(No. 37, May 20, 2022)
၁။ အပြောတမျိုး အလုပ်တမျိုးလုပ်သည့် စစ်တပ်နှင့်ဆွေးနွေးရန်မရှိဟု အေအေ ပြော
20 May, 2022
အပြောတမျိုးအလုပ်တမျိုးလုပ်တဲ့ စစ်တပ်နဲ့ လက်ရှိမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့မရှိတဲ့အကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ အနေအထားကိုကြည့်ပြီး လိုအပ်ရင် လိုအပ်သလို တုံ့ပြန်သွားမှာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ငြိမ်းချမ်းရေး အတွက် ဖိတ်ခေါ်နေပေမယ့် သူရဲ့ တပ်ဖွဲ့တွေက ရခိုင်ပြည်နယ်မှာ စစ်အင်အားတိုးချဲ့ပြီး အေအေအဖွဲ့ကို အချိန်မရွေး တိုက်ခိုက်နိုင်အောင်ပြင်ဆင်နေတာကြောင့် အပြောနဲ့အလုပ်မညီတဲ့အတွက် စစ်တပ်နဲ့ အေအေကြား တွေ့ဆုံဆွေးနွေး ရေးက ဖြစ်လာမှာမဟုတ်ဘူးလို့ ခိုင်သုခက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တကယ်ငြိမ်းချမ်းရေးရချင် တယ်ဆိုရင် ငြိမ်းချမ်းရေးရနိုင်တဲ့ အပြောအဆို အပြုအမူတွေကို လုပ်ဆောင်ဖို့လိုအပ်ပြီး ပြည်သူတွေကို အာဏာသိမ်း စစ်တပ်က ဖိနှိပ်နေတာတွေကို မရပ်တန့်ဘူးဆိုရင်လည်း ဘယ်လိုမှ ပြေလည်လာနိုင်ဖို့မရှိဘူးလို့လည်း ဆိုပါတယ်။
ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ “လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်း လိုတဲ့ စိတ်နေသဘောထား မြန်မာစစ်တပ်မှာ ရှိတယ်ဆိုရင် သူတို့အခုလုပ်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ အခုဒီတပ်ဖွဲ့တွေ ရဲ့ လှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့်ထားဖို့ ရေးကြီးတယ်။ ဒီလိုမှပဲ တဖက်နဲ့ တဖက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ဆီကို တဖြည်းဖြည်းချင်း ဦးတည်လာမှာဖြစ်တယ်။ အပြောနဲ့ အလုပ်မညီဘူးဆိုရင်တော့ ဘာမှဆက်လုပ်လို့ရမယ့် အနေ အထားမဟုတ်ဘူးလို့ ကျနော်တို့ ကတော့ အဲလိုပဲသုံးသပ်တယ်၊ သူတို့ရဲ့ ပကတိ စိတ်နေသဘောထားကို ဖော်ပြနေတယ် လို့ ပြောလို့ရတယ်၊ ဒီအနေအထားနဲ့ကတော့ တဖက်နဲ့တဖက် တွေ့ဆုံဆွေးနွေးဖို့ဆိုတာကတော့ ဘယ်လိုမှ ယုံကြည် စိတ်ချလို့ မရတဲ့ အနေအထားလို့ ပြောလို့ရတာပေါ့” အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်တဲ့ ပြည်သူတွေဒုက္ခမရောက်စေချင်တာကြောင့် စစ်တပ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း နေထိုင်နေတာဖြစ်ပြီး ပြဿနာဖြစ်လာရင်တော့ စစ်တပ်ကို အဆိုးမဆိုနဲ့လို့ မေလ ၁၉ ရက် နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ စစ်တပ်စခန်းတွေနားကို မသွားကြဖို့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ခရီးအတူမသွားကြဖို့ အေအေကထုတ်ပြန်ထားပြီး စစ်ရေးပြင်းထန်မှုအခြေအနေက အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ်မှာ ပဲမူတည်နေတယ်လို့ ခိုင်သုခ ကပြောပါတယ်။ “ဒီကိစ္စတွေဘာဆက်ဖြစ်မလဲဆိုတာကတော့ သူတို့ရဲ့ လှုပ်ရှားမှုအပေါ် အများကြီး မူတည်ပါလိမ့်မယ်။ ကျနော်တို့ကတော့ မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှု အနေအထားကိုကြည့်ပြီးတော့မှ လိုအပ်ရင် လိုအပ်သလို ကျနော်တို့ ဒါတုံ့ပြန်သွားမှာဖြစ်ပါတယ်”လို့ခိုင်သုခက ပြောပါတယ်။ တဖက်မှာ အေအေနဲ့ မြန်မာစစ်တပ် အကြား စစ်ရေးတင်မာနေချိန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အေအေစစ်ဦးစီးချုပ်ဦးဆောင်တဲ့ ရခိုင်ပြည်သူ့အစိုးရနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တာဝန်ရှိသူတွေကတော့ အွန်လိုင်းကနေတွေဆုံပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ ကို ဆွေးနွေးခဲ့ကြပါတယ်။
၂။ အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်သည့်ဆွေးနွေးပွဲ RCSS/ SSA ဥက္ကဋ္ဌ ပထမဆုံးတက်ရောက်
20 May, 2022
အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးကို မေလ ၂၀ ရက် ဒီကနေ့မှာ ပထမဆုံးအနေနဲ့ အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက် ဆွေးနွေးကြမှာဖြစ်ပါတယ်။ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဆွေးနွေးပွဲတက်ရောက်ဖို့ မနေ့ ကတည်းက တာချီလိတ်ကနေ နေပြည်တော်ကို လေကြောင်းနဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ ဖို့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တက်ရောက်မှာဖြစ်ပြီး ကျန်အဖွဲ့တွေကိုတော့ ၃ ရက်ခြား တစ်ဖွဲ့စီတွေ့ဆုံသွားမှာဖြစ်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ စာရင်းပေးထားတဲ့အထဲက အဖွဲ့ ၃ ဖွဲ့က ဥက္ကဋ္ဌတွေ ကိုယ်တိုင်လာတက်မှာ ဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေကတော့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အတွင်းရေးမှူးအဆင့် ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာပါ။ နေပြည်တော်ကို ဆွေးနွေးပွဲ ကိုယ်တိုင်လာတက်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တချို့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင် ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ထားတဲ့သူတွေလည်း ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်နဲ့တွေ့ဆုံမယ့်အဖွဲ့တွေဟာ လက်ရှိမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ မဟုတ်တာ ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရဖို့ဆွေးနွေးကြတာမဟုတ်ဘဲ တစ်ဖွဲ့ချင်းစီရဲ့အကျိုးစီးပွားတွေအတွက် ဆွေးနွေးကြတာဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။ တက်ရောက်ကြမယ့်အဖွဲ့တွေထဲမှာ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ ၇ ဖွဲ့နဲ့ စစ်တပ်နဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာတိုက်ပွဲမဖြစ်တော့တဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSP/UWSA) နဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ အပြင် စစ်တပ်နဲ့ စစ်ရေးတင်းမာမှုမရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ စတဲ့ ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတာပါ။
၃။ ဒီးမော့ဆိုတွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး KNDF ရဲဘော် ၂ ဦး ခြေထောက်ဖြတ်ရ
20 May, 2022
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမေ့ာဆိုမြို့နယ်အတွင်း ရှေ့တန်းတနေရာမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် – တပ်ရင်း ၅ မှ ရဲဘော် ၃ ဦး စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ရဲဘော် ၂ ဦး ခြေထောက်ဖြတ် လိုက်ရပါတယ်။မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်အခြမ်းရှိ ရှေ့တန်းတနေရာကို ကင်းထောက်ရန်သွားစဉ် လမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိခဲ့တာဖြစ်ပြီး ဒဏ်ရာရ ရဲဘော်တွေကို ဒီးမော့ဆိုမြို့နယ်အတွင်းက ဆေးခန်းတခုမှာ ဆေးဝါးကုသမှု ပေးထားတယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်-တပ်ရင်း ၅ တာဝန်ရှိသူ တဦးက ပြောပါတယ်။
“မိုင်းက ၂ လုံးဆင့်ကွဲတာ။ ရဲဘော် ၂ ယောက်က ခြေဖဝါးတွေ တစစီဖြစ်သွားလို့ ခြေချင်းဝတ်ကနေ ဖြတ်လိုက်ရတယ်။ ကျန်တဲ့ တယောက်ကတော့ မစိုးရိမ်ရပါဘူး။ ဒဏ်ရာရ ရဲဘော်တွေအတွက် ဆေးဝါးကုသစရိတ် အရေးပေါ် လိုအပ်နေ တယ်။” ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွေအတွင်း ခြေလက်အင်္ဂါများ ပေးဆပ်လိုက်ရတဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF -B05 မှ ရဲဘော်တွေအတွက် တဦးကို ဂုဏ်ပြုချီးမြှင့်ငွေ ၅ သောင်းကျပ်စီနဲ့ ရိက္ခာ ဆန်တအိတ်စီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
၄။ စစ်ကောင်စီ ဒုတပ်ရင်းမှူး သေ့ဘောဘိုးတိုက်ပွဲတွင် ကျဆုံး၊ လေယာဉ်ဗုံးကြဲ၍ ဘုရားကျောင်းပျက်စီး
May 20, 2022
မြ၀တီမြို့တောင်ဘက်ရှိ သေ့ဘောဘိုးစခန်းကို KNLA နှင့် KNDO ပူးပေါင်းတပ်ဖွဲ့တို့ မေလ ၁၈ ရက်၊ ယမန်နေ့က ဝင် ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအပြီး နေရာရှင်းလင်းစဉ် စစ်ကောင်စီဘက်မှ ခြေလျင်တပ်ရင်း (ခလရ-၃၂) ဒုတပ်ရင်းမှူး အဆင့်ရှိသူကို သေဆုံးလျက် တွေ့ရှိရသည်ဟု ပူးပေါင်းတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။ KNLA ပူးပေါင်း တပ်ဖွဲ့ဝင် များက အဆိုပါစခန်းကို သိမ်းယူအပြီး စခန်းတက်ရောက်ရှင်းလင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင် ၆ ဦးကို စစ်သုံ့ပန်းအနေဖြင့် ဖမ်းဆီးခဲ့သလို စခန်းစွန့်ခွာထွက်ပြေးသူများကို လိုက်လံရှာဖွေရာ စခန်းအနီး တောအုပ် တစ်နေရာတွင် ခလရ-၃၂ ဒုရင်းမှူး ဗိုလ်မှူးအောင်ငြိမ်းချမ်းကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း အဆိုပါပူးပေါင်းတပ်ဖွဲ့ နှင့် နီးစပ်သူက ယခုလို ပြောသည်။
ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကျည်ဆံ အမြောက်အများကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီ ဘက်မှ အထိနာသဖြင့် တိုက်ခိုက်ရေးလေယာဉ် Yak- 130 အမျိုးအစား (၂)စီး၊ ဗုံးကြဲလေယာဉ်အမျိုးအစား K-8 လေယာဉ် (၂)စီး၊ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် MiG -29 (၁)စီးကို အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုပေါင်း (၃၅) ကြိမ် ပြုလုပ်ခဲ့ ကြောင်း ၎င်းစစ်ဆင်ရေးကို ဦးဆောင်ခဲ့သူ Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။ ယင်းသို့ လေကြောင်းပစ်ကူ တိုက်ခိုက်မှုကြောင့် သေ့ဘောဘိုးကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာသားများမှာ ဘေး လွတ်ရာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ခရစ်ယာန်ဘုရားကျောင်းတစ်လုံး အပါအဝင် စာသင် ကျောင်းများနှင့် နေအိမ်အချို့ ထိခိုက် ပျက်စီးသွားခဲ့သည်။
သေ့ဘောဘိုး တိုက်ပွဲအပြီး ဖမ်းဆီးရမိသူများတွင် တပ်ကြပ်ကြီးအဆင့် (၂)ဦး၊ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး ပါဝင်ပြီး ထိခိုက်သေဆုံးမှုစာရင်း အတိအကျကိုမူ စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ပူးပေါင်းတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Cobra စစ်ကြောင်းက ထုတ် ပြန်ခဲ့သည်။
၅။ CRPH နဲ့ NUG ခေါင်းဆောင်တွေ ဝါရှင်တန်ဒီစီမှာ လျှို့ဝှက်ဆွေးနွေး
May 19, 2022
အမေရိကန်နဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမှာ ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့ပါတယ်။ အဲဒီ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေစဉ်ကာလအတွင်း အမေရိကန်အစိုးရ ဖိတ်ကြားချက်အရ ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ NUG အမျိူးသားညီ ညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်အစိုးရ ထိပ်တန်းပုဂ္ဂိုလ်တချို့နဲ့ လွှတ်တော် ကိုယ်စားလှယ်တချို့ကို တွေ့ခွင့်ရရှိခဲ့သလို အာဆီယံခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့် နဲ့ NUG အဖွဲ့ဝင်တွေဟာ မေလ ၁၄ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော် တစ်နေရာမှာ လျှို့ဝှက်တွေ့ဆုံ ပြီး အစည်းအဝေးတစ်ခု ပြုုလုပ်ခဲ့ပါတယ်။
“သံအမတ်ကြီးဦးကျော်မိုးထွန်းရယ် CRPH ဥက္ကဌ ကျွန်တော်ရယ် ဒေါ်ဇင်မာအောင် ရယ် ဒုဝန်ကြီး ဦးမိုးဇော်ဦး ရယ် နည်းပညာဝန်ကြီး ဦးထိန်လင်းအောင် ရယ် နောက်ပြီးတော့ အာဆီယံသံအမတ် ဦးဘိုလှတင့် ရယ် ကျွန်တော်တို့တွေ့ ကြတယ် တွေ့ကြပြီးတော့ အခုဖြစ်ထွန်းနေတဲ့ အနေအထားလေးတွေ ဆွေးနွေးကြတယ်။ ယေဘုယျအားဖြင့်ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုလို့ရှိရင် လက်ရှိမြန်မာနိုင်ငံရဲ့ တကယ့်ပြည်သူတွေရဲ့ခံစားချက်အပေါ်မှာ အမေရိကန်အစိုးရအနေနဲ့ရော အလေးအနက်ထားတယ်ဆိုတာရယ် ဒီလိုအလေးအနက်ထားလိုက်တဲ့အတွက် အာဆီယံဝန်ကြီးတွေအနေနဲ့ဆိုရင်လည်းပဲ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အရေးအခင်းမှာ ပိုပြီးတော့ အလေးအနက်ပြုတယ်ဆိုတဲ့ အနေအထား။ သံတမန်ရေးနည်းလမ်း အရတော့ ကျနော်တို့ရှေ့တန်းကို အများကြီးရောက်လာတယ်။ တစ်နည်းအားဖြင့်ဆိုရင် ကျွန်တော်တို့ကို လေးလေးစားစား နဲ့ အသိအမှတ်ပြုခြင်းခံရတယ်ဆိုတဲ့ အနေအထားလေးတွေတော့ ရှိပါတယ်။ အထူးသဖြင့် မလေးရှားနဲ့တွေ့တဲ့အခါမှာ သူ့ရဲ့ရပ်တည်ချက်က အင်မတန်အားကောင်းပါတယ်။” ဝါရှင်တန်ဒီစီမှာပြုလုပ်တဲ့ အဲဒီလျှို့ဝှက်အစည်းအဝေးမှာ ဆွေးနွေး ပြောဆိုကြတာတွေကို အသေးစိတ်ပြောဆိုဖို့ ဦးအောင်ကြည်ညွန့်က ငြင်းဆိုပေမယ့် NUG ရဲ့ လက်ရှိသံတမန်ရေး တိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
အမေရိကန် – အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာပြည်အကြောင်း တင်ပြပြောဆိုချက်တွေနဲ့ အဲဒီဆွေးနွေးပွဲကာလ အတွင်း NUG ကို အသိအမှတ်ပြု ဆက်ဆံပြောဆိုမှုတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေကို အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံက အလေးအနက်ထားကြောင်း ပိုမိုပေါ်လွင်ထင်ရှားလာခဲ့ပါတယ်။ ဒါဟာ NUG ရဲ့ သံတမန် ရေးရာ အောင်ပွဲဖြစ်ပါတယ်လို့ ဦးအောင်ကြည်ညွန့် က ပြောဆိုပါတယ်။ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က NUG အစိုးရက အခုလို တိုးတက်အောင်မြင်မှုတွေ ရရှိနေချိန်မှာ စစ်ကောင်စီကတော့ သံတမန်ရေးအရ ရှုံးနိမ့်မှုတွေကို ကြုံတွေ့ နေရတယ်လို့ သုံးသပ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ပြည်တွင်းမှာလည်း တစ်နေ့တစ်ခြား ကျဆုံးမှုတွေကို ရင်ဆိုင်နေ ရတယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
၆။ သေ့ဘောဘိုး တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း တိမ်းရှောင်ကြသော ဒေသခံရွာသားများ နေရပ်မပြန်ရဲကြသေး
May 19, 2022
မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုး စစ်ကောင်စီ စခန်းအား မေလ ၁၈ ရက်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် -KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်း တပ်ဖွဲ့ များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်ကြောင့် ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့ကြသည့် ဒေသခံ ရွာသား ၃၀၀ ခန့်မှာ ယခုအချိန်ထိ နေရပ်မပြန်ရဲ သေးကြောင်း သိရသည်။ သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်သောကြောင့် ဘလယ်ဒို၊ သေ့ဘောဘိုးနှင့်အနီးအနား တောင်ယာစုများတွင် နေထိုင်သည့် ဒေသခံများမှာ ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရကျေးနယ်အပိုင် ကျေးရွာများဘက်သို့ တိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။
“ ၁၇ ရက်ညက တိုက်ပွဲကြီးတော့ ရွာအပြင် ထွက်ပုန်းရှောင်အိပ်ပြီးတော့ မနက်ပိုင်းမှာ ထိုင်းဘက်ကမ်းဘက်မှာ ပြောင်း နေကြတယ်၊ တချို့လည်း ဘုန်ကြီးကျောင်းမှာ သွားစုနေတယ်။ ထိုင်းဘက်ကတော့ ကျေးရွာလူမှုရေး အဖွဲ့တွေကတော့ ထမင်း ၊ မုန့်၊ ရေသန့်၊ အချိုရည်တွေ လာပို့ပေးတယ်၊ မနေ့ကရော၊ ညကရော လေယာဉ်က ဗုံးကြီးတွေ ကြဲချရာမှာရွာက အိမ်တွေထိတယ်တော့ ကြားသိရတယ်၊ ပြန်တော့ မကြည့်ရဲသေးဘူး” ဟု ထိုင်းဘက် စစ်ရှောင်နေရ သူတစ်ဦးက ပြောသည်။ KNU တပ်မဟာ ၆ ဒေသအတွင်း လေးကေ့ကော်၊ ဒေသတိုက်ပွဲများ ၅ လကျော် ကြာမြင့် လာချိန်တွင် သေ့ဘောဘိုး၊ ဝေါလေ၊ ကနဲလေးဒေသများဘက်သို့ စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းကာ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင် တိုက်ခိုက်ရန် ပြင်ဆင်လုပ်ဆောင်နေမှုများကြောင့် ဒေသခံကျေးရွာများ ဖြစ်သော ဘလယ်ဒို၊ သေ့ဘောဘိုး၊ ရွှေအေးမြိုင်၊ ဥုကရိထ၊ တနောထ၊ စုကလိ၊ ထီးသဲဘလယ်၊ ကျေးရွာများမှ ဒေသခံများမှာ တိုက်ပွဲလွတ်ရာထိုင်း မြန်မာနယ် စပ်ဘက်သို့ အစုလိုက် စစ်ဘေးရှောင်နေကြရသူ တစ်ထောင်၀န်းကျင်ခန့် ရှိနေကြောင်း သိရှိရသည်။
၇။ တနိုင်း-ရှင်ဗွေယန်ကြား ကန့်သတ်ချိန် ကျော်လွန်မောင်းသည့် ကားနှစ်စီး ထမ်မံ မီးရှို့ဖျက်ဆီးခံရ
19 May 2022
တနိုင်း-ရှင်ဗွေယန်လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ကန့်သတ်ထားသောအချိန် ကျော်လွန်မောင်းနှင် လာသည့် ကားနှစ်စီး မေလ ၁၈ ရက်နေ့ ညက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ တနိုင်းမြို့နယ်တွင် KIA က ဒေသ လုံခြုံရေးအရ နံနက် ၆ နာရီမှ ညခြောက်နာရီထိသာ ခရီးသွားကားများကို ဖြတ်သန်းခွင့်ပြုထားပြီး ယင်းကန့်သတ်ချိန်ကို ကျော်လွန်မောင်းနှင်လာသောကြောင့် ကုန်တင်လာသည့် အိမ်းစီးကားနှစ်စီးကို ယမန်နေ့က ထပ်မံ မီးရှို့ဖျက်ဆီးခံလိုက်ရ ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “ကားကတော့ နှစ်စီးစလုံး ခွေးဘီလူးကား ပုံစံမျိုး ကားကြီးတော့မဟုတ်ဘူး။ ဝက်တွေတင်လာတဲ့ကားလို့သိရတယ်။ ဒီတစ်ခေါက်ရှို့ခံရတာက လဂျားဘွမ်ကျော် လဂျားဘွမ်နှင့် ရှင်လုံဂါးကြားမှာရှို့ခံရတာ အဲ့လမ်းပိုင်းက ခြောက်နာရီ ထိပဲ ကန့်သတ်ထားတာ ခြောက်နာရီကျော်မှာ မောင်းလာလို့ ရှို့ခံရတာ” ဟု ယင်းလမ်းပိုင်းတွင် မောင်းနင်နေသည့် ကားသမားတစ်ဦးက ပြောသည်။
မီးရှို့ခံရသော ကားမှာ ဒိုင်နာ အမျိုးအစားဖြစ်ပြီး တနိုင်းဘက်မှ ရှင်ဗွေယန်ဘက်သို့ ဝက် သွားပို့၍အပြန်တွင် ကန့်သတ် ချိန်ကျော်လွန်သောကြောင့မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းများကိုမှု တစ်စုံတစ်ရာ ထိခိုက်ပြုမှုခြင်းမရှိပဲ ပြန်လွတ်ပေးခဲ့ ကြောင်း သိရသည်။ ယင်းလမ်းပိုင်းတွင် လွန်ခဲ့သည့် မေလ ၁၀ ရက်နေ့ကလည်း ကန့်သတ်ချိန်ကျော်လွန်ပြီး မောင်းနှင်လာ သည့် သုံးဘီးကား ၃ စီးကို သတိပေးသည့်အနေဖြင့် KIA က တခက်ကျေးရွာအနီးတွင် မီးရှို့ဖျက်ဆီးခဲ့ဖူးပြီး ယခုတစ်ကြိမ် သည် ဒုတိယအကြိမ်ဖြစ်သည်။
၈။ အမ်းမြို့နယ်မှာ ဒေသခံတစ်သောင်းကျော် ဆန်ရိက္ခာဖြတ်တောက်ခံထားရ
May 19, 2022
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုက ကျေးရွာတွေကို ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က ဆန်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားတာကြောင့် ဒေသခံတစ်သောင်းကျော် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဒါးလက်ချောင်းအုပ်စုကို ဝင်တဲ့လမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ကုန်းလမ်းက ရော ရေလမ်းကပါ ဆန်ရိက္ခာတင်ယူခွင့်ကို ပိတ်ထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က ကုန်းလမ်းကရော၊ ရေလမ်းကရော ဆန်ရိက္ခာတင်ခွင့်မပေးဘူး။ ပြီးရင် ဓာတ်ဆီကိုလည်း မတင်ရဘူး။ ဆန်တစ်အိတ်တင်တာတောင် စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်။ မနည်းပြောယူရတယ်။ အဲဒါတောင် တင်ခွင့် မရရင် မရဘူး။ အခု ရွာမှာရှိတဲ့ဆန်တွေကလည်း ဈေးတက်ကုန်ပြီ။ ဒီမှာ အများစုက လက်လုပ် လက်စားတွေဆို တော့ အကုန်လုံး အခက်အခဲဖြစ်နေကြတယ်။ ဒီအတိုင်းသားဆိုရင် ဘယ်လိုမှ အဆင်မပြေဘူး” အရင်တုန်းကဆိုရင် ကျေးရွာအုပ်ချုပ် ရေးမှူးတွေရဲ့ ခွင့်ပြုချက်နဲ့ ဆန်ရိက္ခာတွေကို အကန့်အသတ်နဲ့ တင်ခွင့်ရခဲ့ပေမယ့် အခုတော့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြားမှာ စစ်ရေးတင်းမာနေတာကြောင့် တင်ခွင့်မပေးတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါးလက်ချောင်း အုပ်စုမှာ ဒါးလက်အနောက်ကျေးရွာ၊ ဒါးလက်မြောက်ကျေးရွာ၊ ဒါးလက်တောင်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၄၂ ရွာရှိပြီး အများစုကတော့ ချင်းတိုင်းရင်းသားတွေ နေထိုင်ကြတာပါ။
အခုလက်ရှိမှာတော့ ကျေးရွာအကြီးအကဲတွေစုပြီး ရိက္ခာ တင်ဆောင်ခွင့်ရရေးအတွက် ညှိနှိုင်း ဆောင်ရွက်ဖို့ ကြိုးပမ်းနေပြီး သူတို့က ခွင့်မပြုရင်တော့ ထမင်းငတ်မယ့် အခြေအနေဖြစ်နေပြီလို့လည်း ပြောပါတယ်။ အမ်းဒေသခံ တစ်ဦးဖြစ်တဲ့ ကိုမျိုးလွင် ကတော့ စစ်ကောင်စီအနေနဲ့ အခုလို ဒေသခံတွေကို ရိက္ခာဖြတ် တောက်တာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။ “အဲဒီဒေသဟာ ဆန်စပါးအထွက်နည်းတယ်။ တခြားနေရာတွေကပဲ ဝယ်ယူစားသောက်နေကြရတာ။ အဲဒါကို ဆန်ရိက္ခာ တင်ခွင့်ပိတ်ပင်လိုက်တာက မဖြစ်သင့်ဘူး။ ဒါဟာ သူတို့ရဲ့ ရှင်သန်ရပ်တည်ဖို့ ထိခိုက်စေတယ်။ ဒီလို လူသားမျိုးနွယ်အပေါ် အသက်ရှင်သန်နိုင်ရေးကို ထိခိုက်စေတဲ့အတွက် နိုင်ငံတကာဥပဒေအရလည်း ရာဇဝတ်မှု မြောက်တယ်” ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဆန်ရိက္ခာတင်သွင်းခွင့်ကို ခွင့်ပြုပေးသင့်တယ်လို့လည်း ဆိုပါတယ်။
၉။ ဗန်းမော်လျှပ်စစ်မီတာရုံး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရ
20 May, 2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ လျှပ်စစ်မီတာရုံးမှာ မေ ၁၉ ရက် နေ့လယ်ပိုင်းက လက်လုပ်မိုင်းတလုံး ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ထမင်းစားနေတုန်း အသံကြားလိုက်ရတာ၊ လျှပ်စစ်မီတာရုံးမှာလည်း စစ်ကောင်စီတွေက အခုရက်ပိုင်းအတွင်း မီတာခမဆောင်တဲ့ အိမ်တွေကို အတင်းအဓမ္မ လူအင်အားသုံးပြီး ရက်ကွက်တွေထဲထိ ခြိမ်းခြောက်၊ မီတာကြိုးဖြတ်၊ မီတာပုံးဖြုတ်နဲ့ အကြမ်းဖက် သောင်းကြမ်းနေကြတာမို့ နီးရာဓားကြောက်ပြီး အိမ်ကဟာတွေ သွားဆောင် နေကြတယ်၊ လူတွေလည်း အများကြီး” လို့ မြို့ခံတဦးက ပြောပါတယ်။
ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်မတော် (URF) ကတော့ အများပြည်သူ စိတ်ဆင်းရဲအောင် ခြိမ်းခြောက်၊ နှောင့်ယှက် အတင်းအဓမ္မ အကြမ်းဖက်နေကြတာကြောင့် ပထမအကြိမ် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ရပ်တန်းကရပ်ဖို့ လျှပ်စစ်ရုံးကို သတိပေးထားပါတယ်။ စုစုပေါင်း လက်လုပ်မိုင်းနှစ်လုံး ပစ်သွင်းခဲ့တာဖြစ်ပြီး ပထမလက်လုပ်မိုင်းတလုံး ကတော့ ရေကန်ထဲကျသွားတာကြောင့် မပေါက်ကွဲခဲ့ဘဲ ဒုတိယမိုင်းတလုံးကတော့ လျှပ်စစ်ရုံး မျက်နှာစာမှာ ကျရောက် ပေါက်ကွဲခဲ့တာလို့ URF က ထုတ်ပြန်ထားပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘဲ လျှပ်စစ်မီတာရုံး မျက်နှာစာ အုတ်နံရံတချို့ ပြိုကျခဲ့တယ်လို့ သိရပါတယ်။
၁၀။ ဝင်းရော်ဒေသမှ အဘွားအိုတစ်ဦး စစ်ရှောင်ရင်း သေဆုံး
May 19, 2022
ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေး တိမ်းရှောင်နေသူ အဘွားဒေါ်ကြည်မြင့် အသက် (၇၈)နှစ် သည် မေလ ၁၉ ရက်နေ့ နံနက်တွင် စစ်ရှောင်ရင်း သေဆုံးသွားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် တံခွန် တိုင်ရွာနေအဘွားဒေါ်ကြည်မြင့်သည် မိသားစုဝင်များနှင့်အတူ ဘေးလွတ်ရာ သို့ ရှောင်တိမ်းနေရင်း မေလ ၁၉ ရက်နေ့တွင် သူခံစားနေရသည့် နာတာရှည် ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ဝင်းရော်ဒေသ စစ်ပုန်းရှောင်နေသည့် နေရာများတွင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုအများပြားရှိနေပြီး ကျန်းမာရေးလိုအပ်ချက်များကို ပရဟိတ ကျန်းမာရေး ဆရာဝန်များက ကူညီစောင့်ရှောက်ပေးလျက်ရှိသည်ဟု စစ်ရှောင် ကူညီပေးနေသူများထံမှ သိရသည်။
၁၁။ အကြမ်းဖက်စစ်တပ်လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအားလုံး နုတ်ထွက်ရန် တအာင်းဒေသ ကြားကာလ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ သတိပေး ထုတ်ပြန်
May 20, 2022
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ အကြမ်းဖက်စစ်တပ်မှ နိုင်ငံတော်၏အာဏာအရပ်ရပ်ကို အတင်းအဓမ္မ သိမ်းပိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်တပ်၏ ယန္တရားများပျက်စီးစေရေးအတွက် လူထုတစ်ရပ်လုံးနှင့် ဝန်ထမ်းများ ယနေ့ချိန်ထိ တော်လှန်နေကြ သော်လည်း အချို့ (Non-CDM) ဝန်ထမ်းတွေကြောင့် ယန္တရားအချို့ လည်ပတ်နေသည်ကို တွေ့ရှိရသဖြင့် တအာင်းဒေသအတွင်း ရှိ Non- CDM ဝန်များအနေနဲ့ အမြန်ဆုံး တာဝန်မှ နုတ်ထွက်ပြီး အကြမ်းမဖက်သော တော်လှန်ရေးလှုပ်ရှားမှု(CDM)တွင် ပူးပေါင်းပါဝင်ရန် တအာင်းဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ခဲ့သည်။
ယခုအချိန်တွင် အကြမ်းဖက်စစ်တပ်မှ စာသင်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများ ဖွင့်လှစ်ရန်ကြိုးပမ်းနေမှုသည် စစ်အာဏာရှင်၏ စစ်ကျွန်ပညာရေးကို အသက်သွင်းပြီး CDM အင်အားစုများကို အင်အားလျော့နည်းစေရန်၊ ၎င်းတို့ကို ပြည်သူ လူထုမှ အသိမှတ်ပြုသယောင်ဖန်တီး၍ ပြည်တွင်း/ပြည်ပနှင့် နိုင်ငံတကာကိုလှည့်စားပြီး နိုင်ငံရေးအရ အမြတ်ထုတ်လိုခြင်းဖြစ် ကြောင်း ကျောင်းသူ/သားများတွေအနေနဲ့လည်း စစ်တပ်ကဖွင့်လှစ်မည့် တက္ကသိုလ်ကျောင်းများ မတက်ကြရန် တိုက်တွန်းနှိုး ဆော်ထားသည်။
အခု သတိပေးချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်လက်အောက် ဆက်လက်တာဝန် ထမ်းဆောင် မည်ဆိုပါက ဖြစ်ပေါ်လာမည့် ပြဿနားအကျိုးဆက်သည် ကာယကံရှင်တို့၏ တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၁၂။ ဒါးလက်ချောင်းအလယ်ကျွန်းတွင် ဥယျာဉ်ခြံမြေများသို့သွားလာခွင့်ကို စစ်ကောင်စီက အကန့်အသတ်ဖြင့်ခွင့်ပြု
May 20, 2022
အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု အလယ်ကျွန်းကျေးရွာဒေသခံများကို ဥယျာဉ်ခြံမြေသို့မသွားကြရန် စစ်ကောင်စီမှ မေလ ၁၉ ရက်နေ့ကတားမြစ်လိုက်ပြီး ယနေ့နံနက်က ပြန်လည်သွားလာခွင့်ပြန်ရကြောင်း ဒေသခံများထံမှ သိရသည်။ မည်သည့်အကြောင်းအရာကြောင့် ဥယျာဉ်ခြံမြေသို့ သွားလာခွင့်မပြုသည်ကို မသိရကြောင်း ဒေသခံများကပြောဆိုသည်။ ယနေ့နံနက်ပိုင်းက သွားလာခွင့်ပြန်လည်ရရှိသော်လည်း အိုးထိန်းတောင်အနီးသို့ သွားလာခြင်းမပြုကြရန် စစ်တပ်မှ တားမြစ်ထားသေးကြောင်း ဒါးလက်ချောင်းကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ “ဒီနေ့မနက်ပိုင်းမှာတော့ ပြန်သွားခွင့်ရတယ်။ ဒါပေမဲ့ နေရာအကန့်အသတ်တော့ ရှိသေးတယ်။ ကခုလို ဘယ်နေရာတွေကို မသွားရဆိုပြီးတော့ ကန့်သတ်လိုက်တော့ ဒေသအတွင်းတစ်ခုခုဖြစ်မှာကို စိုးရိမ်မိတယ်”ဟု ၎င်းကဆိုသည်။
ဒါးလက်ချောင်းအုပ်စုအတွင်းသို့ ဆန်ရိက္ခာ သယ်ယူခွင့်ကိုလည်း မေလ ၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှ ပိတ်ပင် ထားသည်။ ဒါးလက်ချောင်းအုပ်စုအတွင်း နေထိုင်သည့်ပြည်သူအများစုမှာ လယ်ယာလုပ်ငန်းနှင့် သီဟိုဋ်ခင်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ ယခုအချိန် သီဟိုဋ်စေ့ကောက်ယူချိန်ဖြစ်သည့်အတွက် သီဟိုဋ်စေ့ကောက်ယူရန် မသွားရ ခြင်းမှာ ဒေသနေပြည်သူများအတွက် စားဝတ်နေရေးကိုပါ ထိခိုက်လာနိုင်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးက
ပြောသည်။ “အခုအချိန်က ဒီအုပ်စုကလူတွေ သီဟိုဋ်စေ့ကောက်တဲ့အချိန်ဖြစ်နေတယ်။ အဲဒီအချိန်မှာ တောင်ယာတွေကို မသွားရဘူးဆိုတော့ သီဟိုဋ်စေ့တွေလဲ မကောက်ရဘူး။ သီဟိုဋ်စေ့က အခုအချိန် ခဏပဲကောက်ရတာ။ မိုးတအားရွာ လာရင် ကောက်လို့မရတော့ဘူး။ အခုသွားလာခွင့် ပြန်ပေးတယ်ဆိုပေမဲ့ အကန့်အသတ်နဲ့ဘဲ ပေးတယ်။ ပြီးတော့ သူတို့ ဝင်သွားတဲ့နေရာကိုလဲ ကျမတို့မဝင်ရဲဘူး”ဟု ၎င်းဒေသခံကပြောသည်။
၁၃။ ဦးစိန်ချစ် နှင့် ကိုရဲနိုင်ဦး တို့အား အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်
May 20, 2022
PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့်တရားစွဲဆိုခံထားရသည့် သံတွဲဒေသခံ ဦးစိန်ချစ် နှင့် ကိုရဲနိုင်ဦးတို့အမှုအား ယနေ့ မေလ ၂၀ ရက်နေ့ တွင် သံတွဲမြို့နယ်တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက် သည်ဟု အမှုလိုက်ပါဆောက်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။ ယနေ့ရုံးချိန်းတွင် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦး နှစ်ဦးလုံး ကို သံတွဲမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၃နှစ်ချမှတ်လိုက်ပြီး ချုပ်ရက်ကို တစ်ပေါင်းတည်းခံစားခွင့်ရှိသည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က Western News ကိုပြောသည်။
“ဒီနေ့မှာတော့ ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦး နှစ်ဦးလုံးကို တရားစွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃နှစ်ချမှတ်လိုက်ပါတယ်။ ချုပ်ရက်တွေကိုတော့ တစ်ပေါင်းတည်း ခွင့်စားခွင့်ရှိတယ်။ အယူခံတက်ဖို့ရှိ မရှိတော့ ကျွန်မရဲ့ အမှုသည်တွေနဲ့ မပြောကြရသေးဘူး” ဟုပြောသည်။ ဦးစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ကို PDF နှင့်ဆက်စပ် သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်အောက်တိုဘာလ ကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် ငပလီမြို့ ၅၅ တပ်ရင်းမှဗိုလ်ကြီးနေဇော်ထက်မှ တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုတွင် တရားလို အပါဝင် လိုပြသက်သေ ၁၃ ဦးနှင့် ရုံးခေါ်သက်သေတစ်ဦးပါဝင်သည်။ ရခိုင်ပြည်နယ်တွင် PDFနှင့် ဆက်စပ်သည်ဟုဆိုကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူ ၇ ဦးရှိပြီး ဖမ်းဆီး တရားရင်ဆိုင်ခဲ့ရသူ ၁၀ ဦးခန့်နီးပါးရှိခဲ့သည်။
၁၄။ တပ်မ ၆၆ က တပ်သားတစ်ဦး KNDF ထံ လက်နက်နဲ့အတူ CDM ပြုလုပ်
May 10, 2022
စစ်ကောင်စီတပ်မ ၆၆ က တပ်သားတစ်ဦးဟာ KNDF B-16 ထံကို MA-1 သေနတ် ၁လက်၊ ကျည်ဘောက်တစ်ဘောက်၊ ကျည်ဆံ ၇၁ တောင့် နဲ့အတူ CDM ပြုလုပ်ခိုလှုံခဲ့တယ်လို့ KNDF B-16 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ မေလ ၁၆ ရက်နေ့မှာ စတင်ထွက်ပြေးလာပြီး မေလ ၁၇ရက်နေ့မှာ KNDF B-16 နဲ့တွေ့ကာ ခိုလှုံခဲ့တာဖြစ်တယ်လို့ KNDF B-16 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ ကျနော်တို့ဆီ ဝင်လာတဲ့စစ်သား CDM တစ်ယောက်က တပ်မ ၆၆က။ တပ်မ၆၆ လက်အောက်ခံ တပ်ရင်း လ/၁ က တပ်သားပဲပေါ့။ ရာထူးကတော့ တပ်သားပဲ။ သူတို့က အဓိကက ယာဉ်တန်းလုံခြုံရေး တာဝန်ယူရတဲ့ အဖွဲ့တွေပေါ့။ နောက် ဒီးမော့ဆိုကနေ ဟိုး ဘောလခဲအထိကို သူတို့ လာရတယ်။ သူတို့လာတဲ့ တစ်လျှောက်မှာလည်း တိုက်ပွဲတွေ တော်တော် များများနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သူကပြောပြတယ်ပေါ့။ ထားလဲမှာလည်း သူတို့ တစ်လကျော်ကျော်တော့ ကြာတယ်။ အဲ့မှာ သူတို့ကြာပြီးတော့ မတ်စလောင်း တောင်စခန်းကို သူတို့ ရောက်လာတာ နှစ်ရက်ပဲ ရှိသေးတယ်။ နောက်သူတို့ ရေသွား ခပ်ရင်းနဲ့ သူက တစ်ခါတည်း ထွက်ပြေးလာတယ်ပေါ့။ အဓိက ထွက်ပြေးလာတာကတော့ နှိပ်စက်တဲ့ ဒဏ်မခံနိုင်လို့ ထွက်ပြေးလာတယ်လို့ သူကပြောပါတယ်။ ဒီတပ်မတော်ထဲ စဝင်တာ တာဝန်ထမ်းဆောင်တာလည်း သုံးလလောက်ပဲ ရှိသေးတယ်လို့ သူက ပြောပါတယ်။ “ လို့ ၎င်းက ပြောပြပါတယ်။
CDM ပြုလုပ်သူမှာ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ ဦးသက်စိုးပိုင်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဇာတိက ဖြစ်တယ်လို့ ပြောပါတယ်။ တပ်တွင်းမှာ နှိပ်စက်မှုတွေရှိလာတဲ့အတွက် ထွက်ပြေးလာရတာဖြစ်တယ်လို့ ဦးသက်စိုးပိုင် က ပြောပါ တယ်။ “ အစကတည်းက ကျနော် တပ်မတော်ကနေထွက်ပြေးဖို့ ကျနော် သင်တန်းဆင်းကတည်းကနေ ကျနော်သင်တန်း ဆင်းပြီးရင် ထွက်ပြေးမယ်။ ဒါပေမယ့် ကျနော်အရှေ့တန်းကို ရောက်လာတယ်။ အရှေ့တန်းမှာ ဒီလိုမျိုး ထုလိုက်၊ ရိုက်လိုက်လုပ်တယ်။ ထုလိုက်၊ရိုက်လိုက် လုပ်တော့ ကျနော် အဆင်မပြေတော့ဘူး။ အဲ့မျိုးကျတော့ ကျနော်တို့က လက်အောက်အငယ်တွေကို အပေါ်က အရာရှိဆိုတော့ သူခိုင်းတာ ကျနော်တို့ လုပ်ရမယ်။ အဲ့မျိုးတွေ ပြဿနာတွေရှိ တယ်။” လို့ သက်စိုးပိုင်က ပြောပါတယ်။
၁၅။ မွန်အမျိုးသားကျောင်းဆရာ/မများကို မော်လမြိုင်မြို့တွင် ဆရာဖြစ်သင်တန်းပေး
May 19, 2022
မွန်အမျိုးသားကျောင်းမှ ဆရာ/မများအား ဆရာဖြစ်သင်တန်းကို မေလ (၁)ရက်မှ (၁၈)ရက်အထိ မော်လမြိုင်မြို့ တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ မွန်အမျိုးသားပညာရေးဌာန တာဝန်ရှိသူတစ်ဦးက “ဒီသင်တန်းရဲ့ အဓိက ရည်ရွယ်ချက်က ဒီသင်တန်းတတ်ရောက်နေကြတဲ့ ဆရာ/မ တွေကို သင်တန်းပို့ချပေးပြီးတော့ ဆရာသင်တန်း ဗဟိုအဆင့်၊ တတ်သစ်စ ကျောင်းဆရာအသစ်တွေကိုလည်း သင်းတန်း (၁) လ ပို့ချဖို့ရှိတယ်၊ မြို့နယ်အသီးသီးက သင်တန်းတွေကိုလည်း အခုတက်ရောက်လာကြတဲ့ ဆရာတွေပဲ တဆင့် ပြန်လည်ပို့ချပေးမယ်” ဟု ပြောသည်။
အဆိုပါ သင်တန်းတွင် မွန်အမျိုးသားပညာရေးကျောင်းမှ ဆရာများ အရည်အချင်း မြှင့်တင်ခြင်းနှင့် သင်ကြားနည်းစနစ် အသစ်များကို လေ့လာနိုင်ရန် ဆရာဖြစ်သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို မွန်ပြည်နယ် ရှိ မြို့နယ် အသီးသီးမှ ဆရာ/ဆရာမ ၂၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ မွန်အမျိုးသားပညာရေးနှင့် ကိုက်ညီမှုရှိ စေရန်အတွက် ရည်ရွယ်ပြီး မော်ကျူး (၈) ခေါင်းစဉ်နှင့် ပို့ချသင်ကြားခြင်း ဖြစ်ကြောင်း သိရသည်။ မွန်ပြည်သစ်ပါတီလက် အောက်ရှိ မွန်အမျိုးသားပညာရေးကော်မတီတွင် ကျောင်းဆရာ/မ (၈၀၀) ဦးကျော် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
၁၆။ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံထားရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို ယနေ့တိုင် မိသားစုမှ တွေ့ခွင့်မရသေး
May 20, 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံထားရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို နှစ်ပတ်ကျော်ကြာသည့်တိုင် တွေ့ခွင့်မရရှိသေးဘဲ သတင်းတစုံတရာလည်းမသိရသေးကြောင်း မိသားစုဝင်များကပြောသည်။ ဘော်ဒူပ(မွတ်ဆလင်) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘီနှင့် ကြက်ကိုင်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်တို့ကို မေလ ၄ ရက်နေ့တွင် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့၏နေအိမ်မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ဦးထွန်းလှစိန်၏ မိသားစုဝင်တစ်ဦးက “လောလောဆယ် အမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ဘာမှမသိရသေးဘူး။ ဘယ်နေ့ရုံးချိန်မယ်ဆိုတာလည်း မပြော သေးဘူး။ အဖမ်းခံရမှုနဲ့ပတ်သက်ပြီးတော့ မိသားစုက ဘာမှမသိရသေးဘူး။ ဒီနေ့အထိ အကြောင်းပြန်တာလည်း ဘာမှမရှိ သေးဘူး”ဟု ပြောသည်။
အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ကို လက်ရှိအချိန်ထိ မသိရသေးဘဲ မိသားစုနှင့်လည်း တွေ့ခွင့်မရသေးကြောင်းဆိုသည်။ ဦးရော်ဘီ၏ မိသားစုဝင်တစ်ဦးက “အခုထိအဆက်အသွယ်မရသေး ပါဘူး။ သူတို့(ရဲက)လည်း ဘာမှမပြောဘူူး။ အမှတ်(၁)ရဲစခန်းမှာ ထိန်းသိမ်းထားတာပါ။ တွေ့ခွင့်လည်းမရဘူး။ ဘာဖြစ် လို ဖမ်းလည်းဆိုတာလည်း မသိရဘူး”ဟု ပြောသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဆန်းကျော်ထွန်းကို DMG ကဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။ ၎င်းကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ကာ မြန်မာစစ်တပ်က ဖမ်းဆီးသည်ဟု မိသားစုဝင်တို့က သံသယရှိကြသော်လည်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပြီး အခြားအမှု များအတွက် စစ်ဆေးရန်ဖမ်းဆီးခြင်းသာဖြစ်သည်ဟု မီဒီယာများတွင်ပြောကြားထားသည်။
ပြီးခဲ့သည့် မေ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် စစ်တွေမြို့နယ်မှ မွတ်ဆလင်(၇)ဦးနှင့် ရခိုင်တစ်ဦးတို့ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယင်းအထဲမှ မွတ်ဆလင် ၆ ဦးမှာ မေလ ၅ ရက်နေ့တွင် ပြန်လွတ်လာခဲ့သော်လည်း ဘောဒူပ(မွတ်ဆလင်)ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကြက်ကိုင်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှာ ဆက်လက်ချုပ်နှောင်ခံ ထားရသည်။
၁၇။ ပလက်ဝတွင် ဓာတ်ဆီတစ်လီတာကို ငွေကျပ် ၃၅၀၀ အထိ ဈေးနှုန်းမြင့်တက်
May 20, 2022
သယ်ယူပို့ဆောင်ရေးကန့်သတ်ခံထားရသည့် ပလက်ဝမြို့နယ်တွင် ကုန်ပစ္စည်းဈေးနှုန်းများ အဆမတန် မြင့်တက်လျက် ရှိပြီး ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၃၅၀၀ အထိမြင့်တက်နေသည်ဟု ပလက်ဝဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ၏အစီအစဉ်ဖြင့်ပြေးဆွဲနေသည့် ကျောက်တော်-ပလက်ဝမြို့ရေယာဉ်ပေါ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ ဆန်၊ ဆီ၊ ဘိလပ်မြေ၊ သံထည်ပစ္စည်းများကို တင်ဆောင်ခြင်း ကန့်သတ်ထားသောကြောင့် ထိုသို့ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေခြင်းဟု ဒေသခံများကဆိုသည်။
“သူတို့ကန့်သတ်ထားတာတွေတော့ လောင်စာဆီ၊ သံထည်ပစ္စည်းတွေ၊ ဘိလပ်မြေ၊ ဆန်မတင်ရဆိုပြီး သတ်မှတ်ချက် ထားပါတယ်။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်လည်းမသိပါ။ သူတို့လည်းမပြောပါ။ ကိုယ်တို့ဟာကိုယ်တို့ တစ်ပိုင် တစ်နိုင်ရှာကြံပြီး စားသောက်နေကြရတာပါပဲ”ဟု ပလက်ဝမြို့မှ ဈေးဆိုင်ရောင်းချနေသူတစ်ဦးက ပြောသည်။ ပလက်ဝ မြို့နယ်တွင် ဧပြီလမှစတင်ကာ ကုန်ပစ္စည်းဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ပြီး ယခုအခါ ကုန်ပစ္စည်းဈေးနှုန်းတို့ မှာ တစ်ဟုန်ထိုးမြင့်တက်နေသည်ဟု ဒေသခံများကဆိုသည်။
ပြီးခဲ့သည့်မတ်လအတွင်းက ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ငွေကျပ်ငါးသောင်းခွဲရှိခဲ့ရာမှ ယခုအခါ ခြောက်သောင်းခွဲ အထိမြင့်တက်သွားကာ ဆန်ကြမ်းတစ်အိတ်လျှင် ယခင်ငွေကျပ်သုံးသောင်းကျပ်ရှိခဲ့ရာမှ ယခုအခါ ငွေကျပ် သုံးသောင်း ခွဲအထိ မြင့်တက်နေကြောင်း သိရသည်။ ထို့ပြင် စားဆီသန့်တစ်လီတာလျှင် ယခင်က ၃၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ ၅၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ကြားအထိမြင့်တက်နေပြီး တခြားလူသုံးကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းမြင့် တက်နေသည်ဟု ဒေသခံများထံမှ သိရသည်။ “ကုန်ဈေးနှုန်းလျော့ပေါ့ဖို့ထက် လမ်းကြောင်းကိုဖွင့်ပေးရင် ကုန်ဈေးနှုန်း လျှော့နည်းလာမယ်။ လမ်းကြောင်းကို ပိတ်ထားလို့ ကုန်ဈေးနှုန်းတက်နေတာ။ ကုန်ဈေးနှုန်းတက်နေရင်တောင်မှ ကိုယ်တို့ လုပ်လို့၊ သွားလာလို့ လွယ်လင့်တကူရမယ်ဆိုရင် ကုန်ဈေးနှုန်းတွေ ဆင်းလာနိုင်တယ်လေ”ဟု ပလက်ဝမြို့မှ နောက်ထပ် ဒေသခံတစ်ဦးကဆိုသည်။
၁၈။ နမ့်ခမ်းမြို့ ဓာတ်တိုင်က လျှပ်စစ်မီးကြိုးများ မကြာခဏ ခိုးခံရ
May 19, 2022
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဓာတ်တိုင်မှ လျှပ်စစ်မီးကြိုးများ မကြာခဏ ခိုးခံရကြောင်း စုံစမ်းသိရှိရသည်။ ဧပြီလ မှ စတင်ပြီး ယနေ့ချိန်ထိ နမ့်ခမ်းမြို့ရှိ ရပ်ကွက်တိုင်းတွင် ဓာတ်တိုင်မှ လျှပ်စစ်မီးကြိုးများ၊ အုတ်တံတိုင်းမှ သံဆူးကြိုးများနှင့် အိမ်ရှေ့မြောင်းမှ ကာထားသည့် သံချောင်းများ မကြာခဏ ပျောက်ဆုံးနေကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။
“မီးမကြာခဏ ပျက်တော့ တစ်ခါတစ်လေ အိမ်မှာ မီးပျက်ရင် အိမ်ပြင်ထွက်ကြည့်တော့ သူများအိမ်က မီးမပျက်ဘူး။ ဘယ်ဟုတ်မလဲ သူခိုးတွေက ဓာတ်တိုင်က မီးကြိုးတွေကို ခိုးဖြုတ်နေတာတဲ့။ အိမ်ရှေ့မြောင်းက ကာထားတဲ့ သံချောင်း တွေလည်း လာခိုးယူကြတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသမီး တစ်ဦး ကပြောသည်။ အဆိုပါ သူခိုးများမှ သံကြိုးများ၊ သံချောင်းများ၊ လျှပ်စစ်မီးကြိုးများ ဖြုတ်ယူပြီး သွားရောင်းခြင်း၊ သံတိုသံစအရောင်းအဝယ် လုပ်သည့်ဆိုင်တွင် လက်ခံ မဝယ်သင့်ကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုလိုက်သည်။
“သံတိုသံစဟောင်းတွေ အရောင်းအဝယ်လုပ်တဲ့ဆိုင်တွေ မဝယ်ဖို့ တိုက်တွန်းချင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ လက်ခံ ဝယ်ယူရင် သူခိုးတွေကို အားပေးရာ ရောက်တယ်။ ကျနော်တို့ နမ့်ခမ်းမှာ မကြာခဏ ဆိုင်ကယ်တွေလည်း ပျောက်တယ်။ နေရတာ လုံခြုံမှု မရှိတော့ဘူး” ဟု အသက် (၃၀) ကျော်ဝန်းကျင် နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။ ပြီးခဲ့ သည့် မတ်လတွင်လည်း နမ့်ခမ်းမြို့ရှိ သင်္ချိုင်းတစ်ခုတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ရောင်းဝယ်ဖောက်ကားသူများက အုတ်ဂူ (၁၀) ခုကျော် ဖျက်ဆီးသွားပြီး သံများကို ခိုးယူသွားကြောင်း သိရသည်။
၁၉။ ဖယ်ခုံပညာရေးဘုတ်အဖွဲ့က စာသင်ကျောင်း ၇၄ ကျောင်းဖွင့်လှစ်ကာ ကျောင်းသူ/သား ၁၀၀၀၀ ကျော်ကို စာသင်ကြားပေးနေ
May 20, 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှ မြို့နယ်ပညာရေးဘုတ်အဖွဲ့က စာသင်ကျောင်း ၇၄ ကျောင်းဖွင့်လှစ်ကာ ကျောင်းသူ၊ ကျောင်းသားပေါင်း ၁၀၀၀၀ ကျော်ကို စာသင်ကြားပေးနေကြောင်း ယင်းပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။ ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးလွတ်ရာဒေသနှင့် စစ်ဘေးရှောင်စခန်းများတွင် NUG ၏လမ်းညွှန်မှုနှင့်အညီ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပညာရေးဘုတ်အဖွဲ့က စာသင်ကျောင်း ၇၄ ကျောင်းကို ဖွင့်လှစ်သင်ကြားပေးနေကြောင်း ဖယ်ခုံပညာရေးဘုတ် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် မဖွင့်နိုင်သေးဘူးပေါ့။ စစ်ဘေးလွတ်ရာဒေသနဲ့ စစ်ဘေးရှောင်စခန်း တွေမှာပဲ ဖွင့်ပြီးသင်ကြားပေးနေတာ၊ အခုဆိုရင် ၇၄ ကျောင်းရှိပြီ။ နောက်လထဲမှာ ပိုများလာဖို့ရှိတယ်။ လိုအပ်ချက် တွေကတော့ အများကြီးရှိပါသေးတယ်။ ကလေးတွေကို စာသင်ပေးနိုင်မယ့် စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေလည်း လိုအပ်နေပါတယ်။ စိတ်ဝင်စားတယ်၊ ပါဝင်ကူညီဆောင်ရွက်လိုတယ်ဆိုရင် မြို့နယ်ပညာရေးဘုတ်အဖွဲ့ကို ဆက်သွယ် နိုင်ပါတယ်” ဟု ၎င်းကပြောသည် အဆိုပါစာသင်ကျောင်းများတွင် CDM ဆရာ၊ ဆရာမများနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၄၄၉ ဦးမှ သင်ကြပေးနေပြီး စာသင်ကျောင်းများအတွက် အမိုးအကာ၊ စာရေးကိရိယာနှင့် သင်ထောက်ကူ ပစ္စည်းများ လိုအပ်ချက်ရှိနေကြောင်း သိရသည်။
ယင်းစာသင်ကျောင်းကို အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် စာသင်ကျောင်းအဖြစ် ဖွင့်လှစ်သင်ကြား ပေးနေပြီး အထက်တန်းအဆင့်အထိ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိသလို လာမည့် ဇွန်လ၌ သင်ရိုးသစ်ဖြင့် သင်ကြားနိုင် ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
၂၀။ မွန်ပြည်သစ်ပါတီ ကျေးရွာအကြီးအကဲများ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များအား ဆန်အိတ်လှူဒါန်း
May 20, 2022
မွန်ပြည်သစ်ပါတီ NMSP မော်လမြိုင်ခရိုင်နှင့် ထိန်းချုပ်နယ်မြေအတွင်းရှိ မွန်ကျေးရွာအကြီးအကဲများ စုပေါင်း၍ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကရင်စစ်ဘေးရှောင်များအား မေလ ၁၉ ရက်နေ့က ဆန်အိတ်များ သွားရောက် လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။ NMSP မော်လမြိုင်ခရိုင်အတွင်းရေးမှူး နိုင်ဗညားမဲ့စန်းက “ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ ကျနော်တို့မြို့နယ်နဲ့ ခရိုင်ပူးပေါင်းပြီး အလှူငွေကောက်ခံတာ ဆန်အိတ် ၁၀၀ လောက်ရပါတယ်၊ မနေ့က ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ စစ်ရှောင်တွေရှိတဲ့နေရာ သိပ်မတွေ့ရတော့ပါဘူး၊ မွန်ရွာတွေအကြား ခိုလှုံနေကြတဲ့ စစ်ရှောင် တချို့ကိုလည်း လိုက်မေးပြီးတော့ ဆန်ထောက်ပံ့ပေးခဲ့ပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒရယ်ကွင်း၊ ကွမ်ကသောင်၊ ဖာတလဲရွာတို့ကို ဆန်အိတ် ၂၅ အိတ်ထောက်ပံ့ပေးခဲ့ကြောင်း ၄င်းကဆိုသည်။ သို့ရာတွင် ယခုအခါ စစ်ဘေးရှောင်များ နေအိမ်သို့ပြန်လည်ရောက်ရှိသွားကြသဖြင့် လူဦးရေ ၅၀၀ ဝန်းကျင်ခန့်သာ ကျန်ရှိတော့ကြောင်း ဒေသခံကရင်ကျေးရွာအကြီးအကဲများ ခန့်မှန်းပြောကြားခဲ့သည်ဟု သိရသည်။ မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့များအကြား ယခုလဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သောတိုက်ပွဲ များကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ ကရင်ကျေးရွာများဖြစ်သည့် ခလယ်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ နောင်းဒေ့၊ ဘုရားငါးဆူ၊ တံခွန်တိုင်၊ နန်းသိုင်းထွန်၊ တံခွန်တိုင်ရွာလေး၊ ပူလိန်၊ ဒိုင်လွတ်နှင့် ကမော့ဝမ်းကျေးရွာများမှ စစ်ဘေးရှောင်တစ်ထောင်ကျော်ခန့် နေရပ်စွန့်ခွာ၍ ဘေးလွတ်ရာ ဝင်းရော်ချောင်းအရှေ့ခြမ်းဘက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
၂၁။ ကျိုင်းတုံမြို့ကိုဗစ် – ၁၉ ပိုးတွေ့လူနာသစ် တစ်ဦး ထပ်မံတွေ့ရှိ
May 19, 2022
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကိုဗစ် – ၁၉ ပိုးတွေ့လူနာသစ်တစ်ဦး ထပ်မံတွေ့ရှိကြောင်း ဒေသတွင်း သတင်းရင်း မြစ်ထံမှ သိရသည်။ မေလ ၁၉ ရက်တွင် ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးနှင့် Fever Clinicဆေးခန်းတို့၌ ဖျားနာ/ချောင်းဆိုးလူနာများ၊ ခရီးထွက်ခွာမည့်ပြည်သူများ စုစုပေါင်း(၉၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT ဖြင့်စစ်ဆေးမှုပြုလုပ်ရာ အမျိုးသား တစ်ဦးထံမှ ကိုဗစ် တွေ့ရှိကြောင်း ၎င်းကပြောသည်။
“၁၀ နာရီကနေ ၁ နာရီအထိ ဆေးရုံကနေ စစ်ပေးတော့ မိုင်းယန်းက အမျိုးသားတစ်ယောက်မှာ ကိုဗစ် ပိုးတွေ့တယ်၊ လူငယ်တစ်ယောက်ပဲ အသက်က ၂၃ နှစ်ပဲရှိသေးတယ်၊ အခုတော့ ကျန်းမာရေးဘက် စီစဥ်ပေးတဲ့အတိုင်း ကွာရန်တင်းနဲ့ ကုသမှုခံယူနေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ လက်ရှိ ရောဂါပိုး တွေ့ရှိသူ လူငယ်အမျိုးသားကို ကလေး ဆောင်တွင် ထားရှိပြီး ၎င်း၏ အိမ်သားနှင့် မိသားစုဝင်များကို ကိုဗစ်-၁၉ရောဂါဆိုင်ရာ စည်းကမ်းချက်နှင့်အညီ ဆေးကုသမှု ခံယူရန် စီမံညွှန်ကြားထားကြောင်းလည်း သတင်းသိရသည်။ ကျိုင်းတုံမြို့တွင် မေလ ၁ ရက်နေ့မှ ယနေ့ မေလ ၁၉ ရက်နေ့အထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း (၃) စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း သတင်း သိရသည်။
၂၂။ ရေး-မော်လမြိုင်ကားလမ်းတွင် ယာဉ်နှစ်စီးတိုက်မိ၊ လူ ၄ ဦး ဒဏ်ရာရ
20 May, 2022
ရေး-မော်လမြိုင်သွားကားလမ်းရှိ သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာ စာသင်ကျောင်းအနီးမှာ မေ ၂၀ ရက် နေ့လယ် လောက်က ခရီးသည်တင် မှန်လုံယာဉ် ရွှေလရောင်ကားနဲ့ Vigo Hilux ယာဉ် မျက်နှာချင်းတိုက်မိပြီး လူ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သွားတဲ့ ခရီးသည်တင် ရွှေလရောင် Express ယာဉ်က ရှေ့ကသွားနေတဲ့ ခရီးသည်တင် Express ယာဉ် ၂ စီးကို ကျော်တက်ရာက တဖက်ယာဉ်ကြောကို ရောက်သွားပြီး အခုလို လမိုင်းဘက်ကနေလာတဲ့ ယာဉ်နဲ့ တိုက်မိခဲ့တာပါ။
ယာဉ်နှစ်စီးတိုက်မိရာ Vigo Hilux ယာဉ်ပေါ် လိုက်ပါလာတဲ့ အမျိုသမီး ၁ ဦး၊ အမျိုးသား ၂ ဦး၊ ကလေးငယ် ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိပြီး သံဖြူဇရပ်ဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်တယ်လို့ ဒေသခံ လူမှုကူညီကယ်ဆယ်ရေး သမားတွေက ပြောပါတယ်။ ရေး-မော်လမြိုင်သွား ကားလမ်းမမှာ ယာဉ်မဆင်မခြင် မောင်းနှင်တာကြောင့် ယာဉ်တိုက်မှု တွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးရတဲ့သူတွေမှာ ၂၀၂၁ ခုမှ ၂၀၂၂ ခုနှစ်အတွင်း အနည်းဆုံး ၁ ဒါဇင်နီးပါးလောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေပါတယ်။ အခုလို မိုးတွင်းဘက် ရောက်လာတာနဲ့အမျှ ယာဉ်မောင်းတွေ ကားကို သတိရှိစွာ မောင်းနှင်ကြဖို့၊ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့နဲ့ ယာဉ် စည်းကမ်း လမ်းစည်းကမ်းတွေကို လေးစားလိုက်နာကြဖို့ လိုအပ်တယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
၂၃။ ငါးသားဥချိန်ဖြစ်ပေမယ့် အင်းတော်ကြီးကန်ထဲ ငါးဖမ်းမှုတွေက ဆက်တိုက်ရှိနေဆဲ
May 20, 2022
ငါးသားဥချချိန်ဖြစ်တဲ့ မိုးဦးကျ မေလကနေ ဇူလိုင်လထိ ငါးဖမ်းခွင့်ပိတ်ပင်ထားပေမယ့် အင်းတော်ကြီးကန်ထဲမှာ ငါးဖမ်း မှုတွေက ဆက်တိုက်ရှိနေဆဲဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီလို ငါးရစ်သန်းချိန်တွေမှာ ငါးဦးစီးဌာနက နှစ်တိုင်း စာထုတ်ပြီးတော့ပိတ်ပင်တာတွေ နဲ့ အင်းထဲကင်းလှည့်ပြီး ငါးဖမ်းတဲ့စက်လှေတွေကို ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပေ မယ့် ဒီနှစ်မှာတော့ မရှိဘူးလို့ဆိုပါတယ်။ “ ဗမာပြည်အခြေအနေမကောင်းတော့ မလာကြဘူး။ ခါတိုင်း နှစ်တွေလာ တယ် ငါးရစ်ငါးသန်အချိန်ဆိုရင် လာပိတ်တာတွေရှိတယ်။ ချောင်းတွေမြောင်းတွေမှာကအစပိတ်တယ်။ ငါး ပျံ့ပွားနှုန်းကောင်း အောင်လို့ဆိုပြီးတော့ ပိတ်တာ၊ အင်းထဲမှာ ငါးတွေဖမ်းရတာ ငါးတွေတော့ရှိပါသေးတယ်။ ပိုက်အကြီးတွေနဲ့ ဖမ်းတာမရ လို့ ပိုက်စိတ်နဲ့ဖမ်းပြီး စားဝတ်နေရေးတွေဖြေရှင်းနေရတယ်” လို့ လွဲမွဲကျေးရွာက တံငါသည်တစ်ဦးက ပြောပြပါတယ်။
အင်းတော်ကြီး အိုင်ထဲမှာ အခုအချိန်် ငါးဖမ်းတဲ့ စက်လှေ တစ်ရက် အနည်းဆုံး စက်လှေအစီးရေ နှစ်ရာရှိတယ်လို့လည်း သိရပါတယ်။ အင်းကမ်းစပ်ကျေးရွာတွေဖြစ်တဲ့ လွဲမွန် ၊ ညောင်ပင် ၊ မမုန်ကိုင် ၊ လုံးစန့် ၊ ဟဲပု ၊ ဟဲပါး ၊ နမ့်မော်ကန် စတဲ့ ကျေးရွာတွေက တံငါတွေအများဆုံးဖမ်းကြတာဖြစ်ပြီး တချို့ အညာဒေသကနေ လာရောက်အခြေချပြီး လုပ်ကိုင်မှုတွေ လည်းရှိနေပါတယ်။ အင်းတော်ကြီးဒေသကို လာရောက်အခြေချကြတဲ့ တံငါတချို့က တားမြစ်ထားတဲ့ ကျဉ်စက်တွေ အသုံးပြုပြီးဖမ်းနေပေမယ့် တားဆီးနိုင်ခြင်းလည်းမရှိဘူးလို့သိရပါတယ်။ အင်းတော်ကြီးကန်ထဲမှာ ငါးမျိုးစိတ်ပေါင်း ၉၃ မျိုးရှိပြီး အဲ့ထဲမှာ ရှားပါးငါးမျိုးစိတ် (၇) မျိုးရှိတွေ့ရတဲ့ ရေတိမ်ဒေသတစ်ခုလည်းဖြစ်ပါတယ်။
၂၄။ မော်လမြိုင်တွင် မိုးသက်လေပြင်းကြောင့် သစ်ပင်များပြိုလဲပြီး လမ်းပိတ်ဆို့မှု ဖြစ်ပေါ်
20 May, 2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မိုးသက်လေပြင်းတွေ ကျရောက်နေတဲ့အတွက် သစ်ပင်တွေပြိုလဲပြီး လမ်းပိတ်ဆို့တာတွေ ဖြစ်ပေါ်နေတယ်လို့ လူမှုကယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီကနေ့ မေ ၂၀ ရက် မနက် ၁၁ နာရီလောက်ကစပြီး မိုးသက်လေပြင်းကြောင့် မော်လမြိုင်မြို့ရဲ့ အဓိကလမ်းမကြီးတခုဖြစ်တဲ့ မြို့ရှောင် လမ်းမှာ ညောင်ပင်ကြီးတပင် ပြိုကျခဲ့ပြီးနောက် လမ်းပိတ်ဆို့ခဲ့ပါတယ်။ ဒါ့အပြင် မော်လမြိုင်မြို့ ရပ်ကွက်တချို့မှာ လည်း သစ်ပင်တွေ ပြိုလဲနေတဲ့အတွက်ကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာပါ။
လက်ရှိမှာတော့ သစ်ပင်တွေပြိုလဲပြီး လမ်းပိတ်ဆို့နေတဲ့အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ ရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မွန်ပြည်နယ်ရဲ့ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနဲ့ ကျိုက်ရောမြို့နယ်တို့မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး လေကြမ်းတွေ တိုက်ခတ် နေတာပါ။ မိုးလေဝသဦးစီးဌာနကတော့ လေဖိအားနည်းရပ်ဝန်းကြောင့် မေ ၂၀ ရက်ကနေ ၂၃ ရက်အထိ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးကြီးနိုင်ပြီး မိုးသက်လေပြင်းတွေ ကျရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။
၂၅။ တောင်ကြီး စစ်ကောင်စီ ၉၄ တပ်အတွင်း ပျူစောထီးများကို သင်တန်းပေးနေ
May 20, 2022
အာဏာသိမ်းစစ်ကောင်စီ၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အခြေစိုက် အမှတ် ၉၄ တည်းခိုရေး တပ်စခန်း အတွင်း ပျူစောထီးများကို စစ်သင်တန်းပေးနေသလို လက်နက်များလည်း စမ်းသပ်ပစ်ခတ်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ ယနေ့သိရသည်။ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီး ဘေး၌ အခြေစိုက်ထားသည့် အဆိုပါတပ်အတွင်း အေးသာယာနှင့် ရွှေညောင်မှ စစ်ကောင်စီထောက်ခံသူအချို့ကို ပျူစောထီးသင်တန်းပေးနေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“တနင်္လာနေ့ကတည်းက သင်တန်းစပေးနေတာ။ လက်နက်ပစ်သံတွေက တပ်တွင်းမှာအချင်းချင်းပစ်ခတ်မှုဖြစ်တာ မဟုတ်ဘူး။ ပျုစောထီးတွေ လက်နက်စမ်းသပ်ပစ်ခတ်နေတာပါ။ အသံတွေက အပြင်ကိုအကျယ်ကြီးထွက်နေတာဆိုတော့ ပတ်ဝန်းကျင်က တပ်တွင်းမှာ ပစ်ခတ်မှုဖြစ်တယ်ဆိုပြီး လိုင်းပေါ်တင်ထားတာကြပေါ့”ဟု ၎င်းက ပြောသည်။ ယခုအကြိမ် ပျူစောထီးသင်တန်းသည် ဒုတိယအကြိမ် သင်တန်းပေးခြင်းဖြစ်ပြီး အင်အား ၂၀ ဦးခန့်တက်ရောက်လျက်ရှိကြောင်း၊ ပထမ အကြိမ် ပျူစောထီးသင်တန်းအား မတ်လအတွင်းက ပေးခဲ့ပြီးဖြစ်သလို အင်အား ၂၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း ယင်းသတင်းရင်းမြစ်က ဆက်ပြောသည်။ ထို့တပ်စခန်းမှ စစ်ကောင်စီတပ်အင်အားသည် စစ်ကူထွက်နေရ၍ ယခင်ကဲ့သို့ အများအပြားမရှိတော့ဘဲ တပ်သားအချို့နှင့် တပ်မိသားစုဝင်များသာ ကျန်ရှိတော့ကြောင်းနှင့် စစ်မှုထမ်းဟောင်းများနှင့် ခိုးဆိုးလုနှိုက်များကို ခေါ်ယူကာ လုံခြုံရေးဂိတ်စောင့်များအဖြစ် ခိုင်းစေထားကြောင်း သိရသည်။
၂၆။ သီပေါမြို့နယ်အတွင်း လောင်းကစားဝိုင်းများဖွင့်လှစ်နေ
May 20, 2022
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားလွယ်ကျေးရွာအတွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားပြီးသူခိုး ဓားပြ များ ပြားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ သီပေါမြို့နယ်ထဲက လောင်းကစားဝိုင်းများသည် သီပေါဘော်ကြို (တပေါင်းပွဲ) မတ်လမှစတင်ပြီး လက်ရှိချိန်ထိ နေရာပြောင်းရွှေ့ပြီး လောင်းကစားများကို ဆက်တိုက် ဖွင့်လှစ်လာသည့်အတွက် ပြည်သူများ အကျင့်စာရိတ္တပျက်မည်ကို သီပေါဒေသခံ လူငယ် တစ်ဦးကပြောသည်။ “တပေါင်းပွဲ ကနေစပြီး လောင်းကစားဝိုင်းက ဆက်တိုက်ဖွင့်လာတယ်။ ဘုရားပွဲ၊အလှူပွဲတွေကို အကြောင်းပြုပြီး ရွာတွေမှာ လာရောက်ဖွင့်လှစ်နေကြတယ်” ဟု သီပေါဒေသခံ လူငယ် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။
လောင်းကစားဝိုင်းများ ဆက်တိုက်ဖွင့်လှစ်လာသည့်အတွက် သီပေါမြို့နယ်အတွင်း သူခိုးဓားပြများ ယခင်ကထက် ပိုမိုများ ပြားလာကြောင်း သီပေါဒေသခံ တစ်ဦး ကပြောသည်။ “ဒီလို လောင်းကစားဝိုင်းတွေရှိတော့ ကျနော်တို့ ကလေးတွေ အကျင့်စာရိတ္တပျက်မှာလည်း စိုးရိမ်တယ်။ သူခိုးတွေလည်း များလာတယ်။ နိုင်ငံရေးအခြေနေလည်းမကောင်း ကိုဗစ်-၁၉ ကြောင့် ရှာစားရတာက ခက်ခဲနေတော့ ဒီလို လောင်းကစားဝိုင်း ရှိတော့ အဖက်ဖက်ကနေ စိုးရိမ်နေရတယ်” ဟု သီပေါဒေသခံ အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။ စစ်တပ်က အာဏာသိမ်းပြီး (၁) နှစ်ကျော် ကာလအတွင်း သျှမ်းပြည်ရှိ မြို့နယ်အများစုတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်လာခဲ့ပြီး သူခိုး၊ ဓားပြများလည်း ယခင်က ထက် ပိုမိုများပြားလာသည်။
၂၇။ ကမ်းထောင်းကြီးက စစ်ဘေးရှောင်များအား နေရပ်ပြန်ရန် ဖိအားပေးခံနေရဟုဆို
May 19, 2022
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ကမ်းထောင်းကြီး စစ် ဘေးရှောင်စခန်းတွင် ယခင်မြေနေရာဟောင်း၌ ကျန် နေခဲ့သူများကို နေရပ်ပြန်ရန် စခန်းတာဝန်ခံများက ဖိအားပေးမှုများရှိနေသည်ဟု စစ်ဘေးရှောင် များကပြောသည်။ နေရပ်ပြန်ရန်ဖိအား ပေးခံနေရသည့် အိမ်ထောင်စု ၇၂ စုမှ လူဦးရေ ၂၄၄ ဦးသည် မိမိတို့နေရပ်ကို ပြန်ရန်စာရင်းပေးထားကြသူများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စု ၇၂ စုမှာ အစိုးရဆီမှ ငွေ ၅ သိန်းနှင့် ဆန်ရိက္ခာထောက်ပံ့မှုမရရှိသေးသည့်အတွက် လက်တလော အခြေအနေတွင် နေရပ်မပြန်နိုင်ခြင်းဖြစ်ကြောင်း ထောက်ပံ့မှုရရှိလျှင် ချက်ချင်းထွက်သွားပေးမည်ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကပြောသည်။ “ကျွန်မတို့က နေရပ်ပြန်ဖို့စာရင်းပေးထားတာမှန်ပါတယ်။ ဒါပေမယ့် နေရပ်ကိုပြန်ရင် ကျွန်မတို့ရဲ့ ဘဝတွေ ပြန်လည်အခြေချဖို့အတွက် အစိုးရဆီက ငွေ ၅ သိန်းနဲ့ ဆန်ထောက်ပံ့တာရှိပါတယ်။ ကျွန်မတို့က ဒီထောက်ပံ့မှုကို ရဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထားပါတယ်။ ဒီထောက်ပံ့မှုသာရရင် ကျွန်မတို့ထွက် သွားပေးမှာပါ။ အခုက ကျွန်မတို့ကို စခန်းတာဝန်ခံတွေဖက်က ထောက်ပံ့မှု ရသည်ဖြစ်စေ မရသည်ဖြစ်စေ မေလ ကုန်ရင်ပြန်ရမယ်လို့ ဖိအားပေးတာတွေရှိပါတယ်။ လက်မှတ်တွေလည်း အတင်းထိုးခိုင်းတာတွေရှိပါတယ်” ဟုပြောသည်။ စစ်ဘေးရှောင်စခန်းကို ယခင်မြေနေရာဟောင်းဖြစ်သည့် ဘောလုံးကွင်းမှ တခြားနေရာသို့ပြောင်းရွှေ့ပေးရန် ကမ်းထောင်းကြီး ကျေးရွာသူ၊ သားများ တောင်းဆိုမှုကြောင့် ယင်းနေရာနှင့်အနည်းငယ်ဝေးသည့် မြေနေရာသစ်ကိုပြောင်း ရွှေ့ထားသည်ဟုသိရသည်။
ယခင်က စစ်ဘေးရှောင်အိမ်ထောင်စု ၁၇၈ စုရှိရာမှ ၇၃ စုမှာ နေရပ်ပြန်ရန်စာရင်းပေးထားသည့်အတွက် မြေနေရာဟောင်း တွင် ဆက်လက်နေထိုင်နေကြခြင်းဖြစ်ပြီး ကျန် ၁၀၅ စုမှာ မြေနေရာသစ်ကို ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။ မြေနေရာ ဟောင်းတွင် ကျန်ရှိနေခဲ့သည့် အိမ်ထောင်စု ၇၃ စုမှာ နေရပ်ကိုပြန်နိုင်သည့် ကျေးရွာများမှဖြစ်သည့်အတွက် ၎င်းတို့ ကိုယ်တိုင် ယခုလကုန်တွင် နေရန်ပြန်ရန် ပြောဆိုထားခြင်းဖြစ်သည်ဟု ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်လုံးကပြောသည်။ မြေနေရာသစ်ဖက်တွင်နေထိုင်သည့် စစ်ဘေးရှောင်တစ်ဦးဖြစ်သည့် ကိုခင်မောင်ဦးက ” ကျွန်တော်တို့က ဒါးလက်ချောင်းဖက်ကမို့ နေရပ်ကို လုံးဝပြန်လို့မရနိုင်သေးတဲ့အခြေအနေမှာရှိနေလို့ နေနေရတာပါ။ ဒီဖက်ကို ပြောင်းလာကတည်းက မြေနေရာငှားထားရတဲ့အတွက်ဆိုပြီး တစ်အိမ်ထောင်ကို လစဉ်ကြေး ၂၀၀၀ ကျပ်စီ စခန်း ကော်မတီဝင်တွေ တာဝန်ခံတွေဖက်ကကောက်ခံတာရှိပါတယ်” ဟုဆိုသည်။
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
** ပြီး **