သတင်း

နေ့စဉ်သတင်း အကျဉ်း

မတ်လ – ၄ – ၂၀၂၂

စစ်အာဏာသိမ်းမှုဆန့်ကျင် လူထုလှုပ်ရှား မှုအပေါ် စစ်ကောင်စီတပ်က အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ မတ်လ ၄ ရက်နေ့ အထိ နွေဦးတော်လှန်ရေးအတွင်း အသက် သေဆုံးသူ (၁၆၀၃) ဦး ရှိခဲ့ပြီဖြစ်ပါ တယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၂,၅၃၄)ဦးပြီး ဖမ်းဝရမ်း ထုတ်ခံခဲ့မှုကြောင့် ထွက်ပြေးသိမ်းရှောင် နေရသူ ( ၁၉၇၃) ရှိကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

  • ချင်းကာကွယ်ရေးတပ်(ဆဲန်ထန်) CDF-Senthang တပ်ဖွဲ့၏ ပထမအကြိမ် ကွန်မန်ဒိုသင်တန်းကို မတ်လ ၂ ရက်က အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း CDF ဆဲန်ထန်က ယနေ့ ထုတ်ပြန်သည်။ သင်တန်းပြုလုပ်နိုင်ရန် အဖက်ဖက်မှကူညီပေးကြသည့် အဖွဲ့အစည်းများနှင့်ဆဲန်ထန်မျိုးနွယ် အားလုံးအပေါ် အထူးကျေးဇူးတင် ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ CDF ဆဲန်ထန် သည် ချင်းအမျိုးသားတပ်ဦး (CNF) ၏ လမ်းညွှန်မှု ကို ခံယူ၍ ချင်းအမျိုးသားတပ်မတော် (CAN)၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဒေသအသီးသီးရှိCDF၊ PDF တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်သွားမည် ဟု ကြေညာထားသည်။

 

  • တိုက်ပွဲဖြစ်ပွားတာ တစ်လလောက်ရှိလာပြီဖြစ်တဲ့ ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာမှာ ယနေ့ မနက်ထိ စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေ၊ PDF တွေ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ဆွမ်ပီယာန်ဒေသခံတစ်ဦးကဆိုသည်။ အခုမနက် ၆ နာရီခန့်ကနေ ဆွမ်ပီယာန်ကျေးရွာမှာ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး လက်နက်ကြီးသံသေနတ်သံတွေအဆက်မပြက် ကြားနေရကြောင်း သိရ သည်။ မနေ့ညနေ ၅ နာရီက စပြီး ဆွမ်ပီယာန်ကျေးရွာက နေအိမ် ၄ အိမ်လည်း မီးလောင်သွား ကြောင်း Kachinwaves သတင်းဌာနတွင်ဖော်ပြထားပါသည်။

 

  • ချင်းပြည်နယ်၊ဖလမ်းမြို့မှ ဟားခါးမြို့ သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ကို ချင်းပြည်နယ်မှ ဒေသခံကာကွယ်ရေးတပ်များက လေးရက်အတွင်း သုံး ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၆၀ ကျော်သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization) က ယနေ့ထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖလမ်းမြို့မှ တင့်ကား  ၂ စီး၊ မော်တော်ယာဉ် ၂၂ စီး ဖေဖော်ဝါရီ  ၂၇ ရက်မှစ၍ ဟားခါးမြို့သို့ ထွက်ခွာလာခြင်း ဖြစ်ပြီး ​ဒေသခံကာကွယ်​ရေးတပ်များက ​ဖေ​​ဖော်ဝါရီ  ၂၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။ ​ဖေ​ဖော်ဝါရီ  ၂၈ မှ မတ် ၃ ရက်အတွင်း စစ်​ကြောင်းကို လိုက်လံတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၆၁ ဦးသေဆုံးခဲ့ပြီး ဒေသခံကာကာကွယ်ရေးတပ်များဘက်မှ ၄ ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင်ချေမှုန်းရေး နှင့် KIA PDF NUG ထောက်ခံ ကြောင်း ယနေ့မတ်လ ၄ ချီတက် ဆန္ဒပြကြသည်။ အင်တာနက်ဖြတ်တောက်ခံထားရတာ ၆ လ ကျော် ရှိလာပြီ ဖြစ်သည့် ဖားကန့်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေဟု ဆုတောင်း ပေး ခဲ့ကြပြီး NUG အစိုးရ ဒို့အစိုးရ ၊ အားတင်း ထားပါ KIA မင်းတို့နဲ့အတူ ဖားကန့် ရှိတယ် ၊ အားတင်းထားပါ PDF မင်းတို့နဲ့ အတူ ဖားကန့်ရှိတယ် ၊ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး ၊ အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့်မရ စေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ၊ နွေဦးတော်လှန်ရေး အရေး တော်ပုံအောင်ကို အောင်ရမည်ဟု ကြွေးကြော် ချီတက် သပိတ် မှောက်ကြသည်။

 

  • စစ်ကိုင်းတိုင်း ကလေးမြို့မှာ မတ်လ(၄)ရက် နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ရက်ပေါင်း (၃၉၀)ရက်မြောက်နေ့အဖြစ် ဒေသခံတွေက ဆက်လက်ချီတက်ခဲ့ကြပါတယ်။

 

  • အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်မြို့သို့ လာရောက်မည်ဆိုသည့် သတင်းကြောင့် ယနေ့ (မတ်လ ၄) နံနက်ပိုင်း၌ မြို့လယ် နေရာအချို့တွင် ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင် ရေး စာတန်းများ ချိတ်ဆွဲ၍ ဆန္ဒပြခဲ့သည်။ ပြည်သူများသည် ပြည်မြို့လယ် လူစည်ကားရာ နေရာအချို့တွင် “ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်း တွန်းလှန် တိုက်ပွဲအောင်လံ ထူကြ လွှင့်ကြ” ၊ “ပြည်သူတွေက လက်နက်မပါလဲ တိုက်ရဲတယ် မင်းတို့သတ္တိရှိရင် လက်န က်မပါဘဲလာခဲ့ကြ” စသည့် စာသားပါ ဘန်နာများကို ချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

  • ရှမ်း-ကယား(ကရင်နီ)ပြည်နယ်အစပ် တိုက်ပွဲများမှာ ၁၇ ရက်တာကြာမြင့်ပြီဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များကို နားရက်မရှိ ဆက်လက်ခုခံနေမည်ဟု လွိုင်ကော် PDFက ထုတ် ပြန်သည်။ ဖေဖော်ဝါရီ ၁၅ ရက်က စတင်ဖြစ်ပွားခဲ့သော မိုးဗြဲတိုက်ပွဲသည် ယနေ့ (မတ်လ ၄ ရက်) ထိတိုင်လျှင် ၁၇ ရက်တာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲစစ်မျက်နှာမှာလည်း မိုးဗြဲမှ နန့်မယ်ခုံ၊ နန့်မယ်ခုံမှ ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာတစ်ဝိုက်ကို ရောက်ရှိလာသည်။ ၁၇ ရက်တာ ကြာမြင့် ပြီဖြစ်သော တိုက်ပွဲများတွင် လွိုင်ကော် PDFအပြင် ကရင်နီတပ်မ တော်KA၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့ KNDF ၊ ဒီမောဆိုး PDF နှင့် အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့ နှင့် အတူ အခြားသော မဟာမိတ်တပ်ပေါင်းစုများလည်း ပူးပေါင်း ပါဝင်ကာ နေ့စဉ် ၂၄ နာရီ တာဝန်ခွဲ ဝေပြီး တိုက်ပွဲဝင်ကာ အကြမ်းဖက်စစ်အုပ်စု​ကို ခုခံနေကြောင်း အသိပေးသည်။

 

  • ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်းအစပ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF ကန်ပက်လက်ကြား ယနေ့ မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်မှာ စတင်ကာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန် သည်။ မကွေးတိုင်း၊ ကျောက်ထုဘက်မှ စစ်ကြောင်း ၃ ကြောင်းခွဲကာ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် CDF ကြား တိုက်ပွဲဖြစ်ပွားနေပြီး CDF ကန်ပက်လက်ဘက်မှ ထိခိုက်မှု မရှိကြောင်း လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

 

  • ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပူးပေါင်းစစ်ဆေးမှုအတွင်း လူငယ်တစ်ဦး၏ ဖုန်းထဲ တွင် လက်နက် နှင့် မူးယစ်ဆေးဝါးပုံများတွေ့ရှိ၍ ၎င်း၏ နေအိမ်သို့ သွားရောက် စစ်ဆေးရာမှ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုပ်ပုံအား ဖိနပ်တွင် ပုံဖော်ထား၍ ဟုဆိုကာ မင်းအောင်လှိုင်အား အကြည်ညိုပျက်စေမှုဖြင့် အဆိုပါ လူငယ်ကို ပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၂ခုနှစ် မတ်လ(၃)ရက်နေ့တွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။ တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု နမ့်လွတ်ရှမ်း(ရွာသစ်)နေ အိုက်အွန်ခမ်း ၏ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာမှ နေအိမ်တွင်း မူးယစ်ဆေးဝါး ရှာဖွေတွေ့ရှိရခြင်း မရှိသော်လည်း နေအိမ်၏ ရေချိုးခန်းအတွင်း၌ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို အဖြူရောင် ရာဘာဖိနပ်တစ်ရံပေါ်တွင် ပုံဖော်ထားသည် ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၄ ရက်နေ့ တွင် “စစ်သူပုန်အုပ်စု ထောက်ခံသော သူအားလုံးကို Social punishments လုပ်​ပေးကြ၍ သပိတ်​မှောက်​ကြပါ။ သံဃသမဂ္ဂ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ည သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး အသံမတိတ်တဲ့ ပြည်ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင် မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဒါ့အပြင် ယင်းမာပင်မြို့နယ်ရှိ ရွာငယ်လေးတစ်ရွာတွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့် ကျင်ရေး သပိတ်စစ်ကြောင်းကို ယနေ့ မတ် ၄ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြောင်းသိရသည်။

 

  • ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ ၃၅၉ ရက်မြောက် နေ့ ရွာပေါင်းစုံသပိတ် စစ်ကြောင်းကို ယနေ့ မတ် ၄ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန် ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဒါ့အပြင် ယင်းမာပင်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင်ဒေသ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ မတ် ၄ ရက်နေ့တွင် ပြုလုပ် ခဲ့ကြသည်။

 

  • ချင်းပြည်နယ် ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့် ကိစ္စကို အင်တာဗျုး ဖြေ ကြားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် တရားစွဲခံ ထားရသည့် ပလက်ဝ ဒေသခံ ကိုတင်ထွန်းအောင် အမှုအား လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်သွားမည်ဟု မိသားစု ဝင်များကပြောသည်။ “ဒီနေ့ရုံးချိန်းမှာတော့ အမှုစစ်အရာရှိကို စစ်ဆေးခဲ့ပါတယ်။ လာမယ့်ရုံးချိန်း ကို မတ်လ ၁၇ ရက်ကိုချိန်းဆိုလိုက်ပြီး အဲဒီနေ့မှာ စွဲချက်လျှောက်လဲချက်ပြုလုပ်ပြီး စွဲချက်အမိန့် ချမှတ်သွားမယ်”ဟု မိသားစုဝင်တစ်ဦးကပြောတဲ့အကြောင်း Western News သတင်းဌာနတွင် ဖော်ပြထားသည်။

 

  • ကချင်ပြည်နယ် ပူတာအိုမြို့တွင် ယနေ့ ဓာတ်ဆီတစ်လီတာ ကျပ် ၂၅၀၀ စျေးရှိပြီး ယခင်ထက် စျေးကျလာသောကြောင့် အလုအယက် ဝယ်ယူနေသည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၁၈ ရက် နေ့နှင့် ၁၉ ရက်နေ့တွင် ဆီကုန်သွားသဖြင့်ပိတ်လိုက်ရသော ဓါတ်ဆီဆိုင်ကြီးများအနက် အချို့မှာ ယနေ့ မတ်လ ၄ ရက်နေ့ စတင်ဖွင့်နေပြီး ၉၂ တစ်လီတာကို ကျပ် ၂၅၀၀ ဖြင့် အလုအယက် ဝယ် နေရသည်ဟု ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောတဲ့အကြောင်း ဒေသအခြေစိုက် (KNG) သတင်းဌာနတွင်‌ ဖော်ပြထားသည်။

 

  • ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ် ၁ ရက်ကွက်မှ လူငယ်တစ်ဦးမှာ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြ ခဲ့မှုကြောင့် ယမန်နေ့ မတ်လ ၃ ရက်နေ့တွင် ထောင်ဒဏ် ၁ နှစ်နှင့် ၁ လ ချမှတ်လိုက်ကြောင်း ဒေသခံ များကပြောသည်။ ထောင်ဒဏ်ချမှတ်ခံလိုက်ရသူမှာ ကိုဇေယျာထွန်း ဖြစ်ပြီး ၎င်းကိုငြိမ်းစုစီ အတွက် ၁ လနှင့် သဘာဝ ဘေးစီမံအတွက် ၁ နှစ် စုစုပေါင်း ၁ နှစ်နှင့် ၁ လ ကို သံတွဲမြို့နယ် တရားရုံး မှ ချမှတ်လိုက်ခြင်းဖြစ် သည်ဟု ကိုဇေယျာထွန်း ၏သူငယ်ချင်း ဒေါ်မဝါ (အမည်လွဲ) ကပြောသည်။ ကိုဇေယျာထွန်းမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလအတွင်း စစ်အာဏာသိမ်း မှုကိုဆန့်ကျင်ကြောင့် လမ်းလျှောက်ဆန္ဒပြခဲ့ရာ၌ပါဝင်ခဲ့၍ ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် နေအိမ်သို့ လာစဉ်တွင် ဖမ်းဆီးခံလိုက်ရပြီး ထောင်ဒဏ်ချမှတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေါ်မဝါက ပြောသည်ဟု Western News သတင်းဌာနတွင် ဖော်ပြထားသည်။

 

  • ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိ အသက် ၁၂ အရွယ် ကလေးများကို ယခု မတ်လမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်အဖြစ် Booster Dose စတင်ထိုးနှံ ပေးနေပြီဖြစ်ကြောင်း လိုင်ဇာမြို့ KIO ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီ မှ သိရသည်။ “ကျနော်တို့ ပြည်သူတွေကို ပုံမှန် Swab စစ်တယ်။ အခုဆေးထိုးပေးနေတဲ့ ၁၂ နှစ်ပြည့်ပြီးတဲ့သူ တွေကိုလည်း Swab စစ်တယ်။ ပိုးမရှိဘူး ကျန်းမာရေးလည်းကောင်းတယ်ဆိုရင် အခု တတိယ အကြိမ် Booster Dose ဆေးလုံးကို ထိုးပေးနေတယ်။ သူက ဘယ်လိုခေါ်မလဲ အားဖြည့်ဆေးလို ပေါ့။ အရင် SINOPHARM ကိုဗစ်ကာကွယ်ဆေး ၂ လုံးထိုးပြီးတဲ့သူတွေက အခု ဆေး တတိယကြိမ် ထပ်ထိုးပေးတာဖြစ်တယ်။”  ဟု  KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ် က KNG သတင်းဌာနကိုပြောဆိုထားကြောင်းသိရသည်။

 

  • ကရင်နီ(ကယား)ပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ်ဖြစ်သည့် ဖယ်ခုံမြို့၊ လွယ်ယင်းရွာ များနှင့် ဆင်တောင်ရွာတွင် အာဏာသိမ်း စစ်ကောင်စီတပ်များသည် မတ်လ(၂)ရက်နေ့က ပြည်သူ (၃)ဦးကို ပစ်သတ်ကာ နေအိမ်ထဲထည့်၍ မီးတင်ရှို့ကာ တခါတည်း နေအိမ်ကို မီးရှို့ဖျက်ဆီးသွား ကြောင်း ဖယ်ခုံ KNDF က ယနေ့ မတ်လ(၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ အသတ်ခံရ သည့် ပြည်သူ (၃) ဦးမှာ ပြာပုံနှင့် အရိုးများသာ ကျန်ရှိခဲ့ပြီး ရွာအတွင်းရှိ ပြည်သူအိမ်တစ်လုံးကို လည်း မီးရှို့ဖျက်စီးခဲ့‌ကြောင်း သိရသည်။

 

  • ယနေ့ မတ်လ ၄ ရက် ညနေ ၃ နာရီဝန်းကျင်က ဘားအံမြို့ အမှတ် (၂) ရပ်ကွက်ရှိ KBZ ဘဏ်ခွဲ (၁) ဓားပြတိုက်ခံခဲ့ရကြောင်း သိရသည်။ “လူ ၅ ယောက်ပါအဖွဲ့သည် ဘဏ်အတွင်း သေနတ် ၂ ချက်ခန့် ပစ်ဖောက်ကာ ငွေသား သိန်း ထောင်ကျော်ခန့်ယူဆောင်သွားသည့်အပြင် ဝန်းထမ်းများ၏ ဖုန်းပါ ယူဆောင်သွားခဲ့ပြီး CCTV များကိုဖြတ်တောက်သွား၍ Hijetကားဖြင့် ထွက်ပြေးသွားကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဉီးရဲ့ပြောကြားချက်အရသိရသည်။” ဟု ဘားအံအခြေစိုက် သတင်းများ ဖော်ပြနေသည့် Hpa-an News က ရေးသားခဲ့သည်။

 

  • ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် အုန်းကျွန်းခွဆုံမှ မင်းပြားမြို့နယ် မေလွန်းကျေးရွာအထိ အလျား ၆ မိုင် ခန့်ရှိသည့် သတ်မှတ်ဧရိယာ ၂၀၆၅ ဧကအား ငါးသလောက်မဖမ်းစီးရနယ်မြေအဖြစ် မတ်လ ၁ ရက် နေ့ရက်စွဲဖြင့် ညွှန်ကြားကာ ဒေသခံများကိုသတိပေးထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ယင်းသို့ ငါးသလောက်မဖမ်းရအမိန့်ကို နှစ်စဉ် ဧပြီ(၁)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိနှင့် စက်တင်ဘာလ(၁)ရက်နေ့မှ အောက်တိုဘာလ(၃၁)နေ့အထိ တစ်နှစ်လျှင်နှစ်ကြိမ်စီတားမြစ်ကာ လ အဖြစ် သတ်မှတ်ထားကြောင်း မြေပုံမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးတင်မောင်ရွှေ ကပြောသည်ဟု DMG သတင်းဌာနတွင်ဖော်ပြထားသည်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection

Related Articles

Back to top button