ဓါတ်ပုံ – CDM တပ်သားနှစ်ဦးမြင်တွေ့ရစဉ်။ Pekhon PDF – 2 (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၂၀
ကရင်နီပြည်၊ မိုးဗြဲဘက်ကို စစ်ဆင်ရေး ပြုလုပ်နေတဲ့ ခလရ- ၁၄ တပ်က တပ်သားနှစ်ဦး ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ထံ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က CDM ပြုလုပ် ခိုလှုံလာတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
CDM ပြုလုပ်လာတဲ့ တပ်သားနှစ်ဦဟာ စစ်သင်တန်းဆင်းပြီး လုပ်သက် တစ်လကျော်သာ ရှိသေးတဲ့ တပ်သားသစ်များဖြစ်ကြတယ်လို့ သိရပါတယ်။ အခုတော့ အဲဒီ CDM တပ်သားနှစ်ဦးကို ဖယ်ခုံ ပြည်သူ့ ကာကွယ်ရေးတပ်တပ်ရင်း၂ က ကောင်းမွန်စွာ စောင့်ရှောက်ထားတာပါ။
ဒါ့အပြင် “စစ်ကောင်စီတပ်ဖွဲ့အတွင်း စီမံအုပ်ချုပ်နိုင်မှု မရှိတော့ဘဲ တပ်တွင်းပျက်စီးယိုယွင်းနေပြီ ဖြစ်တာ ကြောင့် တပ်တွင်း ထွက်ပြေးလိုသူတွေက များပြားနေသလို၊ ၎င်းတို့တပ်သားနှစ်ဦး မပြေးခင် နာရီပိုင်း အတွင်းမှာပင် စစ်ကောင်စီတပ်သား တစ်ဦး အရင်ပြေးသွားခဲ့သေးတယ်” လို့ CDM ပြုလုပ် လာတဲ့ တပ်သား သစ် နှစ်ဦးက ၎င်းတို့တပ်တွင်း ကြုံတွေ့နေရတဲ့အခြေအနေကို ရှင်းပြတယ်။
အလားတူ “ပီကင်းကောခူကျေးရွာဘက်မှာ တာဝန်ထမ်းဆောင်နေစဥ် ပြီးခဲ့တဲ့ ၁၅ ရက်ခန့်က ခလရ-၁၄ ဒုတပ်ရင်းမှူးကို တပ်သားတစ်ဦးကပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်ကြုံတွေ့ခဲ့ရသေးတယ်လို့ ပြောပြပါတယ်။ ပစ်ခတ် ခဲ့တဲ့ တပ်သားကတော့ ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်သွားပြီး ပစ်သတ်ခံရတဲ့ ဒုတပ်ရင်းမှူး ၏ အလောင်းကိုတော့ မိုးဗြဲ ၄၂၂ တပ် သရက်တောကင်းမှ ပြည်သူ့စစ်နှင့် စစ်ကောင်စီ တို့က တဆင့် လာသယ်ပေးပြီး နေပြည်တော်သို့ယူဆောင်သွားတယ်”လို့ သူတို့က ဆက်ပြောပြတာပါ။
CDM ပြုလုပ်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို လိုအပ်တဲ့ အကူအညီများ အပြည့်အ၀ ပေးသွားမှာ ဖြစ်ပြီး လက်နက်နှင့်အတူ ခိုလှုံလာနိုင်ပါက အနည်းဆုံး သိန်း ၅၀ ချီးမြှင့်သွားမယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း၂ ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
လက်တလော်မှာတော့ ဖယ်ခုံအနီးဝန်းကျင်မှာ နှစ်ဖက် စစ်ရေးတင်းမာမှု ဆက်လက် ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးပေါ်အနီး စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ် ကို ဖယ်ခုံမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်၊ တပ်ရင်း၂၊ KNDF (B-03) ပူးပေါင်း အဖွဲ့တို့က ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့သလို အမ်အေ 1 တစ်လက်နှင့် လက်နက်ခဲယမ်း တချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။