တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

မိုးမောက် လုံဂျာဘွမ်အနီး နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ဓါတ်ပုံ – The Kachin Net

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၂၉

ကချင်ပြည်နယ်၊ မိုးမောက်မြို့အရှေ့ဘက် လုံဂျာဘွမ်(တောင်ကုန်း)အနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အပတ်က အင်အား အများအပြားဖြစ် စစ်ကြောင်း ၃ ကြောင်းနဲ့ လုံဂျာဘွမ်(တောင်ကုန်း) KIA တပ်စခန်းရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်နေ့ကတော့ စလို့ စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာလို့ နှစ်ဖက်တိုက်ပွဲပြင်းထန် နေတာလို့ KIA ရဲ့ သတင်းဌာနတွေမှာ ဆက်လက်ဖော်ပြနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကြောင်း ၅ ကြောင်း အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေတဲ့ ရက်သတ္တပတ်အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က စပြီး မိုးမောက်မြို့အရှေ့ဘက် KIA တပ်စခန်းရှိရာ လုံဂျာဘွမ် (တောင်ကုန်း)ဘက်ကို မိုးမောက် ခလရ (၄၃၇) တပ်က လက်နက်ကြီး ပစ်ကူ ဆက်တိုက် ပစ်ခတ်နေပြီး မြေပြင် ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။ အလားတူ လေကြောင်းအသုံးပြုပြီးတော့လည်း ဗုံးကြဲ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

”ဒီနေ့ နေ့လယ်ပိုင်းထိပစ်နေတုန်းပဲ သူတို့က နေ့တိုင်းလိုလို မနက် ၇ နာရီ ၈ နာရီလောက် ကနေစပစ်ရင် နေ့လယ် တစ်နာရီလောက်ထိပစ်။ ကြားမှာနားလည်း ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲနားတယ်။ တစ်နေကုန်း ပစ်တာ မြေပြင်မှာလည်း ပစ်တယ် လက်နက်ကြီးတွေနဲ့လည်း သုံး လေး နေရာလောက်ကနေ ပစ်ကူတယ်။ စစ်သားအင်အားလည်း နေ့တိုင်းလိုလို ဖြည့်တယ်။ အင်အားအလွန်အကျွံသုံးပြီး တိုက်နေတာတောင် ၇ ရက်ရှိပြီ။ KIA တပ်စခန်းရှိတဲ့ တောင်ကုန်းပေါ်ကိုတော့ မတက်နိုင်သေးဘူး” လို့ မိုးမောက်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောပြထားတာပါ။

စစ်ကောင်စီတပ်ဟာ အဲဒီလုံဂျာဘွမ်(တောင်ကုန်း)ဘက်ကို မိုးမောက်အခြေစိုက် ခမရ ၄၃၇ တပ်၊ ဗန်းမော် ၄ မိုင်တပ်၊ ၃ မိုင်တပ်၊ ၂ မိုင်တပ်နှင့် မိုးမောက်မြို့အနောက်ဘက်ခြမ်းစသည့် နေရာငါးနေရာမှ လက်နက်ကြီး များဖြစ်လည်း နေ့စဥ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းအရင်းအမြစ်တွေအရ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ၇ ရက်အတွင်း စစ်ကောင်စီတပ်ဟာ ထိခိုက်သေဆုံးမှု များပြားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီက ထိခိုက်သေဆုံးသူများကို လူနာတင်ကားများဖြင့် နေ့တိုင်းလာရောက် သယ်ယူနေတာကြောင့် ဗန်းမော် ၄ မိုင် စစ်တပ်ဆေးရုံကြီးမှာ အပြင်လူနာများအတွက် ကုတင်တောင် မရှိတော့အထိ လူနာများနေတယ်လို့ သိရပါတယ်။

Related Articles

Back to top button