ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၃
ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) က ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ကမ်းလှမ်းတဲ့ ကြေညာချက် ထုတ်ပြန်အပြီး နောက်ရက် မှာဘဲ မိုင်းကိုင် မြို့နယ် နှစ်နေရာမှာ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တပ်သားတို့ကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ SSPP Info က သတင်းထုတ်ပြန်ပါတယ်။
“အောက်တိုဘာ ၁၀ ရက်နေ့မှာ RCSS က ဆွေးနွေးအဖြေရှာခြင်းဖြင့် အထင်မြင်လွဲမှားမှုလျော့ချရေး၊ လက်နက်ကိုင် အချင်းချင်းယုံ ကြည်မှုတည်ဆောက်ရေး၊ နိုင်ငံရေးနည်းလမ်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းရေး စသည့် အချက်တွေကို ထုတ်ပြန်ထားပေမယ့်၊ အောက်တိုဘာ ၁၁ ရက်မှာဘဲ RCSS တပ်သားများက အရပ်ဝတ်တွေနဲ့ မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာနား မနက်ပိုင်းတကြိမ်၊ မိုင်းကိုင်မြို့နယ် ပါဆပ်ကျေးရွာ အုပ်စု ဖောင်းဆိုင်ရွာ နဲ့ ကွန်ကောက်ရွာကြားက ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တပ်သားများ သွားလာလှုပ်ရှားနေတဲ့အချိန် ညနေပိုင်းမှာတကြိမ် နှစ်ကြိမ်တိုင် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် SSPP/SSA တပ်သားတချို့ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်”လို့ ထုတ်ပြန်ထားတာပါ။
RCSS ရဲ့ လုပ်ရပ်ဟာ ကြေငြာချက်ထုတ်ပြန်တာကတစ်မျိုး လက်တွေ့လုပ်နေတာကတစ်မျိုး ဖြစ်ပြီး ဒီလိုလုပ်ရပ်ဟာ ရှမ်းတပ် နှစ်တပ် အချင်းချင်း ယုံကြည်မှုတည်ဆောက်ရေးကာလမှာ အဟန့်အတား ဖြစ်စေတဲ့အပြင် RCSS ရဲ့ တွေ့ဆုံ ဆွေးနွေးရေး ကမ်းလှမ်းချက်ကို မြေပြင်အခြေအနေအရ လက်ခံဖို့ ခက်တယ်လို့ SSPP အာဘော် သတင်းဌာနဘက်က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ကတော့ “လက်ရှိ စစ်ရေး၊ နိုင်ငံရေး ပြဿနာများကို လျော့ချဖြေရှင်းနိုင်ဖို့ ရှမ်းပြည်နယ်ထဲက တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ကမ်းလှမ်း တဲ့ ကြေညာချက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ” ထုတ်ပြန်ကြေ ညာထားတာပါ။
ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ကြတဲ့ (SSPP/SSA) နဲ့ (RCSS/SSA) နှစ်ဖွဲ့စလုံးဟာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်ထားတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို နှစ်ကြိမ်တိုင် တက်ရောက် ထားကြတာ ဖြစ်ပါတယ်။