သတင်း

နေ့စဉ်သတင်းအကျဉ်း

မေလ – ၆ – ၂၀၂၂ ခုနှစ်

စစ်တပ်မှအာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်စနစ်မလိုဆန့်ကျင်ခဲ့ကြသည့် ပြည်သူများအပေါ် မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက်ပစ်သတ်မှုကြောင့် ယနေ့ မေလ (၆)ရက်နေ့အထိ သေဆုံးသူ ( ၁၈၂၅ )ဦးအထိရှိခဲ့ကြောင်းသိရပါတယ်။ ထို့အပြင် မတရားဖမ်းဆီးခံရ မှုကြောင့် အကျဉ်းကျနေရသူ ( ၁၃၅၉၅ )ဦးအထိရှိခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် ထွက်ပြေးသိမ်းရှောင် နေရသူ ( ၁၉၇၇ )ဦးအထိ ရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရသည်။

  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ကြားချက်အပေါ် ပါဝင်သင့်ပါဝင်ထိုက်သည့်အစုအဖွဲ့အားလုံး ပါဝင်ရန်လိုအပ် ကြောင်းနှင့်နိုင်ငံတကာမှကြားဝင်စေ့စပ်ပေးရန် စသည့်အချက်များကိုချင်းအမျိုးသားတပ်ဦးမှ ယနေ့ မေလ ၆ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။

 

  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်မှုရှိ သည်ဟုဆိုကာ စစ်တပ်က ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများရှိနေသည့်အတွက် လူဦးရေ ၆ဝ ခန့်သည် ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအချို့သို့ ထွက်ပြေးတိမ်းရှောင်လာနေရကြောင်း သိရသည်။ ထွက်ပြေး တိမ်းရှောင်နေရသူများတွင် ပလက်ဝမြို့နယ်၊ စိမ့်စင်းကျေးရွာမှ လူဦးရေ ၂ဝ ကျော်နှင့် သမိန်ကျေးရွာမှ လူဦးရေ ၃ဝ ခန့်ပါဝင်သည်ဟု သိရသည်။ ယင်းအထဲတွင် ကလေးမိခင်များ၊ ကိုယ်ဝန်သည်များ၊ အမျိုးသားများနှင့် ကလေးငယ်များလည်း ပါဝင်သည်ဟုလည်း သိရသည်။

 

  • ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်းများကို ကရင်နီ တပ်မတော် KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့က မေလ ၄ ရက်နေ့၌ နေရာ ၂ ခုတွင် ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး မီးလောင်ပျက်စီးကာ စစ်သား ၃ ဦး ထက်မနည်းသေဆုံးဒဏ်ရာရကြောင်း KNDF က ယနေ့ သတင်းထုတ်ပြန်သည်။ မေလ ၄ ရက် နံနက် ၄ နာရီကျော်တွင် ဖရူဆိုမြို့နယ်ဘက်မှ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာဘက်သို့ ထွက်ခွာလာ သော စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်ကား ၂ စီး မီးလောင်ပျက်စီးသွားပြီး စစ်သားများ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း၊ နံနက် ၁၀ နာရီကျော်အထိ KNDF က ပြောက်ကျား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

 

  • စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနဲ့ ပတ်သက်လို့ တုံ့ပြန်ဖို့အတွက် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ဆွေးနွေးနေကြပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌက သူကိုယ်တိုင် လက်ခံတွေ့ဆုံမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးဖို့ ပြောဆိုထားပါတယ်။ ဒီဖိတ်ခေါ်ချက်အတွက် အပစ်ရပ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က အထူးအစည်းအဝေးတစ်ရပ်ကို Online ကနေ တစ်ဆင့် ဒီကနေ့ မေလ ၆ ရက်ကနေ ၇ ရက်နေ့အထိ နှစ်ရက်ဆက်ကျင်းပနေတာဖြစ်ပါတယ်။

 

  • “ဝ” ပြည် တပ်မတော် (UWSA)ထိန်းချုပ်နယ်မြေ ဝိန်းကောင်အနီးရှိ မန်ရှန်(မက်မှန်းဆိုင်) သတ္တုတွင်းမှာ ပြီးခဲ့တဲ့ မေလ ၄ ရက်က မိုင်းဂိုဒေါင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အလုပ်သမား ဒါဇင်နဲ့ချီ သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဥ်ကြောင့် မေလ ၄ ရက်မှာ အလောင်း ၉ လောင်းထက်မနည်း တွေ့ရှိခဲ့သလို လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး အလောင်းတွေကိုတော့ ထပ်မံရှာဖွေနေဆဲဖြစ်တယ်လို့ မိုင်းတွင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ “ကျနော်တို့နဲ့ကျ နည်းနည်းဝေးတယ်။ ဒါပေမဲ့ အသံတော်တော်လေးကို ကျယ်တယ်။ မြေတောင် လှုပ်တယ်။ မနေ့ကထိ သွားကြည့်တာ သူတို့ ဘတ်ဖိုးတွေနဲ့ မြေတွေတူးပြီး လူရှာနေကြတုန်း” မီးလောင်ရာကနေ မိုင်းပစ္စည်း သိုလှောင်ထားတဲ့ ဂိုဒေါင်ကို မီးကူးစက်ခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

 

  • ဖားကန့်မြို့ နမ့်မှော်ကျေးရွာအနီးရှိ ရတနာစန်းရွှင်ကုမ္ပဏီလုပ်ကွက်တွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရေမဆေးသမား သုံးဦးသေဆုံးခဲ့ပြီး ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုမှုကြောင့် သေဆုံးခဲ့သူ နှစ်ဦး၏ အလောင်းကိုရှာဖွေနေဆဲဖြစ်သည်ဟု မြေပြင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။ “သူတို့က လေးပေကျင်းပုံစံတူးတာ လက်ကျင်း သဘော ဖောက်စက်နဲ့တူးတာ အထဲကို တူးသွားတာမျိုး အဲ့လိုကျင်းကို ကမ်းပါးပြိုပြီး မြေစာကို ရိုက်မိပြီးတော့ မြေစာပိသွားတဲ့ပုံစံပေါ့။ နှစ်ယောက်ကို မထုတ်ရသေးဘူး” ဟုသူကပြောသည်။

 

  • မကွေးတိုင်း ဂန့်ဂေါမှ ချင်းပြည်နယ် ဟားခါးမြို့သို့ ခြေလျင်ချီတက်လာသည့် စစ်ကောင်စီတပ်များ ကို ဧပြီ ၂၂ ရက်မှ ၃၀ ရက်အတွင်း အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ကယနေ့ ထုတ်ပြန်သည်။ ဂန့်ဂေါမြို့မှ အင်အား ၂၀၀ ခန့်ဖြင့်လာသည့် စစ်ကောင်စီတပ်ကို ဂန့်ဂေါ-ဟားခါး ကားလမ်းတစ်လျှောက်တွင် CNF/CNA ၊ ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)၊ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပါဝင်သော ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အနည်းဆုံးငါးကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၆၁ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

 

  • ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ထင်လတ်ဦးကို လူမှုကွန်ရက် Twitter မှတစ်ဆင့် သတိ ပေး လိုက်ပြီး ငြိမ်းချမ်းရေး ဂရုစိုက်မည် မဟုတ်ဘဲ တိုင်းမှူးနေရာအထိ တိုက် ခိုက်မည်ဟု ပြောဆိုလိုက်သည်။ “ကိုထင်လတ်ဉီး သိပ်လျှောက်မလုပ်နဲ့အာရုံနောက်နေပြီ ငြိမ်းချမ်းရေးဘာညာသောက်ဂရုစိုက်နေမှာမဟုတ်ဘူး။ မင်းနေတဲ့နေရာထိတက်ကြိတ်ပလိုက်မှာနော်” ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက် Twitter တွင် ရေးသားထားသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ ရှစ်လ ကျော်ကြာမြင့်လာပေမယ့် ဒေသခံပြည်သူလူထုရဲ့ သပိတ်တွေကတော့ ရှိနေဆဲပဲဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဖားကန့် ဆန္ဒပြပြည်သူများ KIA ၊ PDF နှင့် NUG ကိုထောက်ခံ ကြောင်းနှင့် စစ်အာဏာရှင်ကျဆုံးရေး ချီတက် ဆန္ဒပြ ကြသည်။ ဆန္ဒပြပြည်သူ များက KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ ၊ ဖက်ဆစ်စစ်တပ် လုံးဝအုပ်ချုပ်ခွင့်မရစေရ ၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊ နွေဦး တော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည် ဟု ကြွေးကြော်ကြသည်။

 

  • ရှမ်းပြည်နယ်၊ ဟိုပုံးမြို့တွင် Digital Strike ဖုန်းများတွင် Click App များနှင့် လူတိုင်း Click ခြင်းဖြင့် တော်လှန်ရေးတွင် ပါဝင်ရန် ရည်ရွယ်၍ အိမ်တွင်းသပိတ်ပြုလုပ်ခဲ့ကြသည်။

 

  • ရန်ကုန်တွင် စမ်းချောင်း ပင်မ သပိတ်စစ်ကြောင်း (Sc Strike )၊ Revolution Force (RF)၊ Labour Alliance အဖွဲ့ဝင်(CTUM)၊Lgbt Community Yangon၊ အလုံလူငယ်တပ်ဦး (AYF) စသည့် မြေပြင် သပိတ်အင်အားစုများ ပူးပေါင်းကာ ယနေ့ မေလ ၆ ရက်နေ့တွင် “သက္ကရာဇ် နှစ်ပြောင်းကာသွား လည်း သွေးကြွေးအတွက်တော့ အကြွေးတောင်းရမယ်” စာတန်းအား ရန်ကုန်မြို့ တစ်နေရာ၌ ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

 

  • မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ မေလ ၆ ရက်နေ့တွင် “တောင်ပေါ်မြေပြန့်ညီညွတ်ကြ စစ်သုံးစစ်ကိုအမြစ်ဖျက်ကြ” စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြေင်းသိရပါသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၆ ရက်နေ့ တွင် “သမဂ္ဂသံဃာတော်များရဲ့အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ညသပိတ်” စာတန်းကိုင်ဆောင် ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ လူငယ်များ ဦးဆောင်ကာ ယနေ့ မေလ ၆ ရက်နေ့တွင် ”ဒေါင်းအလံကို မောင်းပြန်နဲ့ ဘယ်အခါမှ မဖြိုခွဲနိုင်” စာတန်းအား မုံရွာမြို့၏ ကျောင်း တစ်ခုတွင် ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ယနေ့ မေလ ၆ ရက်နေ့တွင် ၄၂၂ ရက်မြောက်အဖြစ် ချီတက် ဆန္ဒပြကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၆ ရက်နေ့ တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေဥက္ကံ လူထုသပိတ်စစ်ကြောင်းသည် ယနေ့ မေလ ၆ ရက်တွင် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

 

  • အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြိုဆိုကြောင်းနှင့် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ယနေ့ မေလ ၆ ရက် နံနက်၌ ရွှေခွန်မြေ သပိတ်စစ်ကြောင်း ကြွေးကြော်ဆန္ဒပြကြသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ မေလ ၆ ရက်နေ့တွင် အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်က တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက်အပေါ် လက်မခံသည့် ကရင်အမျိုးသားအစည်း အရုံး(KNU)၏ သဘောထားမှာ အပြောင်းအလဲမရှိကြောင်း KNU ပြောရေးဆိုခွင့်ရှိ သူ ပဒိုစောတောနီး က ယနေ့ ပြောကြားသည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်က မင်းအောင်လှိုင် ကမ်းလှမ်း ချက်အပြီး နာရီပိုင်းတွင် KNUပြောရေးဆိုခွင့်ရှိသူ တစ်ဦးအနေဖြင့် သဘောထား တုံ့ပြန်ချက်များ ကို မီဒီယာများအား ဖြေဆိုထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ကျွန်​တော်ကိုယ်တိုင် KNU ​ပြော​ရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့တုံ့ပြန်ချက်အတိုင်း ဘာမှအပြောင်း အလဲမရှိဘဲအတည်ဖြစ်ပါ တယ်”ဟု ပဒိုစောတောနီးက ပြောသည်။

 

  • ULA / AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည့် စစ်တွေမြို့နယ်မှ မွတ်ဆလင် ၅ ဦး ပြန်လည်လွတ်မြောက်လာသော်လည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးကို ဆက်လက်ဖမ်းဆီးထား ကြောင့် မိသားစုဝင်များက ပြောသည်။ မေလ ၅ ရက်နေ့ က ပြန်လည်လွတ်မြောက်လာသူထဲတွင် မကျည်းမြိုင်အကွက် (၉) မှ ဦးနာဂူ (ခ) ဦးမောင်ဘ ဘောဒူဖကျေးရွာမှ ဦးနုရ်ဟူဆောင်း၊ ဒါးပိုင် ကျေးရွာမှ ဦးဆော်လိမ်း (ခ) စောနီ၊ သက္ကေပြင်ကျေးရွာမှ အီစုဖ် (ခ) ဦးလှမြင့်နှင့် ဦးကျော်နု တို့ ဖြစ်ကြသည်။ အမှတ် ၁ ရဲစခန်း ဆက်လက် ထိန်းသိမ်းခံထားရသူထဲတွင် ရွာသစ်ကေ ရခိုင်ကျေးရွာ မှ ဦးထွန်းလှစိန် နှင့် ဘောဒူဖကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်တို့ ဖြစ်ကြသည်။

 

  • ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(တောင်ငူခရိုင်) တပ်ရင်း အမှတ်(၃၅၀၂)တွင် ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် (၄)ချက်ကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူ့တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိသစ္စာပြုခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင် စစ်တပ်ရိက္ခာသယ်ဆောင်လာသော ရေယာဉ် ၃ စီးကို ဖမ်းဆီးပြီး ရိက္ခာအားလုံး သိမ်းဆည်းလိုက်ကြောင်း နဂါး ညီနောင်အထူးတပ်ဖွဲ့ (DBTF)က သတင်းထုတ်ပြန်သည်။ မေလ ၆ ရက်နေ့ ချင်းတွင်းမြစ်ရိုးတစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ် ဆောင် နေစဥ်အတွင်း မုံရွာမြို့မှ ခန္တီးမြို့သို့ ထွက်ခါလာသော ကုန်တင်အမြန်ယာဥ် ၃ စင်းသည် ကနီမြို့ရှိ စစ်ကောင်စီတပ်အတွက် ရိက္ခာထောက်ပံ့ရန် ရိက္ခာများ သယ်ဆောင်လာကြောင်း တပ်တွင်း တပ်တွင်းဖရဲသီးများက သတင်းပေးပို့လာကြောင်း၊ ထို့ကြောင့် DBTF အဖွဲ့နှင့် မဟာမိတ်ညီနောင်အဖွဲ့များက ပူးပေါင်းပီးအချိန်မှီသွားရောက်ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန် သည်။

 

  • မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်းမှာ ကျောက်အရောင်းအဝယ်လုပ်နေတဲ့ အမျိုးသားနှစ်ဦး မေလ ၆ ရက် ဒီနေ့မှာ ၄၁ လမ်း၊ ၈၅ နဲ့ ၈၆ လမ်းအနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံ ရပြီးနောက် တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သူတို့က တောင်ခွင်မင်းကြီးကျောင်းနားက အသုပ်ဆိုင်မှာ အသုပ်စားနေကြတာ။ အဲဒီမှာ လာပစ် သွားတာ။ တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရသွားတယ်။ ဘာလို့လာပစ်လဲကို မသိဘူး။ ပစ်တဲ့သူတွေကတော့ လွတ်သွားတယ်။ ကျောက်ဝိုင်းနားဖြစ်တာဆိုတော့ အကုန်လုံးလည်း လန့်ပြီးထွက်ပြေးကြတာ။ ကျောက်ဝိုင်းကတော့ ဒီကနေ့ စျေးကွက်ပျက်သွားတာပေါ့“ ပစ်ခတ်ခံရ လို့ သေဆုံးသူနဲ့ ဒဏ်ရာရသူကို မန္တလေးဆေးရုံကြီးကို ခေါ်သွားတယ်လို့လည်း ပြောပါတယ်။

 

  • (၆)ကြိမ်မြောက် မြိုအမျိုးသားနေ့ကို မောင်တောမြို့၊ သုံးမိုင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ မြိုအမျိုးသားနေ့ ကျင်းပရတာဟာ ရိုးရာဓလေ့၊ စာပေ၊ ယဥ်ကျေးမှု တို့ကို ဖော်ထုတ်လိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်တယ် လို့ သိရပါတယ်။ မြိုစာပေနဲ့ ယဥ်ကျေးမှာအသင်း ဥက္ကဋ္ဌ ဦးဇနီဖြူက ” မြိုအမျိုးသားနေ့ ကတော့ နှစ်စဥ်နှစ်တိုင်းကျင်းပလာတာ အခုဆိုရင် ၆ ကြိမ်မြောက် ဖြစ်သွားပါပြီ။ တခြားမျိုးနွယ်စုတွေမှာ လည်း အမျိုးသားနေ့ဆိုတာရှိတဲ့အတွက် ကျနော်တို့လည်း ကျင်းပရတာဖြစ်ပါတယ် ” လို့ ပြောပါတယ်။

 

  • စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ကျေးရွာအနီးရှိ အင်းပတ်ကွေ့တွင် စစ်ဆေးရေး ပြုလုပ်ရန် ထွက်ခွာလာစဉ် ယနေ့ မေလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၉ ဦးသေဆုံး ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အင်အား ၃၀ ခန့်ပါဝင်ပြီး Khin U Support Organization-KSO အဖွဲ့မှ ပဒေသာ မိုင်း ၆ လုံးဖြင့် ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်သား ၁၉ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

  • အင်တာနက်မှတစ်ဆင့် မြန်မာပြည်သူများ လက်မှတ်ရေးထိုးတောင်းဆိုလိုက်သည့် လက်မှတ် ပေါင်း ၅ သိန်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နယူးဇီလန်နိုင်ငံက တရားဝင်အစိုးရ အဖြစ် အသိအမှတ်ပြုရန် နယူးဇီလန် လွှတ်တော်တွင် ကြားနာပွဲများ စတင်လုပ်ဆောင်နေပြီဖြစ် ကြောင်း နယူးဇီလန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများထံမှ သိရှိရသည်။ နယူးဇီလန်အစိုးရက NUG ကို မြန်မာပြည်၏တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုသော မြန်မာပြည်သူ များ၏ လက်မှတ်စုစုပေါင်း ၅ သိန်း ကျော်ကြောင့် မေလ ၅ ရက်နေ့ နယူးဇီလန်လွှတ်တော်တွင် တရားဝင်ကြားနာပွဲကိုပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

  • စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကြောင်ဆင်းအိုင်နှင့် ကံကလေးကုန်း ကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ကြောင်ဆင်းအိုင်ရွာ ကို အကြမ်းဖက် စစ်တပ်က မေလ ၄ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး မေလ ၅ ရက်နေ့တွင် ပြည်သူပိုင် နေအိမ် ၂ လုံးနှင့် စပါးကျီ ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ကာ ပစ္စည်းများ စားသောက်ကုန်များကို ခိုးယူ လုယက်သွား ကြောင်း သိရသည်။

 

  • ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ယာဉ်တိုက်မှုကြောင့် ကျောင်းသားတစ်ဦးသည် ပွဲချင်းပြီး သေဆုံး သွားကြောင်းသိရသည်။ သေဆုံးသွားသူမှာ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းအုပ်စု၊ မြို့ချိန်ကျေးရွာမှ ဦးကြာလှအောင်နှင့် ဒေါ်အစိတ်ကေတို့၏သား မောင်ပြည့်စုံအောင် (၁၉ နှစ်ခန့်)ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူဖြစ်ပြီး ကျောက်ဖြူမြို့နယ် စနဲမြို့ရှိ မြတန်ဆောင်း ပညာဒါန သင်တန်းကျောင်းတွင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာတက်ရောက် သင်ကြားနေသူဖြစ် သည်ဟု ဒေသခံများက ပြောသည်။

 

  • စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် နဂါးညီနောင်အထူးတပ်ဖွဲ့ Dragon Brothers Task Force – DBTF က စစ်ကောင်စီတပ်ဖွဲ့များ ဖြတ်သန်းသွားလာခြင်းမရှိစေရန် လမ်းလုံခြုံရေး ဆောင်ရွက်နေကြောင်း သိရှိရသည်။ ‘ငါတို့မြို့၊ ငါတို့လမ်း ငါတို့ပိုင်တယ်။ ဘယ် မအလ မှ အုပ်ချုပ်ခွင့်မရစေရ’ ဟု DBTF အဖွဲ့က ထုတ်ပြန် ထားသည်။

 

  • ဆီဆိုင်မြို့ဘုရားဖြူမွေတော်ဘုရားတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များအတွက် ဝါမဝင်ခင် အဆောက်အဦးဆောက်ပေးရန်အတွက် လိုအပ်မှုတွေရှိနေကြောင်းသိရသည်။ ဘုရားဖြူမွေတော် ဘုရားပရဝဏ်တွင် နှစ်စဉ်ဦးပုပ်သီလစောင့်တည်ကြသောနေရာဖြစ်သည့်အတွက် စစ်ဘေးရှောင် များ ဝါမဝင်ခင်ပြောင်းရွေ့နိုင်ရန် အဆောက်အဦးအသစ် တည်ဆောက်ပေးရန် လိုအပ်ကြောင်း သိရသည်။ “တစ်လအတွင်း အပြီးဆောက်သွားဖို့ရှိတယ် အဆောက်အဦး တစ်ခုလုပ်ဖို့ကမလွယ် ဘူး လိုအပ်ချက်တွေကတော့အများကြီးရှိတယ်” ဟု စစ်ဘေးရှောင်များအား ကူညီပေးသည့် ကော်မတီအဖွဲ့ဝင် ခွန်ကျော်ဆွေ ကပြောသည်။

 

  • စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသစ်အရှေ့ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ မေလ ၆ ရက် နံနက် ၄ နာရီခွဲတွင် မီးတင်ရှို့မှုကြောင့် အိမ်ခြေ ၅၀ ကျော် မီးလောင်ပြာကျသွားပြီး အသက် ၇၀ အရွယ် အဖွားအို ၁ ဦးပါ မီးလောင်သေဆုံးသွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

 

  • ကချင်ပြည်နယ်တွင် မြို့နယ်ပေါင်း (၁၈) မြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့ အထိ ကိုဗစ်-၁၉ ပိုးကူးစက်သူ စုစုပေါင်း (၆၀၅၇) ဦး ရှိလာသည့်အပြင် သေဆုံးသူ (၆) ဦး ထိရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့် လူမူကူညီရေးအသင်းများထံမှ သိရသည်။ သို့သော် အဆိုပါစာရင်းများသည် စစ်ကောင်စီတပ်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလမှ ဧပြီလ အထိ မြစ်ကြီးနားမြို့နယ်တွင် ပိုးကူးစက်ခံရသူ (၂၀၁၀) ဦးနှင့် သေဆုံး (၂) ဦး ၊ ဝိုင်းမော်မြို့နယ်တွင် ကူးစက်ခံရသူ (၅၀၀) ဦးနှင့် သေဆုံး (၂) ဦး ၊ ချီဖွေမြို့နယ်တွင် ပိုးတွေ့လူနာ (၁၄၃) ဦး နှင့် သေဆုံး မရှိ ၊ တနိုင်းမြို့နယ်တွင် (၁၅၆) ဦးနှင့် သေဆုံး (၁) ဦး ၊ ဆော့လော်မြို့နယ်တွင် ပိုးတွေ့ (၁၉) ဦးနှင့် သေဆုံးမရှိ စသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ (၂၈၂၈) ဦး နှင့် သေဆုံးသူ စုစုပေါင်း (၅) ဦး ရှိခဲ့သည်။

 

  • စစ်ကောင်စီက ထားဝယ်တက္ကသိုလ်မှာ နည်းပြ/ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်တွေ ခန့်အပ်တဲ့ အခမ်းအနားကို ဒီနေ့ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာကျင်းပခဲ့ပါတယ်။ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးမြတ်ကိုတက်ရောက်ခဲ့ပြီး စုစုပေါင်း ဆရာ၊ ဆရာမ ၄၆ ဦးကို အသစ်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားတစ်ဦးကတော့ “အသစ်ခန့်တာတော့ဟုတ်ပါပြီ ဘယ်သူတွေကိုသင်မှာ တဲ့လဲ။ ကျွန်စိတ်ဝင်နေတဲ့ကျောင်းသားလေး လက်တဆုတ်စာကိုဝိုင်းသင်ကြမယ်ထင်တယ်” လို့ပြောပါတယ်။

 

Related Articles

Back to top button