တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

စစ်ကောင်စီနဲ့ သွားရောက်တွေဆုံမှုဟာ အဖွဲ့အပေါ် ကိုယ်စားမပြုဘူးလို့ LDU ဥက္ကဋ္ဌ  လက်မှတ်ရေးထိုး ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၃

စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတက်နေတဲ့ LDU အထွေထွေ အတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်တဲ့အဖွဲ့ဟာ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ကို ကိုယ်စားမပြုဘူးလို့ LDU ဥက္ကဋ္ဌ ကျာဟားက သြဂုတ် ၂၂ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

စစ်ကောင်စီနဲ့ သွားရောက် တွေ့ဆုံနေတဲ့ LDU အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်တဲ့အဖွဲ့ဟာ LDU အမည်ကို အလွဲသုံးစား ပြုလုပ်ခြင်းသာဖြစ်ပြီး ၊ ၁၉၇၃ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU ကို ကိုယ်စားမပြုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အခုလို LDU အထွေထွေ အတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်တဲ့အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေဟာ လားဟူအမျိူးသားများ စည်းလုံးညီညွတ်ရေးနဲ့ ရေရှည်တည်တံခိုင်မြဲသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေးရှုခြင်းမဟုတ်ဘဲ ကိုယ်ကျိုးစီးပွားများအတွက် အာဏာသိမ်း စစ်ကောင်စီနဲ့ပူးပေါင်း လုပ်ဆောင်နေ မှုအပေါ် များစွာရှုံ့ချကန့်ကွက်တယ်လို့ ဆိုထားပါတယ်။

လားဟူတော်လှန်ရေးအဖွဲ့ LDU အနေနဲ့ လားဟူလူမျိုးအတွက် တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိနိုင်စေရေး အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့အတူ စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းလက်တွဲပြီး လုပ်‌ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် တက်ရေး၊ မတက်ရေးနဲ့ ပတ်သက်ပြီး LDU အထွေထွေ အတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သောအဖွဲ့နဲ့ LDU ဥက္ကဌ ကျာဟား ဦးဆောင်အဖွဲ့တို့ကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတာပါ။

LDU အထွေထွေ အတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အပါအဝင် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တွေဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့က စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

Related Articles

Back to top button