တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

စစ်ကောင်စီ၏ ခမရ(၃၅၂)တပ်ရင်း စခန်းကုန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ထုတ်ပြန်

ဓါတ်ပုံ – AA (ထုတ်ပြန်ချက်)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ ၊ စက်တင်ဘာ ၁၀
 
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံ(မြို)ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် (၃)ကီလိုမီတာခန့်အကွာရှိ ဂုတ်ပီကျော်လမ်း(ပဲရွမ်းတောင်)ရှိ စစ်ကောင်စီ၏ ခမရ(၃၅၂)တပ်ရင်း စခန်းကုန်းတစ်ခုကို ယနေ့(စက်တင်ဘာလ ၁၀ ရက်နေ့)မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)မှ ထုတ်ပြန်ပါတယ်။
 
အဆိုပါစခန်းအား ယနေ့နံနက်(၆)နာရီ (၁၇)မိနစ်ခန့်မှာ စစ်ဆင်တိုက်ခိုက်ခဲ့ဖြစ်ပြီး နံနက်(၇)နာရီ (၂၂)မိနစ်အချိန်မှာပင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာပါ။
 
အဲဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ဖက်က ထိခိုက် သေဆုံးမှု အများအပြားရှိခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့တယ်လို့ AA ကဆိုပါတယ်။
 
စစ်ကောင်စီတပ်က ၎င်းစခန်းကုန်းနေရာအနီးတဝိုက်မှာ ရဟတ်ယာဉ်နှစ်စီးဖြင့် တစ်နေကုန် လာရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၃၁)ရက်နေ့က ရခိုင်-ဘင်္ဂလားနယ်စပ်၊ မိုင်တိုင်အမှတ်(၄၀)အနီးရှိ စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ၎င်းစခန်းကို ပြန်လည် ရယူဖို့အတွက် အင်အားအမြောက်အများဖြစ် ကြိုးပမ်းလျက်ရှိနေတာပါ။
 
ဒါ့အပြင် စစ်ကောင်စီက စစ်အင်အားများတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ကူများ ဖြင့် ၎င်းစခန်းအနီးတဝိုက်ဆက်လက် ပစ်ခတ်တိုက်ခိုက်နေသလို ရက္ခိုင်ပြည်နယ်အစပ် ပလက်ဝ မြို့နယ်ရှိနေရာများကိုပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခဲ့သည်မှာ တစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

Related Articles

Back to top button