တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 78, October 25, 2022)

 

၁။ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် ကရင်ပါတီများ ပေါင်းစည်းရန် ညှိနှိုင်းသွားဖွယ်ရှိ
October 25, 2022
လာမည့် ၂၀၂၃ ခုနှစ်တွင် အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်ရန် ရည်ရွယ်ဆောင်ရွက်နေသည့် အထွေထွေ ရွေးကောက်ပွဲအတွက် ကရင်နိုင်ငံရေးပါတီများ ပေါင်းစည်းရန် ညှိနှိုင်းသွားဖွယ်ရှိကြောင်း ကရင်ပြည်သူ့ပါတီ (KPP) ပါတီဝင် တစ်ဦးကပြောသည်။ လာမည့်ရွေးကောက်ပွဲတွင် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်(UEC)မှ နိုင်ငံရေး ပါတီများအနေဖြင့် ပါတီဝင်အင်အားနှင့် ပါတီရန်ပုံငွေကို တိုးမြှင့်သွားရမည့် အစီအစဉ် ကြောင့် ယခုလို ပါတီများ ပေါင်းစည်းသွားရန် စဉ်းစားနေကြခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ KPP ပါတီဝင်၏ ဗဟိုခေါင်းဆောင် တစ်ဦးက ယခုလိုပြောသည်။ “အခုက ပါတီတစ်ခု တည်ထောင်ဖို့အတွက်ဆိုရင် လူအင်အား တိုး သတ်မှတ်ထားတယ်။ ဒါပေမဲ့ ဘယ်လောက် လဲဆိုတာတော့ အတိအကျ မပြောလိုက်ဘူး။ နောက်ငွေကြေးအင်အားလည်းတိုးမယ် ပြောတယ်။ အဲ့တော့ ကရင်ပါတီအချင်းချင်းကြား ပြန်ညှိနှိုင်းရမယ်။ UEC က အကြံပေးတာတော့ ပေါင်းဖို့အကြံပေးတယ်။” ဟု ပြောသည်။ လက်ရှိ ကရင်နိုင်ငံရေးပါတီများတွင် ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)၊ ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါတီ (PSDP)၊ ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)နှင့် ဧရာဝတီတိုင်း ဒေသကြီး အခြေစိုက် ကရင်အမျိုးသား ပါတီ(KNP) စသည့် ပါတီများရှိသည့်အနက် လက်ရှိတွင် KNDP၊ KPP နှင့် PSDP အကြား အဓိက ဆွေးနွေးညှိနှိုင်းသွားဖွယ်ရှိ ကြောင်း ၎င်းပါတီဝင်က ဆက်ပြောသည်။

ယခုလ ၂၂ ရက်နေ့က KPP ပါတီ၏ ဧရာဝတီတိုင်းဒေသကြီးအဆင့် ပါတီမျက်နှာစုံညီ အစည်းအဝေးပွဲကို မြောင်းမြမြို့ တွင် ပြုလုပ်ကျင်းပခဲ့ပြီး ပါတီဝင်များ၏ အခြေအနေများနှင့် လာမည့် ရွေးကောက်ပွဲအပေါ် သဘော ထားများကို မေးမြန်းဆွေး နွေးခဲ့ကြပြီးနောက် ယခုလို ပါတီအချင်းချင်းကြား ညှိနှိုင်းမည့် သဘောထားများရှိ လာကြောင်းသိရသည်။ သို့သော် လက်ရှိ အချိန်တွင် စစ်ကောင်စီဘက်မှ ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြင်းရှိ၊ မရှိမသိရသေး သည့်အပေါ် စောင့်ကြည့်သွားရအုံးမည်ဖြစ်ပြီး ရွေးကောက်ပွဲဝင်ခြင်းမဝင်ခြင်း မှာလည်း မသေချာသေးကြောင်း ကရင်နိုင်ငံရေး ပါတီများက ဆိုသည်။ KNDP ဥက္ကဌဖြစ်သူ မန်းအောင်ပြည်စိုးကမူ တစ်ပြည်လုံးမှာရှိသည့် ကရင်လူမျိုးများအတွက် ကရင် အမျိုးသားများ၏ အရေးအရာများကို ပြောဆိုနိုင်ရန် ကရင်ပါတီတစ်ခုရှိသင့်သည့်အပေါ် ကရင်ပါတီအနေဖြင့် ဆက်လက် ရပ်တည်သွားမည်ဖြစ်သော်လည်း ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်းအပေါ် မဆုံးဖြတ်ရသေးကြောင်း ပြောဆိုထားသည်။ ပါတီ တစ်ခု ရှိလာပြီးဆိုပါက ရွေးကောက်ပွဲ ဝင်သွားရမည်ဖြစ်သော်လည်း လက်ရှိ ရွေးကောက်ပွဲ ဖြစ်မည် မဖြစ်မည်ဆိုသည့် မရေရာ သည့်အခြေအနေတွင် အခြေအနေများကိုသာ စောင့်ကြည့်သွားရအုံးမည် ဖြစ်ကြောင်း မန်းအောင်ပြည်စိုးက ဆက်ပြောသည်။

၂။ စစ်ရှောင်မိသားစု အိမ်ပေါ်လက်နက်ကြီးကျရောက်ပြီး အမျိုးသားဖြစ်သူ သေဆုံး
October 24, 2022
ကရင်နီပြည် လွိုင်ကော်မြို့ အနောက်ဘက်ခြမ်း ကုန်းသာစစ်ရှောင်စခန်းမှာ အောက်တိုဘာလ ၂၃ ရက်နေ့ ည ၉ နာရီ အချိန်မှာ လက်နက်ကြီးကျရောက်ခဲ့ပြီး အမျိုးသားဖြစ်သူပွဲချင်းပြီးသေဆုံးခဲ့ရသလို သေဆုံးသူရဲ့ အမျိုးသမီးနဲ့ ၈ နှစ်အရွယ် သား လေးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ စစ်ရှောင်စခန်းအနီး လက်နက်ကြီး သုံးလုံး ကျရောက်ခဲ့ပြီး တစ်လုံး ကတော့ စစ်ရှောင်မိသားစုတစ်ခုရဲ့ အိမ်ပေါ်ကျရောက်ခဲ့တာ ဖြစ်တယ်လို့ သွားရောက်ကူညီကယ်ဆယ်ခဲ့တဲ့ ကရင်နီ စစ်ဘေး ရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ မနေ့ည ၉ နာရီကျော်ကျော်လောက်မှာ ဒီ မိုးဗြဲ အမြောက်တပ်ကနေ မိုးဗြဲအမြောက်တပ်ဆိုတာက မိုးဗြဲတပ်ရင်းပေါ့။ ၄၂၂ တပ်ရင်း အဲ့ဒီကနေ ထုလာတယ်။ နှစ်ချက် သုံးချက် လောက်ထုလာတော့ အဲ့ဒီကုန်းသာစစ်ဘေးရှောင်တွေပေါ့။ ဒီလွိုင်ကော် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကုန်းသာစစ်ဘေးရှောင် တွေနေတဲ့နေရာကျတာ တည့်တည့်ကျတော့ ဒီအမျိုးသား ၃၅ နှစ်အရွယ်တစ်ဦး သူ့အမျိုးသမီးတစ်ဦးတော့ ၃၃ နှစ်ပဲရှိသေး တယ်။ ဦးခေါင်းမှာဒဏ်ရာရရှိတယ်။ သူ့သား ၈ နှစ်အရွယ်ကတော့ ပေါင်မှာ ဒဏ်ရာရရှိထားတယ်။ ၆ လသား အငယ် တစ်ယောက်ကတော့ ဘာမှတော့ မဖြစ်ဘူးပေါ့နော။ အဲ့ဒီလိုအခြေအနေရှိတယ်။ တိုက်ပွဲကတော့ အဲ့ဒီအနီးအနားမှာ တိုက်ပွဲ ဖြစ်ပွားတာမျိုးလည်းမရှိဘူး။ စစ်ကောင်စီက ရမ်းသမ်းထုတဲ့ ပုံစံမျိုး အဲ့ဒီလိုမျိုးပုံစံ။ ” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ဦးခေါင်းထိခိုက်ဒဏ်ရာရထားတဲ့ အမျိုးသမီးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိခဲ့တယ်လို့ ဆိုပါတယ်။ ယခင်က စစ်ဘေးရှောင်စခန်းအပြင်ဘက်မှာ လက်နက်ကြီးကျရောက်တာ သုံးကြိမ်ရှိခဲ့ဖူးပေမဲ့ လူထိခိုက်တာမျိုး မရှိဖူးဘူးလို့ ဆိုပါတယ်။ အဲ့ဒီကုန်းသာစစ်ဘေးရှောင်စခန်းမှာ လူဦးရေလေးထောင်ဝန်းကျင်ရှိနေပြီး စစ်ကောင်စီအခြေစိုက် မိုးဗြဲတပ်ရင်း ၄၂၂ တပ်နဲ့ ၁၀မိုင်ဝန်းကျင်ကွာဝေးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ကရင်နီပြည်တွင်းမှာ အောက်တိုဘာလ ၁ ရက်ကနေ ၂၃ ရက်နေ့အထိ စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီး အသက် ၅ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၇ ဦးနဲ့ သေဆုံးသူ တစ်ဦးရှိနေပြီဖြစ်ပါတယ်။

၃။ ကချင်လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်ကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူတွေပြော
October 25, 2022
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ နှစ်ပတ်လည်တေးဂီတ ဖျော်ဖြေ ပွဲကို စစ်ကောင်စီ တိုက်လေယာဉ်တွေ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ အရပ်သား ပြည်သူ အမြောက်အများ သေကြေဒဏ်ရာရခဲ့တဲ့အပြင် စစ်ကောင်စီအာဏာပိုင်တွေက လမ်းတွေကို ပိတ်ထားတဲ့အတွက် အချိန်မီဆေးကုသခွင့်မရဘဲ သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ၊ NUG၊ နိုင်ငံတကာနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ကြေညာချက်တွေထုတ်ပြန်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတဲ့အကြောင်း ပြောကြားထားပါတယ်။ စစ်ရေး လှုပ်ရှားမှုနဲ့ မဆိုင်တဲ့ အရပ်သားပစ်မှတ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တဲ့ အကြောင်းလည်း လူ့အခွင့်အရေးနဲ့ မြန်မာ့အရေးကျွမ်းကျင်သူအချို့က ပြောပါတယ်။ “ဒါက စစ်ရေးလှုပ်ရှားမှု မဟုတ်ပါဘူး။ အရပ်သားပြည်သူတွေရဲ့ ဖျော်ဖြေပွဲဖြစ်ပါတယ်။ မြန်မာစစ်တပ်က သူတို့ကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ” အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်ရာ တပ်မဟာ ၉ နယ်မြေထဲမှာ ပြုလုပ်နေတဲ့ ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီတပ်တွေ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့တဲ့နောက်၊ ရန်ကုန်မြို့ကုလသမဂ္ဂရုံးကနေ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ အရပ်သားတွေအပေါ် အလွန်အကျွံအင်အားသုံးတိုက်ခိုက်ခဲ့တာ ဖြစ်ပုံရပြီး လက်ခံနိုင်စရာမရှိတဲ့အကြောင်း၊ ဒီလုပ်ရပ်အတွက် ကျူးလွန်သူတွေ တာဝန်ခံရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။ သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေက သံရုံးတွေ ပူးပေါင်းထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့ အဆင်ခြင်မဲ့ တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားတွေ ထိခိုက်ခြင်း၊ အတိဒုက္ခခံစားရခြင်းတွေ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့အကြောင်း၊ ဒီလိုအကျပ်အတည်းနဲ့ မတည်ငြိမ်မှုတွေအတွက် စစ်အာဏာရှင်အဖွဲ့အစည်းမှာ တာဝန်ရှိတဲ့အကြောင်း၊ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရ အရပ်သားတွေကို အကာအကွယ်ပေးရမယ့် တာဝန်ကိုအလေးမထားတာကို အခုဖြစ်ပွားတဲ့တိုက်ခိုက်မှုက အထင်အရှားပြသနေ တယ်လို့ ပါရှိပါတယ်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က အာရှရေးရာတာဝန်ခံ Phil Robertson က ဒီတိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ICC တရားရုံးမှာ စစ်ဆေးအရေးယူဖို့ လိုနေတဲ့အကြောင်း ပြောပါတယ်။ ”မြန်မာ စစ်ခေါင်း ဆောင်တွေဟာ ဒီလုပ်ရပ်နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်လိုက်တာဖြစ်ပါတယ်။ အခုလိုအရပ်သားပြည်သူတွေ စုဝေးနေတဲ့ နေရာကို တိုက်ခိုက်တာ လက်ခံနိုင်စရာမရှိပါဘူး။ သူတို့အနေနဲ့ ဒီနေရာမှာ အရပ်သား ပြည်သူတွေ စုဝေးပြီး ဂီတဖျော်ဖြေပွဲလုပ်နေတာ မသိနိုင်စရာ အကြောင်းမရှိပါဘူး။ ကေအိုင်အေအဖွဲ့က အာဏာသိမ်းဆန့်ကျင်တော်လှန်ရေး အင်အားစုတွေကို ထောက်ခံနေတဲ့ အတွက် လက်စားချေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ စစ်ရေးလှုပ်ရှားမှုနဲ့မဆိုင်တဲ့ အနုပညာရှင်တွေ၊ ပွဲကြည့်ပရိတ်သတ်တွေကို သတ်ဖြတ်ခဲ့တာကိုကြည့်ရင် ဒီမြန်မာစစ်တပ်ဟာ စိတ်ဓာတ်ရေးရာအရကော၊ ကျင့်ဝတ်ပိုင်းဆိုင်ရာအရကော ဘယ်လောက် အထိ ချွတ်ခြုံကျနေသလဲဆိုတာ ပြသနေပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်ခေါင်းဆောင်အားလုံးကို ဒီတိုက်ခိုက်မှုအတွက်ကော မြန်မာနိုင်ငံအနှံ့ကျူးလွန်ခဲ့တဲ့ အခြားတိုက်ခိုက်မှုတွေ အားလုံးအတွက်ကော၊ ICC တရားရုံးမှာ ရုံးတင်စစ်ဆေးပြီး အရေးယူဖို့ လိုအပ်နေတာကို ပြသနေပါတယ်” အောက်တိုဘာလ ၂၅ ရက် ဒီနေ့မှာ ကျရောက်မယ့် KIO တည်ထောင်တဲ့ ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို အောက်တိုဘာလ ၂၃ ရက်ကစပြီး သုံးရက်ကြာ ပြုလုပ်ရာမှာ ပထမဆုံးနေ့မှာပဲ အခုလို စစ်ကောင်စီကနေ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ လမ်းတွေပိတ်ထားတဲ့အတွက် ပြင်းပြင်းထန်ထန်ဒဏ်ရာရထားသူတွေ ဆေးကုသ မှုခံယူဖို့ အခက်အခဲတွေကနေပြီး သေဆုံးသူ ၁ဝဝ ထက်မနည်း ရှိလာနိုင်တယ်လို့ ယူကေနိုင်ငံအခြေစိုက် Burma Campaign UK အဖွဲ့က Mark Farmaner က ပြောပါတယ်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရခိုင့်တပ်တော် (AA) တို့ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့သုံးဖွဲ့ ပူးပေါင်းထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ စစ်ကောင်စီဟာ စစ်ရေးအခြေအနေ ပိုမိုဆိုးဝါးလာတာနဲ့အမျှ စိတ်ဓာတ်ကျဆင်း ပြီး လက်နက်အားကိုးနဲ့ အပြစ်မဲ့ပြည်သူလူထုကို ဦးတည်တိုက်ခိုက်တာကို နေ့စဉ်နဲ့ အမျှ ပြုလုပ်နေတဲ့ အကြောင်းနဲ့ ဂျက်တိုက် လေယာဉ်တွေနဲ့ ညအချိန်အလစ်အငိုက်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခြင်းတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတာဖြစ်ကြောင်း အထင်အရှားတွေ့ရတယ်လို့ ပါရှိပါတယ်။

၄။ ဖရူဆိုတိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့
October 25, 2022
ဖရူဆိုမြို့မရဲစခန်းရှိ စစ်ကောင်စီတပ် နဲ့ ထီးကလူဒေါ ကျေးရွာမှာ အင်အား ၃၀ ကျော် တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာလ ၂၂ရက်နေ့ ညနေပိုင်းမှာ ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် (KNDF) တပ်ရင်း – ၁၅ က အောက်တိုဘာလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ထိတွေ့တိုက်ပွဲ တစ်နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့ထဲက ဝံပုလွေပျောက်ကျားတပ်ဖွဲ့မှ အသက်၂၀ ဝန်းကျင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက် တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားတယ်လို့ သိရပါတယ်။

တိုက်ပွဲပြီးတဲ့နောက် ဖရူဆိုအခြေစိုက် စစ်ကောင်စီတပ်ဖက်ကနေပြီး လက်နက်ကြီး ပစ်ခတ်တာတွေရှိခဲ့ပြီး သီးနှံရိတ် သိမ်းနေရတဲ့ ကာလဖြစ်တဲ့အတွက် ဒေသခံ ပြည်သူလူတွေအနေနဲ့ လက်နက်ကြီးထိမှန်မှာကို စိုးရိမ်မှုတွေ ရှိကြပါတယ်။ ဖရူဆိုမြို့ ကျေးရွာ၊ ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်သားတွေကနေပြီး ပြည်သူပိုင် ကျွဲ၊ နွား၊ ကြက်တွေကို ခိုးယူ သတ်ဖြတ် နေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ KNDF B (15) ၊ B (04) ၊ KA နဲ့ ဝံပုလွေပျောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အောက်တိုဘာလအတွင်း ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှားတော၊ မိုးဗြဲမြို့တွေမှာ နှစ်ဖက်တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပါတယ်။

၅။ ဖားကန့်တွင် ဒဏ်ရာပြင်းထန်ရရှိသူများ ကယ်ဆယ်ခွင့်ပိတ်ဆို့ခံထားရဆဲ၊ သေဆုံးသူ ရုပ်အလောင်းများ ၈၀ ကျော် အထိတွေ့ရှိ
October 24, 2022
ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ ထားသည့် ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခံယူခွင့်မရအောင် စစ်ကောင်စီတပ်မှ အောက်တိုဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ခွဲ အထိ ပိတ်ဆို့ထားဆဲဖြစ်သည်ဟု သိရသည်။ ပြင်းထန် ဒဏ်ရာရရှိသူများကို ပြည်သူများကို မြစ်ကြီးနားနှင့် ဖားကန့် ဆေးရုံကြီး များတွင် ဆေးကုသပေးရန်အရေးပေါ်လိုအပ်နေသော်လည်း ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထွက်ဂိတ်တွင် စစ်ကောင်စီတပ်မှ လူနားများကို ထွက်ခွင့်မပေးဘဲ တားမြစ်ခံထားရဆဲဖြစ်သည်ဟု လူနာများဆေးကုသခွင့်ရရှိအောင် ကြိုးပမ်းပေးနေသည့် အမျိုးသားတစ်ဦးကပြောသည်။ “မနက်ပိုင်းတော့ လူမှုကူညီရေးအသင်းတွေသွားညှိကြတယ် မရခဲ့ဘူး။ အဲ့ကြောင့် ဖားကန့် KBC အဖွဲ့က ဆရာကြီးအဖွဲ့တွေကိုယ်တိုင် အဲ့ဂိတ်မှာ သွားညှိကြတယ်။ မရခဲ့လို့ ပြန်ခေါက်လာကြတယ်။ ယနေ့ည မိုးချုပ်တဲ့အထိ ဘယ်လိုမှ မရခဲ့ဘူး ကံဆီးဂိတ်ကနေ ဟိုဘက်ကိုကျော်လို့မရ သလို ဒီဘက်ကိုလည်း လာခွင့်မပေးဘူး ပိတ်ဆို့ထားတုန်း”ဟု ပြောဆိုသည်။ လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် လူနာများကို ကယ်ထုတ်နိုင်ရန် ဖားကန့်မြို့ အထွက်တွင် တစ်ရက်လုံး စောင့်ဆိုင်းနေခဲ့ကြပြီး ဝင်ခွင့်မပေးသည့်အတွက် အားလုံးလှည့်ပြန်ခဲ့ရသည်ဟုသိရသည်။

စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် နေ့လည် ၁ နာရီခွဲအထိ သေဆုံးသွားသည့် ရုပ်အလောင်း ၅၈ ဦးအထိ တွေ့ရှိခဲ့ ကြပြီး ယနေ ညနေပိုင်းအထိ ထပ်မံရှာဖွေခဲ့ရာ ၂၀ လောင်ကျော် ပြန်တွေ့ခဲ့ကာ လက်ရှိတွင် သေဆုံးသည့် ရုပ်အလောင်း ၈၀ ခန့် ရှိလာပြီဟုလည်း ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။ သတင်းအရင်းအမြစ်များ ပြောဆို ချက်အရ လက်ရှိအချိန်အထိ လူနာများကို ဆေးရုံကြီးများတွင် ဆေးကုသခွင့် ရရှိနိုင်ရေး ရှိမရှိ မသိရသေးကြောင်း ဆက်လက် သိရသည်။ ထို့နောက် ဖားကန့်မြို့တွင်းဘက်မှာလည်း စစ်ကောင်စီဘက်မှ မြို့တွင်း မြို့ပြင်နေရာများနှင့် လမ်းတံတားများတွင် အသွားအလာ ကား ဆိုင်ကယ် စစ်ဆေးမှုတင်းကြပ်ထားသည်ဟု လည်း ဒေသခံများပြောသည်။

၆။ ဘူးသီးတောင်မှာ ဒေသခံ ၂၀ ခန့် ဖမ်းဆီးခံရ
October 24, 2022
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်မှာ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းက စက်လှေပိုင်ရှင်၊ စျေးရောင်း၊ စျေးဝယ် တွေနဲ့ အလုပ်သမားတွေအပါအဝင် ဒေသခံ ၂၀ ခန့်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါ တယ်။ စစ်ကောင်စီတပ်သား ၂၀ ကျော်လောက် မြို့မဈေးရဲ့ လမ်းနှစ်ဖက်စလုံးကို ပိတ်ဆို့ပြီး စစ်ကားပေါ် ဆွဲတင်သွားတာလို့ ဖမ်းဆီးခံလိုက်ရတဲ့ ဦးညီညီစိုးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ “သူက ဈေးဆိုင်တွေကို ဆေးလိပ်လိုက်ပို့တာ။ အဲဒီလို ဆေးလိပ်တွေပို့နေရင်း ဈေးထဲမှာ အဖမ်းခံလိုက်ရတာပါ။ ဈေးကလူတွေပြောတာက စစ်သားတွေက လမ်းနှစ်ဖက်လုံးကို ပိတ်ပြီး ကားပေါ်ဆွဲတင်သွားတာလို့ပြောတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဘာကြောင့်ဖမ်းတာလဲမသိဘူး။ အားလုံး အယောက် နှစ်ဆယ်လောက် ပါသွားတယ်လို့သိရတယ်” ဖမ်းဆီးခံရသူတွေကို ဘူးသီးတောင်မြို့အခြေစိုက် စစ်ဗျူဟာဌာနချုပ်ကို ခေါ်ဆောင်သွား ပြီး အခုအထိ အဆက် အသွယ် မရကြသေးဘူးလို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်တာ သုံးလကျော် ရှိနေ ပြီး AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့အဖမ်းခံရတာတွေလည်း များလာနေပါတယ်။ ၂ဝ၂၂ ခုနှစ် ဇွန်လကနေ အောက်တိုဘာလ ပထမအပတ်အထိ လေးလအတွင်းမှာ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်ဆီးခံရသူ ၉၀ ကျော်ရှိနေ တယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

၇။ သံတွဲမြို့မှ ရခိုင့်အားမာန်ကားဂိတ်ပိုင်ရှင်ကို စစ်ကောင်စီတပ်ကဖမ်းဆီးသွား
October 24, 2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ရခိုင့်အားမာန်ကားဂိတ်ပိုင်ရှင်အား စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။ အောက်တိုဘာ ၂၃ ရက် နံနက် ၁၁ နာရီခန့်က သံတွဲမြို့နယ် ၊ ငပလီကမ်းခြေ၊ ရွှေသာချိုင်ကျေးရွာတွင် နေထိုင်သည့် ရခိုင့် အားမာန်ကားဂိတ်ပိုင်ရှင် ဦးစန်းကို (၄၉) နှစ်ကို ခမရ (၅၆၆)တပ်ရင်းမှ စစ်သားများက လာရောက်ဖမ်းဆီးသွား ခြင်းဖြစ်ကြောင်း ဦးစန်းကိုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “မနေ့က ၁၁ နာရီလောက်မှာ (၅၆၆) တပ်ကလာဖမ်းသွားတာပါ။ အကျိုးအကြောင်း လည်း သေချာပြောသွားတာမရှိပါဘူး။ ဖမ်းတဲ့အခါ စစ်သား ၂၀ လောက်ပါတယ်”ဟု ပြောသည်။ ဖမ်းဆီးမှုအကြောင်းအရင်းကို အသေအချာမပြောဘဲ စစ်ဆေးမေးမြန်းစရာ ရှိသည်ဟုဆိုကာ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိမှာ သံတွဲအခြေစိုက် ခမရ(၅၆၆) တပ်ရင်တွင် ထိန်းသိမ်းထားသည့်အတွက် မိသားစုများ စိုးရိမ်နေကြောင်း ၎င်းက ပြောသည်။ ရခိုင်တွင် အပြစ်မဲ့ ဒေသခံ ပြည်သူများနှင့် ငွေကြေးတတ်နိုင်သူများကို အေအေနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးမှုများနေ့စဉ်ရှိနေပြီး တချို့ကို ငွေညစ်ပြီး ပြန်လွှတ်ပေးမှုများ ရှိနေသည်ဟုလည်း သိရသည်။ လက်ရှိအချိန်အထိ ရခိုင်တွင်ဖမ်းဆီးခံထားရသူမှာ ရာဂဏန်း ကျော်သွားပြီဟု သိရသည်။

၈။ ရေဖြူတွင် ကျောင်းအုပ်ဆရာမဇနီးမောင်နှံအပါအဝင် လူ(၅) ဦး ပစ်ခတ်ခံရပြီး (၄) ဦးသေဆုံး
October 24, 2022
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကျခတ္တပင်အင်းကျေးရွာမှာ မနေ့ကမနက်ပိုင်းက လူ(၅)ယောက် ပစ်ခတ်ခံရ ပြီး (၄)ယောက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အောက်တိုဘာ(၂၃)ရက်က သူတို့ရဲ့နေအိမ်တွေမှာ ပစ်ခတ် ခံရတာဖြစ်ပြီး ပစ် ခတ်ခံရသူတွေဟာ ကျခတ္တပင်အင်းရွာ အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိုးဆွေနဲ့ ခင်ပွန်းဖြစ်သူ ကျောင်းဆရာအငြိမ်းစား ဦးဖိုးခိုင်၊ ဦးဝင်းသိန်းနဲ့ ဇနီးဖြစ်သူဒေါ်အောင်ဆန်းမဲ၊ ဦးဝင်းသိန်းတို့ဖြစ်ကြပါတယ်။ ပစ်ခတ်ခံရသူ (၅)ယောက်မှာ (၄)ယောက်ပွဲချင်းပြီးသေဆုံးပြီး ဦးဝင်းဦးကခြေ ထောက်(၂)ချောင်းမှာပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အတွင်းလူနာ အဖြစ်ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဦးဝင်းဦးရဲ့ သမီး(၂)ယောက်ဖြစ်တဲ့ ကျောင်းဆရာမ (၂) ယောက်ကိုလည်း ကြိုးတုတ်ရိုက်နှက်သွားတယ်လို့ ဒေသခံဆီကသိရပါတယ်။ ပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်လဲဆိုတာနဲ့ ဘာအကြောင်းကြောင့်ပစ်ခတ်တယ်ဆိုတာကို မသိရှိရသေးပါဘူး။

၉။ တိုက်ပွဲအတွင်း စိတ်ဝေဒနာခံစားခဲ့ရတဲ့ DMO-PDF တပ်စိပ်မှူးတစ်ဦး ကျဆုံး
October 24, 2022
ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) တပ်ရင်း G မှာ တပ်စိပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၄၄ နှစ်အရွယ် ဦးတင်မြင့် ဟာ တိုက်ပွဲအတွင်းကြုံတွေ့ခဲ့ရတဲ့ သွေးထွက် သံယိုမှုတွေ ၊ လက်နက်ကြီး ကျရောက်မှုတွေ ကြောင့် စိတ်ဝေဒနာ ၇ လကျော် ခံစားခဲ့ရပြီး အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ်က အောက်တိုဘာလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလကတည်းက စိတ်ဝေဒနာ ရရှိနေတာဖြစ်ပြီး ဆေးကုသမှုခံယူပေမယ့် ဝေဒနာကြောင့် ကျဆုံးသွားခဲ့ရတယ်လို့ DMO -PDFက တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။ “ သူတို့ရဲ့ အမျိုးပြောပုံအရတော့ သူက ရောဂါအခံတော့ မရှိဘူး။ တိုက်ပွဲကြားမှာ အဲ့လို စိတ် ထဖောက်သွားတာပဲရှိတယ်။ ရောဂါ အခံတော့ မရှိဘူး။ တိုက်ပွဲကြောင့်ပဲ သူစိတ်ဒဏ်ရာရခဲ့တာပေါ့။ ပြောရမယ်ဆိုရင် စိတ်ဝေဒနာ အရမ်းပြင်းထန်တော့ သူစိမ်းတွေနဲ့ သူမဆက်ဆံတော့ဘူး သူ့မိသားစု အသိုင်းအဝိုင်းကိုတောင်မှ သူက ကြောက်နေရတယ်။ ပြီးခဲ့တဲ့ ၂၁ ရက်နေ့မှာ ကျသွားတယ်ပေါ့။ အဲ့ဒီဝေဒနာကြောင့်ပဲလို့ ကျနော်တို့ အတည်ပြုလိုက်ရတယ်ပေါ့။ “ လို့ DMO -PDFက တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၀ ရက်နေ့မှာ နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် DMO-PDF တပ်ရင်း G မှ အသက် ၄၁ နှစ် ရှိပြီဖြစ်တဲ့ တပ်စုမှူး ဦးဂျိုးဇက် ကလည်း မိုင်းနင်းမိခဲ့ပြီး ခြေထောက်နှစ်ဖက်လုံး ပြတ်သွားပြီးနောက် ပွဲချင်းပြီး သေဆုံးခဲ့ ရတယ်လို့ သိရပါတယ်။ အောက်တိုဘာလအတွင်းမှာဆိုရင် DMO-PDFရဲဘော်နှစ်ဦး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ ကျဆုံးသွား တဲ့ ရဲဘော်နှစ်ဦးရဲ့ ဇာတိကတော့ ဒီးမော့ဆိုမြို့နယ်အတွင်းကဖြစ်ပြီး လက်ရှိ ကျန်ရစ်တဲ့ မိသားစုဝင်တွေဟာ စစ်ဘေးရှောင်နေ ရတာ ဖြစ်ပါတယ်။

၁၀။ ကော့ကရိတ်မြို့ပေါ်တိုက်ပွဲကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်၊ စာသင်ကျောင်းများ ပိတ်ထားရ
October 25, 2022
ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွား မှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ကြောက်လန့်နေကြပြီး အခုလက်ရှိတွင် စာသင်ကျောင်းများ ပိတ်ထားရသည်ဟု ဒေသခံများ က ပြောသည်။ ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက်ရှိ စစ်ကောင်စီရုံးနှင့် ဌာနဆိုင်ရာရုံးများကို ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၇ နာရီကျော်တွင် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ၊ ကော်သူးလေတပ်မတော် -KTLA ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် စစ်ကောင်စီဘက်မှ လေကြောင်းများဖြင့် ကော့ကရိတ်စစ်ကောင်စီရုံးများဘက်သို့ ၀င်ရောက်စီးနင်းသည့် KNLA /KTLA ပူးပေါင်းတပ်များ လှုပ်ရှားနေရာများနှင့် ကရင်ဒေသခံများနေထိုင်သည့် ကျေးရွာများ ဘက်သို့ ဗုံးကြဲပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုနှင့် ဘာသာရေးအဆောက်အဦးများအပါအဝင် လူနေအိမ်၊ ဥယာဉ်ခြံများ ခိုက်ပျက်စီးမှုရှိခဲ့သည်။

ယခုလိုဖြစ်စဉ်ကြောင့် ကော့ကရိတ် ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်လန့်နေကြပြီး မိမိတို့ ကလေးငယ်များအား ကျောင်းပေးမတက်ရခြင်းဖြစ်သည်ဟု ကော့ကရိတ်မြို့နယ်၊ နဘူးရွာမှ ဒေသခံကျောင်းသားမိဘတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။ “ တိုက်ပွဲဖြစ်တော့ ဘယ်မိဘများက မိမိတို့ ကလေးငယ်တွေကို ကျောင်းပေးတက်မလဲ၊ အခုလေယာဥ် ဗုံးလာကြဲ တော့ ရွာတွေမှာ ကြဲတယ်၊ အခု နဘူးမှာရှိတဲ့ ကျောင်းကိုလည်း ပိတ်ထားလိုက်ပြီး၊ ကော့ကရိတ် မြို့နယ်မှာ ရှိတဲ့ ရွာအတော် များများပါပဲ ကျောင်းပိတ်ထားရတယ်” ဟု ၎င်းက ပြောသည်။ တိုက်ပွဲဖြစ်စဉ်ကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံ ကျောင်းသား မိဘများသည် မိမိတို့၏ ကလေးများကို စိတ်မချသဖြင့် ကျောင်းသားမိဘများ၊ ကျောင်းကော်မတီများနှင့် ကျောင်း ဆရာများအပါအဝင် တွေ့ဆုံဆွေး‌နွေးကြပြီး ယခုလို ကျောင်းပိတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ကျောင်းဆရာတစ်ဦးကလည်း ပြောသည်။ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်ဒေသခံများ နေထိုင်သည့်ရွာများဖြစ်ကြသည့် ကောင်းမှု၊ ပျားပင်၊ ခနိမ်းမူရပ် ကွက်နှင့် ကျေးရွာများဘက်သို့ ဗုံးကြဲပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် အဆောက်အဦး၊ ဥယာဉ်ခြံများ ထိခိုက်ပျက်စီးမှု အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

၁၁။ အလုပ်ရှင်ရဲ့ ၂ နှစ်သား ကလေးနဲ့အတူ လားရှိုးသို့ ငွေ သိန်းရာချီ ပို့ဖို့သွားတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦး ၂ လခန့် ကြာတဲ့အထိ အဆက်အသွယ် မရသေး
October 24, 2022
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်က ရှမ်းမြောက် နမ့်ခမ်းကနေ လားရှိုးသို့ ငွေ သိန်း(၃၂ဝ) ပို့ဖို့သွားတဲ့ ဆိုင်ဝန်ထမ်း အမျိုးသမီးနဲ့အတူ အလုပ်ရှင်ရဲ့ ၂ နှစ်အရွယ် ကလေးငယ်တို့ကို လက်ရှိအချိန်ထိ မိသားစုဝင်တွေက အဆက်အသွယ် မရရှိ သေးကြောင်း သိရပါတယ်။ ပျောက်ဆုံးသွားတဲ့ ဆိုင်ဝန်ထမ်း ဒေါ်ခင်စန်းဝင်းနဲ့အတူ ကလေးငယ်ကို ၂ လကြာ လိုက်ရှာနေပေမဲ့ ဒီနေ့အထိ ဆက်သွယ်လို့ မရသေးကြောင်း ကလေးငယ်ရဲ့မိခင်က ပြောပါတယ်။ “မတွေ့သေးဘူး။ ကျနော်တို့လည်း ဒီလိုဘဲ နီးစပ်ရာနဲ့ဘဲ ရှာနေတာလေ။ အဲဒီ ဒေါ်ခင်စန်းဝင်းရဲ့ အမျိုးသားကလည်း လိုက်ရှာနေတယ်။ အဆက်အသွယ် မရဘူးလို့ပြော တယ်။ ကိုယ်လည်း အခုထိ သူနဲ့ မတွေ့ရသေးတဲ့အခါကြတော့ ဘာလုပ်လို့ လုပ်ရမယ်မသိဘူး ဖြစ်နေတယ်” ၂ လခန့်ကြာတဲ့ အထိ သတင်းအစအန မရသေးတာကြောင့် မိခင်ဖြစ်သူဟာ ကလေးအတွက် စိုးရိမ်နေရပြီး တွေ့ချင်ကြောင်းနဲ့ ကလေးငယ်ကို တွေ့ရှိသူတွေအနေနဲ့ ဖုန်း 09-5262991 သို့ ဆက်သွယ်ပေးဖို့ တောင်းဆိုထားပါတယ်။ အလားတူ စစ်အာဏာသိမ်းတဲ့ ကာလ အတွင်း နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မန်တုံနဲ့ နမ့်ဆန်မြို့နယ်တွေမှာ လူပျောက်တာတွေ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကလည်း ကွတ်ခိုင်မြို့မှ အသက် (၁၆)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မွန်ပြည်နယ် ကျိုက်ထီးရိုးဘက်သို့ ဘုရားဖူးသွားရာကနေ မိသားစုဝင်နဲ့ ၃ ပတ်ကြာတဲ့အထိ အဆက်အသွယ် မရသေးပေ။

၁၂။ ဟားခါးမြို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စာရင်းစစ်ချုပ်ရုံး မီးလောင်
October 25, 2022
အောက်တိုဘာ ၂၂ ရက်၊ ည ၁၀ နာရီခွဲခန့်က ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ မြို့မရဲစခန်းအနီးက စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်စာရင်းစစ်ချုပ်ရုံး မီးလောင်သွားကြောင်း သတင်းရရှိသည်။ “မြို့မရဲစခန်းအနီးမှာရှိတဲ့ ပြည်နယ်စာရင်း စစ်ရုံးလောင်သွားတယ်။ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘူး။ ဘာကြောင့် လောင်သွားလဲဆိုတာလည်း ကျနော်တို့မသိဘူး။ သေနက်ပစ်ခတ်သံ ၅ချက်လောက်‌ကြားရတယ်” လို့ ဈေးဟောင်းရပ်ကွက်နေလူတစ်ဦးက ပြောပါတယ်။ နံနက်ပိုင်း ၂ နာရီခန့် တွင် မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း အဆောက်အအုံအတွင်းရှိ ရုံးနဲ့သက်ဆိုင်တဲ့ အသုံးအဆောင်နဲ့ စာရွက် စာတမ်းအားလုံး ပျက်ဆီးသွားကြောင်း သိရှိရသည်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟားခါးမြို့ရှိ ခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကား ၂စီး မီးလောင်ကျွမ်းခဲ့ရသလို ချင်းဦးစီးရပ်ကွက်ရှိ ဌာနဆိုင်ရာ စုပေါင်းရုံးလည်း မီးလောင်ခဲ့ပါတယ်။

၁၃။ မုံးပေါ်တိုက်နယ် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွား
October 24, 20220
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ နှင့် ကိုးကန့် တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၄ ရက်နေ့ မွန်းလွဲ ၄ နာရီခွဲဝန်းကျင်မှ စတင်ကာ မုံးပေါ် ဒေသရှိ ဝမ်ကောင်းကျေးရွာ အနီး ဟိုဝါးတောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း မုံးပေါ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ “၄ နာရီခွဲကတည်းက ပစ်ခတ်သံတွေ စကြားရတာဖြစ်ပါ တယ်၊ စစ်ကောင်စီ တပ်ရင်းအမှတ် ၃၅၅ နဲ့ ကိုးကန့် တပ်ရင်းအမှတ် ၅၀၅ တွေ ထိတွေ့တိုက်ပွဲဖြစ်တာလို့ သိရတယ်၊ လက်နက် ကြီး/ငယ်တွေနဲ့ ပစ်နေကြတာ အခု ချိန်ထိ အသံကြားနေရတုန်းပဲ” ဟု အထက်ပါ အမျိုးသားက ပြောသည်။ တိုက်ပွဲဖြစ်ပွားရာ နေရာသည် ဝမ်ကောင်းကျေးရွာနှင့် တစ်မိုင်ခန့်သာကွာဝေးသည့်အတွက် လက်ရှိတွင် ဒေသခံ ရွာသားများက စိုးရိမ်ကြောက်လန့် နေကြောင်း သတင်းသိရသည်။

ထို့အပြင် လက်ရှိအချိန်၌ မုံးပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့မှလည်း လက်နက်ကြီးဖြင့် ဟိုဝါးတောင်ဘက်သို့ စစ်ကူပစ်ပေးနေ ကြောင်း ဒေသခံများက ပြောသည်။ “ဒီနေ့ ၉ နာရီကျော်လောက်မှာ အင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဝမ်ကောင်း ရွာထဲ ရောက်လာကတည်းက ရွာသားတွေ ကြောက်လန့်နေတာ၊ ပြီးတော့ အဲ့ဒီ ဟိုဝါးတောင်ဘက်ကို ဆက်သွားတယ်၊ ဒီညနေခင်းရောက်တော့ တိုက်ပွဲဖြစ်တာပဲ၊ အခုလည်း မုံးပေါ်ဘက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး တွေနဲ့ ဟိုဝါး တောင်ပေါ်ဘက်ကို စစ်ကူလှမ်းပစ်ပေးနေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

၁၄။ အနန်ပါဒေသ၏ ဝမ်းနည်းဖွယ် ဖြစ်ရပ်အား စစ်ကောင်စီကို တွန်းလှန်တော်လှန်ရာတွင် ခွန်အားတစ်ရပ်အဖြစ် အရှိန်မြှင့်သွားမည် ဖြစ်ကြောင်း KIO ထုတ်ပြန်
October 25, 2022
စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူအစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရတဲ့ ဖားကန့် မြို့နယ်၊ အနန်ပါဒေသရဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီတပ်ကို တွန်းလှန်တော်လှန်ရာမှာ တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်တင်သွားမှာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ကနေ ထုတ်ပြန်ကြေညာ လိုက်ပါ တယ်။ ဖားကန့်မြို့နယ်၊ အနန်ပါ (A Nang Pa) ဒေသဟာ KIA ရဲ့ တပ်စခန်းမဟုတ်ဘဲ ခရီးသွားတွေ ခေတ္တခဏ အနားယူကြတဲ့ ဈေးဆိုင်တန်းစခန်းငယ် နေရာဖြစ်တာကို စစ်ကောင်စီတပ်က သိရှိထားပေမယ့် (၆၂) နှစ်ပြည့် KIO နှစ်ပတ်လည်နေ့အကြို အစီအစဉ်ကို ပြည်သူလူထုတွေပူးပေါင်းပါဝင်ပြီး ကျင်းပပြုလုပ်နေတဲ့အချိန် လူအစုလိုက် အပြုံလိုက်သေကြေဖို့ ရည်ရွယ်ချက် ရှိရှိ စစ်လေယာဉ် (၃) စီးနဲ့ အောက်တိုဘာလ (၂၃) ရက်နေ့ ညအချိန်က တိုက်ခိုက်ခဲ့တာကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ အရပ်သား ပြည်သူတွေနဲ့ KIO အမှုထမ်းတွေ မြောက်များစွာ ထိခိုက်သေဆုံးခဲ့ရတာကြောင့် ဝမ်းနည်းကြေကွဲ ထိတ်လန့်ခဲ့ရကြောင်း ရေးသားထားပါတယ်။

အာဏာရှင်စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရွံရှာဖွယ် အဲဒီလုပ်ရပ်ကို ဖိနှိပ်ခံပြည်သူတွေရဲ့ သမိုင်း မှတ်ကျောက်အဖြစ် မှတ်တမ်းတင်ထားဖို့ တိုက်တွန်းထားပါတယ်။ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဒီဝမ်းနည်းဖွယ်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အားပေးစကားပြောကြားတဲ့ လူပုဂ္ဂိုလ်တွေ၊ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးဖို့တဲ့အဖွဲ့အစည်းတွေနဲ့ သဘောထားထုတ်ပြန်တဲ့အဖွဲ့အစည်းတွေကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ထားအပ်တယ်လို့လည်း ပါရှိပါတယ်။ ဒါ့အပြင် (၆၂) နှစ်ပြည့် KIO နှစ်ပတ်လည်နေ့ ဂုဏ်ပြုပွဲ ဖြစ်မြောက်ရေးကော်မတီရဲ့ ဖိတ်ကြားမှုကို တန်ဖိုးထား အလေးထားကာ ပါဝင်တက်ရောက်တဲ့အတွက် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုမှာ အသက်ဆုံးရှုံးခဲ့ရသူ တွေနဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်သားပြည်သူတွေအတွက် များစွာစိတ်မ ကောင်းဝမ်းနည်းဖြစ်ရကြောင်းနဲ့ ကျန်ရစ်သူမိသားစုဆွေမျိုးသားချင်းတွေနဲ့ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရကြောင်း အထူးဖော် ပြ အပ်တယ်လို့လည်း ရေးသားထုတ်ပြန်ထားပါ။

၁၅။ ပျောက်ဆုံးနေသည့် ကျောင်းသား ၃ ဦးထဲမှ ၂ ဦး၏ ရုပ်အလောင်းအားတွေ့ရှိ နောက်ထပ်တစ်ဦးအား ဆက်လက် ရှာဖွေနေ
October 24, 2022
ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့ ကတည်းက ပျောက်ဆုံးနေသော စတုတ္ထတန်းကျောင်းသား ၃ ဦးထဲမှ ၂ ဦး၏ ရုပ် အလောင်းကို အောက်တိုဘာ ၂၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီနှင့် ၁၂ နာရီခွဲ အချိန်ခန့်တွင် တွေ့ရှိခဲ့ပြီး ကျန်ရှိသူ တစ်ဦးအား ဆက်လက်ရှာဖွေနေကြောင်း ကူညီဆောင်ရွက်နေသူများက ပြောသည်။ ပျောက်ဆုံးနေသည့် စတုတ္ထတန်းကျောင်းသား ၃ ဦးထဲ မှ မောင်ဇွဲဘုန်းခန့် ၏ ရုပ်အလောင်းအား စစ်တွေမြို့နယ် ကျေးတောရွာမ ချောင်းနားတွင်တွေ့ရှိခဲ့ပြီး ၎င်းမှာ ဝတ်ဆင်ထားသည့် အင်္ကျီအစိမ်းရောင်နှင့် ဘောင်းဘီခဲရောင် ဝတ်ဆင်ထားသည်ကိုတွေ့ရှိရကြောင်း၊ မောင်ဇွဲဘုန်းခန့် ၏ ရုပ်အလောင်းအား စစ်တွေမြို့ရင်ခွဲရုံးသို့ ပို့ဆောင်ထားပြီးနောက် ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေကြောင်း မေတ္တာရောင်ခြည် ဖောင်ဒေးရှင်းမှ ဥက္ကဌ ကိုလင်းလင်းက ပြောသည်။ “သူက လှိုင်းကြီးပြီးတော့ ဒီဖက်ကျေးတောဖက်ကို မျှောပါလာတာလို့ ထင်တယ်။ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ အလောင်းကိုတွေ့တာပါ။ တွေ့တဲ့သူကတော့ မောင်ဇွဲဘုန်းခန့်၏ ရုပ်အလောင်းကို တွေ့တာပါ။ အလောင်းကိုတော့ စစ်တွေရင်ခွဲရုံကို ပို့ထားပါတယ်” ဟုပြောသည်။

နောက်ထပ်ရုပ်အလောင်းကို စစ်တွေမြို့နယ် ကျေးတောရွာမ နေဗီဆိပ်ကမ်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အင်္ကျီအပြာရောင် ဝတ်ဆင်ထားကာ ဂျေဂျေဘောင်ဘီဝတ်ဆင်ထားကြောင်းနှင့် တွေ့ရှိခဲ့သည့်ရုပ်အလောင်း၏ နာမည်ကို အတည်ပြုနေဆဲဖြစ် ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်ဖြိုးက ပြောသည်။ “နောက်ထပ် တစ်လောင်း ထပ်တွေ့ပါတယ်။ ၁၂ နာရီခွဲလောက်မှာ တွေ့တာပါ၊ နေဗီဆိပ်မှာ အလောင်းကိုတွေ့တာပါ။ ဘယ်သူဆိုတာ ကတော့ မသိရသေးပါဘူး။ အင်္ကျီ အပြာရောင်နှင့် ဝတ်ထားပြီး ဂျေဂျေဘောင်ဘီဝတ်ဆင်ထားတယ်”ဟုပြောသည်။ ၎င်း ကလေး သုံးဦးမှာ ရခိုင်ပြည်၊ စစ်တွေမြို့ ပြည်တော်သာရပ်ကွက်မှဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့ ကတည်းက နေအိမ်မှ ထွက်သွားခဲ့ရာကနေ ပျောက်ဆုံးနေခြင်းဖြစ်ကာ ယနေ့ မနက်ပိုင်းတွင် အဆိုပါ သုံးဦးထဲမှ ၂ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးနေသည့် နောက်ထပ်တစ်ဦးကို ဆက်လက်ရှာပြီး မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း၊ ရွှေရောင်မေတ္တာ ဖောင်ဒေရှင်း တို့က ဆက်လက် ရှာဖွေမှုများ ပြုလုပ်နေကြသည်။

၁၆။ နှလုံးရောဂါ ခံစားနေရတဲ့ ၇ နှစ်အရွယ် ကလေးငယ်နဲ့ ၂ နှစ်ကျော် အိပ်ယာထဲ လဲနေရတဲ့ အမျိုးသမီးငယ်တစ်ဦး ဆေးကုသဖို့ အကူအညီ လိုအပ်နေ
October 24, 2022
နှလုံးရောဂါ ခံစားနေရတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ကျန်ကျေးရွာမှ အသက် ၇ နှစ်အရွယ် လွေးအီပန်နဲ့ တန့်ယန်းမြို့နယ် လွယ်ပန်ကျေးရွာမှ အသက် (၁၉)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သွေးဖြူဥ နည်းတာကြောင့် ၂ နှစ်ကျော် အိပ်ရာထဲ လဲနေရပြီး ဆေးကုသနိင်ဖို့ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ နှလုံးသွေးကြော ဖောင်းပွရောဂါ ခံစားနေရတဲ့ လွေးအီပန်ဟာ ခွဲစိတ်ကုသဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ပြောဆိုထားပေမဲ့ ခွဲစိတ်ဖို့ ငွေကြေး မတတ်နိုင်ကြောင်း ကလေး မိခင်က ကူညီပေးနေသူဆီ ပြောပါတယ်။ ကလေးငယ်အတွက် ကူညီပေးနေသူ လွေးချယ်ရီက “ကလေးက အသက်ရှူမြန်နေ တာ နှလုံးခုန်တာ အပြင်ကတောင် မြင်ရတယ်။ ဆရာဝန်က ခွဲရမယ်ဆိုပြီး မန္တလေးဆေးရုံကို သွားခိုင်းတယ်။ ပိုက်ဆံ ၆ သိန်းပဲရှိတယ်။ မန္တလေးဆေးရုံရောက်တော့ သိန်းနှစ်ဆယ် ကုန်မယ်ပြောလို့ မတတ်နိုင်တော့ လှည့်ပြန်ရတယ်။ လားရှိုးဆေးရုံ ဘဲ ပြန်လာပြီး သူ့အမေက ကလေးကို ဆရာမပဲ ကုပေးပါ။ ကလေးကိုလည်း အပ်လိုက်မယ်လို့ပြောတယ်။ ဒါပေမဲ့ ဆရာမလည်း ကလေးများနေတော့ မယူဘူးလို့ပြောပြီး ဆေးဖိုး နှစ်သိန်း ပြန်ကူညီပေးခဲ့တယ်” လို့ ပြောပါတယ်။ လွေးအီပန်အတွက် ဆေးကုသဖို့ အလှူရှင်တွေ ရှာထားပေမယ့် လကုန်လောက်မှ ငွေကြေး အကူအညီ ရမှာဖြစ်ပြီး လက်ရှိ ကလေးရဲ့ ကျန်းမာရေး ဟာ လကုန်တဲ့အထိ အခုလို ထားလို့မရနိုင်တဲ့ အခြေအနေဖြစ်နေကြောင်း သူမက ဆက်ပြောပါတယ်။

အလားတူ တန့်ယန်းမြို့နယ် လွယ်ပန်ကျေးရွာမှာ နေထိုင်တဲ့ အသက် (၁၉)နှစ်အရွယ် လွေးဆိုင်ကြင်ကလည်း သွေးဖြူဥ နည်းတာကြောင့် အိပ်ယာထဲမှာ ၂ နှစ်ကျော်ကြာ လဲနေရပြီးတော့ ဆေးကုသဖို့ ငွေကြေး အကူအညီ လိုအပ်နေတယ် လို့ ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ “တိုင်းရင်းဆေးနဲ့ကုတယ်။ မပျောက်ဘူး။ တန့်ယန်းဆေးရုံ တက်သေးတယ်။ နောက် ပိုက်ဆံ မတတ်နိုင်တော့လို့ ဒီအတိုင်းပဲ ထားလိုက်တာ။ မိသားစုလဲ အဆင်မပြေတော့ ဆေးရုံ မတက်နိုင်တော့ဘူး” လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြောင့် မေလတုန်းကလည်း ဆေးရုံ တက်ဖို့အတွက် လွေးဆိုင်ကြင်ကို မိုးကာနဲ့ပြုလုပ် ထားတဲ့ ထမ်းစင်နဲ့ ရွာကနေ ကားလမ်းမကြီးသို့ ၂ နာရီကြာ ရောက်တဲ့အထိ လမ်းလျှောက်ထမ်းပို့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက လွေးဆိုင်ကြင်ကို တန့်ယန်း ဆေးရုံမှာ ကုသခဲ့ပြီး ဆရာဝန်က ၅ ရက်တစ်ကြိမ် လာပြဖို့ ပြောဆိုခဲ့ပေမယ့် ငွေကြေး မတတ်နိုင် တာကြောင့် မပြသနိုင်ခဲ့ဘူးလို့ သိရပါတယ်။ လွေးအီပန်နဲ့ လွေးဆိုင်ကြင်တို့အတွက် ကူညီပေးလိုသူတွေအနေနဲ့ ဖုန်း 09-772 517 845 (KBZ-Pay, Wave Pay)သို့ ဆက်သွယ်ကူညီပေးနိုင်ပါတယ်။

၁၇။ မိုးမောက်တွင် တပ်ရင်းမှုး မိုင်းနင်းမိသေဆုံးသဖြင့် ၃ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေ
October 24, 2022
မိုးမောက်မြို့ အရှေ့ဘက် လုံဂျာဘွမ်သို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်း မိုင်းနင်းမိပြီး တပ်ရင်းမှူးနှင့် စစ်သားအများအပြားသေဆုံးခဲ့သဖြင့် ထိုနေရာကို ၃ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေသည်ဟု ဒေသခံများ ပြောသည်။ အင်အား ၅၀ ကျော်ပါဝင်သော စစ်ကောင်စီတပ်သည် စစ်ကြောင်း ၃ ကြောင်းခွဲ၍ အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဗန်းမော်ဘက်မှ KIA ၊ PDF များရှိရာ လုံဂျာဘွမ်ဘက်သို့ချီတက်လာစဥ် ပထမဆုံး ချီတက်လာသည့် စစ်ကြောင်း မှာ KIA ထောင်ထားသော မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်တွင် တပ်ရင်းမှူးအပါအဝင် စစ်သား ၅ ဦးခန့်သေဆုံးခဲ့သည့် အတွက် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လုံဂျာဘွမ်တောင်ကို ၃ ရက်ဆက်တိုက် လေယာဥ်ဖြင့်ဗုံးကျဲ တိုက်ခိုက်နေ ကြောင်း မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။ ”သူတို့က မြေပြင်ကနေ စစ်ကြောင်းအရင်ထိုးတာ အရင်တက်သွားတဲ့ အခါကျ တော့ မိုင်းတစ်လုံးနင်းမိတာ နင်းမိတဲ့အခါကျတော့ အဲ့မှာတပ်ရင်းမှူးတစ်ယောက်နဲ့ တပ်သားငါးယောက်လောက် ထိသွားတယ် တဲ့ အဲ့ဒါနဲ့သူတို့က လေယာဥ်နဲ့တန်းကျဲတော့တာ သူတို့ မနက်၈ နာရီလောက်မှာ မိုင်းနင်းမိတာ အဲ့နောက် ၁၁ နာရီ လောက်က နေ စကျဲတာညနေပိုင်းထိပဲ။ ဒီမနက်ထိကျဲနေတုန်းအသံတွေ ကြားနေရတယ် အိုးစည် ဗုံမောင်းတီးနေသလိုပါ့ ဗုံးကျဲတဲ့အသံ ကတော့” ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် လုံဂျာဘွမ်ကို ဗုံးကျဲရာတွင် အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီမှစကာ ည ငါးနာရီခွဲ အထိ၊ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၈နာရီခန့်မှ ညနေ ၅နာရီအချိန်ထိ နှင့် ယနေ့ နံနက် ၉ နာရီခွဲအချိန်မှစ၍ ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။ ”သူတို့က တစ်စီးပြီးရင်တစ်စီးအလေ့အကျကျဲနေတာ ဂျက်ဖိုက်တာလည်းလာတယ်။ ဟတ်စကီနဲ့လည်းလာကျဲတယ်။ အလေ့အကျ နားလိုက်ပစ်လိုက်ကျဲနေတာ ဆက်တိုက်ပဲ။ ပြီးတော့လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်”ဟု မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် လုံဂျာဘွမ်တောင်အနီးရှိ ဝဝမ်ရွာ၊ လုံဂျာရွာ၊ ခွန်ဂျာရွာနှင့် စုစုပေါင်းကျေးရွာလေးရွာမှ လူဦးရေ ၈၀၀ ကျော်မှာ မိုးမောက်မြို့ တွင်းသို့စစ်ရှောင်နေရကြောင်းသိရသည်။ အလားတူစစ်ကောင်စီတပ်သည် မြစ်ကြောင်းတစ်လျှောက်အပါအဝင်ကချင်–စစ်ကိုင်း နယ်စပ်များတွင် အောက်တိုဘာလမှစပြီး လေကြောင်းတိုက်ခိုက်မှု ပိုလုပ်ဆောင်လာနေဆဲဖြစ်သည်။

၁၈။ လွိုင်ကော်မြို့နယ်က ရဲတပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံး
October 25, 2022
ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် ပန်ကန်းရပ်ကွက်အတွင်းက ရဲတပ်ဖွဲ့ဝင်တဦးဟာ ယနေ့(အောက်တိုဘာ ၂၅ ရက်) မနက် ၁၀:၃၀ အချိန်မှာ သေနတ်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ရွှေညောင်ပင်လူမှုကူညီရေးအသင်းထံက သိရပါတယ်။ ရဲတပ်သား သန့်ဇော်ဦး ဟာ လွိုင်ကော်မြို့နယ် ပန်ကန်းရပ်ကွက် မဂ်ကျောင်းလမ်းပေါ်မှာ ဆိုင်ကယ်မောင်နှင်လာစဉ် ပစ်ခတ်ခံရတာ ဖြစ် ကြောင်း သိရပါတယ်။ “ကျည်ဆံက ဘယ်ဘက်လက်ပြင်ကိုထိပြီး ရင်ဘတ်ကိုဖောက်ထွက်သွားတာပါ။ သူက တာဝန်ထမ်း ဆောင်နေဆဲ ဒီက နယ်မြေခံ ရဲတပ်ဖွဲ့ဝင်ပဲ။ သူ့ကို ရည်ရွယ်ပြီး တမင်ပစ်တယ်လို့ ယူဆရပါတယ်။ အပစ်ခံရတဲ့ နေရာမှာပဲ တခါ တည်း ဆုံးသွားပါတယ်။” လို့ သေဆုံးသူကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ ရွှေညောင်ပင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဘယ်သူ/ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ သေဆုံးချိန်မှာ ရဲတပ်သား သန့်ဇော်ဦး ဟာ အသက် (၄၁) နှစ် ရှိပြီဖြစ်ပါတယ်။

၁၉။ စစ်ကောင်စီ၏ ဌာနဆိုင်ရာများထံ ကျပ်သိန်းရာဂဏန်းပေးပြီး လောင်းကစားဝိုင်းဖွင့်လှစ်နေ
October 25, 20220
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း ဖွင့်လှစ်သည့် လောင်းကစားဝိုင်းများသည် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများထံ တစ်လ ကျပ်သိန်းပေါင်းများစွာပေးပြီး ဖွင့်လှစ်နေကြသည်ဟုရသည်။ ကျောက်မဲမြို့မှ သီပေါမြို့အဝင် ပြည်ထောင်စုလမ်းမပေါ်ရှိ စံဖိတ်ကျေးရွာအုပ်စု စံဖိတ်ရွာမ တွင်ဖွင့်လှစ်ထားသည့် လောင်းက စားဝိုင်း၊ ကျောက်မဲမြို့ အမှတ် ၁ ရပ်ကွက် ကုန်းသာတွင်ဖွင့်သည့် လောင်းကစား ဝိုင်းများသည် စစ်ကောင်စီ လက်အောက်ခံ ဌာန ဆိုင်များထံ တစ်လ ကျပ်သိန်း ၁၅၀ ပေးဆောင်ပြီး ဖွင့်လှစ်ထားသည်ဟု ဆိုသည်။ “အကုန်လုံးက အခွန်ဆောင်ပြီး ဖွင်ႉနေကြ တာပဲ။ လာပိတ်ပေးဖို့ ကျနော်တို့ သွားတိုင်လည်း ဘာမှလာမပိတ် ပေးဘူး။ ပြောတာတော့ လာလုပ်ပေးမယ်လို့ပြောတယ်။ တကယ်တော့ ဖွင့်ထားတဲ့ နေရာကို လာမပိတ်ဘူး။ သူတို့က အခွန်ရထားတော့ အေးဆေးနေကြတာ” ဟု သီပေါမြို့ ဒေသခံ တစ်ဦးက ပြောသည်။ သီပေါမြို့ စံဖိတ်တွင် ဖွင့်လှစ်သည့် လောင်းကစားဝိုင်းသည် ကျောက်မဲမြို့က တရုတ်အမျိုးသား ဉီးအားတီ ဆိုသူဖြစ်ပြီး ကျောက်မဲမြို့မှာ ဖွင့်လှစ်သည့် လောင်းကစားဝိုင်းတွင် တောင်နောက်(ဝ့်) ရွာက ဉီးဝင်းထွန်း ဆိုသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းကြောင်ႉ ဒေသတွင်း ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုများ ယခင်ကထက် ပိုများလာသောကြောင့် ပြည်သူ့ဘဝလုံခြုံရေးအတွက် စိုးရိမ်နေကြောင်း သိရသည်။ “သူခိုးတွေလည်း များလာတယ်။ ပြီးတော့ ဓားပြတွေလည်းရှိလာတယ်လေ။ အဲ့လောင်းကစားဝိုင်းက သူတွေလည်း ရန်တွေဖြစ်ကြတယ်။ ပတ်ဝန်းကျင်ကို ထိခိုက်လာ တယ်” – ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်မြို့တော် တောင်ကြီး အပါအဝင် မြို့ကြီးများဖြစ်သည့် လားရှိုးမြို့၊ ကျိုင်းတုံမြို့အပြင် နယ်မြို့များလည်း လောင်းကစားဝိုင်းများ နေ့စဉ်ရက်ဆက် တိုးများလာနေသည် ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။ တချို့လောင်းကစားဝိုင်းများသည် ဒေသအ တွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့များထံလည်း အခွန်အခ ပေးဆောင်ရသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

၂၀။ မအူပင်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ရိုဟင်ဂျာ ၅၈ ဦး ဖမ်းဆီးခံရ
October 25, 2022
မအူပင်မြို့မှာ အောက်တိုဘာ ၂၁ ရက်နေ့က ကိုယ်ဝန်ဆောင်အမျိုးသမီးအပါဝင် ရိုဟင်ဂျာ ၅၈ ဦးကို ဖမ်းဆီးခံခဲ့ရ တယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။ ရိုဟင်ဂျာ ၅၈ ဦးကို ကျွဲဒုံးကျေးရွာအုပ်စု၊ အောက်ထုံးကျေးရွာအနီး မြစ်ထဲ စက်လှေ တွေပေါ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၁၃ ဦးနဲ့ ကလေး ၄ ဦးဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။ “မအူပင်ကို မြစ်ကြောင်းက ဝင်လာတာတော့ ရှားတယ် သူတို့လမ်းလွဲရောက်လာတာမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ အထောက်အထားမဲ့ဆိုတော့ ဖမ်းရတာပဲ။ ကိုယ်ဝန်ဆောင်သည်တဦးလည်းပါတယ်၊ စက်လှေမောင်းလေးဦးက လိုက်ပို့တာ”လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရိုဟင်ဂျာ ၅၈ ဦး လိုက်ပါလာတဲ့ စက်လှေကို တာပေါ်လင် မိုးကာစတွေနဲ့အုပ်ပြီး ခေါ်လာတာကြောင့် မသင်္ကာလို့ စစ်ဆေးချိန်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ ရိုဟင်ဂျာ ၅၄ ဦးနဲ့ စက်လှေမောင်း ၄ ဦးကို ရွှေတောင်မှော်နယ်မြေရဲစခန်းမှာ လ၀က ဥပဒေနဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။ အရပ်သားအစိုးရလက်ထက်ကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းကို ခုလိုမျိုး ရိုဟင်ဂျာတွေ ဝင်ရောက်မှုတွေရှိပေမယ့် နေရပ်သာပြန်ပို့ပေးခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဖမ်းဆီးထောင်ချလာတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

၂၁။ ကတိုင်တိ BGF စခန်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘောကျို့လယ်ရွာရှိ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
October 24, 2022
မူတြော်ခရိုင်(ဖာပွန်) ဒွယ်လိုးမြို့နယ် ကတိုင်တိကျေးရွာရှိ နယ်ခြားစောင့်တပ်-BGF ၊ စစ်ကောင်စီပူး ပေါင်းတပ်စခန်းမှ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဘောကျို့လယ်ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်သည့်အတွက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။ ဘောကျို့လယ်ကျေးရွာတွင် တပ်စွဲနေထိုင် သည့် စစ်ကောင်စီတပ်၊ နယ်ခြား စောင့်တပ်(BGF)နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့တို့ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကတိုင်တိရှိ BGF ၊ စစ်ကောင်စီပူးပေါင်းတပ်စခန်းမှ လက်နက်ကြီးနှင့် အချက်ပေါင်းများစွာ ပစ်ခတ်မှုပြုလုပ်ရာတွင် လူနေအိမ်ပေါ် ကျည်ကျရောက်ပေါက်ကွဲ၍ ယခုလို ထိခိုက်သေဆုံးမှုဖြစ်ပေါ်နေခြင်းဖြစ်သည်။ အမည် မဖော်လိုသူ ဒေသခံတစ်ဦးက“ အိမ်ပေါ်မှာ လက်နက်ကြီးကျတော့ ထိသွားတာ။ သေတဲ့တစ်ယောက်က ယောက်ကျားလေး၊ ၈ နှစ်ပဲရှိသေးတယ်။ ပြီးတော့ သူ့အမေနဲ့ သူ့အစ်မတစ်ယောက်လည်း ဒဏ်ရာရရှိသွားတယ်။ လက်နက်ကြီးပစ်တာ ကြောက်စရာ ကြီး အလုံးတော်တော်များပစ်တယ်။” ဟု ပြောသည်။

BGF စခန်းငယ်တစ်ခုရှိပြီး အိမ်ခြေပေါင်း ၆၀၀ ကျော်ရှိသည့် ဘောကျို့လယ်ကျေးရွာတွင် BGF (၁၀၁၃) တပ်ရင်းမှ ဗိုလ်လှကြိုင်၊ ဗိုလ်မောင်စိုးတို့ ဦးဆောင်သည့် တပ်ဖွဲ့က အခြေချနေထိုင်သည်ဟု ဒေသခံထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့တွင်လည်း BGF ၁၀၁၃ တပ်ရင်းမှ ဗိုလ်ကျော်ဝင်းဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ဒွယ်လိုးမြို့ နယ် လေးဖိုးထကျေးရွာ ပိုဂါကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်သည့်အတွက် ဒေသခံနော်တာဖိုးအေးနှင့် စောတာကလိုမယ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

၂၂။ မုံးစီးရှိ နမ့်နင်းချောင်းမှာ ရေဆင်းချိုးတဲ့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံး
October 24, 2022
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ယုံမောကျေးရွာအုပ်စု ဟိုဟင်ရွာက အသက် (၁၅)နှစ်အရွယ် ကလေးငယ် တစ်ဦး နမ့်နင်းချောင်းမှာ ရေနစ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ ရေနစ်သေဆုံးသွားသူဟာ မိုင်းအကိတ်ဆိုသူဖြစ်ပြီး ပြီးခဲ့ တဲ့ အောက်တိုဘာ ၂၀ ရက်မှာ သူငယ်ချင်းနဲ့အတူ ချောင်းမှာ ရေဆင်းချိုးရာကနေ ရေနစ်သေဆုံး သွားတာလို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ “သူတို့ရဲ့ရွာကလူတွေနဲ့ နမ္မလီရွာမှာ ဘုန်းကြီးသွားကြိုပြီး အပြန်မှာပဲ ဖြစ်သွားတာ။ သူနဲ့သူ့သူငယ်ချင်းက နောက်ဆုံးမှာ လိုက်လာတာတဲ့။ အဲချောင်းရောက်တော့ သူနဲ့ သူ့ငယ်ချင်း ရေဆင်းချိုးတာ အဲမှာ ရေစီးသန်တော့ အကိတ်ဆိုတဲ့ တစ်ယောက်က ရေထဲ ပါသွားတာ။ သူ့သူငယ်ချင်းက လှမ်းဆွဲလိုက်သေးတယ်။ မမှီလိုက်ဘူး” ဖြစ်ဖြစ်ချင်းမှာပဲ အနီးအနားရှိ လူတွေက ဝိုင်းဝန်းရှာဖွေခဲ့ကြပေမယ့် မတွေ့ရှိပဲ လက်ရှိမှာလည်း မိုင်းအကိတ်ရဲ့ ရုပ်အလောင်းကို တွေ့မတွေ့ဆိုတာကို မသိရှိရ သေးဘူးလို့ ၎င်းက ဆိုပါတယ်။ နမ့်နင်းချောင်းမှာ တစ်နှစ်တစ်ကြိမ် ရေနစ်သေဆုံးတာ ရှိခဲ့ဖူးပြီး လက်ရှိအချိန်ထိ ရေနစ်သေဆုံး သူ ၅ ဦးထက်မနည်း ရှိခဲ့ပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

၂၃။ မုန်တိုင်းအရှိန်ကြောင့် ရေတက်လာပြီးနေအိမ်များပါပျက်စီးမှုရှိလာ၍ ပေါက်တော ဆင်တက်မော်ကျေးရွာသားများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့
October 24, 2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာတွင် မုန်တိုင်းအရှိန်ကြောင့် လေနှင့်အတူ ရေပါတက်လာ ပြီး ကမ်းခြေအနီးရှိ လူနေအိမ်နှင့် ဆိုင်ခန်းအချို့ပျက်စီးသွားခဲ့ပြီး ကျေးရွာသားများကိုလည်း ဘေးလွှတ်ရာမြေမြင့်သို့ ပြောင်းရွှေ့ ထားရသည်ဟု သတင်းရရှိသည်။ ဆင်တက်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှထွန်းစိန်က “အခုက အားလုံးရေမြှုပ် နေတယ်။ ဒါကြောင့် ကမ်းခြေကနေ ဘုန်းကြီးကျောင်းနဲ့ ကုန်းမြင့်တဲ့နေရာကို ရှောင်နေကြရတယ်။ ကမ်းခြေကအိမ်တွေရဲ့ ခေါင်မိုးတွေက လေအရှိန်နဲ့ပျက်စီးသွားပြီး ရေကြီးနေတယ်။ ဘယ်နှစ်အိမ်ပျက်စီးသွားမှန်း မသိရသေးဘူး”ဟု ပြောသည်။ မုန်တိုင်းအရှိန်ဖြင့် မိုးသက်လေပြင်းတိုက်ပြီး လိူင်းကြီး၍ လေထန်ကာ အောက်တိုဘာလ ၂၄ရက် မနက်ပိုင်းက ရေများပါတက်လာ၍ ကမ်းခြေနေ လူနေအိမ်နှင့်ဆိုင်ခန်းများ ပျက်စီးပျက်စီးမှုများ ရှိနေသည်ဟု ဆိုသည်။ ယင်းရွာ တွင် ဒီရေတိုက်စား၍ ကမ်းပါးများပြိုကျသည့် အတွက် ကာကွယ်ဆောက်လုပ်ထားသည့် ကမ်းထိန်းနံရံကျောက်တန်းများမှာလည်း ပျက်စီးသွားကာရေထဲနစ်မြှုပ်နေပြီး စိုးရိမ် ရသည့်အခြေအနေရှိသည်ဟု သိရသည်။

“အခုက ဒီရေတက်ချိန်ဖြစ်လို့ ကမ်းနားကိုသွားမရဘူးဖြစ်နေတယ်။ အားလုံးက ရေထဲမြှုပ်နေတယ်။ မုန်းတိုင်းဖြတ် သွားရင် ပိုစိုးရိမ်မှုတွေရှိနေတယ်။ မနေ့ကလေတိုက်တာ သိပ်မများဘူး။ အခု အရမ်းလေပြင်းနေတယ်” ဟု ရွာသား တစ်ဦးက ပြောသည်။ ယင်းအပြင် မုန်တိုင်းအရှိန်ကြောင့် ဒီရေတက်ပြီး၊ လိူင်းကြီး၍ လေထန်ကာ စိုးရိမ်ရသည့် အခြေအနေများရှိနေ၍ စက်လှေများကို ချောင်းထဲသို့သွင်းထားရပြီး အနီးအနားရှိ ကျေးရွာ(၁၄)ရွာ၊ တစ်အုပ်စုလုံးအား အန္တရာယ်မဖြစ်ရအောင် သတိ ပေးထားမူများရှိသည်ဟုလည်း သိရသည်။ “ညအချိန်လောက်ဆို စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်။ ရွာတွေက ပင်လယ်ထဲမှာရှိ တာဆိုတော့ လေကလည်းပြင်း လိူင်းကလည်းထန်လာရင် ပိုအခက်အခဲဖြစ်မယ်။ စက်လှေတွေကို ကမ်းခြေကနေ ချောင်းထဲ သွင်းထားဖို့ ၁၄ ရွာတစ်အုပ်စုံလုံးကို သိပေးထားတယ်။ ပြီးတော့ စက်လှေတွေက မြှုပ်သွားတာလည်းရှိတယ်။ လိူင်းထန်ပြီး လေပြင်းနေတော့ ဆယ်ဖို့မရလိုက်ဘူး။ ကုန်းမြင့်ရာမှာနေကြဖို့ကိုလည်းပြောထားတယ်။ အကုန်လုံးသတိထားပြီးနေကြရတယ်” ဟု ဆင်တက်မော်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှထွန်းစိန်က ပြောသည်။

၂၄။ တောင်ကြီးမြို့ စစ်ကောင်စီ ရဲတပ်ဖွဲ့မှ ဧည့်စာရင်း မတိုင်သူထံ ငွေညစ်နေ
October 24, 20220
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူးများနှင့် ရဲများက ဧည့်စာရင်း မတိုင်သူ များထံ ပိုက်ဆံတောင်းယူမှု ပြုလုပ်နေကြောင်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ပထမပတ်မှာ သစ်တောရပ်ကွက်ရှိ နေအိမ်တစ်လုံးထဲတွင် လူငယ်စုံတွဲနှစ်ဦး အတူတူနေထိုင်ရာ ဧည့်စာရင်း တိုင်ကြားထားခြင်း မရှိသောကြောင့် ရဲများက လာရောက် စစ်ဆေးမေးမြန်းပြီးနောက် မှတ်ပုံတင်ကတ်ပြား ကို သိမ်းယူသွားကြောင်း စုံစမ်း သိရှိရသည်။ အဆိုပါ မှတ်ပုံတင် ကတ်ပြားကို ရဲစခန်းတွင် ကျပ်ငွေ (သုံးသောင်းခွဲ) ဖြင့် ပြန်ရွေးယူခဲ့ရကြောင်း နီးစပ်သူ အသိုင်းအဝိုင်း က ကိုပြောသည်။ “ သူတို့ အိမ်မှာ သူတို့လာနေတာကို ဧည့်စာရင်း မတိုင်လို့ဆိုပြီး ငွေလာညစ်တာ။ သူတို့နှစ်ယောက်က လက်မထပ် ကြသေးပေမယ့် အတူ နေထိုင်ပြီး အလုပ်လုပ်ကြတယ်။ အိမ်ထောင်စု ဇယားထဲမှာ သူ့ကောင်လေး နာမည်မပါလို့ဆိုပြီး ရဲက မှတ်ပုံတင် သိမ်းသွား တယ်။ နောက်နေ့တော့ ရဲစခန်းမှာကျပ်ငွေ (၃သောင်း) နဲ့ သွားရွေးရတယ် “ ဟု နီးစပ်သူ အမျိုးသား တစ်ဦး က ပြောသည်။

လက်ရှိတွင် တောင်ကြီးမြို့ရှိ ရွှေတောင်ရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ စဝ်စံထွန်းရပ်ကွက်၊ သစ်တောရပ်ကွက် နှင့် ဦးကြီးခမ်းရပ်ကွက် စသည်ဖြင့် ရဲများက ဧည့်စာရင်းစစ်ခြင်းကို အကြောင်းပြပြီး ပိုက်ဆံကောက်ခံ နေကြောင်း တောင်ကြီး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ အခုက သူတို့ ရပ်ကွက်တိုင်း လိုလိုကို လုပ်နေတယ်။ ဧည့်စာရင်း စစ်တယ်ဆိုပြီး ငွေတောင်းခံတယ်။ ရပ်ကွက်တိုင်းတော့ သူတို့ငွေတောင်းခြင်း မတူဘူး။ တချို့ မှတ်ပုံတင်ထဲကတမျိုး အိမ်ထောင်စု ဇယားထဲ တမျိုးဆိုရင် ပိုက်ဆံပိုကုန်တယ်။ တာဝန်ယူတယ်ဆိုတဲ့ဟာကို အခွင့်အရေးယူပြီး လုပ်စားနေကြတာ“ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် တောင်ကြီးမြို့သို့ ရွှေ့ပြောင်းလာပြီး အလုပ်လုပ်နေသော တခြားမြို့နယ် ဒေသခံများကလည်း ဧည့်စာရင်း တိုင်ကြားမှုနှင့် ပတ်သက်ပြီး ခက်ခဲများစွာ ရင်ဆိုင်နေရကြောင်း ရပ်ကွက်ရုံးထံတွင် နေထိုင်ကြောင်း ထောက်ခံစာတစ်ခုကို ကျပ်ငွေ (ငါးထောင်) ကျပ် တောင်းခံနေကြောင်း သိရသည်။

၂၅။ လားရှိုးမှာ ၂ ရက်ဆက် ပိုင်ရှင်မဲ့အလောင်းထပ်တွေ့ထား၊ တစ်ပတ်အတွင်း ပိုင်ရှင်မဲ့အလောင်း ၄ လောင်းတွေ့ရှိ
October 25, 2022
ရှမ်းမြောက် လားရှိုးမြို့မှာ မနေ့အောက်တိုဘာ ၂၄ ရက်နေ့နဲ့ ဒီနေ့ အောက်တိုဘာ ၂ ၅ရက်နေ့ ၂ ရက်ဆက်တိုက် ပိုင်ရှင် မဲ့ အလောင်း ၂ လောင်းတွေ့ရှိထားတယ်လို့ အဲအလောင်းတွေကို သွားရောက်သယ်ဆောင်ပေးတဲ့ လားရှိုးလူငယ် လူမှုကူညီရေး အသင်းထံက သိရပါတယ်။ မနေ့ကတွေ့ရှိထားတဲ့အလောင်းဟာ ရပ်ကွက် (၅)မှာတွေ့ရှိထားတာဖြစ်ပြီး ဒီနေ့တွေရှိတဲ့ အလောင်းလည်း ရပ်ကွက်(၅)က ရေကန်တောင်မှာ တွေ့ရှိထားတာဖြစ်ပါတယ်။ အဲဒီအလောင်းတွေကို လားရှိုးလူငယ် လူမှု ကူညီရေးအသင်းက လားရှိုးဆေးရုံကိုပို့ဆောင်ထားပြီး အလောင်းပိုင်ရှင်မတွေ့ရှိကသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီနေ့ မနက်ပိုင်း ၆ နာရီခွဲဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက်(၇) ရှိ အလောင်းစည်သူလမ်းမှာ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရိုက်နှက်ခံထားရပြီး ရပ်ကွက် (၅)တစ်နေရာမှာလည်း အမျိုးသားတစ်ဦး ဓားနဲ့ခုတ်ခံထားရတယ်လို့ သိရပါတယ်။ ဒီမနက် ရိုက်နှက်ခံရတဲ့ အမျိုးသားဟာဘယ်သူဘယ်ဝါဆိုတာ မသိရှိရသေးသလို မျက်စိဖုရောင်၊ နှာဖူးကွဲ၊ ပါးရောင် ၊ ဦးခေါင်းကွဲဒဏ်ရာ တွေ တွေ့ရှိထားပါတယ်။ သွားရောက်ကူညီပေးတဲ့ လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက” သူကလမ်းမှာ ရိုက်ခံရတာ။ နေစရာနေအိမ်လည်းမရှိ၊ သူ့ဆွေးမျိုးတွေလည်းမသိတော့ ဘာကြောင့်ရိုက်ခံရတာလည်း မသိရဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်မှာ လားရှိုးမြို့နယ် ဖာလျံရွာရဲ့ပြောင်းခြံထဲမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိပြီး ၂၀ ရက်နေ့မှာလည်း ရပ်ကွက် (၅)မှာ ပိုင်ရှင်မဲ့အလောင်းတစ်လောင်း တွေ့ရှိခဲ့တာဖြစ်ပြီး တစ်ပတ် အတွင်းပိုင်ရှင်မဲ့အလောင်း ၄ လောင်းတွေ့ရှိထားတာဖြစ်ပါတယ်။ အခုအောက်တိုဘာလအတွင်း လားရှိုးမြို့မှာ ပိုင်ရှင်မဲ့ အလောင်းတွေ့ရှိမှု ဆက်တိုက်ရှိလာနေပြီး ခိုးမှု၊ဓားပြတိုက်မှုနဲ့ ရိုက်နှက်မှုတွေလည်း နေ့စဥ်ဖြစ်ပွားလျက်ရှိနေပါတယ်။

၂၆။ ကတိုးကော့နှတ်ကျေးရွာများတွင် ဘာသာရေးပွဲများ ယခင်နှစ်ကထက် ပိုမိုပြုလုပ်လာ
October 24, 2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကတိုးကော့နှတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဘာသာရေးပွဲတော်များ ကို ယခင်နှစ်ကထက် ပိုပြီးပြုလုပ်လာကြောင်း အမည်မဖော်လိုသည့် ဒေသခံများကပြောသည်။ မော်လမြိုင်မြို့နယ်၊ ကတိုးကော့ နှတ်ကျေးရွာအုပ်စုအတွင်း ရှိကော့နှတ်၊ သံဃာပိုင်၊ ကော့လှာ၊ ကတိုး၊ ဖဲထော်၊ ကွမ်တာကျေးရွာများတွင် နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်နေသော်လည်း စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယခင်နှစ်ကထက်ပိုမိုပြုလုပ်လျက်ရှိပြီး ကျေးရွာအတွင်းတွင် လည်း ကိုဗစ်ပိုးတွေ့လူနာများရှိနေကြောင်း အမည်မဖော်လိုသူ ကတိုးကေ့ာနှတ် ဒေသခံတစ်ဦးက ယခုလို ပြောသည်။ ၎င်းက” ရွာမှာ က လွတ်လပ်ရေးရပြီးတောင်ထင်ရတယ်၊ ညဘက်တွေဆို အိပ်လို့မရဘူး။ တစ်ရွာပြီးတစ်ရွာ တစ်နေရာပြီးတစ်နေရာ လုပ်နေကြ တာ။ ကတိုးရွာမှာပဲ ပွဲက ၈ ခုမကဘူးရှိတယ်၊ အရင်နှစ်ကတော့ ထိုင်းတက်တဲ့ လူနည်းတယ်။ ပြီးတော့ကိုဗစ်ကြောင့် ရယ် သိပ် မလုပ်ဖြစ်ကြဘူး။ ဒီနှစ်ကျတော့ထိုင်းတက်တဲ့လူများ တယ်လေ။ အဲ့ဒါကြောင့်ပိုလုပ်ကြတယ်။ ပဒေသာပင်တွေဆို ရင်ပုံစံမျိုးစုံနဲ့ ပဲ” ဟု ပြောသည်။

“ကထိန်လှည့်တဲ့ရွာတွေကတော့ အသီးသီးရှိတယ်။ ကျနော်တို့ပတ်ဝန်းကျင်နားမှာဆိုရင် ကတိုးကော့နှတ် ကျေးရွာ အုပ်စုပေါ့။ ကထိန်ကတော့ အရင်နှစ်ကထက် အတော်လေးစည်ပါတယ်။ ပြီးတော့ ကိုဗစ်ကာလ ဖြစ်တဲ့အတွက် ရွာတွေမှာလည်း ကိုဗစ်ရောဂါက ရှိနေဆဲပါပဲ။ ကိုဗစ်လူနာတွေလည်း ထက်ပြီးတိုးများလာတယ်။ ကတိုးတိုက်နယ်ရဲ့ဆေးရုံမှာဆို ဆရာဝန် ကိုယ်တိုင်က ကိုဗစ်ရောဂါကြောင့် Q ဝင်ထားရတယ်” ဟု ကျေးရွာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိ မော်လမြိုင်မြို့ ပေါ်နေရာများနှင့် မွန်ပြည်နယ် ဒေသတချို့တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားမှုရှိနေသလို မြို့တွင်း စစ်ဆေး ကြပ်မတ်မှုများကြားမှ လုယက်မှုများသည်လည်း တစ်နေ့ထက်တစ်နေ့ပိုမို ဖြစ်ပွားလာပြီး လူပြတ်သောနေရာများတွင် လူသတ် မှုမျိုးစုံဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံများကဆိုသည်။ လက်ရှိ ဘာသာရေးပွဲတော်များပြုလုပ်သည့် ကျေးရွာများသည် စစ်ကောင်စီ ထောက်ခံသူ အများစု နေထိုင်သည့် ဒေသဖြစ်သလို အာဏာသိမ်းမှု ဖြစ်စဉ်များတွင်လည်း ဆန္ဒဖော်ထုတ်ပါဝင်မှု မရှိခဲ့သည့် ကျေးရွာများ လည်းဖြစ်သည်ဟု သိရသည်။

၂၇။ ကြံဖိုးကို ကျပ်ငွေနဲ့သာ ရှင်းမယ်ပြောလို့ အရှုံးပေါ်နိုင်ကြောင်း တောင်သူတွေပြော
October 24, 2022
ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ နမ့်အွမ်ကြံစက်ရုံအတွက် ကြံစိုက်ပေးနေတဲ့ တောင်သူတွေကို အရင်နှစ်လို တရုတ်ယွမ်ငွေနဲ့ မပေးတော့ဘဲ ဒီနှစ်မှာ ကျပ်ငွေနဲ့သာ ရှင်းမယ်ပြောလို့ အရှုံးပေါ်နိုင်ကြောင်း တောင်သူတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာ ကြံ ၁ တန်ကို ယွမ် ၂၈ဝ (ကျပ်ငွေ ၉၅,ဝဝဝ ကျော်)ရရှိပြီး ဒီနှစ်မှာ ၁ တန်ကို ၉ သောင်းကျပ်ဘဲ ပေးတော့ မယ်လို့ ကြံကိုယ်စားလှယ်တွေက တောင်သူတွေဆီ ပြောဆိုထားပါတယ်။ ကြံစိုက်တောင်သူတစ်ဦးက “ကိုယ်စားလှယ်တွေက ကျနော်တို့ ကြံစိုက်တောင်သူတွေ ခေါ်ယူပြီး အစည်းအဝေးလုပ်တယ်။ ကြံစျေးက တရုတ်ငွေ မပေးတော့ဘူးတဲ့။ တရုတ်ငွေ (၂၈ဝ)က မြန်မာငွေနဲ့ တွက်ကြည့်ရင် တစ်သိန်းကျော်ရတယ်။ သူတို့ ကိုးသောင်းဘဲ ပေးမယ်ဆိုရင် ကြံစိုက်တောင်သူအတွက် ဘာမှအမြတ်ရမှာ မဟုတ်ဘူး။ ဒီလိုပေးတော့ ကျနော်တို့အတွက် နာတာပေါ့နော်” လို့ ပြောပါတယ်။ ကုမ္ပဏီက ထုတ်ပေးနေတဲ့ မြေဩဇာ၊ ပိုးသတ်ဆေး၊ မြက်သတ်ဆေးတွေကိုတော့ ယွမ်ငွေနဲ့သာ ဝယ်ယူနေရပြီးတော့ ကြံစျေးကိုတော့ ကျပ်ငွေနဲ့သာ ပေးတော့မှာဖြစ်တဲ့အတွက် အရှုံးပေါ်နိုင်တယ်လို့ နောက်ထပ် ကြံစိုက်တောင်သူတစ်ဦးကလည်း ပြောပါတယ်။

“ကုမ္ပဏီ ထုတ်ပေးတဲ့ဟာကြတော့ စျေးကြီးကြီးနဲ့ တွက်ပေးတယ်။ ကြံစျေးကျတော့ စျေးလျှော့တယ်။ အမှန်ဆိုရင် အရင်နှစ်လို တရုတ်ငွေ (၂၈ဝ)ပဲ ပေးသင့်တယ်။ ဒါမှမဟုတ် တရုတ်ငွေစျေးအရ တွက်ပေးရင် ပြောစရာ မလိုဘူး။ အခု မြန်မာငွေ ကိုးသောင်းဘဲ ပေးမယ်ဆိုတော့ မျှတမှုမရှိသလို ဖြစ်နေတယ်” ကြံကိုယ်စားလှယ်တစ်ဦးကတော့ “ကြံစိုက်တောင်သူတွေနဲ့တော့ ကျနော်တို့ ပြောခဲ့တယ်။ ဒီနှစ်မှာ တရုတ် နယ်စပ်ဂိတ်တွေ မဖွင့်ရင် ကြံစျေးလည်း မြန်မာငွေ ကိုးသောင်းဘဲ ပေးမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ အခြေအနေအရ နယ်စပ်ဂိတ်ဖွင့်ရင် အရင်နှစ်စျေး ပြန်ပေးဖို့ အလားအလာရှိတယ်။ ကျနော်တို့ ထုတ်ပေးတဲ့ မြေဩဇာတွေကတော့ တရုတ်မြေဩဇာဖြစ်တဲ့အတွက် တရုတ်ငွေဘဲ တွက်ပေးတယ်” ဆိုပြီး ရှင်းပြပါတယ်။ ၂ဝ၁၉ ခုနှစ်နဲ့ ၂ဝ၂ဝ ခုနှစ်မှာ ကြံ ၁ တန်ကို ယွမ်ငွေ (၃၂ဝ)၊ ၂ဝ၂၁ ခုနှစ်မှာ (၂၈ဝ)ယွမ် ရရှိခဲ့ပြီး ဒီနှစ်မှာတော့ ယွမ် (၂ဝဝ)ကျော် (ကျပ်ငွေ ၉ သောင်းဝန်းကျင်)သာ ရနိုင်မယ့်အခြေအနေ ဖြစ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button