သတင်း

ဟားခါး-ထန်တလန်တိုက်ပွဲမှာ စစ်ကောင်စီ စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ သြဂုတ် ၁၄

ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်မြို့နယ်ကြား သီမစ်ချောင်းအနီး တိုက်ပွဲမှာ စစ်ကောင်စီ စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်နေ့မှာ သီမစ်ချောင်းအနီး စခန်းချနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီနောက်မှာတော့ သြဂုတ် ၁၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ ခံတပ်ဘက်ကို လာရောက် တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

“ကျွန်တော်တို့ရဲ့ ခံတပ်ဘက်ကို စစ်ကောင်စီဘက်က မိုးမလင်းလောက်က ထိုးစစ်ဆင်လာတယ်၊ မနက် ၉ နာရီ လောက်မှာ တိုက်ပွဲ စဖြစ်ခဲ့တယ်၊ ဒါပေမဲ့ သူတို့ ထင်ထားတဲ့အတိုင်း မဟုတ်ခဲ့ဘူး၊ သူတို့ဘက်က အထိနာသွားပြီး ပြန်ဆုတ်သွားကြတယ်” လို့ CDF ထန်တလန် ရှေ့တန်း Commander တစ်ဦးက ဖက်ဒရယ်ဂျာနယ်မြန်မာကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီဘက်က စစ်သား ၁၀ ဦး သေဆုံးပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေ အပါအဝင် ဖုန်းတစ်လုံး၊ ငွေကျပ် ၁၀ သိန်းနီးပါးနဲ့ စစ်အသုံးဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့တာပါ။

အဲဒီတိုက်ပွဲမှာတော့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ သိရပါတယ်။

Related Articles

Back to top button