တိုင်းရင်းသားများသတင်း

စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးရေးက ထိရောက်ဖို့ ခက်တယ်လို့ တိုင်းရင်းသားအဖွဲ့များကဆို

Getty Images

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၂၀

အာဆီယံ လူသားချင်း စာနာမှုအကူအညီပေးရေး ဆွေးနွေးပွဲမှ ဆုံးဖြတ်ထားသည့် သဘောတူညီချက်အရ ပြည်တွင်းဒုက္ခသည်များဆီသို့ စစ်ကောင်စီမှတဆင့် အဓိကထား ချိတ်ဆက်လုပ်ဆောင်မယ့် လူသားချင်း စာနာမှုအကူအညီသည် လက်တွေ့ ထိရောက်ဖို့ခက်တယ်လို့ စစ်ဘေးဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသည့် တိုင်းရင်းသားအဖွဲ့များက ဆိုသည်။

အမှန်တကယ် လိုအပ်နေတဲ့ စစ်ဘေးဒုက္ခသည်များဆီကို လူသားချင်းစာနာမှုအကူအညီများ ရောက်ဖို့ဆိုရင် လက်တွေ့ အကူအညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့လုပ်ရင် ပိုကောင်းပါလိမ့်မယ် ဟု Thantlang Placement Affairs Committee -IDPs help မှ လုပ်ငန်းစီမံသူ အကြီးအကဲ Salai Van Kung က ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

“လူသားချင်းစာနာအကူညီထောက်ပံ့မှုတွေ အမှန်တကယ်လုပ်ချင်တယ်ဆိုရင်တော့ စစ်ကောင်စီနဲ့ အလုပ်မလုပ်ဖို့တော့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီကအနေသွားလို့ရှိရင် သူထိန်းချုပ် ထားတဲ့၊ သူလက်လှမ်းမှီတဲ့ နေရာတွေပဲရောက်မှာဖြစ်တယ်။ အမှန်တကယ် ဒုက္ခရောက်နေတဲ့သူ၊ လိုအပ် နေတဲ့ ဒေသဆီကို ရောက်လာမှာမဟုတ်ဘူး။

စစ်ကောင်စီကိုယ်တိုင်က ကျန်တဲ့ဒေသတွေမှာရှိတဲ့ ဒုက္ခသည် တွေဆီကို ရိက္ခာသယ်ယူခွင့်မပြုဘူး တားဆီးပိတ်ပင်တာတွေလုပ်နေတယ်။ ဆိုတော့ သူတို့လက်ထဲကိုသာ အာဆီယံက ပေးမယ့် အထောက်အပံ့ပစ္စည်းတွေရောက်သွားလို့ရှိရင် အမှန်တကယ် လိုအပ်နေတဲ့ လူတွေဆီ ဘယ်လိုနည်းနဲ့မှ မရောက်နိုင်ဘူး။ လိုအပ်နေတဲ့ လူတွေဆီကို ရောက်ဖို့ဆိုရင် တခြားသောနည်းလမ်းဖြင့်တဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့လုပ်ရင် ပိုကောင်းပါလိမ့်မယ်” ဟု ပြောသည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ စစ်ဘေးရှောင်တွေဆီရောက်နိုင်ဖို့က လက်တွေ့ စစ်ဘေး ရှောင်အရေး ကူညီပေးနေတဲ့ (မြေပြင်အဖွဲ့)ကနေ တဆင့်သွားသာ အကောင်းဆုံးဖြစ်တယ် ဟု ကရင်ပြည်တွင်း ရွေ့ပြောင်းသွားလာရေးကော်မတီ တာဝန်ခံ စောခဲလေ ကလည်း ဖက်ဒရယ်ဂျာနယ်သို့ အခုလို ပြောသည်။

“နိုင်ငံတကာက ကူညီပေးမည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ စစ်ဘေးရှောင်တွေ ဆီရောက်နိုင်ဖို့က လက်တွေ့စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ အဖွဲ့ငယ် (မြေပြင်အဖွဲ့)ကနေ တဆင့်သွားသာ အကောင်းဆုံးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီကနေတဆင့် လာတဲ့လမ်းကြောင်းက ထိရောက်မှာလည်းမဟုတ်ဘူး၊ လုံး၀မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ စစ်ကောင်စီက စစ်ပွဲဖော်ဆောင် နေတဲ့သူဖြစ်သလို၊ စစ်ကောင်စီက ကန့်သတ်မယ်၊ ခွင့်ပြုချက်မပေးတဲ့နေရာဖြစ်တယ်ဆိုရင် အကူအညီ ပေးရေးအဖွဲ့အစည်းတွေက ရောက်လာနိုင်မှာမဟုတ်ဘူး၊ ပြီးတော့ စစ်ဘေးရှောင်အများစုက စစ်ကောင်စီ ထိန်းချုပ်တဲ့ နေရာတွေမှာ ရှိနေသာလည်းမဟုတ်ဘူးဆိုတော့ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

အာဆီယံက ဆုံးဖြတ်ထားသည့် စစ်ကောင်စီကနေ တဆင့် ပေးမယ့် လူသားချင်းစနာမှုဆိုင်ရာ အကူအညီကို အယုံအကြည်မရှိဘူးလို့ ကရင်နီပြည်စစ်ဘေးရှောင်ကူညီရေးကွန်ရက်ရဲ့ တာဝန်ခံက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

“အာဆီယံက ဆုံးဖြတ်ထားသည့် စစ်ကောင်စီကနေ တဆင့် ပေးမယ့် လူသားချင်းစနာမှုဆိုင်ရာ အကူအညီကို အယုံအကြည်မရှိပါဘူး၊ ဘာလို့လဲဆိုတော့ စစ်ကောင်စီက လူသားချင်းစာနာမှု အမှန် တကယ်ပေးမယ့် အုပ်စုတွေ မဟုတ်လို့ပဲ အခုလို ပြည်သူတွေ စစ်ဘေးရှောင်ဘ၀နဲ့ ဒုက္ခရောက် နေကြသာဖြစ်တယ်၊ စစ်ကောင်စီကလာမည့် လမ်းကြောင်းက အကန့်အသတ်များပါတယ် မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

လက်ရှိအချိန်ထိ စစ်ဘေးရှောင်များဦးရေ ကရင်နီပြည်နယ်တွင် နှစ်သိန်း ဝန်းကျင်ရှိနေပြီး ကရင်ပြည်နယ်တွင်မူ တစ်သိန်းခွဲ ဝန်းကျင်ထိရှိကာ တဖန် ချင်းပြည်နယ်တွင်လည်း တစ်သိန်း ဝန်းကျင်ထိ ရှိနေကြောင်း ဒေသအခြေပြုသတင်းအချက် အလက်များအရ သိရသည်။

ဒါ့အပြင် မိုးတွင်းကာလအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ လည်း ကောင်း၊ ဆေးဘက်ဆိုင်ရာ ဆရာဝန် ဆရာမများ မလုံလောက်၍လည်းကောင်း ဒေသလိုက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ခက်ခဲသောကြောင့် စစ်ဘေးရှောင်ပြည်သူများသည် ငှက်ဖျားရောဂါ၊ ရာသီတုတ်ကွေးများ၊ ဝမ်းပျက်ဝမ်းလျော ရောဂါများ ကြုံနေရကြောင်းလည်း သိရသည်။

Related Articles

Back to top button