ဦးကခုလိုပြောပါတယ်။ “ကုန်စျေးနှုန်းကတက်တယ် ဒါပေမဲ့တစ်ခါလေခဲစျေးက အရင်လိုပုံမှန် မတက်တဲ့ချိန်တော့ သိပ်တော့မကာမိဖူးပေါ့။ဒါပေမဲ့ အဲ့လိုပဲလုပ်စားနေရတာပေါ့” လိုဆိုပါတယ်။ မိုလိုချောင်းဟာ ခဲတွင်းရှိရာ မော်ချီးဒေသကနေ စီးဆင်းလာတဲ့ ချောင်းဖြစ်ပြီး ဒေသခံတွေက ချောင်းနဲ့ အတူမျောပါလာတဲ့ ခဲတွေကို ရှာယူနေကြရတာ ဖြစ်ပါတယ်။ မိုလိုချောင်းမှာ တနိုင်တပိုင် ခဲရှာတဲ့ လုပ်ငန်းလုပ်ကို လုပ်ကိုင်တဲ့ ဒေသခံတွေ ၄၀၀ ဝန်းကျင်ရှိနိုင်ပြီး တခြားသော ဒေသကသူ တစ်ချို့ပါ လာရောက်လုပ်ကိုင်သူတွေရှိနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

၂၁။ လားရှိုး မြို့တော်ခန်းမ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ NSSAA ထုတ်ပြန်
November 3, 2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့လယ်ခေါင်က မြို့တော်ခန်းမကို မနေ့က ဖောက်ခွဲတိုက်ခိုက်မှု တခု ပြုလုပ်ခဲ့တယ် လို့ ရှမ်းပြည်နယ် မြောက်ပိုင်း မဟာမိတ်တပ်ရင်း (N.S.S.A.A)က သတင်းထုတ်ပြန်ပါတယ်။ လားရှိုးမြို့လယ် ခေါင်က အချက် အချာကြတဲ့ မြို့‌တော်ခန်းမက စစ်ကောင်စီတပ်ဖွဲ့တို့ကို ပစ်မှတ်ထား ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဖောက်ခွဲမှုဖြစ်စဉ်အပြီး စစ်ကောင်စီတပ်ဖွဲ့ တို့ဟာ မြို့အနှံ့ ပိတ်ပင်စစ်ဆေးတာ၊ နေအိမ်‌တွေအတွင်း အတင်းအဓမ္မ ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီက ဦးစီးကျင်းပမယ့် နိုဝင်ဘာ (၄)ရက်နေ့မှာ စတင်မည့် လားရှိုးတန်ဆောင်တိုင်ပွဲကို ပြည်သူတွေ အနေနဲ့ ကျဆုံး သွားတဲ့တော်လှန်ရေး ရဲဘော်များ၊ မပြေလည်သေးတဲ့ ဒီမိုကရေစီဘက် တော်သားများကို ထောက်ထားကာ သွားရောက် ပျော်ပါး မှုတွေ မပြုလုပ်ကြဖို့လည်း NSSAA ဘက်က အသိပေး မေတ္တာရပ်ခံ ထားပါတယ်။

၂၂။ တနှစ်ခွဲကျော်အတွင်း စစ်တပ်က ပြည်သူ ၂၄၁၂ ဦးကို ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၁၆၀၀၀ ကျော်ထိ ရှိလာ
November 4, 2022
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၄၁၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၀၄၉ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၈၃၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၃၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၆ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရ တာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၈၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန် ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ရွာထောင် ဒီဇယ်စက်ခေါင်းစက်ရုံ အလုပ်ရုံစုမှူး ကိုအောင်ကျော်ကျော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်က စစ်ကိုင်းတိုင်းထဲက ပုပ္ပား ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုတပ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှား နေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက် လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ် အသိပေး အကြောင်းကြားနိုင်ပါတယ်။

၂၃။ ကရင်ပြည်နယ်ပွဲ လုံခြုံရေးကို ယခင်နှစ်ကထက် ပိုမိုတင်းကြပ်စွာချထား
November 4, 2022
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စစ်ကောင်စီ ကျင်းပပြုလုပ်မည့် (၆၇)နှစ်မြောက် ပြည်နယ်နေ့ပွဲတော်အတွက် လုံခြုံရေး ကို ယခင်နှစ်ကထက် ပိုမိုတင်းကြပ်စွာချထားလျက်ရှိကြောင်း ဒေသခံများပြောစကားအရ သိရသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်အတွက် ဖားအံမြို့တွင်း နေရာအနှံ့ လုံခြုံရေးတပ်ဖွဲ့များတင်းကြပ် စွာချထားကြောင်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ယခုလို ပြောသည်။ “အရင်နှစ်ကတော့ လုံခြုံရေးရှိတယ် လုံခြုံရေး တာ ရဲနဲ့ စစ်သားပေါ့၊ အဝင်ပေါက်တို့ အိမ်သာနားတို့မှာရှိတယ် နည်းနည်းချင်းစီရှိတာ။ ဒါပေမဲ့ အခုနှစ်ကျတော့ အဲ့ဒီပြည်နယ် ကွင်းလမ်း တစ်လျှောက် အတားအဆီးတွေချပြီးပိတ်ထားတယ်။ ပိတ်ထားတာကတော့ မနှစ်က အာဏာစသိမ်းကတည်းက၊ အဲ့နားမှာက စခနဲ့ပတ်သက်တဲ့ လူကြီးအိမ်ရာလည်းရှိတော့ပိုဆိုးတာပေါ့။ မနက်ခင်းပိုင်းလောက်ဆို အဲ့ပြည်နယ်ကွင်းနားတစ်ဝိုက်က ရဲနဲ့ စစ်သား အပြည့်ပဲ”ဟု ပြောသည်။ ပြီးခဲ့သည့်နှစ် စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် ၆၆ နှစ်မြောက် ကရင်ပြည်နယ်ပွဲတော်တုန်း ကလည်း ပွဲတော်အတွင်း လာရောက်သူများရှိခဲ့သော်လည်း အာဏာသိမ်းကာလလုံခြုံရေးများ ချမှတ်ထားခြင်းကြောင့် လာရောက်လည်ပတ်သူနည်းပါးခဲ့ကြောင်းလည်း မြို့ခံများက ပြောသည်။

အခြားဖားအံမြို့ခံတစ်ဦးကလည်း “ဟို့အရင်ပွဲတွေကလောက် ပျော်ဖို့ကောင်းမယ်မထင်ဘူး။ မြို့ထဲမှာကလည်း အစစ် အဆေးတွေ နေရာတိုင်းလိုလိုများလာတယ်။ ဒီတက္ကသိုလ်လမ်းကနေ ပြည်နယ်ကွင်းသွား တဲ့ဘက်အဲ့လမ်းက ပြည်နယ်ကွင်း ဘက် တိုက်ရိုက်ပေါက်တာကို ဂိတ်တွေချပြီး စစ်တာရဲနဲ့စစ်သားပေါင်းပြီးတော့ စစ်ဆေးတယ်”ဟု ပြောသည်။ ကရင်ပြည်နယ် နေ့ပွဲတော်ကို ယခင်နှစ်က ရိုးရာဒုံးအပါအဝင် လက်ဝှေ့ပွဲနှင့် တိုင်းရင်းသားဓလေ့ရိုးရာ ပြခန်းများပါထည့်သွင်းကျင်းပသွားခဲ့ပြီး ယခုနှစ်တွင်လည်း ၎င်းနည်းတူ ကျင်းပသွားရန် လုံခြုံရေးအပြည့်ချကာ စီစဉ်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

၂၄။ စစ်ကောင်စီ ဦးစီးပြီး ပြုလုပ်မည့် တောင်ကြီးတန်ဆောင်တိုင်ပွဲ ဒေသခံများက စိုးရိမ်နေ
November 3, 2022
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီ ဦးစီးပြီး တန်ဆောင်တိုင်ပွဲတော်ကို ပြုလုပ်မည်ဟု ဆိုသဖြင့် ပွဲတွင်းကာလတွင် ပဋိပက္ခဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြောင်းသိရှိရသည်။ လာမည့် နိုဝင်ဘာလ ၇ ရက်တွင် စတင် ပြီး မီးပဒေသာ လှည့်လည်ပူဇော်ပွဲ၊ သင်္ကန်းယက်လုပ် ပူဇော်ပွဲ၊ စိန်နားပန် မီးပုံးပျံ ၂ လုံးလွှတ်တင်ခြင်း၊ မီးပုံးငယ်များ လွှတ်တင် ခြင်းနှင့် မီးပုံးပျံပြိုင်ပွဲများကို ကျင်းပသွားမည် ဖြစ်ကြောင်း ကြေငြာထားသည်။ “ လောလောဆယ်တော့ မီးပုံးပျံပွဲထဲမှာ ဗုံးခွဲမှာ ကို စိုးရိမ်နေတယ်။ ကလောမြို့မှာလည်း မီးချောတိုင်ပွဲ လုပ်မယ်လို့ ပြောတယ်။ လားရှိုး၊ မေမြို့ တွေမှာ စစ်ကောင်စီက တစ်နိုင်ငံ လုံးလုပ်ခိုင်းနေတယ်လို့ ကြားတယ်။ အဲ့တော့ ဘယ်မြို့က ပွဲကြီးကြီးမားမား ဖြစ်မယ်တော့ မသိဘူး။ ပွဲကတော့ ဖြစ်မှာတော့ဖြစ် တယ် “ ဟု တောင်ကြီးမြို့ ဒေသခံ အသက် (၃၀) ကျော်အမျိုးသားတစ်ဦးက ပြောသည်။

“ တန်ဆောင်တိုင်ပွဲဆိုတာ ပျော်ပွဲ၊ ရွှင်ပွဲ ပဲလေ။ ဒီပွဲကိုတော့ ရိုးရာဓလေ့ထုံးစံပွဲဆိုပြီး ခေါင်းစဉ်တပ်တာတော့ မကောင်း ဘူးလေ။ စစ်ကိုင်း၊ မကွေး၊ ကယား၊ ကရင်တို့ဘက်မှာ ဒီလောက်ဖြစ်နေ၊ ပျက်နေတဲ့ ခေတ်မှာကို ကိုယ့်မှာက ဒီမှာကို ပျော်ပွဲ၊ ရွှင်ပွဲ လုပ်မယ်ဆိုတော့ တရားမမျှတဘူး။ ကျနော်အနေနဲ့ ပြောရရင်တော့ ဒီပွဲကို လုပ်ကိုမလုပ်စေချင်ဘူး “ဟု ၎င်းက ထပ်လောင်းပြောသည်။ ထို့အပြင် အောက်တိုဘာလ ၇ ရက်မှစပြီး ၉ ရက်ထိ စစ်ကောင်စီ ဦးစီးပြီး တန်ဆောင်တိုင်ပွဲတော်ကို ၃ ရက် ဆက်တိုက် ပြုလုပ်ကျင်းပ သွားမည်ဖြစ်သော်လည်း တောင်ကြီး မီးပုံးပျံ အဖွဲ့အစည်းများက လှုပ်ရှားပြီး ပါဝင်ပူးပေါင်းခြင်း မရှိသေးကြောင်း တောင်ကြီးမြို့ ဒေသခံ အသက် (၂၀) နှစ်ကျော် လူငယ်တစ်ဦးက ပြောသည်။ “ မလုပ်ရတာ ၂ နှစ်ရှိပြီဆိုပေမယ့် ဒီနှစ်တော့ ပွဲစည်မယ်မထင်ဘူး။ ပွဲရက်ကလည်း ၃ ရက် ပဲဆိုတော့လေ၊ ကျနော်တို့ ကြည့်ရသလောက်တော့ ကျနော်တို့ လူငယ်အဖွဲ့၊ မီးပုံးပျံ အဖွဲ့အစည်းတွေက ပါဝင်ပူးပေါင်းတာ မရှိဘူး။ အရင်နှစ်တွေတုန်းကဆိုရင် တန်ဆောင်တိုင်ပွဲမရောက် ရှေ့ (၃-၄) လ အချိန်လောက်က စပြီး မီးပုံးပျံတွေ လုပ်နေတာတွေ တွေ့ရတယ်။ ဒီချိန်မှာ ပွဲလုပ်မယ့်ချိန် မဟုတ်ဘူး “ ဟု ၎င်းလူငယ် က ပြောသည်။

၂၅။ စစ်တွေတွင် စက်လှေပိုင်ရှင် ၂ ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် စစ်ကောင်စီက အမှုထပ်ဖွင့်
November 4, 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းချောင်းတံတားနားမှာ ဖမ်းဆီးခံခဲ့ရတဲ့ စက်လှေပိုင်ရှင် ၉ ယောက်ထဲက ၂ ယောက် ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁) နဲ့ နိုဝင်ဘာ ၂ ရက်မှာ ထပ်မံအမှုဖွင့်လိုက်ပါတယ်။ ထပ်မံ အမှုဖွင့် ခံရတဲ့ စက်လှေပိုင်ရှင်တွေကတော့ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာက ဦးသိန်းထွန်းနဲ့ မကျည်းချောင်းရွာက ဦးသန်းဝင်း တို့ဖြစ်ပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့မှာ တရားရုံးကို အမှုရင်ဆိုင်ဖို့လာတဲ့အချိန်မှာ ဦးသိန်းထွန်းကို စရဖအဖွဲ့တွေက ဖမ်းခေါ် သွားပြီး ဦးသန်းဝင်းကတော့ ရုံးချိန်းရက်မှာ ခရီးလွန်နေလို့ ဖမ်းဆီးမခံလိုက်ရဘူးလို့ ဒေသခံကပြောပါတယ်။ စက်လှေပိုင်ရှင် တွေရဲ့ ဆွေမျိုးတော်စပ်သူတယောက်က “အဲဒီစက်လှေ ၉ စီးဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းရွာနားက မင်းချောင်းတံတား နားမှာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ စစ်(…)တွေက ဖမ်းဆီးခဲ့ပြီး စစ်လှေပိုင်ရှင်တွေကို စစ်တွေမြို့မရဲစခန်းမှာ ပြည်တွင်း ရေကြောင်း ဥပဒေပုဒ်မ ၄၃ နဲ့ အမှုဖွင့်ထားပြီး နိုဝင်ဘာလ ၂ ရက်မှာ စက်လှေပိုင်ရှင် နှစ်ယောက်ကို မတရားအသင်း ဆက်သွယ် မှုနဲ့ ထပ်မံအမှုဖွင့်ခံခဲ့ရတာ” လို့ ပြောပါတယ်။

အဲဒီစက်လှေပိုင်ရှင်တွေက ULA/AA ကို စက်လှေအကြီးတစီးကို ၅၀,၀၀၀ ကျပ်၊ စက်လှေ အငယ်တစီးကို ၃၀,၀၀၀ ကျပ် အခွန်ပေးဆောင်ရတယ်လို့ ထွက်ဆိုတာကြောင့် ULA/AA နဲ့ ဆက်သွယ်တဲ့အတွက်ထပ်မံ အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။ စက်လှေ ပိုင်ရှင် ၉ ယောက်နဲ့ စက်လှေ ၉ စီးကို စစ်ကောင်စီတပ်က အောင်တိုဘာ ၁၂ ရက် ညနေ ၅ နာရီလောက်က စစ်တွေမြို့နယ်၊ အမြင့်ကျွန်းရွာနားက မင်းချောင်းတံတားအောက်မှာ ဆိုက်ကပ်ထားစဥ် စစ်ကား ၄ စီးနဲ့ လာရောက် ဖမ်းဆီးသွားခဲ့ကြတာပါ။ ဒီနောက် စက်လှေပိုင်ရှင် ၉ ယောက်ကို ပြည်တွင်းရေကြောင်းသွား ရေယာဥ်ဥပဒေပုဒ်မ -၄၃ နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့် လိုက်ကာ အောက်တိုဘာ ၂၂ ရက်က အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ စက်လှေနဲ့ ပိုင်ရှင်တွေကတော့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို ကုန်ပစ္စည်း ပို့ဆောင်တဲ့ စက်လှေတွေဖြစ်ပြီး ရေချမ်းပြင်၊ သင်းပုန်းတန်း၊ စေတီပြင်၊ ရသေ့တောင်၊ မန်းကျည်းချောင်းနဲ့ အမြင့်ကျွန်း ကျေးရွာတွေက စက်လှေနဲ့ ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။

၂၆။ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက ဖုန်းအင်တာနက်အစား Mytel Wifi တပ်ဆင်နေ
November 3, 2022
ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက Mytel Wifi ကို အခကြေးယူပြီး အလျှင်အမြန်တပ်ဆင်လာကြောင်း သိရသည်။ စစ်ကောင်စီသည် ဖားကန့်တစ်မြို့နယ်လုံးကို ဖုန်း အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့် တစ်နှစ်ကျော်အကြာတွင် ယခုကဲ့သို့ စစ်တပ်ပိုင် Mytel Wifi အင်တာနက် တပ်ဆင်လာခြင်းဖြစ်ပြီး လက်ရှိ ဖားကန့်မြို့ပေါ်နှင့် အချို့ကျေးရွာများထိ တပ်ဆင်မှုပြီးစီးနေပြီဟု ဖားကန့်မြို့ အေးမြသာယာ ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ ”ကြိုး Wifi ဟုတ်တယ် အခုကြိုးတွေဘာတွေတပ်နေပြီ အခုဖားကန့်မြို့ပေါ်မှာတော့ ကြိုးတွေအကုန်ဆွဲပြီးပြီ။ လိုင်းတွေလည်း အကုန်ရနေပြီတဲ့ ဒါပေမယ့် မရောင်းသေးတာ ကြိုးတွေတော့ နေ့တိုင်းလိုလိုဆွဲနေတာ မနားဘူး” ဟု ပြောသည်။ အဆိုပါ Mytel Wifi စက်များတွင် ဖုန်းငါးလုံးအထိအသုံးပြုနိုင်မည့် 5mbs သာပါရှိမည်ဖြစ်ပြီး တစ်လ လျှင် ကျပ် ၂၈၀၀၀ နှုန်းဖြင့် ကောက်ခံသွားမည်ဟု သိရသည်။

စစ်ကောင်စီသည် ဖားကန့်မြို့နယ်ကို ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ပြီး Mytel Wifi အင်တာနက် အလျှင်အမြန် တပ်ဆင်လာနေခြင်းသည် စစ်တပ်၏ အကျိုးစီးပွားအတွက် အသုံးချနေခြင်းသာ ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေ ကြသည်။ ဖားကန့်တစ်မြို့နယ်လုံးကို လွန်ခဲ့သည့် ၂၀၂၁ သြဂုတ်လကတည်းက ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်း ဖြစ်ပြီး အင်တာနက်အသုံးပြုလိုသည့် ဒေသခံများမှာ IP Star တပ်ဆင်ထားသည့် အင်တာနက်ဆိုင်များတွင် တစ်နာရီကျပ် ၅၀၀၀ နှင့်ကျပ် ၁၀၀၀၀ ကြားပေး၍အသုံးပြုနေရသည်။

၂၇။ မြ၀တီနှင့် ကော့ကရိတ်တွင် ခရိုင်ရဲမှူးများ လစ်လပ်နေပြီး ရာထူးနေရာရွှေ့ပြောင်းတာ၀န်ထမ်းဆောင်လိုသည့် အရာရှိ မရှိဖြစ်နေ
November 4, 2022
ကရင်ပြည်နယ် စစ်ကောင်စီ ရဲတပ်ဖွဲ့ လက်အောက်ခံမြ၀တီနှင့် ကော့ကရိတ်ခရိုင်အဆင့် ရဲတပ်ဖွဲ့ရုံးများတွင် ခရိုင်ရဲမှူး အဆင့် တာ၀န်ရှိသူများလစ်လပ်နေပြီး ရာထူးနေရာ ရွှေ့ပြောင်းတာ၀န်ထမ်းဆောင်လိုသည့် အရာရှိ မရှိဘဲတာ၀န်ကျ ရွှေ့ပြောင်း မခံရရေး အကြောင်းအမျိုးမျိုးပြ၊ ငွေပေးနေကြရကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနှင့် နီးစပ်သူများ ပြောစကားအရ သိရသည်။ “မြ၀တီက ခရိုင်မှူးက ငွေစားများပြီး ပြည်နယ်က ဖမ်းထားတာ ၃ လလောက်ရှိနေပြီ။ ကော့ကရိတ်က ခရိုင်မှူးက ထွက်ပြေး တာလား၊ နယ်ပြောင်းခံရတာလား တော့မသိဘူး၊ လစ်လပ်နေတာ ၆ လလောက် ရှိပြီ၊ မြို့နယ် ၂ ခုက ခရိုင်မှူး ၂ နေရာကို ရွှေ့ချင် လို့ အရင်ကဆို ငွေပေးပြီး နေရာပြောင်းကြတာ အလုအယက်ပဲ၊ အခုတော့ ဒီမြို့နယ်တွေကို ငွေပေးပြီး ပြောင်းလာမယ့်သူမရှိဘူး ဖြစ်နေတယ်၊ ဒုရဲမှူးတွေက ယာယီခရိုင်မှူးလုပ်ပြီး နေနေရတယ်၊ ”ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်း သတင်းအရင်းအမြစ်က ပြော သည်။ ထို့အပြင် ရာထူးတိုးဖြင့် တာ၀န်ကျမည့်သူများသည်လည်း မြ၀တီနှင့် ကော့ကရိတ်ကို တာ၀န်မကျအောင် တခြား အဆင်ပြေပြဿနာမများသည့် နေရာများဘက်ကိုပင် ရွှေ့ပေးရန် ပြည်နယ်လူကြီးများကို လာဘ်ငွေပေး အလိုက်များသည်ဟု စစ်ကောင်စီ လက်အောက်ခံ ရဲအသိုင်းအဝိုင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့ များတွင် မူးယစ်ဆေး အကြောင်းပြ၊ နိုင်ငံရေးအကြောင်းပြကာ ဒေသတွင်းပြည်သူများအပေါ် အကျင့်ပျက်ခြစားငွေတောင်းမှု၊ ခြိမ်းခြောက် ငွေညစ်ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာနေသည်ဟု မြို့ခံများက ပြောဆိုကြသည်။ ၎င်းအပြင် ဒုစရိုက်မှု ၊ လောင်းကစားမှု၊ လုယက်မှု၊ ခိုးမှုများအား ရပ်ကွက် မြို့ရွာနေပြည်သူများက ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုများ လုပ်ဆောင်ရာတွင်လည်း လာဘ်ငွေပေးမှသာ အမှုဖွင့်လှစ်ပေး ကြောင်း မြို့ခံများထံမှ သိရသည်။ ဖားအံမြို့ခံတစ်ဦးက “ရပ်ကွက်ထဲ ဆိုင်ကယ်ခိုးခံရလို့ အမှုဖွင့်ဖို့သွားတယ်၊ တရားခံလို ခြိမ်းခြောက် မေးမြန်းတယ်၊ မအားသေးဘူး ပြောတယ်၊ ရပ်ကွက် နယ်ထိမ်းကနေတစ်ဆင့် ငွေပေးတော့မှ အမှုဖွင့်ပေးတယ်၊ အမှုတော့ လိုက်ပေးတာ မရှိဘူး၊ သူတို့က နေ့တိုင်းလမ်းပေါ်မှာ လူပြတ်တဲ့နေရာတွေက စောင့်ပြီးဆိုင်ကယ်ကားတွေ စစ်တယ်၊ အမှုတစ်မျိုးမျိုး အကြောင်းပြ ဖမ်းခေါ်ထားပြီး အိမ်ကလူငွေနဲ့လာရွေးခိုင်းတာမျိုးတွေ အဖြစ်များ လာတယ် ”ဟု ပြောသည်။

၂၈။ တာချီလိတ်မြို့ ယာဉ်အချင်းချင်းတိုက်မိကြရာ တစ်ဖက်မှသေနတ်ကိုင်ပြီး ခြိမ်းခြောက်
November 4, 2022
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယာဉ်အချင်းချင်းတိုက်မိကြရာတစ်ဖက်မှသေနတ်ကိုင်ဆောင်ပြီး ခြိမ်းခြောက် မှုပြုလုပ်နေကြောင်း သိရှိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃) ရက် ည ၉ နာရီဝန်းကျင်တွင် တာချီလိတ် ဝိန်းကျောက် ရပ်ကွက် စိန်ပန်းနီနီ စားသောက်ဆိုင်ရှေ့ ကားလမ်းမကြီးပေါ်တွင် ကား နှင့် ဆိုင်ကယ် ယာဉ်ချင်းတိုက်မိကြရာ တစ်ဖက်မှ သေနတ်ကိုင်ဆောင်ပြီး ခြိမ်းခြောက်သွားကြောင်း တာချီလိတ်မြို့ ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦး က ပြောသည်။ “ မနေ့ညက ဝိန်းကျောက် ရပ်ကွက်မှာ ကား နဲ့ ဆိုင်ကယ် တိုက်မိတယ်။ ကားပေါ်က မြန်မာစကား မပြောတတ်တဲ့ တရုတ် နိုင်ငံသား ၂ ယောက် ပါတယ်လို့ ပြောတယ်။ အဲ့ချိန်မှာ တရုတ်နိုင်ငံသားက နောက်လူကို ဖုန်းဆက်ပြီး လှန်းခေါ်လိုက်တာ။ နောက်တစ်ယောက် ကား နဲ့ ရောက်လာပြီး သေနတ်ပါကိုင်လာတယ်။ ဆိုင်ကယ်မှောက်ပြီး လှဲနေတဲ့သူက ရဲကို တိုင်မယ်ဆိုပြီး ပြောတော့ သေနတ်ကိုင်လာတဲ့သူက သူ့ကို ချိန်ပြီး ခြိမ်းခြောက်သွားတယ်“ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် တရားမဝင် နိုင်ငံခြားသားများနှင့် အထောက်အထားမဲ့ တရုတ်နိုင်ငံသားများရှိနေပြီး ကာစီနို အွန်လိုင်း ဂိမ်းများကို လာရောက်ဖွင့်လှစ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို အာဏာရှင်များနှင့် ပူးတွဲလုပ်ဆောင်နေကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။ “ဝိန်းကျောက် ရပ်ကွက်မှာတော့ တရုတ်နိုင်ငံသားတွေ အများကြီးရှိ နေတယ်။ ဝမ်ကောင်းရွာ ဘက်တွေမှာကော တရုတ်နိုင်ငံသားတွေက အွန်လိုင်းဂိမ်း၊ ကာစီနိုတွေ လာလုပ်တယ်။ တာချီလိတ်က အာဏာရှင်တချို့ နဲ့ ပူးပေါင်းပြီး စီးပွားရေး လာလုပ်ကြတယ်။ စီးပွားရေး တချို့ကလည်း လက်နက်ကိုင် တပ်ဖွဲ့ထဲကိုဝင်ထား တာ ရှိတယ်။ အခု တာချီလိတ်မြို့မှာ တရုတ်တွေက ဉပဒေမဲ့ လက်နက်ကိုင်လာ နိုင်တော့ စိုးရိမ်ရတယ် “ ဟု ၎င်းက ပြောသည်။ ထို့အပြင် တာချီလိတ်မြို့ မကာဟိုခမ်း၊ ဆိုင်းခေါင်၊ မိုင်းဖုန်း၊ မန်ယန်း စသည့် ရပ်ကွက်တွင် နယ်ထိန်းပြည်သူ့စစ်များနှင့် လက်နက်ကိုင် အဖွဲ့အစည်းများရှိနေကြောင်း သိရသည်။

၂၉။ ကျောင်းနေအရွယ် စစ်ရှောင်ကျောင်းသားတွေအတွက် “ခူးထဲဘူးဖဲ ပညာသင်ဆု” အစီအစဉ်ပြုလုပ်
November 4, 2022
ကရင်နီပြည်တွင်းက ပညာသင်ကြားရန်ခက်ခဲနေတဲ့ စစ်ရှောင်ကလေးတွေအတွက် “ခူးထဲဘူးဖဲ ပညာသင်ဆု” အစီ အစဉ် တစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သွားမှာဖြစ်ပြီး အလယ်တန်းနဲ့အထက်တန်းကျောင်းသူ၊ကျောင်းသား ၁၅ဦး ကို ရွေးချယ်ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပထမဦးဆုံးပြုလုပ်တဲ့ ပညာသင်ဆု အစီအစဉ်မှာတော့ ခူးထဲဘူးဖဲရဲ့ မိသားစု ဆွေမျိုးတော်စပ်သူတွေ ကနေ စတင်လုပ်ဆောင်တာဖြစ်သလို ခူးထဲဘူးဖဲဟာ စာပေဝါဿနာပါတဲ့ သူတစ်ဦးဖြစ်ပြီး အောက်မေ့ တဲ့အနေနဲ့ အခုလို အစီအစဉ်ကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သမီးဖြစ်သူ တစ်ဦးက ဆိုပါတယ်။ “ ကျမတို့ အစပဲ လုပ်တယ်ဆိုတော့ အများကြီးတော့ မဟုတ်ဘူး။ ကျောင်းသား ၁၅ ယောက်လား အဲ့ဒီထက် များများရရင်တော့ အယောက် ၂၀ လောက်အထိပေါ့။ အဲ့လောက်အထိ အရင်ပေးမယ်။ ကျမတို့ fundတွေ ထပ်စုနိုင်ရင် တော့ ဆက်ပေးမှာပေါ့ အဲ့လိုပါပဲ။ ကျောင်းသူ၊ ကျောင်းသား တွေရဲ့ အသုံးစရိတ်လောက်ပဲ coverပေးတာပေါ့နော။ “ လို့ ခူးထဲဘူးဖဲ သမီးဖြစ်သူတစ်ဦးက ပြောပါတယ်။

ပညာသင်ဆု အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး လက်ရှိ ကနဦး အစီအစဉ်မှာတော့ ပညာသင်ဆုရရှိတဲ့ ကျောင်းသားတစ်ဦးကို တစ်သိန်းကျပ် ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ဆုကို အောက်ပါ Google ဖောင်ကနေလျောက်ထားနိုင်သလို ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ Karenni Humanitarian Aid Initiative – KHAI) ရုံးမှာလည်း လျောက်ထားနိုင်တယ်လို့ သိရပါတယ်။ ခူးထဲဘူးဖဲ ဟာဆိုရင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ မှာ အထွေထွေအတွင်းရေးမှူး၊ ပါတီ ဥက္ကဋ္ဌ ၊ ပါတီ ဒုဥက္ကဋ္ဌ နဲ့ တိုင်းရင်းသားလူမျိုးများ ကောင်စီ ( ENC) ရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ကင်ဆာရောဂါ နဲ့ ကွယ်လွန်သွားခဲ့ သူတစ်ဦး ဖြစ်ပါတယ်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button