(အနှစ်ချုပ်)
“အာဏာသိမ်းပြီးနောက် ထူးခြားချက်တစ်ခုက တိုင်းရင်းသားမီဒီယာတွေ အလိုအလျောက်တိုးတက်လာတယ် ပရိတ်သတ်လည်းပိုများလာတာကို တွေ့နေရတယ်။ အာဏာသိမ်းတာကို ကောင်းတယ်လို့ပြောတာမဟုတ်ပါဘူး။
ဆိုလိုချင်တာက သတင်းမီဒီယာကြီးတွေ လက်လှမ်းမမှီတဲ့ဒေသက သတင်းတွေကို ပိုပြီးတော့ တင်ဆက်နိုင်တယ်။ ဥပမာ လူထုလှုပ်ရှားမှုတွေ တိုက်ပွဲသတင်း၊ ဒေသတွင်းက သတင်းတွေကို နေ့စဉ်တင်ဆက်နိုင်ခဲ့တယ်။
ဒါကြောင့် ပြည်မက ပြည်သူတွေကလည်း စိတ်ဝင်စားမှုများလာတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းမီဒီယာတွေအနေနဲ့ တာဝန်ပိုကြီးလာတယ်လို့ ဆိုရမယ်”
မိုင်းအယွန်း (အယ်ဒီတာ – ရွှေဖီမြေသတင်းဌာန )
ကျွန်တောတို့ သတင်းဌာနက အာဏာသိမ်းပြီးတော့ အရင်က လားရှိုးမြို့ပေါ်မှာ အခြေချရာကနေ အခုတော့ လွတ်မြောက်နယ်မြေဆီကို သိမ်းရှောင်နေရပါတယ်။ ဒီလို သိမ်းရှောင်နေရတဲ့အတွက်ကြောင့် သတင်းလုပ်ငန်း လုပ်ကိုင်ရာမှာ အဆင်မပြေမှုများစွာရှိပါတယ်။ အဓိကကတော့ မီး၊ အင်တာနက်လိုင်းတွေပေါ့ ဒါ့အပြင် စားဝတ်နေရေးအပိုင်းမှာလည်း အခက်အခဲတွေရှိတယ် ပြည်သူတွေကနေပြီးတော့ ကူညီပံ့ပိုးမှုနဲ့ ရပ်တည် နေရတယ်။ နောက် ကျွန်တော်တို့က ရုံးကို အတည်တကျမထားတဲ့အခါ မကြာခန ပြောင်းရွှေ့ပြီးလုပ်နေရတော့ သတင်းတင်ဆက်တဲ့အပိုင်းမှာ များစွာ အခက်အခဲကြုံတွေ့နေရပါတယ်။
သတင်းမီဒီဆိုတာက နိုင်ငံတစ်နိုင်ငံအတွက်၊ နောက်ပြီး ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက်လည်း အင်မတန်မှ အရေးကြီးပါတယ်။ ဥပမာပြောရရင် ကျွန်တော်တို့ တအာင်းလူမျိုးတွေကိုဆိုရင် အရင်က မြို့ကြီးပြကြီးကလူတွေက တအာင်းဆိုတာက စားစလား၊ သောက်စရာလားဆိုပြီး ဘာမှန်းကိုမသိတဲ့ ခေတ်ပေါ့။ အခု မီဒီယာတွေပေါ်မှာ ကျွန်တော်တို့ တအာင်းလူမျိုးတွေအကြောင်း များများတင်ဆက်လာတာများမှ သိကြတာတွေရှိတာပေါ့။ နောက် အရင်က သတင်းမီယာအားနည်းတဲ့ခေတ်မှာ ကျွန်တော်တို့ ဒေသအတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို ဘယ်သူမှမသိလိုက်ရဘဲ ဒီအတိုင်းပြီးသွားကြတယ်။
ကျွန်တော်တို့ ရွှေဖီမြေသတင်းဌာနဆိုရင်လည်း သတင်းထောက်တွေကို ဖမ်းတာ သတင်းဌာန ပိတ်ပြင်တာတွေကခံနေရပါတယ်။ လက်ရှိမှာလည်း ကျွန်တော်တို့ရဲ့ အမျိုးသမီး ရုပ်သံ သတင်းထောက် တစ်ဦးဖမ်းခံနေရပါတယ်။ ဖမ်းချင်တာတော့ ကျွန်တော်တို့ တစ်ဖွဲ့လုံးကိုပေါ့။ အခုလို ဖိနပ်မှုတွေလုပ်တော့ ပြည်သူတွေအနေနဲ့ မှန်ကန်တဲ့သတင်းတွေမရှိရနိုင်ဘူးပေါ့။ တခါတလေမှာ လူတွေကပြောကြမှာပေါ့လေ ကျွန်တော်တို့ သတင်းရေးရင် ဘက်လိုက်မှုတွေရှိတယ်ဆိုပြီးတော့ တကယ်တော့ စစ်ကောင်စီဘက်က သတင်းရဖို့က ကျွန်တော်တို့အနေနဲ့ အခက်အခဲရှိတယ်။
ဆလိုင်းမန် ( CEO – Chin World Media )
ကျွန်တော်တို့လည်း အာဏာသိမ်းပြီးနောက်တော့ ရုံးကို ပိတ်လိုက်ပြီးတော့ ဒီလိုပဲ ကိုယ်ရောက်တဲ့နေရာကနေ လုပ်ငန်းတွေကို လုပ်နေရတယ်။ နောက် ကျွန်တော်တို့က ပြည်တွင်းမှာပဲ ရှိနေတော့ သတင်းလုပ်ရတာ စိတ်မသန့်ဘူးပေါ့ စိုးရိမ်းစိတ်တွေနဲ့ ဘယ်နေ့ဘယ်လိုဖြစ်မယ်မှန်းမသိဖြစ်နေတယ် ဒါက အခြား ငွေရေးကြေးရေး အခက်အခဲတွေထက် အဆိုးဆုံးအခက်အခဲလို့ပြောရပါမယ်။ ဒါပေမဲ့လည်း ကြိုးစားပြီးတော့ သတင်းတွေကို ကိုယ်တတ်နိုင်သမျှ တင်ဆက်နေခဲ့တယ်။ ဒီလိုအခက်အခဲကြောင့် ကျွန်တော်တို့ ဝန်ထမ်းတွေလျော့ချတာ လည်းမရှိသလို အသစ်လည်းထပ်မတိုးခဲ့ပါဘူး။ နဂိုလူတွေကပဲ ဆက်လက် အလုပ်လုပ်နေရတာပါ။
အာဏာသိမ်းပြီးနောက် ထူးခြားချက်တစ်ခုက တိုင်းရင်းသားမီဒီယာတွေ အလိုအလျောက်တိုးတက်လာတယ် ပရိတ်သတ်လည်းပိုများလာတာကို တွေ့နေရတယ်။ အာဏာသိမ်းတာကို ကောင်းတယ်လို့ပြောတာမဟုတ်ပါဘူး။ ဆိုလိုချင်တာက သတင်းမီဒီယာကြီးတွေ လက်လှမ်းမမှီတဲ့ဒေသက သတင်းတွေကို ပိုပြီးတော့ တင်ဆက်နိုင်တယ်။ ဥပမာ လူထုလှုပ်ရှားမှုတွေ တိုက်ပွဲသတင်း၊ ဒေသတွင်းက သတင်းတွေကို နေ့စဉ်တင်ဆက်နိုင်ခဲ့တယ်။ ဒါကြောင့် ပြည်မက ပြည်သူတွေကလည်း စိတ်ဝင်စားမှုများလာတယ်။
ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းမီဒီယာတွေအနေနဲ့ တာဝန်ပိုကြီးလာတယ်လို့ ဆိုရမယ်။ အခုလိုကာလမှာ သတင်းအတည်ပြုဖို့ ခက်ခဲတဲ့အခါ Facebook လောက်မှာတွေ့တဲ့ သတင်းအစအနလောက်ကို ယူပြီးတော့ သတင်းရေးတာမျိုးမဖြစ်ဖို့ပေါ့။
အရင်ကဆိုရင် သတင်းရေးမယ်ဆိုရင် လွတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ ရဲ တွေအနေနဲ့လည်း အရင်ကတော့ သတင်းမေးလို့ရှိရင် ကောင်းကောင်းမွန်မွန်ဖြေကြားပေးတယ်။ နောက် အခြားသော လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေရှိတယ်။ အခုတော့ ဒီကဏ္ဍတွေအကုန်လုံးက ပျောက်သွားတော့ ကျွန်တော်တို့မှာ သတင်းနဲ့ပတ်သက်ရင် အတည်ပြုဖို့ အရမ်းခက်ခဲလာတယ်။ ဒါကို သတိထားဖို့လိုမယ်။
ဘာကြောင့်လဲဆိုတော့ သတင်းတု သတင်းမှားတွေများနေတယ်ဆိုတောလေ သတင်းသမားတွေကိုတိုင် အလိမ်ခံရတာမျိုးတော့ မဖြစ်ဖို့လိုတာပေါ့။ အခုချိန်မှာ ပြည်သူတွေကလည်း သတင်းမှားတွေကို မဖတ်မိဖို့ သတင်းမှန်ကို သိရှိဖို့လိုတယ်။ ဥပမာ သတင်းတစ်ပုဒ်ကို အလွန်အကျူးချဲ့ကားပြီး ရေးတာမျိုးတွေမဖြစ်စေချင်ဘူးပေါ့ ဒီလိုရေးလိုက်ချင်းအားဖြင့် လူထုတွေအနေနဲ့ မျှော်လင့်ချက်အမှားတွေဖြစ်သွားနိုင်တယ်လေ။
စောချစ်အေး ( အယ်ဒီတာချုပ် – ကန္တာရဝတီတိုင်း(မ်)
ကျွန်တော်တို့ ကရင်နီဒေသကတော့ အားလုံးသိတဲ့အတိုင်းပါပဲ နေ့တိုင်းလိုလို စစ်ပွဲတွေဖြစ်နေရတယ်။ ကျွန်တော်တို့ ရုံးဝန်ထမ်းတွေကလည်း တစ်ဝက်လောက်က လွတ်မြောက်နယ်မြေထဲကို ရောက်နေရတယ်ဆိုပေမဲ့ သတင်းထောက်တွေကတော့ စစ်မြေပြင်မှာပဲ ရှိနေပြီးတော့ သတင်းယူနေရတယ်။ နောက် အချို့က စစ်ကောင်စီ ထိန်းချုပ်တဲ့ နယ်မြေထဲမှာနေပြီးတော့ သတင်းအလုပ်လုပ်နေရတယ်ဆိုတော့ ဘယ်ချိန်မှာ ဖမ်းခံရမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေရတာပေါ့။
ပြီးတော့ ကိုယ်က သတင်းထောက်ပါလို့ ပြောလို့မရတဲ့ အခြေအနေမှာရှိနေတယ်။ တစ်နေရာနဲ့တစ်ရာကို သွားပြီး သတင်းယူဖို့လည်း လမ်းခရီးမှာ စစ်ကောင်စီတပ်နဲ့တွေ့မလား ဒါမှမဟုတ်လည်း သူတို့ထောင်ထားတဲ့ မိုင်းနင်းမိမလားဆိုတဲ့ အသက်အန္တရာယ် လုံခြုံရေးက စိုးရိမ်နေရတယ်။
ပြီးတော့ စစ်ကောင်စီက ကရင်နီပြည်မှာ သူတို့ မထိန်းချုပ်နိုင်တဲ့ နေရာဒေသတွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်ထားတော့ သတင်းထောက်တွေအနေနဲ့ သတင်းပို့ဖို့၊ ရုံးနဲ့အဆက်အသွယ်လုပ်ဖို့ အခက်အခဲတွေရှိနေတယ်။ စားဝတ်နေရေးလည်း ကုန်ဈေးနှုန်းတွေတက်လာတော့ အခက်အခဲတွေကြုံနေရပါတယ်။
စတုတ္ထမဏ္ဏိုင်လို့ပြောတာ မမှားပါဘူး သတင်းမီဒီယာတွေက အစိုးရအဖွဲ့အစည်းတွေကို ဝေဖန်ထောက်ပြတာ၊ ပြည်သူတွေကို အသတင်းအချက်အလက်တွေမျှဝေတာ နောက် ပြည်သူတွေရဲ့ အသံကိုဖော်ပြပေးတာတွေကို အဓိကလုပ်နေရတာဆိုတော့လေ။ ကျွန်တော်တို့ သတင်းသမားတွေက အကယ်၍ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပြည်သူကိုပေးဖို့လိုတာပေါ့နော။ နောက်ပြီးတော့ လွတ်လပ်တဲ့ သတင်းမီဒီယာမရှိဘဲ နိုင်ငံပိုင် မီဒီယာတွေပဲရှိမယ်ဆိုရင် အစိုးရရဲ့ ဝါဒဖြန့်တာလောက်ပဲ လုပ်နေမှာလေ ဒါကြောင့် လွတ်လပ်တဲ့ သတင်းမီဒီယာက အရေးကြီးပါတယ်။
အခုလို စစ်ကောင်စီက မီဒီယာတွေကို ကန့်သတ်လိုက်တော့ တော်တော်များများက ပြည်ပကို ရောက်သွားရတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ မီဒီယာတွေကလည်း စစ်ကောင်စီအကြိုက်လိုက်ရေးနေရတယ်။ ဆိုတော့ ပြည်သူတွေက သတင်းမှန်ကိုသိရှိဖို့ ခက်ခဲတာပေါ့ TV မှာလာတာလောက် နောက်ပြီး ပြည်တွင်းမှာရှိနေတဲ့ မီဒီယာလောက်ရဲ့ သတင်းကိုပဲ နားထောင်းနေရတော့ စစ်ကောင်စီအကြိုက်သတင်းတွေပဲဖြစ်နေတယ်။ လွတ်လပ်တဲ့ သတင်းတွေကို မသိရှိနိုင်ဘူးဖြစ်နေတယ်။
မန်ယုကျော်(ရွှေဝမြေ) ( လက်ထောက်အယ်ဒီတာ – နိရဉ္စရာသတင်းဌာန)
ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာကတော့ အခြား တိုင်းနဲ့ပြည်နယ်နဲ့ မတူဘူးပေါ့နော။ အာဏာသိမ်းပြီးတဲ့နောက် ဆူပူမှုတွေလည်း သိပ်မဖြစ်တော့ အေးချမ်းတယ်လို့ပဲ ပြောရပါမယ်။ ဒါပေမဲ့ မီဒီယာတွေကိုတော့ စစ်ကောင်စီဘက်ကအညိုးအသေးထားပြီး ရန်သူသဖွယ်ဆက်ဆံနေတဲ့ခါကျတော့ သီးခံအောင့်အီးပြီးတော့ သတိထား လုပ်နေရတဲ့အပိုင်းတွေရှိနေပါတယ်။ ပြည်တွင်းမှာနေပြီးတော့ လုပ်လို့တော့ရတယ် သူတို့နဲ့ ဆိုင်တဲ့ သတင်းတွေကိုတော့ သတိကြီးကြီးထားပြီးတော့ လုပ်နေရတယ်။
နောက် စစ်ကောင်စီလို့မသုံးဖို့ပြောတာမျိုးပေါ့ မသုံးလို့ရှိရင်လည်း ပြည်သူတွေက ကျွန်တော်တို့ကို တစ်မျိုးထင်တယ်။ ဒီလ (၇)ရက်နေ့ကစပြီးတော့ ကျွန်တော်တို့ သတင်းဌာနလည်း ရှောင်နေရပြီပေါ့ စစ်တွေက အရင်ရုံးဟောင်းကို စစ်ကောင်စီတပ်နဲ့ ရဲတွေကနေပြီးတော့ လာရှာတယ်။ ဘာကြောင့်လာတယ် ဘယ်သူ့ကိုဖမ်းဖို့လာတယ်ဆိုတာတော့ မသိဘူးပေါ့။ အဲ့နေ့ကစပြီး ကျွန်တော်တို့ ရုံးသစ်ကိုလည်း မဖွင့်နိုင်သေးဘူး ဒီလိုနဲ့ပဲ လက်ရှိမှာတော့ ကျွန်တော်အပါအဝင် သတင်းထောက်တွေ အကုန် ရှောင်ပြီးတော့ အလုပ်လုပ်နေရပါတယ်။
သတင်းမီဒီယာဆိုတာက ပြည်သူတွေရဲ့ နား မျက်စိ ဆိုတဲ့ဟာကျတော့ ဒီအာဏာသိမ်းပြီးတဲ့နောက်မှာ သတင်းတစ်ခုကို အတည်ပြုဖို့အတွက်ဆိုရင် စစ်တပ်ဖက်ကိုလည်း ဆက်သွယ်ဖို့ခက်သလို အစိုးရကလည်း ဖုံးဖိတာတွေရှိတယ်။ ဆိုတော့ အရပ်ဖက်အဖွဲ့အစည်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေဆီကို ဆက်သွယ်ပြီး တော့ အတည်ပြုယူရတာတွေရှိပါတယ်။ မတိကျမသေချာဘဲနဲ့တော့ မတင်ပြပါဘူး။ အစိုးရ၊ စစ်တပ်နဲ့ဆိုင်တဲ့ သတင်းတွေရေးတဲ့ဟာမှာ သတိထားပြီးတော့ ရေးရပါတယ်။
ဘာကြောင့်ဆိုတော့ သူတို့ဘက် အချက်အလက်က ရယူဖို့ခက်နေတယ်။ အဲ့တော့ တဘက်ကပဲ ရတဲ့သတင်းကိုတင်ပြလို့ရင် ကျွန်တော်တို့ကို အချိန်မရွေးလာဖမ်းနိုင် တယ်ပေါ့လေ။ ပိုဆိုတာက အခုက စစ်အာဏာရှင်ခေတ်ကို ပြန်ရောက်သွားပြီးဆိုတော့ သတင်းသမား ဆိုပြီးတော့လည်း ညှာနေမှာမဟုတ်ပါဘူး လက်တွေ့မှာလည်း ရှိနေပြီလေ ဖမ်းဆီးခံရစဉ် စစ်ကြောရေးမှာ သတ်ခံရတာ၊ ကျွန်တော်တို့ တကယ်စိတ်မကောင်းပါဘူး ဒါတွေက မဖြစ်သင့်တဲ့အရာတွေလေ။
အရင် ဦးသိန်းစိန်ခေတ်၊ NLD ခေတ်မှာကတော့ ဒီမိုကရေစီခေတ်ဆိုပြီးတော့ သတင်းသမားတွေကို အနိုင်ကျင့်တာတွေ ရှိတော့ရှိတယ် ဒါပေမဲ့ အခုစစ်တပ်နဲ့ယှဉ်တော့ မဆိုးဘူးလို့ပြောရမှာပေါ့။ ဆိုတော့ နိုင်ငံတစ်နိုင်ငံမှာ သတင်းမီဒီယာဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်သူတွေရဲ့ နား မျက်စိ ဖြစ်သလို တက်လာတဲ့ အစိုးရတိုင်းကို ဝေဖန်ထောက်ပြဖို့ တာဝန်ရှိပါတယ်။
အခုလို သတင်းမီဒီယာဌာနတွေကို ပိတ်သိမ်းလိုက်ခြင်းအားဖြင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ပြည်သူတွေ လူ့အခွင့်အရေးချိူးဖောက်တာတွေခံရမယ်။ ဒီလိုဖြစ်စဉ်တွေကို ပွင့်ပွင့်လင်းလင်းရေးသားတင်ဆက်ခွင့် မရတဲ့ခါကျတော့ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေအများကြီးဖြစ်စေလာနိုင်ပါတယ်။
သတင်းမီဒီယာဌာနတွေ ပိတ်သိမ်းလိုက်ခြင်းအားဖြင့် နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်းကျဆင်းစေပါတယ်။ သက်ဆိုင်ရာလူကြီးတွေ၊ အစိုးရပိုင်းလူကြီးတွေအနေနဲ့လည်း မီဒီယာနဲ့ပတ်သက်ပြီးတော့ ဥပဒေတွေကို ထဲထဲဝင်ဝင်နားလည် သိကျွမ်း နားလည်ဖို့လိုပါတယ် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တနေ့ပြီးတနေ့ ပိုပိုပြီး သတင်းမီဒီယာလွတ်လပ်ခွင့်က ကျဆင်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။