တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

(၃) လကျော်ကြာ ပိတ်ဆို့ထားတဲ့ သံတောင် စစ်ကောင်စီဗျူဟာစခန်းကုန်းကို AA သိမ်းပိုက်နိုင်ပြီ

ဓါတ်ပုံ – ထုတ်ပြန်ချက်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၈

ရခိုင်-ချင်း နယ်မြေထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က သံတောင် စစ်ကောင်စီစခန်း၊ စစ်ကောင်စီ သံတောင်ဗျူဟာစခန်းကုန်းကို (၃) လကျော်ကြာ လမ်းကြောင်း ဖြတ်တောက်ပြီးနောက် သိမ်းပိုက်ရရှိသွားပြီလို့ ရက္ခိုင့်တပ်တော် (AA) က ယနေ့ညပိုင်းမှာ ထုတ်ပြန် လာပါတယ်။ ဒါပေမယ့် နှစ်ဖက်ထိခိုက်မှု စာရင်းများကိုတော့ မထုတ်ပြန်သေးပါဘူး။

အလားတူ မြန်မာ – ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ သုံးနိုင်ငံနယ်စပ်အနီးရှိ မြိတ်ဝစခန်းအပါအဝင် စစ်ကောင်စီ စခန်းအချို့ ကိုလည်း ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

ယခုလို AA က စစ်ကောင်စီလမ်းကြောင်းတို့ကို ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် ရိက္ခာ၊ ထောက်ပို့၊ ဒဏ်ရာရလူနာ သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများ ပြန်ပွင့်နိုင်ရေး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် နေ့စဉ်နီးပါးပစ်ခတ် ကူလျက် အသည်းအသန်ကြိုးစား နေတာပါ။

ရက္ခိုင့်တပ်တော် AA ဟာ ယခုအခါ ဘင်္ဂလားနယ်စပ်ရှိ မိုင်တိုင်အမှတ်(၄၀)အနီးရှိ စစ်ကောင်စီစခန်းကို တစ်လနီးပါး ကြာဖြတ်တောက်ပိတ်ဆို့ခဲ့ပြီး ဩဂုတ်လ (၃၁) ရက်တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့သည့်အပြင် စက်တင်ဘာ (၁၀) ရက်နေ့ကလည်း ခမရ(၃၅၂)တပ်ရင်းစခန်းကုန်းတစ်ခုကို  ပိတ်ဆို့သိမ်းပိုက် နိုင်ခဲ့ပါ သေးတယ်။

ဒါ့အပြင် စစ်ကောင်စီကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နမဒါရွာအနီးရှိ AA တပ်ဖွဲ့ဝင်များ တည်ရှိရာနေရာကို ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိပြီး တစ်လနီးပါးကြာမြင့်လာပြီ ဖြစ်ပါတယ်။

ပလက်ဝမြို့နယ်၊ နမဒါကျေးရွာအနီးရှိ AA တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ယနေ့ရက် မွန်းလွဲပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ တိုက်လေယာဉ် (၃) စီး၊ စစ်ရဟတ်ယာဉ် (၂) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရော့ကတ် များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့လို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

အလားတူ စစ်ကောင်စီတပ်၏ မီးဝဗျူဟာကုန်းဘက်မှာတော့ နှစ်ဖက်လက်နက်ကြီး အပြန်အလှန် ပစ်ခိုက်တိုက်နေကြတာလို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။

စစ်ကောင်စီတပ်ဟာ တပ်စခန်းများ ဆုံးရှံးမှု ပိုများလာတာကြောင့် မြေပြင်၊ ဝေဟင်တို့ကို ပိုမို အသုံးပြုလာကာ ဒီကနေ့ တရက်တည်းတွင် ထိုးစစ်ဆင်တိုက်ခိုက်မှု (၇) ကြိမ်ခန့်ပြုလုပ်ခဲ့တယ်လို့  AA က ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button