သတင်း

ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဘက်ကျဆုံးမှု ရှိပြီး စစ်သုံ့ပန်း ၃၉ ဦး ဖမ်းဆီးရမိ

ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဘက်ကျဆုံးမှု ရှိပြီး စစ်သုံ့ပန်း ၃၉ ဦး ဖမ်းဆီးရမိ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

နိုဝင်ဘာ ၃၀၊ ၂၀၂၃

ZZLMS Operation လို့ အမည်ပေးထားတဲ့ ချင်းပြည်၊ မတူပီမြို့နယ်၊ ရေဇွာမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က စတင်ခဲ့ပြီး ၅ ရက်အကြာ ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်မှာတော့ စခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၃၉ ဦးကိုတော့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“စစ်ကောင်စီတပ်ဘက်က ၄ ဦး သေတယ်၊ ပြီးတော့ စစ်သုံ့ပန်းအနေနဲ့ ၃၉ ဦးဖမ်းထားတယ်၊ အဲ့ထဲမှာ ဆယ်နှစ် အောက် ကလေး ၃ ယောက်နဲ့ ကလေးမိခင် ၂ ဦး ပါဝင်ပါတယ်”လို့ CDF-Zotung ရဲ့  ပြန်ကြားရေး တာဝန်ခံ Salai Danny က FJMM ကို အတည်ပြု ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းများဖြစ်တဲ့ MA-1 (6)ခု၊ MA-2 (3) ခု၊ MA3- (7) ခု၊ MA4- (2) ခု၊ G-3 (18) ခု၊ ငကျင်းမီး (1) ခု၊ RPG – 1 ခု၊ 60 မမ – (၃) ခု၊ 60 မမ ဗုံးသီး (၃၀)၊ RPG ကျဉ်ဆံ (42)ခု၊ အီနာကာ 20၊ MA (30,000) G3 (6000) ကျဉ်ဆံ နှင့် အခြားစစ်အသုံးဆောင်ပစ္စည်းတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အခု စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၃၉ ဦးတို့ကိုတော့ လုံခြုံစိတ်ချရတဲ့ နယ်စပ်တနေ့ရာမှာ ချင်းပူးပေါင်း တပ်ဖွဲတွေ ဘက်က ကောင်းမွန်စွာ ထိန်းသိမ်း ထားသလို  ZZLMS Operation စတင်တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်သား ၁၂ ဦး အလင်းဝင်တာ ရှိခဲ့တယ်လို့ သိရပါတယ်။

ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်းမှာတော့ ချင်းပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၄ ဦး ဖြစ်တဲ့ Salai San Law Thang (Zotung-CDF)၊ Salai Biezama (CDF-MARA)၊ Salai Daivd Thang (CDF-LAUTU) နှင့် ချင်းအမျိုးသားတပ်မတော်(CNA) မှ Salai Daivd တို့ ကျဆုံးမှု ရှိခဲ့တယ်လို့ CDF-Zotung ရဲ့ ပြန်ကြားရေး တာဝန်ခံ အတည်ပြု ပြောပါတယ်။

ZZLMS Operation မှာတော့ ZZLMS လို့ အတိုကောက် အမည်ပေးထားတဲ့ ချင်းညီနောင် ၅ ဖွဲ့နဲ့အတူ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-MATUP တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။

အခုတော့ ရေဇွာမြို့တစ်ခုလုံးကို ချင်းပူးပေါင်းတပ်ဖွဲ့တွေက ထပ်မံ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်လို့ လက်ရှိ ချင်းပြည်ထဲ မှာ ရေဇွာမြို့အပါအဝင် နှာရိန်းမြို့၊ ဆူရ်းခွါ့မြို့၊ မကွီးအိမ်နူးမြို့၊ ဝေဘူလမြို့၊ ရိဒ်ခေါဒါရ်မြို့နှင့် လိုင်းလင်းပီးမြို့ စုစုပေါင်း (၇) မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

ဓါတ်ပုံ – CDF-ZoTung

Related Articles

Back to top button