ဧပြီလ – ၁၅ – ၂၀၂၂ ခုနှစ်
၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့ နိုင်ငံတစ်ဝှမ်းဒေသအသီးက သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ စုစည်းတင်ပြပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် ယနေ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့အထိ စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံးခဲ့ရသည်မှာ ( ၁၇၅၆ ) ဦးအထိရှိခဲ့ပြီး မတရားဖမ်းဆီးခံရသူ ( ၁၃၂၈၂ )ဦးအထိရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရသည်။
- ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်မြို့သစ်ဝန်းကျင်တွင် ယမန်နေ့ညပိုင်းက တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်များကြား စစ်ရေးတင်းမာနေကာ လက်ရှိတွင် နှစ်ဘက်တပ်များ ရင်ဆိုင်ထားသည့် အနေအထားဖြစ်နေကြောင်း KNU လက်အောက်ခံ လေးကေကော်မြို့သစ် ဥက္ကဋ္ဌက ပြောသည်ဟု ဧရာဝတီသတင်းဌာနတွင်ဖော်ပြထားသည်။ “လက်ရှိ အခြေအနေကတော့ ရင်ဆိုင်နေတုန်းပဲ။ မနေ့ကတော့တက်လာပေမယ့် မရတော့ပြန်ဆုတ်သွားပြီး ရင်ဆိုင်နေတဲ့ အနေအထားပေါ့။ တိုက်ပွဲဖြစ်နိုင်ခြေကတော့ မြင့်နေတာပေါ့။ သူတို့ တကယ်လို့ ဆက်တိုးရင်တော့ တိုက်ပွဲက အရှိန်မြင့်လာနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
- မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း သို့မဟုတ် ပြည်သူ့ရင်ပြင်တွင် ယနေ့ညနေ ၅ နာရီ ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကို မသိရသော် လည်း ကားပေါ်မှဆင်းလာပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက The 74 Media ကိုပြောတဲ့အကြောင်း ဖော်ပြထားသည်။ “အဲ့ရှေ့နားရောက်တာနဲ့ ပစ်တဲ့အသံကြားရတော့ တာပဲ ဈေးသည်ပြောတာတော့ ကားနဲ့လာပြီး ကားကရပ်ထားတာ။ ခဏနေတော့ ကားပေါ် ကဆင်း ကျည်ကာတွေထုတ်ဝတ်ပြီး ပစ်တော့တာတဲ့ ။ လူတွေလဲ ဝရုန်းသုန်းကားနဲ့ပြေးနေတာ ကားတွေ လည်း တိုက်လို့” ဟု ဆိုသည်။
- ကရင်နီပြည်နယ်တွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ဒုတိယတပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၈ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၀ ဦး ကျဆုံးသွား ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် ဒီးမော့ဆိုမြို့နယ်သို့ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ကြောင်း၊ အများပြည်သူ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာ များအတွင်း မြေမြှုပ်မိုင်းများ ထောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း KNDF က ဆိုသည်။
- ယနေ့ဧပြီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ၅၄ နှစ်မြောက် ကယောအမျိုးသားနေ့ကို ဖရူဆိုမြို့နယ် အတွင်းက ကယောအမျိုးသားကျောက်တိုင် စိုက်ထူထားတဲ့ နေရာမှာ နိုင်ငံရေးအခြေအနေနဲ့ လုံခြုံရေးအနေအထားကြောင့် ဒီနေ့မနက် ၉ နာရီမှ ၁၁ နာရီခွဲအချိန်အထိ အကျဉ်းချုပ်သာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ကယောအမျိုးသားလူငယ်တစ်ဦးက “ ဒီတစ်နှစ်ကတော့ အကျဉ်းချုပ်ပဲပေါ့နော။ ခါတိုင်းနှစ်ကျတော့ စည်စည်ကားကားနဲ့ ပြုလုပ်ကြတယ်ပေါ့။ ဒီနှစ်က နိုင်ငံရေးအခြေအနေကြောင့် မို့လို့ အကျဉ်းချုပ်ပဲ ပြုလုပ်ခဲ့တာပေါ့။ လုံခြုံရေးအနေအထားအရလည်း ချင့်ချိန်ပြီး လုပ်ရတဲ့ အနေအထားမျိုးပေါ့။ စစ်ဘေးရှောင်တွေက တချို့လာပါဝင်ပြီးတော့မှ တက်တာတော့ တွေ့တယ်။” လို့ ကန္တာရဝတီတိုင်း(မ်)သတင်းဌာနတွင်ဖော်ပြထားပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင်း လေပြင်းတိုက်ခိုက်မှုဖြစ်ပြီး သစ်ကိုင်းကျိုးကျရာကနေ အသက် ၁၃ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးထိခိုက်သေဆုံးကာ သေဆုံးသူ၏ မိသားစုများနှင့် အဆက်အသွယ်မရသေးကြောင်း မူဆယ်ပြည်သူ့ဆေးရုံးကျန်းမာရေးဆရာမတစ်ဦးက ပြောပါ တယ်။ နေ့လည် ၂ နာရီဝန်းကျင် မူဆယ်မြို့ အ.ထ.က (၃) ရှေ့တွင် ဖြစ်ပွားပြီး ထိခိုက်သည့် ကလေး ငယ်မလေးကို မူဆယ်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ထားပြီး (၄) နာရီဝန်းကျင်မှာ သေဆုံးသွား တယ်လို့ မူဆယ်ပြည်သူ့ဆေးရုံး ကျန်းမာရေး ဆရာမတစ်ဦးကပြောသည်ဟု ရွှေဖီမြေသတင်းဌာန တွင်ဖော်ပြထားပါတယ်။
- ဖားကန့်မြို့နယ်လုံးဆိုင်ရာ မှော်ပေါင်းစုံသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၁၅ ရက်နေ့ တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ပြီး အမျိုးသမီးများ၊ လူငယ်များနှင့် LGBTQ (လိင်စိတ်ခံယူကွဲပြားသူများ) တို့ ပူးပေါင်းပြီး ယနေ့ သင်္ကြန်အကြတ်နေ့တွင် “အပျော်သင်္ကြန် ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့ အသံ” ဆိုသည့် စားသားပါဆိုင်းဘုတ်ကိုင်စွဲပြီး စစ်ကောင်စီလက်အောက် ကျရောက်နေသော သင်္ကြန်ကို တော်လှန်သင်္ကြန်ဖြင့် တော်လှန်ကြရန် လမ်းမထက် ချီတက်ဆန္ဒပြခဲ့ကြသည်။ အခြားကျေးရွာတစ်ရွာတွင်လည်း ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ သင်္ကြန် အကြတ် နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ ဧကနိရွာလူငယ်များပူးပေါင်းပြီးဧပြီလ ၁၅ ရက်နေ့မနက်ပိုင်း သင်္ကြန်အကြတ်နေ့မှာ အကြမ်းဖက် ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါ သည်။ ထို့အပြင် ရေဖြူမြို့နယ်အတွင်းရှိ လူငယ်များကလည်း ယနေ့မနက်ပိုင်းတွင် “အပျော် သင်္ကြန်တို့ ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ”ခေါင်းစဥ်နှင့်အတူ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး အိမ်တွင်းသပိတ်ဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။
- ရန်ကုန် ဗဟိုလမ်း လှိုင်စစ်ကြောရေး အနီးတွင် YGR အဖွဲ့မှ တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး “ပေတရာပေါ်မှာ သွေးမြေကျနေဆဲ မို့ ပျော်စရာ သင်္ကြန် မဟုတ်ပါ” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
- ယနေ့ ကျရောက်သော သင်္ကြန် အကြတ်နေ့တွင် ရန်ကုန်မြို့၏ အချက်အချာကျသော လှည်းတန်း ဂုံးတံတားအောက် ပြည်လမ်းမပေါ်တွင် ရန်ကုန်လူထုသပိတ်မှလူငယ်များသည် “လူထုအခြေမပြု တဲ့ သင်္ကြန် မဆင်နွှဲခြင်းဖြင့်ပုန်ကန်” ဟူသော စာသားကို ရန်ကုန်လူထုသပိတ်က ချိတ်ဆွဲကာ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်သည်။ အဆိုပါ စာသားနှင့်အတူ “Revolution Is Not A Festival” ဟူသောစာသားများနှင့် တော်လှန်ရေးအင်အားစုများက သင်္ကြန်မတိုင်ခင် ရက်များကပင် စစ်ကောင်စီ ဝါဒဖြန့် သင်္ကြန်ပွဲတော်အား ပူးပေါင်းပါဝင်ခြင်း မပြုရန် တပ်လှန့် နှိုးဆော်ထား ခြင်းဖြစ်သည်။
- မန္တလေးတွင် “အပျော်သင်္ကြန်ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန်ပြည်သူ့အသံ” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဖြုတ်ချရေး ယနေ့ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် ချီတက် သပိတ် မှောက် ကြသည်။ မဟာသင်္ကြန်အကြတ်နေ့တွင် မန္တလေးလူထုနှင့်အတူ မန္တလေးသပိတ် အင်အားစုက “အပျော်သင်္ကြန်ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန်ပြည်သူ့အသံ” ကြွေးကြော်သံဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံရေး အမြတ်ထုတ် အတုအယောင်အပျော်သင်္ကြန်ကို ဆန့်ကျင် သပိတ်မှောက်ကြရန် နိူးဆော်သည်။
- မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၅ ရက်နေ့ တွင် “တိုင်းပြည်အတွက် အသက်နဲ့ဘဝကို စွန့်အခက်အခဲတွေကို မိဝေးဖဝေးနဲ့ကျော်ဖြတ်နေတဲ့ PDF-EROs သူရဲကောင်းများအား လေးစားဂုဏ်ပြုပါတယ်။ (သံဃသမဂ္ဂ)” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မန္တလေးတွင် ပြည်ကြီး တံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- မေမြို့ပင်မ အထွေထွေ သပိတ်အင်အားစုမှ လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၅ ရက်နေ့ တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
- စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၁၅ ရက်နေ့တွင် “အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ” စာသားကို ကိုင်ဆွဲကာ ညနေခင်းသပိတ်အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
- စစ်ကိုင်းတိုင်း၊ ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံ သပိတ်စစ် ကြောင်းမှ ယနေ့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သင်္ကြန်တွင်း သံချပ်ထိုးခဲ့ကြသည်။
- ယင်းမာပင်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင် မရှာဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- မုံရွာမြို့ရဲ့သပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင် မတရားဖမ်းဆီးထိမ်းသိမ်းခံရတဲ့ ၁ နှစ်ပြည့်မြောက် သောနေ့ ဖြစ်သည့် ယနေ့ ဧပြီ ၁၅ ရက်နေ့တွင် “ငါတို့သည်ဝေမိုးနိုင် We Are Wai Moe Naing” ဆိုသည့် စာသားများ ကိုင်ဆွဲကာ ရွာပေါင်းစုံ သပိတ်ကို ကျေးရွာလူထု က ၄၀၁ ရက်မြောက် နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ် စစ်တပ်ကို ဆန့်ကျင်ချီတက်မှု ဧပြီ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။
- စစ်ကိုင်းတိုင်း၊ မုံရွာအနောက်မြောက်လွင်ပြင်ဒေသမှ ပြည်သူများက သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့တွင် ဖက်ဆစ်သင်္ကြန် တို့လက်မခံ ကြွေးကြော်သံဖြင့် ချီတက် သပိတ်မှောက်ကြသည်။
- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျေးရွာတစ်ခုတွင် စစ်အာဏာရှင် ကျဆုံးရေး ပြည်သူများက သင်္ကြန် အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့တွင် ချီတက် သပိတ် မှောက်ကြသည်။
- ပခုက္ကူမြို့ ပခုက္ကူ လူထု တိုက်ပွဲ ကောင်မတီ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ဆန္ဒပြ ခဲ့ကြောင်း သိရသည်။
- အရာတော်မြို့တွင် အရာနော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်၍ ကျေးရွာ လူထု က အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန် သပိတ်စစ်ကြောင်းကို ယနေ့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ချီတက်ခဲ့ကြသည်။
- မြိုင်မြို့နယ် တောင်ပိုင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- အာဏာလု စစ်ကောင်စီအလိုကျ ကျင်းပတဲ့ သွေးစွန်းသင်္ကြန်ကို မြိုင်မြို့နယ် 3in1 PDF က သပိတ် မှောက်တယ်လို့ သတင်းဓာတ်ပုံတွေနဲ့အတူ ဒီနေ့ သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ရက်မှာ ထုတ်ပြန်ပါ တယ်။ သွေးစွန်းသင်္ကြန်ကို သပိတ်မှောက်ပြီး တော်လှန်ပုန်ကန်တဲ့ လူထုနဲ့အတူ ရပ်တည်ပြီး လူထု အာဏာ ပြန်ရတဲ့အထိ၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်နိုင်တဲ့အထိ ဘယ်အခက်ကိုမဆို ကျော်ဖြတ်ပြီး ရောက်အောင်သွားမယ်လို့ ကတိပြုဖော်ပြပါတယ်။
- ဧပြီ ၁၅ ရက် (အကြတ်နေ့) မှာ “တော်လှန်ရေးရဲ့ အဓိကထောက်တိုင် CDM နဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ပိုမိုထောက်ပံ့ကြမယ်၊ ဖေးမကြမယ်၊ အားပေးစကားပြောကြမယ်” ဆိုတဲ့ လှုပ်ရှားမူ ကို LA အဖွဲ့ဝင် FGWM ပြုလုပ်ခဲ့သည်။
- ကနီမြို့နယ် မုံရွာ – ယာကြီး – ကလေးဝလမ်း လယ်ရှည်ဇရပ်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော် (၅)ဦး (၁)နှစ်ပြည့် ဆန္ဒပြပွဲကို ဧပြီ ၁၅ က ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ NUG ကာကွယ်ရေး အလံကို အလေးပြုခြင်း ၊ ခေတ်အဆက်ဆက်နဲ့ နွေဦးတော်လှန်ရေးကာလ၌ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများ ၊ လယ်ရှည်ဇရပ် တိုက်ပွဲ၌ ကျဆုံးသွားသော ရဲဘော် ၅ ဦးကို အလေးပြုခြင်း ၊ လွမ်းသူ့ပန်းခွေချခြင်း များပြုလုပ်ခဲ့ပါတယ်။
- တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ရဲစခန်းနှင့် သင်္ကြန်မဏ္ဍပ်ကြားတွင် လုံခြုံရေးယူ ထားသော အကြမ်းဖက်စစ်ကောင်စီဝင်များကို ယနေ့ ဧပြီ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် Drone မှ တစ်ဆင့် တိုက်ခိုက်ခဲ့ကြောင်း YePhyu People Deffence Force (YPPDF) က သတင်း ထုတ်ပြန်သည်။ အကြမ်းဖက် စစ်ကောင်စီဝင်များ လုံခြုံရေးယူနေစဥ် ရေဖြူမြို့နယ်ပြည်သူ့ ကာကွယ်ရေးဖွဲ့သားများမှ Drone တွင် လက်လုပ်ဗုံးသီးတပ်ဆင်ကာ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ Drone ဖြင့် တိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်ကောင်စီ ဝင်များသည် မိုင်းပေါက်ကွဲပြီးချိန်တွင် နီးစပ်ရာသို့ ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ရေဖြူမြိုနယ် မဏ္ဍပ်ကို ရပ်နားလိုက်သည်ဟု သိရှိရသည်။