PDF ရဲဘော်များ သတင်းလုံခြုံရေးစည်း ကျိုးပေါက်မှုများကို မကြာခဏတွေ့နေရတယ်လို့ NUG ကာကွယ်ရေး၀န်ကြီး သတိပေး
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၅
PDF ရဲဘော်များ သတင်းလုံခြုံရေးစည်း ကျိုးပေါက်မှုများကို မကြာခဏတွေ့နေရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတိပေးပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၁၄ ရက်က ထုတ်လွှင့်တဲ့ ရေဒီယို NUG အစီအစဉ်ကနေ ကာကွယ်ရေးဝန်ကြီးက ပြောကြား ခဲ့ပြီး အရပ်သားများလို ဆိုရှယ်မီဒီယာကို လက်လွတ်စပယ်မသုံးရန် ၀န်ကြီးက သတိပေး ပြောကြားခဲ့တာပါ။
” မိမိအင်အား၊ မိမိလက်နက်၊ မိမိတည်နေရာ၊ မိမိစီမံချက်ဆိုတာ စစ်ရေးမှာ လျှို့ဝှက်အပ်တဲ့ အရာတွေ ဖြစ်တယ်။ဆိုရှယ် မီဒီယာခေတ်မှာ သတင်းလုံခြုံရေးစည်း ကျိုးပေါက်မှုကို မကြာခဏတွေ့နေရတယ်။ အရပ်သားတစ်ယောက်လို ဆိုရှယ်မီဒီယာကို လွတ်လွတ်လပ်လပ်သုံးဖို့ မသင့်တော်ဘူးဆိုတာ ရဲဘော်တို့ သတိပြုစေလိုတယ်။စစ်မြေပြင်ဆိုတာ အသက်နဲ့ ရင်းရတဲ့ နယ်မြေဖြစ်တယ်။ စစ်သားတစ်ယောက်အတွက် သတိ၊ ဝီရိယဆိုတာ ပိုတယ်မရှိ။ တစ်ဦးချင်းလုံခြုံမှု၊ တပ်ဖွဲ့လုံခြုံမှု၊ စခန်းလုံခြုံမှုအတွက် ၂၄နာရီ သတိမပြတ် ရှိနေကြရမှာ ဖြစ်တယ်”လို့ ကာကွယ်ရေးဝန်ကြီးက သတိပေးပါတယ်။
PDF ရဲဘော်များတွင် အဆင့်ဆင့်အမိန့်နာခံတတ်မှုမှာလည်း အရေးကြီးသလို အရပ်သားဘ၀ကနေ စစ်သား ဘ၀ကို ကူးပြောင်းခဲ့ရတာဖြစ်လို့ စစ်ပုံကျရန် အချိန်တစ်ခုယူရသည်ကို မြေပြင်တပ်မှူး များကလည်း ပြောကြားထားသလို၊ ရဲစွမ်းသတ္တိနှင့်ပတ်သက်ပြီး မဟာမိတ်ခေါင်းဆောင်၊ မဟာမိတ်ရဲဘော်များကပင် ချီးကျုးစကား မကြာခဏကြားရတယ်လို့ ဦးရည်မွန်က ဆက်ပြောသည်။
“အရပ်သားဘဝမှာ မင်းဘာလဲ၊ ငါဘာလဲ လုပ်လို့ရပေမယ့် စစ်သားတစ်ယောက်အနေနဲ့ အဆင့်ဆင့်အမိန့် နာခံတတ်မှုဟာ အသက်တမျှ အရေးကြီးတယ်။ ဒါကိုပဲ Chain of Command တည်ဆောက်မှုလို့ ငါတို့ ပြောကြတာ ဖြစ်တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ စိတ်ဓာတ်စည်းကမ်းကျင့်၀တ်မဲ့လာရုံသာမက တိုက်ခိုက်နိုင်စွမ်းပါ လျော့ပါးလာသလို အင်အားမလုံလောက်မှု များလာတာကိုလည်း တွေ့ရပြီး ပြည်သူဘက်သို့ ကူးပြောင်းလာသည့် စစ်သားနှင့် ရဲများကလည်းတနေ့တခြားများလာတယ်လို့ ဉီးရည်မွန်က ပြောသည်။
” ပြည်သူ့ပြောက်ကျားစစ်မှာ ရန်သူ့အင်အားဟာ တစ်နေ့ပြီး တစ်နေ့ ပြုန်းတီးလာနေတယ်။ ဒီ့ထက်ပိုပြီး အထိနာလာရင် စစ်ကောင်စီတပ်ဟာ အချိန်မရွေးပြိုကွဲသွားနိုင်တယ်ဆိုတာလည်း ငါတို့ သတိပြုကြရမယ်။ အဲ့ဒီအချိန်ရောက်ရင် ဒီနိုင်ငံ အစည်းပြေပြီး ဖရိုဖရဲ ဖြစ်မသွားဖို့နဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်း စိမ်လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ဟာ ငါတို့ပခုံးပေါ်ကို လုံးလုံးလျားလျားရောက်ရှိလာမှာ ဖြစ်တယ်။ ဒီနိုင်ငံနဲ့ဒီပြည်သူရဲ့လုံခြုံမှုကို အာမခံနိုင်တဲ့ Professional တပ်မတော်တစ်ရပ်ဖြစ်ဖို့ ရည်မှန်းပြီး ရဲဘော်တို့ကို Code of Conduct စစ်ဖက်ဆိုင်ရာကျင့်ဝတ်တွေကို လေးစားလိုက်နာကြဖို့၊ Chain of Command အမိန့်ပေးကွပ်ကဲမှုစနစ်ကို ကိုယ်တိုင် ပါဝင်တည်ဆောက်ကြဖို့ အလေးအနက် တိုက်တွန်း နေရတာလည်း ဖြစ်တယ်”လို့ ပြောပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ပြည့်ချိန်မှာ PDF တပ်မတော်မှာ နိုင်ငံတည်ငြိမ်မှု၊ ပြည်သူပြည်သားများ၏ လုံခြုံမှုအတွက် တာဝန်ယူဖို့ PDF အဆင်သင့်ဖြစ်ပြီလားဆိုတဲ့ မေးခွန်းဖြစ်တယ်လို့ ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။