သတင်း

CDF-Mara တပ်သားများ MATC/MDF ၏ ချောင်းမြောင်း ပစ်ခတ်ခြင်း ခံရဟုဆို

ဓါတ်ပုံ – CDF-Mara

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၆

CDF-Mara တပ်သားများဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၃)ရက်နေ့က Mara Administrative Territorial Council – MATC/MDF ၏ ချောင်းမြောင်း ပစ်ခတ်ခြင်း ခံခဲ့ရတယ်လို့ ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့ – မရာ (CDF-Mara) သတင်းထုတ်ပြန်ပါတယ်။

CDF-MARA ဌာနချုပ်မှ တပ်မဟာ (၂)၊ အမှတ် (၃) တပ်ရင်းသို့ လက်နက်မပါဘဲ (အရပ်ဝတ်ဖြင့်) ပြန်လာကြတဲ့ CDF-Mara တပ်သားများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့မှာ MATC/MDF ၏ ချောင်းမြောင်းပစ်ခတ်ခြင်းကိုခံခဲ့ကြရတာပါ။

MATC/MDF ၏ ချောင်းမြောင်းပစ်ခတ်ခြင်းကိုခံခဲ့ရတဲ့ CDF-Mara တပ်သားများဟာ လက်နက်မပါ တာကြောင့် ပြန်ခုခံနိုင်ခြင်းမရှိဘဲ၊ အထိအခိုက်မရှိအောင်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့မှာလည်း MATC/MDF မှ လက်နက်မဲ့ CDF-Mara တပ်ခွဲမှူး (ရဲ CDM)တို့ကို သတ်ဖြတ်ခြင်း၊ စစ်ဦးစီးချုပ်နှင့် အခြားတပ်သား နှစ်ဦး (စုစုပေါင်း သုံးဦး)ဒဏ်ရာ ရစေ ခြင်းများ ကျူးလွန်ခဲ့သလို၊ ယခုလည်း CDF-Mara အား ရည်ရွယ်ချက်ရှိရှိ ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မရာ (CDF-MARA)က ဆိုပါတယ်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး CDF-Mara အနေဖြင့် လိုအပ်သလို တုန့်ပြန်မှုများ ပြုလုပ်သွား မည်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အခုဖြစ်စဉ်ဟာ ချင်းမျိုးနွယ်စုများ အချင်းချင်းကြား ဖြစ်ပွားတဲ့ အငြင်းပွားမှု ပဋိပက္ခဖြစ်တာကြောင့် ကြီးမားတဲ့ ပဋိပက္ခမျိုး မဖြစ်လာစေဖို့လိုအပ်သလို မျိုးနွယ်စု အချင်းချင်းကြား တွေ့ဆုံ ဆွေးနွေး အဖြေရှာဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်များက လိုလားနေကြပါတယ်။

ချင်းပြည်နယ် ဒေသမှာများ ကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့များဟာ မြို့နယ်အလိုက် ဖွဲ့စည်း ထားတဲ့ကာကွယ်ရေးတပ်ဖွဲ့များရှိသလို၊ မျိုးနွယ်စုကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ ကာကွယ်ရေး တပ်ဖွဲ့များလည်း ရှိပါတယ်။

Related Articles

Back to top button