တိုင်းရင်းသားများသတင်း

လွိုင်ကော်အကျဉ်းထောင်ထဲမှာ လူငယ်နိုင်ငံရေးအကျဉ်းသား တစ်ဦးသေဆုံး၊ အလောင်းပြန်မရသေး

ဓာတ်ပုံ – တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF )

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၄

ကရင်နီပြည် လွိုင်ကော်အကျဉ်းထောင်ထဲမှာ အသက် ၂၁ နှစ် အရွယ် နိုင်ငံရေး အကျဉ်းသား တစ်ဦး ဖြစ်တဲ့ မောင်ငယ်ဟာ လုံလောက်တဲ့ ကျန်းမာရေး ဆေး ကုသခွင့် မရရှိခဲ့တာကြောင့် ယမန်နေ့ အောက် တိုဘာ ၁၃ ရက်နေ့မှာ သေဆုံး ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။ ဒါ့အပြင် ဒီကနေ့ မနက် ပိုင်း အထိ အလောင်းပြန်မရရှိသေးဘူးလို့ ဆိုပါတယ်။

အကျဉ်းထောင်ထဲမှာ သေဆုံးသွားတဲ့ မောင်ငယ်ဟာ ၂၀၂၁ ခုနှစ် လွိုင်ကော် စစ်ဆေးရေး ဂိတ်တွင် PDFနှင့် ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ် ဖမ်းဆီး ခံခဲ့ရတာပါ။

ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီဘက်က (အကြမ်းဖက် ဥပ‌ဒေပုဒ်မ-၅၂) ဖြစ် တရားစွဲခံရကာ ရှေ့နေ ရှေ့ရပ် ကောင်းမွန်စွာ ဖြေရှင်းခွင့်လည်း မရရှိခဲ့ဘဲ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတာလို့ ဆိုပါတယ်။

“ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် ဥပဒေပုဒ်မ – ၅၂ တရားစွဲခံရတယ်၊ အဲဒါ ကောင်းမွန်စွာ ရှေ့နေ ရှေ့ရပ်တွေနဲ့ တရားရင်ဆိုင်ခွင့်မရခဲ့ဘူးပေါ့ အဲဒါ ထောင် ၅ နှစ် တန်းချခံရတာဘဲ၊ သူက မွေးရာပါ အဆုတ်မကောင်းတဲ့ ရောဂါအခံ လည်း ရှိတယ်၊ အဲဒါ ထောင်ထဲမှာ လုံလောက်တဲ့ ဆေးကုသမှု မရလို့ သေဆုံး သွားတာ ဖြစ်တယ်”လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပြပါတယ်။

အကျဉ်းထောင်ထဲမှာ သေဆုံးသွားတဲ့ မောင်ငယ်ရဲ့ ရုပ်အလောင်းကို မိသားစုတွေက ရရှိနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အာဏာပိုင်များက ချက်ချင်း ပြန်မပေးသေးဘဲ ရရှိဖို့ ခက်ခဲနိုင်တာကြောင့် အမေ ဖြစ်သူဟာ သား၏ ရုပ်အလောင်းပေါ်က ဆံပင်နဲ့ လက်သည်း၊ ခြေသည်းတော့ နည်းနည်းညှပ် ယူကာ ရိုးရာအရ သင်္ဂြိုလ်ပေး နိုင်ဖို့ကိုဘဲ ပြင်ဆင်ထားလိုက်တာပါ။

အာဏာသိမ်းမှုအလွန် ကရင်နီပြည်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အပြင် PDF နဲ့ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီး ကာ စစ်ကြောရေး၊ အကျဉ်းထောင်ထဲမှာ နှိပ်စက် ညှင်းပန်းမှု ခံရတာကြောင့် သေဆုံးသူ ၇ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။

ဒါ့အပြင် တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စစ်တမ်းတွေအရ အာဏာသိမ်းမှုအလွန် နိုင်ငံရေးပုဒ်မ အသီးသီးနဲ့ ဖမ်းဆီးခံရပြီး အမိန့်ချခံရသူ ၁၄၀ ဦးရှိပြီး တရားရင်ဆိုင်ဆဲ ၁၀၇ ဦး ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ စာရင်းထဲမှာ အမျိုးသမီး ၂၈ဦးထိ ပါဝင်တယ်လို့ သိရပါတယ်။

Related Articles

Back to top button