သတင်း

ဖရူဆိုမြို့နယ်မှာ တိုက်ပွဲပြင်းထန်၊ နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိနေ

ဓါတ်ပုံ – PDF- Loikaw

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၂

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးတော်ကူးနဲ့ ထီးပေါ်ဆိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ မဟာမိတ်ပူး‌ပေါင်းတပ်တို့ကြား ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့ ညနေပိုင်းမှာ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်က တင်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ကရင်နီ မဟာမိတ်ပူး‌ပေါင်းတပ်တွေ ဖြစ်တဲ့ PDF၊ KA၊ KNDF၊ အလယ်ပိုင်းဒေသ အထူးစစ်ဆင်ရေးအဖွဲ့ ၊ အလယ်ပိုင်းတိုင်း တပ်ရင်း ၁၁၀၁ တို့နဲ့ နှစ်ဖက် ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

“တိုက်ပွဲဖြစ်ပွားနေတဲ့ ပုံစံကတော့ ဒီရက်သတ္တပတ်ထဲမှာ အဲဒီ ဖရူဆိုဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရိက္ခာလမ်းကြောင်းတွေကို KA, KNDF ပူးပေါင်းအဖွဲ့တွေက ဖြတ်တောက်လိုက်တော့ အဲဒီဖရူဆိုဘက်မှာ တပ်စခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အကြပ်ရိုက်သွားတယ်၊ အဲဒါ သူတို့စစ်ကြောင်းတွေက ကရင်နီ ပူးပေါင်းအဖွဲ့တွေ ရှိနိုင်တယ်လို့ထင်တဲ့ အဲဒီဘက်ကရွာတွေမှာ တရွာဝင်၊ တရွာထွက် ဝင်မွေနေတဲ့ အနေအထားမှာ ကရင်နီ ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ သဘောလို့ ပြောလို့ရပါတယ်”လို့ ဒေသခံတစ်ဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ လွိုင်ကော် PDF မှ ရဲဘော် (၂) ဦး ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့သလို အခြား ကရင်နီ မဟာမိတ်ပူး‌ပေါင်းတပ်တွေမှာလည်း ထိခိုက်မှု တချို့ရှိခဲ့ပြီး စနစ်တကျ ကုသမူ ခံယူနေရခဲ့တယ်လို့ လွိုင်ကော် PDF က ထုတ်ပြန်ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်ကျဆုံးမှု အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြာင့် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရသလို စစ်ကောင်စီတပ်က ဒေသခံ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။

Related Articles

Back to top button