တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 80, November 1, 2022)

 

၁။ ဝိုင်းမော် – ကန်ပိုင်တီလမ်းမပေါ်ရှိ စစ်ကောင်စီပူးပေါင်းစခန်းကို KIA-PDF သွားရောက်တိုက်ခိုက်
October 31, 2022
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အင်ဝမ်းကောင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က KIA – PDF ပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဝိုင်းမော် – ကန်ပိုင်တီ လမ်းပေါ်ရှိ အင်ဝမ်းကောင်ကျေးရွာအနီးမှ စစ်ကောင်စီတပ်နှင့် ဒေသအခေါ် လီဆူပြည်သူ့စစ်တို့၏ ပူးပေါင်းတပ်စခန်းကို သွား ရောက်ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြေပြင်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြော သည်။ “နေ့လယ် ကနေစဖြစ်တာ ခုထိလည်း အပြန်အလှန် ချနေကြတုန်းပဲ။ အဲ့ကစခန်းက ခုနောက်ပိုင်းမှ ပြန်ချထားကြတာ။ ဘွမ်တောင်စခန်းမှာရောနည်းနည်းရှိတယ်။ ခုအဲ့စခန်းမှာရောရှိတယ်။ ဦးရွှေမင်းပြည်သူ့စစ်နဲ့ စစ်တပ်ကလူတွေ ပေါင်းပြီး နေကြ တာ။ နှစ်ဖက်အကျ စာရင်းတွေ ထိခိုက်ဒဏ်ရာရတာတွေကတော့ မပြောနိုင်သေးဘူး။ ဘာလို့ဆို ခုထိဖြစ်နေသေးလို့” ဟု သူက ပြောသည်။

KIA-PDF သွားရောက်တိုက်ခိုက်ခဲ့သည့် အဆိုပါ စစ်ကောင်စီစခန်းမှာ ဝိုင်းမော်အခြေစိုက် တပ်ရင်း ၅၈၊ တပ်ရင်း ၈၈ နှင့် ဒေသအခေါ်လီဆူပြည်သူ့စစ်များ ပူးပေါင်းပြီး အာဏာသိမ်းပြီးနောက်ပိုင်း တပ်စခန်းချထားသော လူအင်အား ၇၀ ခန့်ရှိသော စခန်းဖြစ်သည်။ ဝိုင်းမော်မြို့ KIA တပ်ရင်း (၃) လှုပ်ရှားဒေသရှိ ဘွမ်တောင်ကျေးရွာအနီး စစ်ကောင်စီစခန်းကိုလည်း ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ် KIA – PDF တို့တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

၂။ စစ်တွေတွင် ကမန်အမျိုးသမီးတစ်ဦး အသတ်ခံရ
October 31, 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် အသတ်ခံထားရသည့် အုတ်ဖိုပိုင်ရှင် ကမန်အမျိုးသမီးတစ်ဦး အလောင်းကို ယနေ့ နံနက်ကတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။ အသတ်ခံရသည့်အမျိုးသမီးမှာ စစ်တွေမြို့နယ်၊ သင်္ဂနက် ကမန်ကျေးရွာမှ အသက် (၄၅)နှစ်အရွယ် ဒေါ်မအေးဝင်းဖြစ်သည်။ အလောင်းကို စစ်တွေမြို့နယ်၊ ပျားလည်ချောင်းကျေးရွာအနောက်ဘက်ရှိ အုတ်ဖို နားတွင် ယနေ့အောက်တိုဘာလ ၃၁ ရက်၊ နံနက် ၉ နာရီကျော်က တွေ့ရှိခြင်းဖြစ်သည်ဟု အလောင်းအား စစ်တွေပြည်သူ့ ဆေးရုံ သို့ သွားရောက် ယူဆောင်၊ ပို့ဆောင်ပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုး က ပြောသည်။

“သေနေတာကတော့ ပျားလည်ချောင်းရွာနောက်က အုတ်ဖိုနားမှာ သေနေတာ။ မျက်နှာက ရစရာမရှိအောင် ဖူးရောင် နေပြီး နားရွက်ထဲက သွေးတွေ ထွက်နေတယ်။ ခေါင်းထိထားတဲ့ ပုံစံမျိုး” ဟု ပြောသည်။ သေဆုံးသွားသည့် ဒေါ်မအေးဝင်းသည် အုတ်ဖိုပိုင်ရှင်တစ်ဦးဖြစ်ပြီး သူမကိုမည်သူက သတ်သွားခဲ့မှန်း လောလောဆယ် မသိရသေးဟု ဆိုသည်။ သေဆုံးသွားသည့် ဒေါ်မအေးဝင်းကို စစ်တွေမြို့၊ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး သူမတွင် အသက်(၂၀)အရွယ် သမီးတစ်ဦး ရှိသည်ဟု လည်း သိရသည်။

၃။ မီးပျက်တာ ၁၁ ရက်ခန့်ရှိပြီဖြစ်တဲ့ဟားခါးမြို့မှာ မီးသွေးဈေးနှုန်းတွေအဆမတန်မြင့်တက်ကာ ဖယောင်းတိုင်ဝယ်ဖို့ လည်းမရှိလို့သိရ
October 31, 2022
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အောက်တိုလာ ၂၁ ရက်ကစပြီး ဒီနေ့အထိ၁၁ ရက်ကြာ လျှပ်စစ်မီးပျက်နေလို့ မီးသွေး ဈေးနှုန်းတွေအဆမတန်မြင့်တက်ကာ ဆိုင်မှာ ဖယောင်းတိုင်ဝယ်ဖို့လည်း မရှိတော့ဘူးလို့ ဟားခါးဒေသခံတစ်ချို့တွေက ဆိုပါ တယ်။ “မီးမလာတာ ၁၀ ရက်‌ကျော်၊ ၁၁ ရက်‌လောက်ရှိပြီ၊ ကျွန်တော်တို့က စားသောက်ဆိုင်ဖွင့်တာဆိုတော့ အခက်တွေ့တာက မီးသွေးပေါ့၊ စတုန်းက တစ်သောင်းကျော်လောက်ရှိတယ်၊ ခုကကျ နှစ်သောင်းဝန်းကျင်လောက်ရှိတော့ တော်တော်လည်း ခက်ခဲ ပါတယ်၊ ဖယောင်းတိုင်ဆိုလည်း ဆိုင်မှာ ဝယ်ဖို့တောင် မရှိတော့ဘူး၊ ပြတ်နေပြီ။” ဟု ဟားခါးမြို့ကစားသောက်ဆိုင် တစ်ဆိုင်ရဲ့ ဆိုင်ရှင်က ဆိုပါတယ်။

လက်ရှိ ဟားခါးမြို့မှာ များသောအားဖြင့် မီးသွေးကို ကလေးဝဘက်ကနေမှာကြတာဖြစ်ပြီး နှစ်သောင်းဝန်းကျင်နဲ့ ဝယ်ရ တယ်လို့လည်း သိရပါတယ်။ အခုမီးပျက်တာက ဟားခါးကနေ ခုနှစ်မိုင်အကွာလောက်က နီပီးရွာမှာ လျှပ်စစ်ဓာတ်တိုင်ပြိုကျ တာဖြစ်ပြီး ပြန်ပြင်ရမှာက တစ်လလောက်ကြာနိုင်တယ်လို့ ဒေသခံတွေကပြောဆိုကြတာရှိပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အတွင်း ဟားခါးမြို့မှာ ခရိုင်မီးသတ်ရုံးမီးလောင်ခဲ့သလို မြို့နယ် ဌာနပေါင်းစုံ ရုံးလည်းမီးလောင်ခဲ့တာတွေရှိခဲ့ပြီး ဟားခါးမြို့တွင်း မှာလည်း ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

၄။ လက်မထပ်ဘဲ ကိုယ်ဝန်ရသွားတဲ့ အမျိုးသမီးတစ်ဦး ရွာဓလေ့အရဆိုပြီး ဒဏ်ငွေ ၄ သိန်း ပေးဆောင်ခဲ့ရ
October 31, 2022
ရှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုထဲမှ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ လက်မထပ်သေးဘဲ ကိုယ်ဝန်ရသွားတာကြောင့် ကျေးရွာလူကြီးတွေက ရွာရဲ့ဓလေ့ထုံးတမ်းအရ သူမမှာ အပြစ်ရှိတယ်ဆိုပြီး ဒဏ်ငွေ ၄ သိန်း ပေး ဆောင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသမီးဟာ ဆင်းရဲတဲ့မိသားစုကဖြစ်ပြီး ဒဏ်ငွေ ပေးဆောင်နိုင်ဖို့အတွက် ကျေးရွာထဲက ဒေသခံတစ်ဦးဆီကနေ အတိုး ၅ ကျပ်နှုန်းနဲ့ ချေးပြီးတော့ စက်တင်ဘာလထဲ ပေးဆောင်ခဲ့ရတယ်လို့ သူမက ပြောပါ တယ်။ “သူတို့က ပေးရမယ်ဆိုတော့ မပေးဘဲ မနေရဲဘူးလေ။ သူများဆီ အတိုးနဲ့ချေးပြီး ပေးရတာ။ အဲဒီအတိုးတွေ ပြန်ပေးနေရတော့ စားဝတ်နေရေးက အရမ်းခက်ခဲတယ်။ ကျမလည်း အဲလိုမဖြစ်ချင်ဘူးလေ” ၎င်းအမျိုးသမီးဟာ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မှာ ကြံ သွားခုတ်ရာကနေ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်ကြပြီး မှားမိရာကနေ သူမ ချစ်သူ ဖြစ်တဲ့ အမျိုးသားဟာ လက်ထပ်မယ်လို့ပြောပြီးနောက် အဆက်အသွယ် ဖြတ်သွားတယ်လို့ ကာယကံရှင် အမျိုးသမီးက ဆက်ပြောပါတယ်။

ကျေးရွာရဲ့ ဓလေ့ထုံးတမ်းအရ လက်မထပ်သေးဘဲ ကိုယ်ဝန်ရသွားရင် ဒဏ်ငွေ ပေးဆောင်ရတယ်လို့ ပန်လုံကျေးရွာ အုပ်စုထဲမှ ရွာလူကြီးတစ်ဦးက ပြောပါတယ်။ “သူက နောက် ၁၅ ရက်လောက်ဆို သူ့ကောင်လေးက မင်္ဂဆောင် လာချက်မယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့မလာဘူး။ ရွာရဲ့ဓလေ့အရ အပြစ်ပေးရတာဖြစ်တယ်” ပန်လုံကျေးရွာအုပ်စုထဲမှ အမည်မဖော်လိုသူ နောက်ထပ်အမျိုးသမီးတစ်ဦးက “အဲလို ဒဏ်ငွေပေးခိုင်းတာ မတရားဘူးလို့မြင်တယ်။ ရွာရဲ့ဓလေ့ဆိုရင်လဲ တစ်သိန်းလောက် ဆိုတော်ပေါ့။ သူ့ရဲ့မိဘတွေလည်း ဘာမှမရှိဘူးလေ” လို့ ဆိုပါတယ်။ ကျေးရွာတွေရဲ့ ဓလေ့ထုံးတမ်းတွေဟာ အမျိုးသမီးတွေ အပေါ် ဖိနှိပ်တဲ့ ဓလေ့တွေသာဖြစ်ပြီး အဲဒီဓလေ့တွေဟာ ဥပေဒအရ ကြည့်ရင်လည်း တရားမျှတမှု မရှိဘူးလို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)မှ လွေးပကျိုဝ်းဇားက ပြောပါတယ်။ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ TWO အဖွဲ့သို့ အမျိုးသမီးအပေါ် အကြမ်းဖက်နဲ့ ပတ်သက်ပြီး လာရောက်တိုင်ကြားတဲ့ အမှုပေါင်း ၇၁ မှုအထိ ရှိတယ်လို့ လွေးပကျိုဝ်းဇားက ပြောပါတယ်။

၅။ ရခိုင်ပြည်နယ်တွင် ထွေအုပ်ဝန်ထမ်း ၂ ဦး အပါအဝင် ၇ ဦးကို AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီး
October 31, 2022
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်း ၂ ဦးနှင့်အပါအဝင် တောင်ကုတ်နှင့် အမ်းမြို့နယ်များမှ ဒေသခံ ၅ ဦး၊ စုစုပေါင်း ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး အမှုဖွင့်ထားသည်ဟု သိရသည်။ သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးဝင်းမောင်မောင်ဖြိုး (ခ) ကိုဖြိုး၊ ရပ်/ကျေးစာရေး ဦးလှိုင်ဝင်းထွဋ် (ခ) ဝင်းထွဋ် တို့ကို စစ်ကောင်စီဘက်က မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးပုဒ်မ ၅၀- က တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတူ တောင်ကုတ်မြို့နယ်၊ မှိုဟင်းရွာမှ ဦးကျော်သောင်း၊ မှန်နီရွာမှ ဦးစိုးမင်းထွန်း၊ ညောင်ဖောက်ရွာမှ ဦးအေးကျော်ကျော်နှင့် အမ်းမြို့နယ် တလိုင်းတောင်ရွာမှ ဦးအောင်ဆန်း၊ သရက်ပင်ချောင်းရွာက ဦးကိုကိုနိုင် တို့ကိုလည်း မတရားအသင်း ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးအမှုဖွင့်ထားခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် AA ကို ငွေကြေးထောက်ပံ့မှုအပြင် စစ်ကောင်စီတပ်၊ ရဲနှင့် အစိုးရဝန်ထမ်းများ၏ လှုပ်ရှားဆောင်ရွက်မှုများကို သတင်းပေးပို့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရခိုင်နေ့စဉ်သတင်းတွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ်တွင် ၂ဝ၂၂ ခုနှစ် ဇွန်လမှ အောက်တိုဘာလကုန်အထိ ၅ လအတွင်း AA နှင့် ပတ်သက်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်ဆီးခံထားရသူ ဒေသခံ ၁၀၀ ကျော်ရှိနေကြောင်း သိရသည်။

၆။ ကံပေါက်ဒေသတွင် ရာဘာခြံ မန်နေဂျာ မိသားစုက အသက်မပြည့်သေးသည့် ကလေးငယ် ၄ ဦးကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှု ဖြစ်ပွား
October 31, 2022
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ ဂန့်ဂေါ်တောင် ကျေးရွာတွင် အသက်မပြည့်သေးသော ကလေးငယ် ၄ ဦး ကို ရာဘာခြံ မန်နေဂျာ မိသားစုက ရိုက်နှက်ပြီး ဆေးလိပ်မီးဖြင့်တို့ကာ နှိပ်စက်မှု ဖြစ်ပွားကြောင်း သတင်း ရရှိသည်။ ပြင်းထန်စွာ နှိပ်စက်ခံခဲ့ရသော ၁၅ နှစ်အောက် ကလေးငယ် ၄ ဦးထဲမှ အသက် အကြီးဆုံး ဖြစ်သည့် ၁၃ နှစ် အရွယ်ရှိ မသဇင်မိုးသည် အောက်တိုဘာ လ၂၁ ရက်နေ့မှာ လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် ခံထားရမှုကြောင့် ကံပေါက်ဆေးရုံကို တင် လိုက်ရကာ ဒဏ်ရာ ပြင်းထန်ပြီး စိုးရိမ်ရသည့် အတွက် ထိုမှတဆင့် ထားဝယ်မြို့ ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်လိုက်ရ ကြောင်း ဒေသခံများက ပြောသည်။ “ကလေးကို ထားဝယ်မြို့ဆေးရုံကြီးကို ၂၂ ရက်နေ့မှာ တင်လိုက်ရတယ်။ နှိပ်စက်ထားတာ က အရမ်းကို ပြင်းထန်ပါတယ် ရှင်။ ကလေးရဲ့ခန္ဒာကိုယ်အနှံ့ကိုလည်း ဆေးလိပ်မီးနဲ့ ထိုးတယ်။ သူတို့ရဲ့ ရာဘာလှန်းတဲ့ ဂိုဒေါင် ထဲမှာလည်း အကျီ်ကို အကုန်ချွတ်ခိုင်းပြီးတော့ သံကြိုးနဲ့ တွဲလောင်းချည်ပြီး ရိုက်တယ်။ ပြီးတော့ သူ့သမီးက တစ်ခါ ကြိုးကို ဖြည်ပေးပြီး ရင်ဘတ်ပေါ်ကို ဒေါက်ဖိနပ်နဲ့ တက်နင်းပြီး ထပ်နှိပ်စက်တယ်။ အဲဒီဒဏ်ရာတွေကြောင့် အခုတော့ ကလေး က အဆုပ် ရောင်နေပါတယ်။ ကျမဆို ကလေး ခံစားနေရတဲ့ ဒဏ်ရာတွေကို ကြည့်ပြီး နေတိုင်းငိုရပါတယ်”ဟု လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ကလေးများကို နှိပ်စက်နေသည်မှာ ၂ လခန့် ရှိပြီ ဖြစ်ပြီး မသဇင်မိုး ထားဝယ်ဆေးရုံကို ရောက်သည်မှာ ၁၀ ရက် ခန့် ရှိနေပြီဟုလည်း ဆိုသည်။ “ဒီနေ့မှ မျက်လုံး နည်းနည်းလေး ဖွင့်နိုင်တယ်ရှင်။ စကားကတော့ မပြောနိုင်သေးဘူး”ဟုလည်း လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ဒေသခံက ပြောသည်။ ကလေး၏ မိဘများကလည်း ကလေးအနားမှာ လာရောက်ပြုစု ပေးနေပြီ ဖြစ်ကြောင်း၊ ပြစ်မှု ကျူးလွန်ထားသူများ ဘက်ကတော့ ယနေ့အထိ လာရောက်ကြည့်ရှုခြင်း မရှိသေးကြောင်း၊ ဂန့်ဂေါ် တောင် ဘုန်းကြီးကျောင်းက ဦးပဉ္ဖင်းက ဆေးကုသစရိတ်များ အတွက် လာရောက်ကူညီပေးခြင်း ရှိကြောင်းလည်း ၎င်းက ပြောပြသည် ။ညှဉ်းပန်းနှိပ်စက်ခံရသော ကလေးငယ် ၄ ဦးမှာ မောင်နှမများ ဖြစ်ကြောင်းလည်း သိရသည်။ ပြစ်မှု ကျူးလွန်သူ များဖြစ်သည့် ရာဘာခြံ မန်နေဂျာ ဦးရီလွင် နှင့် ဇနီးဖြစ်သူ ဒေါ်ဌေး၊ သမီးဖြစ်သူ မရီမာလွင်တို့ကို ရေဖြူမြို့နယ် ရဲစခန်းမှ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ပုဒ်မ အပါအဝင် စုစုပေါင်း ပုဒ်မ ၄ ခုဖြင့် ဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားကာ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လိုက်ပါ ကူညီပေးနေသူ တချို့က ပြောသည်။

၇။ ဖယ်ခုံမြို့နယ် ကယန်းပြည်သစ်ပါတီ နှင့် စစ်ကောင်စီတို့ ညှိနှိုင်းပြီး စစ်ဆေးရေးဂိတ် ပြန်ဖွင့်ရန် ကြိုးစားနေ
November 1, 2022
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်ဖွဲ့က ကယန်းပြည်သစ်ပါတီ နှင့် ညှိနှိုင်းကာ စစ်ဆေးရေးဂိတ် ပြန်ဖွင့် ရန်အတွက် ကြိုးစားနေကြောင်း သိရသည်။ ယခု နိုဝင်ဘာလအတွင်းတွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအုပ်စု ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကန်ပတ်လမ်းတွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က ကယန်း ပြည်သစ်ပါတီတို့နှင့် ညှိနှိုင်းပြီး စစ်ဆေးရေးဂိတ် ဖွင့်လှစ်ရန် ကြိုးစားနေကြောင်း ဒေသခံများက ပြောသည်။ “ဒီ ကန်ပတ်လမ်းမှာ ထီရီတိုက်ပွဲမဖြစ်ခင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ရှိခဲ့ဖူးတယ်၊ အခု ကျတော့ ညောင်ရွှေမြို့ နယ်ထဲက ဒေသခံ တွေကို ခြုံ /မြက်တွေ ရှင်းခိုင်းပြီး ပြန်ဖွင့်မယ်လို့ သိရတယ်၊ ပြီးတော့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေကိုလည်း နေရပ်ပြန် လာဖို့ အတင်း ခေါ်နေတယ်” ဟု လွယ်ပေါကျေးရွာအုပ်စု မှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် လွယ်ပေါကျေးရွာ၊ ဆောင်နန်းခဲကျေးရွာ၊ နန်းပေါ်လုံရွာ၊ နန်းဆွတ်ရွာ၊ ပိန္နဲကုန်းရွာ၊ လွယ်ဟယ်ရွာ၊ မခေခမ်းရွာတို့မှ စစ်ရှောင်ပြည်သူများကို နေရပ်သို့ အတင်းပြန်ခိုင်းပြီး ကယန်းပြည် သစ်ပါတီဘက်မှ စစ်ရှောင်များ နေရပ်ပြန်ပါက လုံခြုံရေးတာဝန်မယူပေးနိုင်ဟု ပြန်ပြောခဲ့ကြောင်း သတင်းသိရသည်။ ထို့အပြင် ညောင်ရွှေမြို့နယ်မှ တောင်ပို့ကွဲ၊ ဟိုပန်းရွာနှင့် ပင်လောင်းမြို့နယ် နန်းတုတ်၊ ကုန်သာ၊ အိမ်မူရွာရှိ ဒေသခံများခေါ်ပြီး စစ်ဆေးရေးဂိတ်ပြန်ဖွင့်ရန်အတွက် ခြုံပင် မြက်ပင်များရှင်းရန် အတင်းအဓမ္မလုပ်အားပေး ခိုင်းစေနေကြောင်း ဒေသခံ ပြောပြ ချက်အရ သိရသည်။ “ဒီလမ်းပိုင်းက တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်၊ ဒါကြောင့်မို့ ဒေသခံတွေက မသွားရဲဘူး၊ စကစတွေက ရွာလူကြီးကနေ တစ်အိမ်တစ်ယောက် လုပ်အားပေးဖို့ ခိုင်းလာတာ၊ တချို့က တိုက်ပွဲကို ကြောက်လို့ ရေတွေ ထမင်းတွေ ပိုက်ဆံ တွေ ပေးမယ်၊ မသွားနိုင်ဘူးဆိုပြီး ငြင်းကြတာရှိတယ်” ဟု နန်းတုတ်ရွာမှ အသက် ၄၀ ကျော်ရှိ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် မေလတွင်းက ထီရီတိုက်ပွဲဖြစ်ပွားပြီးနောက် ဆောင်နန်းခဲတစ်ရွာလုံးနီးပါး ဒေသခံအိမ်များ မီးရှို့ ခံရပြီး အဆိုပါ လမ်းကြောင်းလည်း ပိတ်ထားကာ ဒေသခံများလည်း ယခုအချိန်ထိ စစ်ဘေးရှောင်နေရသော် လည်း စစ်ကောင်စီဘက်မှ စစ်ဆေးရေးဂိတ်ပြန်ဖွင့်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရသည်။

၈။ ဖားကန့်တွင် ဓာတ်ဆီ တစ်ဂါလံ ကျပ် ၂၀၀၀၀ ကျော်အထိ စျေးတက်
October 31, 2022
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဓာတ်ဆီတစ်ဂါလံ ကျပ် ၂၀၀၀၀ ကျော်အထိ စျေးတက်နေကြောင်း ဒေသခံများ ပြောသည်။ ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီ တင်ပို့မှုကို စစ်ကောင်စီတပ်မှ အောက်တိုဘာ ၁၅ ရက်နေ့မှ ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့အထိ နန့်ယား (Nam Ya) ဂိတ်တွင် တားမြစ်ထားဆဲဖြစ်သောကြောင့် လက်ရှိဖားကန့်မြို့တွင် ဆီပန်း ဆိုင်ကြီး အချို့ပိတ်ထားသည်ဟု ဖားကန့် ဒေသခံတစ်ဦး ပြောသည်။ ”ဆီပန့်ဆိုင်ကြီးတွေမှာတော့ မရတော့ဘူးဗျ။ ပိတ်နေတာ ကြာပြီ အခုကဘယ်လို ဆိုင်လေးတွေမှာရလဲဆိုတော့ အပြင် ပုလင်းချိန်ရောင်းတဲ့ လမ်းဘေးဆိုင်တွေ ဆိုင်သေးလေးတွေမှာပဲ ရောင်းတယ်။ အဲ့တာတောင် တစ်ဂါလံကို ၂၂၀၀၀ တဲ့ တစ်သောင်းဖိုးဝယ်တာ တစ်လီတာကျော်ကျော် နည်းနည်းလေးပဲရတယ်” ဟု အေးမြသာယာ ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါပုလင်းချိန်ရောင်းသည့် ဓာတ်ဆီဆိုင်များတွင်လည်း လူတစ်ဦးလျှင် တစ်ဂါလံနှုန်း အကန့်သတ်ဖြင့်သာ ရောင်းချပေးနေပြီး ဒီဇယ်မှာ လုံးဝပြတ်လပ်နေကြောင်း သိရသည်။

၉။ ပင်လုံမြို့ စက်သုံးဆီ ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲခံရပြီး ပစ်သတ်ခံရ
October 31, 2022
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ရပ်ကွက် ၄ အတွင်း နေထိုင်သူ စက်သုံးဆီဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံ ရပြီး သေနတ် ပစ်သတ်ခံရကြောင်း သိရှိရသည်။ ယမန်နေ့ (အောက်တိုဘာ ၃၀) ရက် ညပိုင်း ၇ နာရီဝန်းကျင်တွင် အမည်မသိ အမျိုးသားတစ်ဦးက ဒေါ်ညိုကို ကားဖြင့် အိမ်ထိလာရောက်ခေါ်ခဲ့ပြီး ယနေ့ (အောက်တိုဘာ ၃၁) ရက် နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် ဒေါ်ညို၏ အလောင်းကို နောင်လိုင်ကျေးရွာအုပ်စု နမ့်လင်းကျေးရွာရှိ ခြံတစ်ခုထဲတွင် တွေ့ရှိခဲ့ကြောင်း ပင်လုံမြို့ အသက် ၅၀ အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ မနေ့ ည ၇ နာရီအချိန်မှာ ဒေါ်ညိုကို အမျိုးသားတစ်ဦးက ကားနဲ့ လာခေါ်သွားတယ်။ တစ်ညလုံး ပျောက်သွားပြီး ဒီနေ့လည်း တစ်နေ့လုံး ဖုန်းဆက်မရတော့ သက်ဆိုင်ရာ ဌာနကို တိုင်ကြား တယ်။ နောင်လျန်ရွာက ဒေသခံ တစ်ဦးက အလောင်းတွေ့တယ်လို့ အကြောင်းကြားလာတော့ သွားကြည့်တယ်။ တကယ်ပဲ ပင်လုံက ဒေါ်ညိုဖြစ်မှန်း သိရတယ်။ အလောင်းကတော့ သေနတ်မှန်ထားတဲ့ ဒဏ်ရာ သေဆုံးနေတယ် “ ဟု ၎င်း အမျိုးသားက ဆိုသည်။

ဒေါ်ညိုသည် ပင်လုံမြို့အထွက်ရှိ ဆီပန့်ဆိုင် ပိုင်ရှင်ဖြစ်ပြီး ငွေရေးကြေးရေး ပြသာနာကြောင့် ပြန်ပေးဆွဲခံရပြီး ပစ်သတ်ခံရကြောင်း ပင်လုံမြို့ ဒေသခံများက ပြောဆို သုံးသပ်ကြသည်။ “ဒေါ်ညိုက ငွေရေးကြေးရေး ပြသာနာကြောင့် အခုလို ပြန်ပေးဆွဲခံရပြီး ပစ်သတ်ခံရတယ်။ ပင်လုံမှာ သူတို့အရမ်း ချမ်းသာပါတယ် “ ဟု ၎င်းဒေသခံများက ပြောဆိုသည်။ ဒေါ်ညိုသည် အသက် (၅၉) နှစ်ရှိပြီဖြစ်ပြီး သား နှင့် သမီး (၄) ဦး ရှိထားကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးသွားသည့် အမျိုးသမီးတစ်ဦး ကို သက်ဆိုင်ရာ ဌာနရဲတပ်ဖွဲ့များက အမှုဖွင့်ရန်အတွက် စုံစမ်းစစ်ဆေးမေးမြန်း ထားနေကြောင်း သိရသည်။

၁၀။ NUG နဲ့ PDF တွေမပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်စရာအကြောင်းမရှိဘူးလို့ ကရင်နီကာကွယ်ရေး ဒုဝန်ကြီးပြော
October 31, 2022
စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် နွေဦးတော်လှန်ရေးကာလ အတွင်းမှာ ဖွဲ့စည်းထားတဲ့ NUG အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း ဖိတ်ခေါ်ဆွေးနွေးသင့်တယ်လို့ ကရင်နီပြည် အစိုးရ ကာကွယ်ရေးဒုဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။ “NUG တို့ PDF တို့ဆိုတဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေကို သူမခေါ်ပဲနဲ့တော့ ကျနော်တို့ တိုင်းရင်းသားလည်း သွားစရာအကြောင်းမရှိဘူး။ အမှန်အဓိက အားလုံးကို ဖြစ်စေချင်တာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်ရမယ်။ လက်နက်ကိုင်ထားတဲ့လူတွေအားလုံး ပါဝင်ဖို့လို တယ်။ နောက် တော်လှန်တဲ့လူတိုင်းက အားလုံးပါဝင်မှသာလျှင် ငြိမ်းချမ်းရေးဖြစ်စဉ်က စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်လာမှာပေါ့။” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။ စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတာဖြစ်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကိုဖိတ်ခေါ်တာ လေးကြိမ်ရှိသွားပြီလို့ ဆိုပါတယ်။

“ဒီအကြမ်းဖက်ကို သူလုပ်ဖို့ဆိုလို့ရှိရင် ဒီတိုင်းရင်းသားတွေကို သူဖိနှိပ်ဖို့အတွက် ခဏကပြောတဲ့ ပြည်သူလူထုတွေကို ကြီးမားတဲ့ စစ်လက်နက်တွေနဲ့ ပစ်ခတ်တာတွေကို အဲ့ဟာတွေကို သူဆောင်နေတဲ့ဟာတွေကို ဖြေဖျောက်ဖို့အတွက်ဆိုရင် တစ်ဖက်က ဒီငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို ပြရတယ်။ လှည့်ရတယ် ဆိုတဲ့ သဘောသဘာဝရှိတယ်။ အဲတော့ ဒီနှစ်ခုက တခါတလေ အလုပ်ဖြစ်တတ်တဲ့ သဘောသဘာဝရှိတယ်ပေါ့နော။ တစ်ဖက်ကလည်း စစ်ကတိုက်နေတယ်။ ဒီလိုဖိအားပေးမှု တွေလုပ်နေတယ်။ ဒါပေမဲ့ ဒီလိုစစ်ဖိအားတွေနဲ့ တစ်ဖက်က လုပ်ပေမဲ့ ဒီငြိမ်းချမ်းရေးစကားဝိုင်းကိုဖိတ်လိုက်လို့ ဒီငြိမ်းချမ်းရေး စကားဝိုင်းမှာ လာစကားပြောတဲ့ လူတွေနဲ့ သူအဆင်ပြေနေတယ်ဆိုလို့ရှိရင် ခဏကပြောတဲ့ လူလုပ်တဲ့ လုပ်ရပ်တွေကို ဒီလူထု အပေါ်ပစ်မှတ်ထား တိုက်ခိုက်တဲ့ဟာတွေက ဒီဖက်က သူတို့ကို လက်ခံတဲ့အဖွဲ့တွေက အင်အားများတဲ့အခါမှာ ဒီဟာတွေက တခါတလေမှာ အလုပ်သွားဖြစ်တဲ့ဟာမျိုးတွေ သူသုံးသပ်တယ်လို့ ကျနော်တို့က အဲလိုမျိုး မြင်တယ်ပေါ့နော။ အဲ့ကြောင့်မလိုလို့ တစ်ဖက်ကလည်း သူလုပ်တယ်။”လို့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။ “ ဒီထွက်လာတဲ့ လူငယ် အင်အားစု PDF တို့ NUG တို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ခွဲထုတ်တဲ့ ခွဲထုတ်လိုတဲ့ သဘောမျိုးရှိတယ်။ အဲ့ဒါ သူတို့ရဲ့ ရည်ရွယ်ချက်ပေါ့နော။ နောက်တစ်ခုက တိုင်းရင်းသားတွေက အခုလက်ရှိ တိုက်ပွဲဝင်နေတဲ့ PDF ၊ NUG တို့နဲ့ တွဲနေသလို NUG၊ PDF တွေ အင်အားလျော့ကျသွားအောင် သူတို့ရည်ရွယ်တာဖြစ်တယ်။ တကယ်လို့သာ တိုင်းရင်းသားတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရသွားပြီဆိုလို့ရှိရင် ဒီလူထုရယ် နောက်ပြီးတော့ လူထုကို ကိုယ်စားပြုတဲ့ PDF ၊ KNDF တို့က သူတို့ရဲ့ အခြေခံရမဲ့ နေရာမရှိတော့ဘူးပေါ့။ အဲ့ဒီလိုရည်ရွယ်ချက်နဲ့ ခွဲထုတ် တာဖြစ် ပါတယ်။” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။ ကရင်နီတပ်မတော်(KA)အပတ်စဉ် (၇၄)အခြေခံစစ်သင်တန်းဆင်းပွဲကို ပေးပို့တဲ့ ကရင်နီတပ်မတော် ( KA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး မိန့်ခွန်းမှာလည်း စစ်ကောင်စီရဲ့ဟန်ပြငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်သလို စစ်ကောင်စီကို နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုမှာမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနဲ့အတူ ရပ်တည်သွားမယ်လို့ ပြောဆိုထားပါတယ်။

၁၁။ KIA တပ်ရင်း ၁၅ လုံဂျာဘွမ်စခန်းကို သိမ်းပိုက်ခဲ့သည်ဆိုသော စစ်တပ်ထောက်ခံသူများဖြန့်ဝေသော သတင်းအမှား
October 31, 2022
မိုးမောက်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၅ နယ်မြေ လုံဂျာတောင်စခန်းကို အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်မှ သိမ်းပိုက်ရရှိခဲ့သည်ဆိုပြီး သတင်းအမှားကို စစ်တပ်ထောက်ခံသူများ ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို “Manaw Myay” ဖေ့စ်ဘုတ်စာမျက်နှာတွင် အောက်တိုဘာလ(၃၀) ရက်နေ့ တွင် ရေးသားဖြန့်ဝေခဲ့ပြီးနောက် ကိုလှရွှေ(သတင်းမှန်), Kyaw Swar, Truth media, Myanmar Update News နှင့် ဝါရာဇွပ် ပြည်သူ့ စစ်တပ်ဖွဲ့ အစရှိသည့် Telegram အကောင်များတွင်လည်း ထပ်မံဖြန့်ဝေလာခဲ့သည်ကို တွေ့ရသည်။ ‘Manaw Myay’ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖြန့်ဝေထားသောအကြောင်းအရာမှာ “စစ်ကောင်စီ တပ်မှ အောက်တိုဘာ ၃၀ ရက်နေ့ မနက် ၅ နာရီ ခန့်တွင် စစ်ကြောင်း ၃ ကြောင်း ဖြန့်ခွဲပြီး KIA တပ်မဟာ (၃ ) ရင်း ၁၅ နယ်မြေ လုံဂျာတောင် မှာရှိတဲ့ KIA/PDF တွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မနက် ၈ နာရီ ခန့်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်” ဟု ဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။ တိုက်ပွဲတွင် KIA/PDF တပ်ဖွဲ့များ သေဆုံးမှုများပြီး တပ်ဆုတ်ခွာထွက်ပြေးခဲ့သည်ဆိုပြီး လုံဂျာတောင် တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သလို ထင်မြင်မိအောင် ရုပ်ပုံများနှင့်တကွ ဖော်ပြထားသည်ကိုလည်းတွေ့မြင်နိုင်သည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး မိုးမောက်ဒေသခံများ မေးမြန်းကြည့်ရာ အဆိုပါနေရာသည် လုံဂျာတောင် စစ်တပ်စခန်းမဟုတ်ဘဲ ရွာထိပ်ကုန်းရှိ လက်ဝါးကပ်တိုင်တောင် တစ်ခုသာဖြစ်သည်ဟု ဆိုသည်။ “လက်ဝါးကပ်တိုင်တောင်က ၂ ခု ရှိတယ်။ တစ်ခုက လုံဂျာတောင်မှာ အဲဘက်ကိုတော့ ရောက်ဖို့ခက်တယ်။ အစကတည်းက ရွာထိပ်ကုန်းနားက လက်ဝါး ကပ်တိုင် တောင်မှာ သူတို့ရောက်နဲ့ပြီ။ အခုမှ ဓါတ်ပုံတင်တယ်ဆိုတော့ ဘာကာကွယ်ဖို့ လိုချင်လဲမသိဘူး။ ဒီနေရာက စစ်တပ် စခန်းတော့မဟုတ်ဘူး။ ဒါပေမယ့် သွားသွားလာလာ ဖြတ်သန်းတဲ့နေရာတော့ဟုတ်တယ်။” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။ အောက်တိုဘာလ ၃၀ ရက်နေ့တွင် မြင်တွေ့ရသော ဗီဒီယိုဖိုင်တစ်ခုတွင် မိုးမောက်မြို့နယ် လုံဂျာဘွမ် တောင်ဘက် ထိုးစစ်ဆင်တက်လာသည့် စစ်ကောင်စီတပ်သား အများအပြားသေဆုံးနေကို တွေ့ရသည်။ ထို့ကြောင့် “KIA တပ်ရင်း (၁၅) နယ်မြေ လုံဂျာဘွမ်တောင်စခန်းကို စစ်ကောင်စီမှ သိမ်းပိုက်နိုင်ခဲ့လိုက်ပြီဆိုသော သတင်းသည် စစ်ကောင်စီ ထောက်ခံသူများ၏ ဆန္ဒအရ လုပ်ကြံထားသော သတင်းအမှားတစ်ခုသာဖြစ်သည်။ မိုးမောက်မြို့နယ် KIA တပ်မဟာ ၃ တပ်ရင်း ၁၅ နယ်မြေ လုံဂျာဘွမ်တွင် အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး ယနေ့အချိန်အထိ KIA နှင့် စစ်ကောင်စီတပ်ဖွဲ့များ ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

၁၂။ ဆောင်ကန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ရက်ရှည်ဖြစ်နေ
November 1, 2022
ရှမ်း-ကယားနယ်စပ် ဆောင်ကန်းကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဖယ်ခုံ PDFတပ်ရင်း ၂ ( ၁၀၀၆ တပ်ရင်း )၊ KNDF B-02 ၊KNDF B-03 တို့ ဟာ အောက်တိုဘာလ ၂၆ နေ့မှစပြီး ၃၁ ရက်နေ့အထိ ရက်ရှည် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ က ယမန်နေ့ (အောက်တိုဘာ ၃၁ရက်) မှာ ထုတ်ပြန်ထားပါတယ်။ အခုရက်ပိုင်းတိုက်ပွဲ အတွင်း စစ်ကောင်စီဘက်အကျအဆုံးများပေမဲ့ အတည်မပြုနိုင်သေးသလို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က KNDF B-02ရဲဘော်တစ်ဦး၊ KNDFB-03 ရဲဘော်တစ်ဦးနဲ့ ဖယ်ခုံ PDF တပ်ရင်း ၂ က ရဲဘော်တစ်ဦး ကျဆုံးကာ ၁၀ဦးကျော် ဒဏ်ရာ ရထားတယ်လို့ သိရပါတယ်။ “အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာတွေရှိပါတယ်။ အခုလောလောဆယ် စစ်ကောင်စီက ဒီဆောင်ကန်းလမ်းခွဲပေါ့နော။ အဲ့နားလေးမှာ သူတို့စစ်ကြောင်းထိုးလာတာတွေရှိတယ်ပေါ့နော။ စစ်ကြောင်းထိုးလာပြီးတော့ နေရာယူထားတာတွေရှိတယ်ပေါ့နော။ အဲဒီမှာ ကျနော်တို့ တပ်ရင်းတွေနဲ့ တခြားပူးပေါင်းတပ်တွေနဲ့ အဲလိုမျိုး တိုက်ပွဲဖြစ်တာ တော့ရှိတယ်။”လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေရာယူထားတဲ့အတွက် တိုက်ပွဲဖြစ်ပွားရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းမထိုးခင်မှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုရှိခဲ့တဲ့အတွက် ဝါရီကောခူ၊ ပီကင်းကောခူနဲ့ ကုန်းသာကျေးရွာ စစ်ရှောင်နေရာအထိ လက်နက်ကြီးကျရောက်ခဲ့ပြီး အရပ်သား ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့သလို အဲဒီအထဲက ၃ ဦးဟာ သေဆုံးသွားခဲ့ရပါတယ်။ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ချိန်မှာအရပ်သားသေဆုံးမှုရှိခဲ့တဲ့အတွက် ဒေသခံတွေစစ်ဘေးရှောင်ခဲ့ရပေမဲ့ လက်ရှိမှာတော့ ဝါရီကောခူ၊ ပီကင်းကောခူ နဲ့ ကုန်းသားကျေးရွာက ပြည်သူတချို့ နေရပ်ပြန် လည်နေထိုင်တာတွေရှိနေပြီလို့ ကယန်းလူငယ်ကယ်ဆယ်ရေးပရဟိတအသင်းဝင်တစ်ဦးက ပြောပါတယ်။ “ အိမ်တချို့ပြန်လာ နေကြတယ်။ ပြည်သူတွေကတော့ ကိုယ့်နေရပ်ကို ပြန်လာနေကြတာပေါ့နော။ နေလို့မရတာက ဆောင်ကန်း ( ရှမ်း ၊ ကယား ) နှစ်ရွာစလုံးပေါ့။” လို့ ကယန်းလူငယ်ကယ်ဆယ်ရေးပရဟိတအသင်းဝင်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းထိုး လာပြီး တပ်စွဲထားတာတွေရှိနေသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ အသွားအလာ ကရုစိုက်ကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက တိုက်တွန်းထားပါတယ်။

၁၃။ ABSDF မျိုးဆက်သစ်ရဲဘော်များ တိုက်ပွဲဝင်နေကြပြီဟု ကြေညာ
November 1, 2022
ABSDF ကျောင်းသားတပ်မတော်အနေနဲ့ တပ်ဖွဲ့ဝင်မျိုးဆက်သစ် ရဲဘော်တွေကို လေ့ကျင့်၊ စုဖွဲ့မှုတွေ ပြုလုပ်နိုင်ပြီး ညီနောင်မဟာမိတ်တပ်တွေ အသီးသီးနဲ့အတူ လက်တွဲ တိုက်ပွဲဝင်နေကြပြီလို့ ကြေညာပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်း တည်ထောင်ခြင်း ၃၄ နှစ်မြောက်အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၁ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဆယ်စုနှစ်သုံးစုကျော်ကြာ စစ်အာဏာရှင် တော်လှန်ရေးခရီးစဉ်အတွင်းမှာ ယနေ့တိုက်ပွဲဝင်နေကြတဲ့ နွေဦးတော်လှန်ရေး အပါအဝင် ABSDF ကျောင်းသားတပ်မတော်မှ ရဲဘော်စုစုပေါင်း ၇၆၄ ဦးကျဆုံး ပြီး ၄၀၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး ၃ ရပ်လုံး အလုံးစုံပျက်စီးနေပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုံခြုံရေး အခန်းကဏ္ဍ အားလုံးဟာလည်း အဖက်ဖက်က ယိုယွင်းပြိုကျနေတဲ့အခြေအနေအောက်မှာ တတိုင်းပြည်လုံး အထွေထွေအကျပ်အတည်းကို ရင်ဆိုင်ဖြတ်သန်းနေကြရတယ်လို့ ABSDF ကဆိုပါတယ်။ တပြိုင်နက်တည်းမှာဘဲ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကြီး တရပ်လုံး စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက် လုပ်ဆောင်နေမှုတွေကို ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဝင်နေရတဲ့ အခင်းအကျင်းလို့ မှတ်ယူနိုင်တယ်လို့ဆိုပါတယ်။ နွေဦးတော်လှန်ရေးနဲ့အတူ တိုင်းရင်းသားပြည်သူ လူထုတရပ်လုံးရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲဝင်မှုတွေ နိုင်ငံအနှံ့ ကျယ်ပြန့်လာသကဲ့သို့ ABSDF အနေနဲ့လည်း စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ သံတမန်ရေး လုပ်ငန်းစဉ်တွေ အရှိန်မြှင့်ဆောင် ရွက်ခဲ့တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုအရေးတော် ပုံကြီး အပြီး နယ်စပ်ဒေသကိုထွက်ပြေးလာခဲ့ကြတဲ့ ကျောင်းသား လူငယ်တွေက စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဖွဲ့စည်း ထူထောင်ခဲ့တာဖြစ်ပါတယ်။

၁၄။ TNLA အရာရှိတစ်ဦးရဲ့နာမည်နဲ့ သိန်းထောင်ချီ ငွေ လိမ်လည်တဲ့ အမျိုးသားတစ်ဦး ထွက်ပြေးလွတ်မြောက်နေ
October 31, 2022
ရှမ်းမြောက် ကျောက်မဲမြို့နယ်ထဲက အမျိုးသားတစ်ဦးဟာ တအာင်းတပ်မတော် TNLA အရာရှိတစ်ဦးရဲ့နာမည်ကို အသုံးပြုပြီး ငွေသိန်းထောင်ချီ လိမ်လည်ကာ ထွက်ပြေးလွတ်မြောက်တယ်လို့ လိမ်ခံရသူတွေက ပြောပါတယ်။ အထွတ်(ခေါ်) ကျော်ဇင်ထွတ် ဆိုတဲ့ အမျိုးသားက မြေအရောင်းအဝယ်အပြင် ကားအရောင်းအဝယ်နဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေကိုပါ လုပ်ကိုင်နေတဲ့ စီးပွားရေးသမားတစ်ဦးဆိုပြီးတော့ လိုက်လံလိမ်လည်နေတာပဲ ဖြစ်ပါတယ်။ လိမ်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးက “သူက သူ့ကိုသူ တားစနေ(TNLA အရာရှိ)လို့ပြောတယ်။ သူက စီးပွားရေးလိုင်းပေါ့။ မူဆယ်တွေမှာရော ဟိုတယ်တွေဘာတွေ လည်း ရှိထားတယ်။ စီးပွားရေးအစုံလုပ်တယ်ပေါ့။ သူ့ကိုတောင် အိမ်မှာ ကောင်းကောင်းမွန်မွန်ထမင်းဖိတ်ကျွေးသေးတယ်။ ပိုက်ဆံလည်း အိမ်မှာပဲ သူ့ကိုထုတ်ပေးလိုက်တာ။ ခါးမှာလည်း ပစ္စတိုနဲ့လေ။ အတုလား အစစ်လားတော့ မသိဘူး။ တအာင်း အချင်းချင်းတွေပဲဆိုပြီးတော့မှ ယုံပြီးပေးလိုက်တာ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ လကုန်ပိုင်းမှာ ကားဝယ်ဖို့အတွက်ဆိုပြီး မြန်မာကျပ်ငွေ သိန်း(၃၆၀) လိမ်ခံခဲ့ရတာဖြစ်ပြီး နီးစပ်တဲ့ အသိမိတ်ဆွေတွေလည်း အလားတူပဲ အဲဒီအမျိုုးသားရဲ့ လိမ်လည်တာကို ခံခဲ့ရတာလို့ ဆိုပါတယ်။ ဆက်လက်ပြီး ၎င်းက “ကျွန်တော် အလိမ်ခံရတာ မကြာသေးဘူး။ နောက်ထပ် အစ်ကိုတစ်ယောက်က ဟိုတယ်ကိစ္စနဲ့ သိန်း(၅)ထောင် ထပ်လိမ်ခံရ တယ်။ နောက်ထပ် ဝအစ်ကိုတစ်ယောက်လည်း တရုတ်ငွေ ဘယ်နှစ်သိန်းလည်းမသိဘူး။ အလိမ်ခံရသေးတယ်။ သိရသလောက် သူလိမ်သွားတဲ့သူတွေ မနည်းဘူး။ သူလိမ်တဲ့ငွေတွေလည်း သိန်းသောင်းချီတယ်။ ကျွန်တော့်သူငယ်ချင်းတောင် သိန်းတစ်ရာ ပါသွားတော့မလို့ အသိစောပြီးတော့ ပြန်ရလိုက်တာ”လို့ ပြောပါတယ်။ အထွတ် ကတော့ လုပ်ငန်းအစီအစဉ်ချကာ ဦးဆောင်နေ သူပြီး အဖွဲ့သားအားလုံး ၆ ဦးခန့်ရှိတယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာ ဦးဆောင်တဲ့ အဲဒီအမျိုးသားဟာ မန္တလေးဘက်ကို ထွက်ပြေးတိမ်းရှောင်နေတယ်ဆိုပြီး သတင်းထွက်နေတယ်လို့လည်း ဆိုပါတယ်။

၁၅။ စစ်အာဏာသိမ်း ၂၁ လအတွင်း ကယားမှာ အရပ်သား လေးရာဝန်းကျင်သေဆုံး
November 1, 2022
စစ်အာဏာသိမ်းပြီး ၂၁ လအတွင်း ကယားပြည်နယ်မှာ အရပ်သား လေးရာဝန်းကျင် သေဆုံးခဲ့ပြီး ၂၈၀ ဦး အဖမ်းခံ ထားရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က နိုဝင်ဘာလ ၁ ရက်၊ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးသူနဲ့ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူ စုစုပေါင်း ၂၈၂ ဦး ရှိခဲ့ပြီး စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရသူက ၉၇ ဦးရှိတယ်လို့ PKPF တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ စစ်ဘေးရှောင်ရင်း သေဆုံးခဲ့သူ ၉၇ ဦးထဲမှာ ၉၀ ဦးကတော့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အချိန်မီ ဆေးကုခွင့်မရလို့ သေဆုံး ခဲ့ရတာလို့ PKPF တာဝန်ရှိသူက ဆိုပါတယ်။ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း (၅၀၇) ကြိမ်အထိ ဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၃ ဦးနဲ့ စစ်ကောင်စီတပ်ဘက်က ၁၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေးကြောင်းတိုက်ခိုက်မှု (၁၇၃) ကြိမ် ပြုလုပ်ခဲ့ပြီး ဘာသာရေး အဆောက် အအုံ ၂၇ လုံးနဲ့ အရပ်သားနေအိမ် ၁၂၄၇ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အခုနှစ် စက်တင်ဘာလကစပြီး ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ အင်အားတိုးမြှင့်ခဲ့ပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အရာရှိ ကိုကျောက်ဆောင်က ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုးဗြဲ၊ လွိုင်ကော် လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ လည်း ဆိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ ထွက်ပြေးနေရတဲ့ ဒေသခံ နှစ်သိန်းကျော် (၂၁၀,၀၀၀ ခန့်) ရှိပြီး အများဆုံးကတော့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဖြစ်တယ်လို့ ကရင်နီ အရပ်ဖက်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

၁၆။ ကျောက်တော်မှာ လက်နက်ကြီးကြောင့် မိသားစု၀င်သုံးဦး သေဆုံး
November 1, 2022
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပီစိရွာမှာ အောက်တိုဘာလ ၃၁ ရက် မနေ့ညက နေအိမ်ထဲကို လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့ဈတာကြောင့် မိသားစု၀င်သုံးဦး နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသွားသူတွေကတော့ ပီစိရွာက ဦးစိုးဝင်း၊ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဝေ နဲ့ သမီးဖြစ်သူ အသက် (၁၃) နှစ်အရွယ် မဖြိုးဖြိုးဝေ တို့ဖြစ်ပြီး နေအိမ်ထဲမှာ အိပ်နေချိန် ထိခိုက်သေဆုံးတာလို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်တော်မြို့ အခြေစိုက် အမှတ် (၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “စကခ (၉) ကနေ ည ၁၁ နာရီလောက်ကတည်းက လက်နက်ကြီးတွေ ဆက်တိုက် ပစ်နေတာ။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ရွာထဲကို လက်နက်ကြီး ငါးလုံးကျတယ်။ တတိယမြောက်အလုံးက သူတို့အိမ်ကို ကျတာပါ။ အဲဒီမှာ သူတို့ သားဖသုံးယောက် အိပ်နေရင်း ပွဲချင်းပြီး သေဆုံးသွားတာပါ။ တခြားရွာထဲမှာ နေအိမ်တချို့လည်း ပျက်စီးသွားပါတယ်” လက်ရှိမှာတော့ အဲဒီအလောင်းတွေကို ကျောက်တော်ဆေးရုံက ရင်ခွဲရုံထံ ပို့ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။ ပီစိရွာဟာ ကျောက်တော်မြို့ရဲ့ အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာမှာရှိပြီး အိမ်ခြေ ၃၀ လောက်သာ ရှိပါတယ်။

ရွာခံတွေကတော့ မနေ့ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး ရွာထဲကို နောက်ထပ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှာ စိုးရိမ်နေကြတယ်လို့လည်း ဆိုပါတယ်။ ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေကလည်း အဲဒီ စကခ (၉) က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် နဂရာရွာက အသက်ခုနစ်နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး ရွာသားငါးဦး ဒဏ်ရာရခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်တာ သုံးလကျော်ရှိနေပြီး ဒေသခံတွေ သေဆုံးမှုလည်း နေ့စဉ်တိုးလာနေပါတယ်။

၁၇။ ပွန်ချောင်းကျေးရွာအနီး စစ်ကောင်စီခြေကုပ်စခန်းကို KA၊ KNDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့
October 30, 2022
ရှားတောမြို့နယ် ပွန်ချောင်းကျေးရွာအနီးက စစ်ကောင်စီ ခြေကုပ်စခန်းကို ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၁၄ (KNDF B-14) တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDF B-14 က အောက်တိုဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး တိုက်ပွဲကြာချိန် မိနစ် ၄၀ ကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ ခြေကုပ်စခန်းထဲမှာရှိတဲ့ ပစ်မှတ် တချို့ကို ထိရောက်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်ခဲ့ဘူးလို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ ထိတွေ့တိုက်ပွဲအပြီး စစ်ကောင်စီ ခြေကုပ်စခန်းကနေ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်တဲ့ အတွက် ပွန်ချောင်းကျေးရွာ ထဲက လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ KNDF ရဲ့ အောက်တိုဘာလ ၁၃ရက်နေ့ ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီရဲ့ ပွန်ချောင်း ခြေကုပ်တပ်စခန်းကို ကရင်နီပူးပေါင်းတပ်တွေကနေပြီး သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၁၈။ လမုန် ပြည်သူ့စစ်အဖွဲ့မှ ပြည်သူများကို ဖမ်းဆီးရိုက်နက်မှုပြုလုပ်ပြီး ငွေကြေးတောင်းခံနေ
October 31, 2022
တနိုင်းမြို့နယ် လမုန် (Lamung) ကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် တနိုင်း မြစ်ချောင်း ပေါ် မောင်းနင်းနေသော စက်လှေသမားများထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေပြီး ခရီးသည်အချို့လည်း ရိုက်နက်ခံရ သည်ဟု သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ကာ ဦးယောဘ (ခီဖာဝူ) ဦးဆောင်သည့် လမုန်ပြည်သူ့စစ်အဖွဲ့သည် လက်နက်အပြည့် အရပ်ဝတ်ဖြင့် တနိုင်းချောင်းနှင့် လမုန်ချောင်း ဆုံသည့်နေရာတွင် တံငါစက်လှေများနှင့် ကုန်တင် စက်လှေ များထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသည်ဟု တနိုင်းဒေသခံတစ်ဦးက ပြောသည်။ “ပစ္စည်းပေါ်မူတည်ပြီး ကောက်ကြ တယ်။ ကောက်တာကလည်း သိန်းဂဏန်းအထက်ပဲ။ ကုန်ပစ္စည်းပါတဲ့ စက်လှေတွေဆိုရင် ၃ သိန်း၊ ၄ သိန်းအထိတောင်းတယ်။ အဲ့လိုတောင်းတော့ ပြည်သူတွေက ဘာလို့ကောက်တာလဲ။ ဘယ်အဖွဲ့အစည်းကလဲ လို့မေးရင်လည်း နင်တို့သိစရာမလိုဘူး ဆိုပြီး ပြန်ပြောတဲ့။ ပြီးရင် သူတို့တားခိုင်းပြီး မရပ်တဲ့ စစ်လှေသမားတွေကို ရအောင်ခေါ်ပြီး ရိုက်နက်တာတွေ လုပ်ပေးတယ်”ဟု ပြောဆိုသည်။ ယခုပတ်အတွင်း တနိုင်းချောင်ပေါ်တွင် ပြေးဆွဲသည့် စစ်လှေသမားများကို ရပ်ပေးရန် တားမြစ်ပြီး မရပ်ပေးသည့် စက်လှေသမားများ ဖမ်းဆီးရိုက်နက်ခံရသူ ၇ ဦးအထက်ရှိပြီဖြစ်သည်ဟုလည်း သိရသည်။

ပြည်သူ့စစ်အဖွဲ့သည် ကုန်ပစ္စည်းအပြည့်ပါရှိသည့် စက်လှေတစ်စီးကို ကျပ် ၃ သိန်းမှ ၄ သိန်းဝန်းကျင်အထိ၊ စစ်လှေစီး နင်းပါလာသည့် ပြည်သူများကို သောင်းဂဏန်းကောက်ခံနေပြီး စက်သုံးဆီတစ်ပေပါ ၂ သောင်းဝန်းကျင်အထိ ကောက်ခံနေ ကြောင်းသိရသည်။ လမုန်ဒေသတွင် ပြည်သူ့စစ်အဖွဲ့၏ငွေကြေးအတင်းအဓမ္မကောက်ခံနေသည့်လုပ်ရပ်ကြောင့်ဒေသခံ ပြည်သူ များအတွက် သွားလာသည့် လမ်းကြောင်းပိတ်ဆို့မှုများဖြစ်ပေါ်စေကာ လုံးခြုံရေးအတွက်ပါ စိုးရိမ်ရသည့်အခြေအနေ ဖြစ်နေ သည်ဟု သတင်းအရင်းအမြစ်က ဆက်ဆိုသည်။ လမုန်ကျေးရွာရှိ ပြည်သူများသည် စားဝတ်နေရေးအတွက် တံငါလုပ်ငန်းနှင့် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိနေသောကြောင့် သွားလာရေးတွင် ရေကြောင်းလမ်းတစ်ခုတည်းကိုသာ အသုံးပြုနေရခြင်းဖြစ် သည်။

၁၉။ ပင်လောင်း လွယ်ကျိုင်းရောက် စစ်ဘေးရှောင်များ ဆေးကုသမှုခက်ခဲနေ
November 1, 2022

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် လွယ်ကျိုင်းကျေးရွာရောက် စစ်ဘေးရှောင်များသည် ဆေးကုသမှု အတွက် အခက်အခဲ ကြုံတွေ့နေရကြောင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းမှ စတင်ကာ လွယ်ကျိုင်းကျေးရွာသို့ ရောက်ရှိနေသည့် စစ်ရှောင် ၄၀၀ ကျော် သည် ဖယ်ခုံ၊ မိုးဗြဲ နှင့် ကရင်နီပြည်ဘက်မှ ထွက်ပြေးလာသည့် သူများဖြစ်ကြောင်း သိရ သည်။ လက်ရှိမှာ ရာသီဥတု အပြောင်းအလဲကြောင့် ဖျားနာကြပြီး ဆေးကုသမှုနှင့် အစာအာဟာရ အတွက် ခက်ခဲနေကြောင်း လွယ်ကျိုင်းရောက် အသက် ၅၀ ကျော်အရွယ်ရှိ စစ်ရှောင်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်ရှောင် ဦးရေ ၄၀၀ ကျော်မှာ ၇၀ ရာခိုင်နှုန်းလောက်က ကလေးရော လူကြီးရော ဖျားနာနေကြပါတယ်၊ အိမ်သားတစ်ယောက်က စဖျားပြီ ဆိုရင်လည်း ကျန်တဲ့မိသားစုဝင်တွေလည်း ဆက်ဖျားကြတာ၊ ဆေးဝါးတွေ ဝယ်ဖို့လည်း ငွေကြေးမရှိမဲ့ ရှိမဲ့တွေစုပြီး ဆေးဝယ်ရ တာလည်း တော်တော်ကို ခက်ခဲတယ်” ဟု လွယ်ကျိုင်းရောက် စစ်ရှောင်က ပြောသည်။ ထို့အပြင် လက်ရှိ ဆောင်းရာသီဝင်လာ ပြီဖြစ်သဖြင့် ကလေးငယ်များ နှင့် သက်ကြီးရွယ်အိုများအတွက် အနွေးထည် နှင့် စောင်များက မလုံလောက်ကြောင်းသိရသည်။

“တချို့ရွာတွေထဲကို စကစ က ပြည်သူအိမ်ထဲ နေရာယူပြီး တပ်စခန်းချထားတာတွေ၊ မြေမြှုပ်မိုင်း ချိန်ထားတာတွေ ရှိနေတာ ကြားရလို့ မပြန်ရဲသေးဘူး၊ ပြန်တော့ ပြန်ချင်တာပေါ့၊ စစ်ရှောင် နေရလည်း စားဝတ်နေရေးတွေ လုပ်ကိုင်စားသောက် ဖို့တွေက အဆင်ပြေဘူး” ဟု လွယ်ကျိုင်းရောက် စစ်ရှောင် အမျိုးသမီးတစ်ဦး က ပြောသည်။ စစ်ဘေးရှောင်များသည် ရပ်ရွာ အတွင်း နေ့စားလိုက်ခြင်း နှင့် အပိုဝင်ငွေ ရှာဖွေစားသောက်သော်လည်း အလုပ်ခွင် မှ လူဦးရေ ကန့်သတ်ထားခြင်း၊ အလုပ်က နေ့တိုင်းမရှိခြင်းတို့ကြောင့် ခက်ခဲရကြောင်းလည်း စစ်ရှောင် များက ပြောသည်။ လက်ရှိတွင် အလှူရှင်များ လှူဒါန်းထားသည့် ရိက္ခာများနှင့် ရှာဖွေစုဆောင်းထားသည့် ရိက္ခာများကိုသာ ချွေတာ သုံးစွဲနေရသည့်အတွက် အချိန်တို အတွင်းရိက္ခာပြတ်သွားနိုင် ကြောင်းလည်း သိရသည်။

၂၀။ ကျိုက်ဒုံမြို့နှင့် အနီးအနားရှိဒေသခံများ ထက်ဝက်ခန့် တိမ်းရှောင်နေကြရ
November 1, 2022
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့ အတွင်း ဖြစ်ပွားသည့်ပစ်ခတ်မှုများကြောင့် မြို့ခံနှင့် အနီးအနားကျေးရွာများမှ ဒေသခံ ထက်ဝက်ခန့်သည် ဘေးလွတ်ရာဒေသ များသို့ တိမ်းရှောင်နေကြရသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့ညက ကျိုက်ဒုံမြို့ ရဲစခန်းကို နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်- KNLA တပ်ရင်း ၁၈ ပူးပေါင်းတပ်က ဝင်ရောက် တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီ တပ်ဘက်မှ လေကြောင်းအသုံးပြု၍ ပြန်လည်တိုက်ခိုက်လာမည်ကို စိုးရိမ်သည့် အတွက် ဒေသခံ အများအပြား သည် ကြိုတင်တိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု တိမ်းရှောင်နေသည့် ကျိုက်ဒုံဒေသခံတစ်ဦးက ပြော သည်။ ၎င်းကျိုက်ဒုံဒေသခံက “ကျိုက်ဒုံမြို့မှာတော့ အိမ်ပြင်ထွက်ရင်တိတ်ဆိတ်သွားပြီး။ တော်တော်များများမရှိ တော့ဘူး။ ကျမတို့လည်း ထိုင်းနယ်စပ်ဘက်မှာ လာရှောင်ရတယ်။ ရဲစခန်းတက်သိမ်းထားတာဆိုတော့ အဓိက လေယာဉ်နဲ့ပြန်လာပစ်မှာ တစ်ခုတော့ ကြောက်တယ်။ ပြီးတော့ အိမ်တော်တော်များများမှာလည်း ကျင်းပုန်းတွေတူးထားတယ်”ဟု ပြောသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျိုက်ဒုံဒေသခံအချို့သည် အခြားမြို့များဖြစ်သည့် မော်လမြိုင်၊ မုဒုံနှင့် ဖားအံမြို့များသို့ သွားရောက်တိမ်းရှောင်နေကြသူရှိသလို အများစုမှာ ထိုင်းမြန်မာနယ် စပ်ဘက်တွင် သွားရောက်တိမ်းရှောင် နေကြရသည်ဟု ဒေသခံများက ပြောသည်။ ကျိုက်ဒုံမြို့အပြင် အနီးအနားကျေးရွာများဖြစ်သည့် မိတန်၊ မိနန်းအပ်၊ ကမားခလယ့်၊ အဇင်း၊ ဖုချိမူ၊ ကွီးခလုံးနှင့် ကွီလုံတိုင်အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံများလည်း စစ်ရှောင်နေကြပြီး အချို့မှာ သွားလာရေး အခက်အခဲကြောင့် ကျေးရွာတွင် ဆက်လက်နေထိုင်ကြသည်ဟု ဒေသခံများက ပြောသည်။ ရာနှင့်ချီ တိမ်းရှောင်နေကြသည့် ထိုဒေသခံစစ်ရှောင်များတွင် သက်ကြီးရွယ်အို၊ ကလေးငယ်နှင့် ကိုယ်ဝန် ဆောင်မိခင်တို့ အများဆုံး ပါဝင်ပြီး ထိုင်းနယ်စပ်ရှိ ဘောနူထ၊ မိုက်လရောင်းခီ့နှင့် ပိုင်ခလန်စသည့် နေရာရှိ စစ်ရှောင်ထားရှိသည့် နေရာနှင့် အသိမိတ်ဆွေ နေအိမ်များတွင် ယာယီသွားရောက်ခိုလှုံကြခြင်းဖြစ်သည်ဟု သိရသည်။

၂၁။ မွေးရာပါ အာသီးကွဲတဲ့ စစ်ရှောင်ကလေးဟာ မိခင်နို့မစို့နိုင်တဲ့အတွက် နို့မှုန့်လိုအပ်နေ
October 31, 2022
ဒီးမော့ဆိုအနောက်ဘက်ခြမ်း “ဆီးသူ့တော်”စစ်ရှောင်စခန်းမှာ ကလေးငယ်တစ်ဦးဟာမွေးရာပါ အာသီးမပါတာကြောင့် မိခင်နို့မစို့နိုင်ဘဲ အခက်အခက်တွေနဲ့ကြုံတွေ့နေရပါတယ်။ “ကလေးနာမည် အန်းဂျာလာ အသက်က ၁၀လ လောက်ရှိပြီ မွေးရာ ပါ အာသီးကွဲနေတော့ သူ့အမေနို့မစို့နိုင်ဘူးပေါ့။ ခုတော့ အဲ့ဒီ နို့မှုန့်ဘဲတိုက်နေရတယ်ပေါ့။ စျေးပိုသက်သာတယ်ပေါ့ အဲ့ပင်ဂွင်း (နို့မုန့်) ကို တိုက်ရင်လဲ သူချောင်းဆိုးရင်ကျပ်တာတွေဖြစ်နေတယ်လေ။ မတိုက်လဲမရဘူးကော အခြားဟာလဲမဝယ်နိုင်ဘူး” ဟု ကလေးမိဘက ပြောကြားပါတယ်။ ကုန်စျေးနှုန်းတွေစျေးတက်လာတာကြောင့် ကလေးအတွက် ပိုကောင်းတဲ့ နို့မုန့်အမျိုးအစား ကို ဝယ်မပေးနိုင်တဲ့အပြင် လက်ရှိတိုက်ကျွေးနေတဲ့ စျေးသက်သာတဲ့ နို့မုန့်ကိုတောင် ဝယ်ဖို့အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ ကလေးငယ်ရဲ့ အာသီးကို ကုသလို့ရပေမယ့် ၁နှစ်ခွဲ မှ ကုသနိုင်မှာဖြစ်တယ်လို့ လည်းမိဘတွေကပြောပါတယ်။ “မွေးပြီး၁လမှသိရတာ သိတော့ဆရာဝန်ကိုသွားပြတယ် ပြန်ချုပ်လို့ရတယ်တဲ့ တောင်ကြီးမှာ ဒါပေမဲ့ ကလေး အသက် ၁နှစ်ခွဲလောက်မှ အဆင်ပြေမယ်လို့ပြောတယ်” လို့ မိခင်ဖြစ်သူကဆက်ပြောပါတယ်။ “အဓိကစားနပ်ရိက္ခာပေါ့ ဆန်တွေလဲ မထုတ်ပေးတော့အဆင်မပြေဘူး အလှူရှင်တွေမလာတာတော်တော်ကြာနေပြီ အဲ့တာဆန်တွေမရှိဘူးဆို သူများနားဘဲသွား တောင်းတယ်။ ဥက္ကဋ္ဌ နားဘဲသွားတောင်းနေရတယ်လို့” မိဘဖြစ်သူတွေက ပြောပါတယ်။ ထိုစစ်ရှောင်မိသားစုဟာ စစ်ရှောင် နေစဥ် ကလေးမွေးဖွားခဲ့ရပြီး စစ်ရှောင်နေတာ ၁နှစ်ကျော်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

၂၂။ နမ္မတူ-သီပေါလမ်း အသုံးပြုနေတဲ့ ကားသမားတွေကို ယာဉ်စည်းကမ်းအတိုင်း မောင်းနှင်ပေးကြဖို့ ဒေသခံတွေ တောင်းဆို
October 31, 2022
ရှမ်းမြောက် နမ္မတူ-သီပေါလမ်းမကြီး အသုံးပြုနေတဲ့ ကားသမားတွေ ယာဉ်စည်းကမ်းအတိုင်း မောင်းနှင်ပေးကြဖို့ ဒေသခံတွေက တောင်းဆိုထားတယ်လို့ သိရပါတယ်။ နမ္မတူ-သီပေါလမ်းဟာ ကျဉ်းပြီးတော့ အကွေ့အကောက် များလွန်းတဲ့ အတွက် ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားနေတယ်လို့ နမ္မတူမြို့နယ် မန်လီရွာခံတစ်ဦးက ပြောပါတယ်။ “ဆယ့်နှစ်ဘီးကား ထက်ကြီးတဲ့ ကားတွေလည်း ရှိတယ်လေ။ နမ္မတူ ဘော်တွင်း သွားပို့မယ့်ဟာကို ဟိုဘက် လားရှိုးလမ်းကနေ သွားလို့ရရဲ့သားနဲ့ ဒီဘက်က ပိုတိုတဲ့လမ်းမို့လို့ ဒီဘက်ဘဲလာတယ်။ သူတို့ဒီဘက်လမ်းလာတော့ လမ်းသွားလမ်းလာတွေကို မစာမနာနဲ့ စိတ် အနှောင့်အယှက် ခဏခဏဖြစ်တယ်။ လမ်းလည်းကျဉ်းတယ်” ကားသမားတွေအနေနဲ့ လမ်းသွားလမ်းလာတွေကို ကိုယ်ချင်းစာ ပြီး ကားကို အရှိန်လျှော့မောင်းပေးပြီးတော့ ယာဉ်ငယ်တွေကို ဦးစားပေးဖို့ ၎င်းက တောင်းဆိုပါတယ်။ သီပေါမှ ကားသမား တစ်ဦးက “ဒီဒေသမှာ လိုင်စင်နဲ့ ပတ်သက်ပြီးတော့ စစ်တာလည်း မတွေ့ဘူး။ ကျနော့်ဆီမှာလည်း ယာဉ်မောင်းလိုင်စင်တော့ ရှိထားပါတယ်။ နမ္မတူ-သီပေါလမ်းက ကျဉ်းလည်းကျဉ်းတယ်။ အကွေ့လည်း များတယ်ပေါ့နော်။ ကျောက်မီးသွေးတင်တဲ့ ကား ကြီးတွေလည်းများတယ်။ တတ်နိုင်သမျှတော့ အရှိန်ကို လျှော့မောင်းစေချင်တာပေ့ါ။ တချို့ဆိုင်ကယ်သမားတွေ မြန်မြန်မောင်း တာလည်းပါတာပေါ့။ ကားတွေလည်း မတော်တဆမှုနဲ့ လမ်းဘေး ထိုးကျတာလည်း ခဏခဏဖြစ်တယ်” လို့ ပြောပါတယ်။

သီပေါ လမ်းတကြောဟာ လမ်းကျဉ်းပြီး အကွေ့အကောက်အပြင် အတက်အဆင်း များတဲ့အတွက်ကြောင့် ယာဉ်တွေ သတိထားပြီး မောင်းစေချင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။ “အသက်မပြည့်သေးတဲ့ ယာဉ်မောင်းတဲ့ကလေးတွေ တွေ့နေ တယ်။ အကယ်၍ ဒီကလေးတွေက သာမန်လူတွေထက် Accident (ယာဉ်မတော်တဆမှု) ဖြစ်ပြီဆိုရင် သူတို့က ပိုပြီးဒုက္ခ ရောက်တာပေါ့။ ပြဿနာဖြေရှင်းလို့မရနိင်တဲ့ အပိုင်းလည်းရှိတယ်။ အသက်ငယ်သေးတော့ ကိုယ့်ကိုကိုယ်လည်း ဆင်ခြင်တုံ တရားက အဲလောက်မမြင့်သေးလို့လေ။ ဆိုင်ကယ် ခပ်များများလည်း ဘေးမီးမပြဘဲ ရုတ်တရက် ကွေ့တယ်။ အဲဒါကြောင့်လည်း ပါတာပေါ့။ Accident ခဏခဏဖြစ်ကြတယ်” လမ်း အသုံးပြုနေကြတဲ့ ကားသမားတွေအနေနဲ့ တတ်နိုင်သမျှ ပုံမှန်မောင်းနှင် ပေးဖို့နဲ့ သတ်မှတ်ထားတဲ့ ဝန်ပို(တန်ချိန်)ထက် မတင်ဆောင်ကြဖို့ ၎င်းက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကနေ ဒီလ အထိ နမ္မတူ-သီပေါ လမ်းတကြောမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှုဟာ ၅ ကြိမ်အထိ ရှိနေပြီလို့ အထက်ပါ မန်လီဒေသခံ တစ်ဦးက ပြောပါတယ်။

၂၃။ အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာပြေးရသူ ၁ ဒသမ ၁ သန်းကျော် ရှိလာဟု OCHA ထုတ်ပြန်
October 31, 2022
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ် အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း၌ လူပေါင်း ၁ ဒသမ ၁ သန်း ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အရပ်သားပိုင် ဆိုင်သည့် နေအိမ်အဆောက်အအုံ ၃ သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA) က သတင်း ထုတ်ပြန်သည်။ အာဏာသိမ်းပြီး စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုများအပေါ် ခုခံတိုက်ခိုက်သည့် တော်လှန်ရေးအင်အားစုများကြား ပိုမို ပြင်းထန်လာ သည့် တိုက်ပွဲများနှင့် ပြည်တွင် စီးပွားရေး ငွေကြေးဖောင်းပွမှုများကြောင့်လည်း အခြေခံ လူသုံးကုန်းပစ္စည်းများ၏ ဈေးနှုန်းများ ဆက် လက်မြင့်တက်လျက် ရှိနေသည်။ ယင်းအတွက် နေအိမ်စွန့်ခွာ ထွက်ပြေးရသူများအပေါ် လုံးခြုံရေးအရ ကြီးမားသော အန္တရာယ်ကျရောက်စေသည့်အပြင် စားနပ်ရိက္ခာ ဖူလုံမှုကိုလည်း ထိခိုက်စေကြောင်း OCHA က ထောက်ပြထားသည်။ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) တို့၏ အဆိုအရ လူပေါင်း ၁၅ ဒသမ၂ သန်းသည် စားနပ်ရိက္ခာ မဖူလုံခြင်း၊ လုံခြုံမှု မရှိသည့် အခြေအနေအား အလယ်အလတ်နှင့် အပြင်းအထန်း ရင်ဆိုင်နေရကြောင်းလည်း ဆိုထားသည်။

ထိုသို့ အကျပ်အတည်းများသည် အစားအသောက် စားသုံးမှု လျော့ချခြင်း၊ ပိုင်ဆိုင်မှုများ ရောင်းချခြင်း၊ ကျောင်းထွက် ခြင်းနှင့် စောစီးစွာ အိမ်ထောင်ပြုခြင်း စသည့် အခြေအနေများကို တွန်းပို့နေကြောင်းလည်း OCHA က ဆိုထားသည်။ သို့သော် စစ်ဆင်ရေး ကြိုးပမ်းမှုများနှင့် ပိတ်ဆို့ကန့် သတ်မှုများကြောင့် OCHA နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အသက် ကယ်ဆယ်ရေးနှင့် အကာအကွယ်ပေးရေးတို့အား အရေးပေါ်လိုအပ်နေသည့် နေရာများသို့ သွားရောက်ရန် ဆက်လက်တားဆီး ခံနေရဆဲ ဖြစ်ကြောင်းလည်း OCHA က ထုတ်ပြန်သည်။ စစ်တပ်အာဏာမသိမ်းမီကလည်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေမှာ သုံးသိန်း သုံးသောင်း ကျော် ရှိကြောင်း OCHA ၏ စာရင်းများတွင် ဖော်ပြထားသည်။

၂၄။ မတူပီမြို့နယ်ပညာရေးမှုးဦးတင်လွေးကို Non-CDM အဖြစ်နဲ့သာဒလန်စွတ်စွဲကာသတ်ဖြတ်ခြင်းကို အမေရိကန်နိုင်ငံရှိ ဒိုင်မျိူးနွယ်စုအဖွဲ့ကကန့်ကွက်ရှုတ်ချ
October 31, 2022
ချင်းပြည်နယ် မတူပီမြို့နယ်မှာ မြို့နယ်ပညာရေးမှူးတာဝန်ထမ်းဆောင်နေတဲ့ ဦးတင်လွေးကို အောက်တိုဘာလ ၁၆ ရက်နေ့က မတူပီ CDF အဖွဲ့က အထောက်ထားမရှိNon – CDM အဖြစ်နဲ့သာ ဒလန်စွပ်စွဲကာ သတ်ဖြတ်ခြင်းအပေါ် North America Dai Community & Internation Dai CDF Supporting Committee အဖွဲ့က ပြင်းထန်စွာကန့်ကွက် ရှုတ်ချတယ်လို့ အောက်တိုဘာလ (၃၀) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။အဆိုပါထုတ်ပြန်ချက်ထဲမှာ မတူပီ CDF ဒလန် ရှင်းလင်းရေး အဖွဲ့ အနေနဲ့ ဆရာကြီးတင်လွေးကို မည်ကဲ့သို့ ပြစ်မှုကျူးလွန်ခြင်းများ ရှိကြောင်း အများပြည်သူများကို သိရှိရန် ပွင့်လင်းမြင်သာစွာ တရားဝင်အသိမပေးခြင်းနဲ့ သက်သေအထောက်ထားများမရှိပဲ Non – CDM အဖြစ်နဲ့ သာ ဒလန်စွပ်စွဲကာ အာဏာရှင်ဆန်စွာ သတ်ဖြတ်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

CDF – Matupi အနေနဲ့ ပြည်သူ့ကာကွယ်ရေးစစ်သည်တော်များ လိုက်နာရမယ့် ကျင့်ဝတ်နဲ့အညီ လူသားဆန်စွာ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးရန် အခွင့်အရေး ရှိပေမယ့် မပြုလုပ်ခဲ့ခြင်း၊ ဆရာကြီး တင်လွေးကို မိသားစုများရှေ့မှောက်မှာ ပစ်သတ်ခဲ့ခြင်းမှာ Non – CDM ဝန်ထမ်းများကို အရေးယူဆောင်ရွက်ခြင်းနဲ့ ပက်သက်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနရဲ့ ကြေညာချက် အမှတ်( ၁/ ၂၀၂၂) အပိုဒ် (၄) နဲ့လည်း ဆန့်ကျင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မြို့နယ် ပညာရေးမှူး ဦးတင်လွေးကို စစ်ကောင်စီဒေါက်တိုင်လို့စွတ်စွဲပြီး CDF – Matupi အဖွဲ့က အောက်တိုဘာလ (၁၆) ရက်နေ့မှာ မတူပီမြို့ကသူ့နေအိမ်မှာပဲ ပစ်ခတ်သတ်ဖြတ်ခဲ့ကြပါတယ်။

၂၅။ တနင်္သာရီ၊ စစ်ကောင်စီခန့် အောင်ချမ်းသာရွာ အုပ် ချုပ်ရေးမှူး မျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး
October 31, 2022
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောင်ကြီးဒေသ အောင်ချမ်းသာရွာ အုပ်ချုပ်ရေးမှူး မျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၂ မိနစ်ခန့်တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မျိုးအောင် သည် ဆိုင်ကယ်ဖြင့် အိမ်ပြန်လာစဥ် ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံး သွားကြောင်း သိရသည်။ “ကော့သောင်းခရိုင် ခမောက်ကြီးအပိုင်ထဲက အောင်ချမ်းသာရွာက စကစခန့် အုပ်ကြီးကို ၃၀ ရက်နေ့ ၁၁ နာရီ ၂၂ မိနစ်လောက်က ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က ရှင်းလင်း သုတ်သင်ခဲ့ပါတယ်။ အုပ်ကြီး အမည် ကတော့ မျိုးအောင် (ခေါ်) နောင်မဲ ပါ။ အဲလူက ပျူစောထီး ခေါင်းဆောင် အကြီးဆုံးပါ။ အုပ်ကြီး လည်းလုပ်တယ်။ ဆိုင်ကယ်နဲ့ လာစဥ်မှာ ပစ်ခတ်လိုက်တာပါ။ သူ့တပည့်လည်း ပါတယ်။ သူ့ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်။ သူ့တပည့် ကတော့ ဆေးရုံမှာ အရေးပေါ် လူနာအဖြစ်နဲ့ ရှိနေပါတယ်” ဟု ကော့သောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၂)မှ တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

၂၆။ မြန်မာဘာသာစကားကို စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုရမည်ဟု စစ်ကောင်စီမှ ပြင်ဆင်သည့်ဥပဒေကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ကန့်ကွက်
October 31, 2022
စစ်ကောင်စီသည် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက်နေ့က ပြဌာန်းလိုက်ပြီး ယင်းဥပဒေတွင် မြန်မာဘာသာစကားကို စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုရမည်ဆိုသည့် အချက်လည်းပါဝင်သဖြင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကန့်ကွက်လိုက်သည်။ စစ်ကောင်စီ၏ အဆိုပါဥပဒေပြင်ဆင်ချက် သည် မြန်မာနိုင်ငံရှိ ဗမာမဟုတ်သော တခြားသောတိုင်းရင်းသား လူမျိုးများ၏ မိခင်ဘာသာစကားကို ပပျောက်စေရန် ရည်ရွယ် ချက်ဖြင့် လူမျိုးကြီးဝါဒဆန်စွာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “သူတို့(စစ်ကောင်စီ)က ပြင်ဆင်လိုက်တဲ့ ဥပဒေထဲမှာ ကျနော်တို့ မကြိုက်တာက တစ်ချက်တည်းမဟုတ်ဘူး။ အများကြီးရှိတယ်။ ဒါပေမယ့် ကျနော်တို့က ဦးစားပေးအနေနဲ့ ပုဒ်မ-၄၃ ပုဒ်မခွဲ(ခ) ပြင်ဆင်ချက်ကို ကန့်ကွက်တာဖြစ်တယ်။ အခု သူတို့ပြင်ဆင်လိုက်တာက ကျနော်တို့ တိုင်းရင်းသားတွေရဲ့ မိခင်ဘာသာစကား တွေကို ဖောက်ဖျက်လိုက်ရာ ကျတယ်လို့ပြောရမယ်။ အမှန်တကယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ဘာသာစကားကို လုံးဝကို သတ်မှတ်ပေးရမယ်”ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်ကပြောသည်။

မူလက အမျိုးသားပညာရေးဥပဒေပုဒ်မ ၄၃၊ ပုဒ်မခွဲ(ခ)တွင် အခြေခံပညာအဆင့်တွင် လိုအပ်ချက်ရှိလျှင် တိုင်းရင်းသား ဘာသာစကားကို မြန်မာဘာသာစကားနှင့်အတူ သင်ကြားမှုဘာသာစကားအဖြစ် တွဲဖက်အသုံးပြုနိုင်သည်ဟု ပြဌာန်းခဲ့သည်။ သို့သော် စစ်ကောင်စီသည် ပုဒ်မခွဲ(ခ)ကို မြန်မာဘာသာစကား တစ်ခုတည်းကိုသာ စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံး ပြုရမည်ဟု ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် ပုဒ်မ ၄၄ တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် တိုင်းရင်းသား စာပေနှင့် ဘာသာစကား သင်ကြား၊သင်ယူမှုကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံပညာ မူလတန်းအဆင့်မှစတင်၍ အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်နိုင်သည်ဟု မူလပြဌာန်းချက် တွင် ဖော်ပြထားသည်။ ယင်းသို့ပြင်ဆင်လိုက်သည့် ပုဒ်မ-၄၄ အရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်သည်ဟု ပါရှိသည့်အတွက် အခြေခံပညာကျောင်းသား/သူများနှင့် တိုင်းရင်းသားဘာသာစကားသင် ဆရာ/မများအတွက် အခက်အခဲဖြစ်လာနိုင်သည်ဟု စစ်တွေတက္ကသိုလ်မှ ဥပဒေဘာသာရပ်ကို တက်ရောက်နေသည့် ကျောင်းသားတစ်ဦးကပြောသည်။ “အခုလိုမျိုး ပြဌာန်းလိုက်တဲ့အတွက် တိုင်းရင်းသားဘာသာစကား သင်ကြားရေးလုပ်ငန်းကို လုပ်ချင်လည်း လုပ်လို့ရမယ်။ မလုပ်ချင်လည်း မလုပ်လို့ရတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ အရင်ကတော့ လုပ်ကိုလုပ်ရမယ်လို့ အမိန့်ပေးထားတဲ့ပုံစံမျိုးဖြစ်နေတယ်”ဟု သူကဆိုသည်။

၂၇။ မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ မှ တစ်ဖက်သတ် လက်နက်ပစ်ခတ်နေ
October 31, 2022
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြို့သစ်ကျးရွာဘက်တွင် အာဏာသိမ်း စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၃၁ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် မိုးမိတ်မြို့နယ် မြို့သစ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ သေနတ်ပစ်ခတ်သံများ တစ်ဖက်သတ် ထွက်ပေါ်လာကြောင်း ဒေသခံများက ပြောသည်။ “နေ့လည်ပိုင်း ၁၁ နာရီ ၅၀ မိနစ်ကနေ ၁၂ နာရီအထိ တပ်စခန်းထဲက တစ်ဖက်သတ် ပစ်ခတ်သံတွေ ထွက်ပေါ် လာတယ်၊ သူတို့ အချင်းချင်းပဲ ရန်ဖြစ်ကြလို့ ပစ်ကြတာလား မသိဘူး၊ ခဏလေးပဲ ကြားတယ်၊ အသံတွေပဲ ပြန်ငြိမ်သွားတယ်” ဟု မိုးမိတ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ မြို့သစ် ကျေးရွာ နှင့် အနီးတစ်ဝိုက်သည် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ တည်ရှိရာ နေရာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ယာယီစခန်း ချထားရာ နေရာလည်း ဖြစ်ကြောင်း ဒေသခံများက ဆက်ပြောသည်။

“မြို့သစ်ဘက်မှာက ထွေအုပ်ရုံးတွေ၊ ဌာနဆိုင်ရာ ရုံးတွေ ရှိတယ်၊ ဒါကြောင့်မို့ တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ ဇူလိုင်လ ကတည်း က စစ်ကောင်စီတပ် ခလရ (၂၂၃)၊ (၂၇၆) နဲ့ ခမရ (၃၄၈) တို့က တပ်သားတွေကို နည်းနည်းစီ စုပြီး ယာယီစခန်း တစ်ခုလည်း ရှိတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။ မိုးမိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်အပြင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က သွားလာလှုပ်ရှားလျက်ရှိ ကြောင်း သတင်းသိရသည်။

၂၈။ ရှောက်သီး၊ သံပုရာသီးစျေးကျ၍ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စိုက်တောင်သူများ စားဝတ်နေရေးခက်ခဲလာနေ
October 30, 2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုနှစ် ရှောက်၊ သံပုရာသီးစျေးကျသည့်အတွက် စိုက်တောင်သူ များ စားဝတ်နေရေးခက်ခဲလာလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ယခုနှစ် ရှောက်၊ သံပုရာသီး ထွက်ချိန် (ဒေသအခေါ် နွေသီးထွက်ချိန်)တွင် သံပုရာသီးတစ်လုံးလျှင် ၅ဝ ကျပ်၊ ရှောက်သီးတစ်လုံးလျှင် ၃ဝ ကျပ်ဝန်းကျင်သာ စျေးရှိနေသည့် အတွက် သယ်ယူပို့ဆောင်ခနှင့် အလုပ်သမားခ အတွက်သာရရှိသည့်အတွက် မိသားစုစားဝတ်နေရေးအတွက် ခက်ခဲလာသည်ဟု စိုက်တောင်သူများက ပြောသည်။ “ရှောက်ပင်နဲ့သံပုရာအပင် ၅ဝဝ လောက်စိုက်ထားတယ်။ ဒီနှစ်အသီးအတော်ထွက်ကြ တယ်လေ။ စျေးမရှိတော့ အဆင်မပြေကြဘူး။ ခုခေတ်ငွေနဲ့ဆို တစ်လုံး ၁ဝဝ ကျော်လောက်စျေးရမှ စားဝတ်နေရေးအတွက် အဆင်ပြေ မယ်လေနော်။ အခု ၃ဝ၊ ၅ဝ ကျပ်နဲ့က သယ်ယူပို့ခ၊ အလုပ်သမားခနဲ့တင်ကုန်နေပြီ။ တစ်ချို့ကအသီးမခူးတော့ဘဲ ဒီအတိုင်းပဲထားလိုက်ကြတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် မိကျောင်းအန်ရွာမှ စိုက်တောင်သူ စောနေစေးက ပြောသည်။

ယခင်နှစ်က ဒေသအခေါ်နွေသီးတွင် သံပုရာသီးတစ်လုံး ၁၂ဝ ကျပ်၊ ရှောက်သီးတစ်လုံးလျှင် ၂ဝဝ ကျပ်အထိ စျေးရရှိခဲ့ ပြီး နိုင်ငံရေးအခြေအနေနှင့် ဒေသအတွင်း စစ်ရေးပဋိပက္ခအခြေအနေများကြောင့် ကုန်သည်များ ကျေး ရွာအထိ လာရောက် ဝယ်ယူမှု နည်းပါးသည့်အတွက် ယခုလို စျေးကျသွားခြင်းဖြစ်သည်ဟု အဝယ်ဒိုင်များထံမှ သိရသည်။ ကြာအင်းဆိပ်ကြီး ဒေသ ထွက် ရှောက်၊ သံပုရာသီးသည် သဘာဝသီးဖြစ်သည့်အတွက် အခြားဒေသထွက် အသီးတွေထက် အခွံမာပြီး အထားခံသည့် အတွက်စာသုံးသူများလျက်ရှိပြီး မော်လမြိုင်၊ ရန်ကုန်ရှိ ပွဲရုံများတွင် နှစ်စဉ်ဝယ်ယူလျက်ရှိသည်ဟု အဝယ်ဒိုင်များက ပြောသည်။ ရှောက်၊ သံပုရာသီးကို အစားအသောက်လုပ်ငန်း၊ အဖျော်ရည်များနှင့် ဆေးဖော်စပ်သည့်နေရာများတွင် အသုံးပြုကြသည်ဟု သိရသည်။

၂၉။ ပူတာအိုတွင် ကျောက်ကြမ်းပိုး စျေးကောင်းရသဖြင့် ရှာဖွေသူများပြား
November 1, 2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ကျောက်ကြမ်းပိုးတွေ စျေးကောင်းရလို့ အောက်တိုဘာ ကုန်ပိုင်းကစပြီး ကျောက်ကြမ်းပိုး (ဂျပိုး) ရှာဖွေသူ များပြားလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ကျောက်ကြမ်းပိုး ကိုယ်တိုင်ရှာ နေသူ တ‌ယောက်က “ဒီရက်ပိုင်းတော့ မူလာရှီးဒီကြိုးတံတားဝန်းကျင်မှာ ပွဲတော်လိုပဲ၊ လူရာချီ ကျောက်ကြမ်းပိုးရှာသူတွေ အရမ်းများ တယ်။ ညနေပိုင်း နေဝင်ခါနီးအချိန်မှာ ကျောက်ကြမ်းပိုးက ပျံတဲ့အချိန် ဖမ်းကြတာပါ။ ညပိုင်းဆို ကျောက်ခဲတွေလှန်ပြီး ရှာရတယ်။ ပူတာအိုမှာတော့ နို့ဆီဘူးတခွက်ကို ဒီရက်ပိုင်း ၁၂,၀၀၀ ကျပ်ထိပေးတယ်။” ပူတာအိုမှာ ကျောက်ကြမ်းပိုးတွေကို ဆောင်းရာသီဝင်ခါစ အောက်တိုဘာ လကုန်ပိုင်းကစတင်ပြီး ဒေသခံတွေက မြစ်ချောင်းနံဘေးတွေမှာ ရှာဖွေနေရတာဖြစ်တယ် လို့ ပူတာအိုမြို့နယ် ဆန်ဂေါင်ရွာခံတယောက်က ပြောပါတယ်။

“အခုနှစ်တော့ ၂ ပတ်လောက်ရှိပြီ ကျောက်ကြမ်းပိုးရှာနေကြတာ။ မြို့နဲ့နီးတဲ့နေရာ မူလာရှီးဒီတလျှောက်မှာ ရှာကြ တယ်။ ပူတာအိုမှာတော့ မူလာချောင်းနဲ့ မလိခမြစ် နံဘေးတွေမှာ ရှာကြတယ်။ ညပိုင်း ကျောက်ကြမ်းပိုးရှာသူတွေက မူလာချောင်းရဲ့ ချောင်းဦးတကျောမှာ တဲတွေချပြီး ရှာကြတယ်။ ဆောင်းရာသီအစမှာ ခုလို ကျောက်ကြမ်းပိုးပေါ်တာက ပူတာအို ဒေသခံတွေအတွက် မိသားစုဝင်ငွေအနေနဲ့ တဖက်တလမ်းကရတော့ အဆင်ပြေတယ်။” ပူတာအိုခရိုင်ထဲက နောင်မွန်မြို့နယ် မှာလည်း ကဆန်ချောင်းနဲ့ ရနမ်ချောင်းတို့မှာ ကျောက်ကြမ်းပိုးရှာသူတွေ များနေပြီး မိသားစုလိုက် ညအိပ်ရှာဖွေသူတွေရှိသလို ကျောက်ကြမ်းပိုးနို့ဆီတဘူးကို ၁၅,၀၀၀ ကျပ်ထိပေးတယ်လို့ နောင်မွန်ဒေသခံတ‌ယောက်ကလည်း ပြောပါတယ်။ ပူတာအိုမှာ ကျောက်ကြမ်းပိုးအပြင် ရာသီလိုက်ထွက်ပေါ်တဲ့ ဆေးမြစ်ရှီးပတီး၊ ဆေးမြစ်ဘေချီ၊ ရှားကောပါးကော၊ မြေသစ်ခွ စတဲ့ သဘာဝ ဆေးမြစ်တွေ ရှာဖွေပြီး ပူတာအိုဒေသခံ ပြည်သူတွေ မိသားစုဝင်ငွေကို ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။ ပူတာအိုမှာ အခုနှစ် ကျောက်ဂျပိုးစျေးကွက်အနေနဲ့ နို့ဆီတဘူးကို ၁၀,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်ကြား အရောင်းအဝယ် ပြုလုပ်နေကြပြီး ၂၀၂၁ ခုနှစ် မှာ ကျောက်ကြမ်းပိုး နို့ဆီတဘူးကို ၈,၀၀၀ ကျပ်သာ ရှိခဲ့‌ပေမဲ့ အခုနှစ်တော့ မနှစ်ကထက် ကျောက်ကြမ်းပိုးစျေး မြင့်တက် နေတယ်လို့ သိရပါတယ်။ ကျောက်ကြမ်းပိုး‌ဈေးကွက်အနေနဲ့ ၁ ပိသာကို ၁၉၀,၀၀၀ ကျပ်ဟာ ပုံမှန်ဈေးဖြစ်နေပြီး တရုတ်ပြည် က အဓိကဝယ်ယူနေတာ ဖြစ်ပါတယ်။

၃၀။ ကွတ်ခိုင်မြို့တွင် ရာအိမ်မှူးအိမ် ဓားပြတိုက်ခံရ
November 1, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၃)၊ နယ်မြေ(၇)၊ တရုတ်စာသင်ကျောင်းလမ်းမှာ နေထိုင်တဲ့ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးအားလုံ(ခ)ရှောင်ဆုံလုံ ရဲ့အိမ်ကို ဒီကနေ့ နိုဝင်ဘာ ၁ ရက် မနက်က ဓားပြဝင်တိုက်လို့ ငွေကြေးနဲ့ လက်ဝတ်ရတနာနဲ့ ဖုန်းတွေပါသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရာအိမ်မှူးနေအိမ်ကို Crown အမျိုးအစား အဖြူရောင် ဆလွန်းကား ၁ စီးနဲ့ လူ ၄ ဦးက လက်နက်ကိုယ်စီနဲ့ ဝင်ရောက်လာပြီး ဓားပြတိုက်သွားတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ “crown အဖြူနဲ့ ရောက်လာတယ်။ လူ ၄ ယောက် Mask တပ်ထားတယ်။ သေနတ်ဖောက်ပြီး အိမ်ထဲက ပိုက်ဆံတွေယူသွားတယ်။ ရာအိမ်မှူးရဲ့ ပစ္စတို ၁ လက်လည်း ယူသွားတယ်။”လို့ဒေသခံက ပြောပါတယ်။ ရာအိမ်မှူး အားလုံအိမ်က ၁ ပေပတ်လည် မီးခံသေတ္တာ ၁ လုံး၊ တရုတ်ငွေ ယွမ် ၂ သိန်းကျော်၊ မြန်မာကျပ်ငွေ သိန်း ၁၀၀ ကျော်၊ လက်စွပ် ၁ ကွင်း၊ ဆွဲကြိုး ၁ ကုံး၊ ဖုန်း ၅ လုံး ပါသွားခဲ့တယ်လို့ နီးစပ်သူတွေကပြောဆိုပြီး ရာအိမ်မှူးရဲ့ ပစ္စတို ၁ လက် ပါသွားတာကိုတော့ စာရင်းဖျောက်ထားတယ်လို့ လည်း နီးစပ်သူတွေက ဆိုပါတယ်။

မြို့ခံတဦးက“သေနတ်ဖောက်သံ ကြားပြီးတော့ ဒီသတင်း ထွက်လာတာပဲ။ ရပ်ကွက် (၃) မှာရှိတဲ့ တရုတ်ရာအိမ်မှူး အားလုံအိမ်ကို ကားတစ်စီးနဲ့ လူတစုရောက်လာပြီး ဓားပြတိုက်သွားတယ် ဆိုတာပဲ။ ဒီလူက ပြည်ခိုင်ဖြိုးထောက်ခံသူ သူ့အဘ တွေ အာဏာသိမ်းမှ ဓားပြတိုက်ခံရတယ်” လို့ ပြောပါတယ်။ ကွတ်ခိုင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ကွတ်ခိုင်မြို့မ ပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ်၊ တာမိုးညှဲပြည်သူစစ်တပ်ဖွဲ့တို့ အခြေချလှုပ်ရှားနေပါတယ်။ ဒါ့အပြင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်တပ်(MNDAA)တို့လည်း စစ်ရေးလှုပ်ရှား တာတွေရှိနေပါတယ်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button