သတင်း

ဒီးမော့ဆိုတိုက်ပွဲမှာ အတွဲလိုက်ဒုန်း ပစ်ခတ်ခံရလို့ အရပ်သားကလေးငယ် ၁ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

ဓာတ်ပုံ – DMO Local PDF

ဖက်ဒရယ်ဂျာနယ်မြန်မာ၊ သြဂုတ် ၂၁

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အတွဲလိုက်ဒုန်းတွေ အသုံးပြု ပစ်ခတ်နေတာကြောင့် အရပ်သားကလေးငယ် ၁ ဦး သေဆုံးပြီး အရပ်သား ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်(ဒီးမော့ဆို)က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ ညနေ ၄ နာရီလောက်က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အတွဲလိုက်ဒုန်းတွေ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အသက်(၁၂) နှစ်အရွယ် မောင်စနေဦး ထိမှန် သေဆုံးခဲ့တာပါ။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ အတွဲလိုက်ဒုန်းတွေ နေ့စဉ်ပစ်ခတ်တာကြောင့် လက်ရှိအချိန်ထိ အရပ်သားပြည်သူ(၇)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(ဒီးမော့ဆို)၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)တပ် အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူ အများအပြား ရှိခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်(ဒီးမော့ဆို)က ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button