အတွေးအမြင်

NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာအနေဖြင့် ရှင်းလင်းချက် ထုတ်မယ့်အစား ဝန်ချတောင်းပန်သင့်

NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာအနေဖြင့် ရှင်းလင်းချက် ထုတ်မယ့်အစား ဝန်ချတောင်းပန်သင့်

စိုင်း(တောင်ပေါ်)

မနေ့က ထုတ်ပြန်တဲ့ ဖက်ဒရယ်ရေးရာ ဝန်ကြီးဌာနရဲ့ စာတမ်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်များရှိသော်လည်း အထူးသဖြင့် ‘ပြည်ထောင်’ကိစ္စနှင့် ‘ခွဲထွက်ခွင့်’ကိစ္စ အရေးအသားဟာ အလွန်ဆိုးရွားပါတယ်။ ၎င်းကို ဝန်ကြီးဌာနက ဝန်ချတောင်းပန်လိမ့်မယ်လို့ အများက မျှော်လင့်တဲ့ကြားထဲ သူတို့က ‘ရှင်းလင်းချက်’ဟု ထုတ်ပြန်ပြီး သူတို့၏ ရပ်တည်ချက်ကို ကာကွယ် ပြောဆိုတဲ့အခါ ပိုပြီး စိတ်မကောင်းစရာ ဖြစ်လာတယ်။ 

သူတို့က ကာကွယ်ပြောဆိုနေတဲ့အတွက် အပြုသဘောနဲ့ ကျန်တော်လည်း နည်းနည်း ထောက်ပြလိုပါတယ်။

နံပါတ်တစ်က ‘ပြည်ထောင်’ဆိုတဲ့အချက် ဖြစ်ပါတယ်။ တည့်တည့်ပြောရရင် ‘အသွင်ကူးပြောင်းကာလ မှာပဲဖြစ်ဖြစ်၊ ကြားကာလပဲဖြစ်ဖြစ်၊ ဘယ်ကလာဖြစ်ဖြစ် ရန်ကုန်၊ မကွေးနှင့် စစ်ကိုင်း လိုဟာမျိုးကို ‘ပြည်ထောင်’လို့ လုံးဝ ခေါ်လို့မရတဲ့အရာ ဖြစ်ပါတယ်။ ဗမာခေါင်းဆောင်များက သတ်မှတ်ရင် နားလည်လို့ရသေးတယ်။

တိုင်းရင်းသားတွေက ဘာလိုချင်လဲဆိုတာ ဖက်ဒရယ်ဝန်ကြီးဌာနက ပိုသိမှာပါ။ ၈ ယူနစ်စနစ် လိုချင်တယ် (အနည်းဆုံးအားဖြင့် လက်ရှိ တိုင်းဒေသကြီး ၇ ခု ဆိုတာကို တိုင်းရင်းသားတွေ လုံးဝလက်မခံ)။ ဗမာ ယူနစ် ရှိဖို့လိုချင်ကြတယ်။ ဗမာပြည်ထောင်ဆိုတဲ့ ယူနစ်ရှိစေချင်တယ် (အမျိုးသားတန်းတူမှုအနေနဲ့)။ ဒါဟာလည်း ပင်လုံမှာ ချင်းပြည်‌ထောင်၊ ကချင်ပြည်ထောင်၊ ရှမ်းပြည်ထောင်၊ ဗမာပြည်ထောင် စသည်တို့ စုစည်းပြီး ဒီနိုင်ငံကို အတူတကွ တည်ဆောက်ကြခြင်းဖြစ်တယ်ဆိုတဲ့ ခံယူချက်ကြောင့် ဖြစ်တယ်။

အဲဒါတွေကို NUG နှင့် NUCC က ဗမာခေါင်းဆောင်များက လက်မခံနိုင်သေးဘူး၊ မဆွေးနွေးချင်သေးဘူး၊ အဆင်သင့်မဖြစ်သေးဘူ ဆိုရင်လည်း တစ်စုံတစ်ရာ နားလည်လို့ရပါသေးတယ် ဆိုပါစို့။ သို့သော် အသွင်ကူးပြောင်းကာလ ဆိုတာကို ချပြပြီး တိုင်းရင်းသားတွေ လက်မခံတဲ့ ၁၄ ယူနစ်မူနဲ့ ရန်ကုန်ပြည်ထောင် လိုဟာမျိုးကို လာချပြတာမျိုးကတော့ လုံးဝ မလုပ်သင့်မလုပ်အပ်တဲ့အရာ ဖြစ်ပါတယ်။ ဒါက လုံးဝ မှားယွင်းမှုဖြစ်ပါတယ်။ 

ဒုတိယအချက်က ‘ခွဲထွက်ခွင့်’ကို ‘အစွန်းရောက်ဝါဒ’ ဖြစ်တယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။ နိုင်ငံတစ်ခုမှာရှိတဲ့ လူမျိုးတိုင်းက ခွဲထွက်ချင်ရင် ခွဲထွက်ခွင့်အမြဲတမ်းရှိတယ်။ ဒါက လူမျိုးတိုင်းရဲ့ သဘာဝအရ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး (natural right to self-determination)ဖြစ်တယ်။ ခွဲထွက်ရန် ဆန္ဒရှိမရှိနှင့် ခွဲထွက်လိုက ခွဲထွက်နိုင်အောင် အင်အားရှိမရှိနဲ့သာ ဆိုင်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်(Self-determination) ဆိုင်ရာ UN Charter နဲ့ နိုင်ငံတကာ ဉပဒေများအပြင် လက်တွေ့ ကျင့်သုံး(ခွဲထွက်)တဲ့ လူမျိုးများစွာ သာဓက ရှိပါတယ်။

ဒါကြောင့် ကျန်တော်တို့ရဲ့ အခွင့်အရေးဖြစ်တဲ့ “ခွဲထွက်လိုက ခွဲထွက်ခွင့်”ကို ဖွဲ့စည်းပုံအခြေခံဉပဒေမှာ ထည့်လည်းရတယ်၊ မထည့်လည်းရတယ်။ မထည့်လို့ ကျန်တော်တို့ ခွဲထွက်ခွင့်မရှိဘူးမဟုတ်၊ ထည့်ချင်လည်း ကျန်တော်တို့သဘော။ အဲဒါကို အစွန်းရောက်ဖြစ်တယ်ဆိုတာမျိုးက လုံးဝ အဓိပ္ပယ်မရှိဘူး။

(စာတမ်းရှင်က ခွဲထွက်ခွင့်ကို ထောက်ပြတဲ့အပိုဒ်တစ်ခုမှာ “၁၉၄၇ ဖွဲ့စည်းပုံအခြေခံဉပဒေအရ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဉပဒေ ရေးဆွဲခွင့်မရှိသောကြောင့်”ဟု ရေးသားတာကလည်း အမှန်တော့ ၁၉၄၇ ခြေ-ဉ ပုဒ်မ ၁၆၅၊ ၁၇၉ နှင့် ၁၉၄ အရ ရှမ်း၊ ကချင်နှင့် ကရင်နီပြည်နယ်အတွက် “….ပြည်နယ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေ (Constitution of State)ဆိုင်ရာ ကိစ္စအားလုံးကို တရားဉပဒေဖြင့် ပြဌာန်းသတ်မှတ်ရမည်” ဆိုပြီး ရေးဆွဲခွင့် ဖွင့်ပေးထားပါတယ်)။

လူသားအားလုံး အမှားနဲ့မကင်းကြပါဘူး။ ကျန်တော်တို့အားလုံး မှားတတ်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်ရေးရာ ဝန်ကြီးဌာနကလဲ ဒါမျိုး ရေးသားတာက မှားယွင်းပါတယ်ဟု ရိုးရိုးသားသားဝန်ခံပြီး ဝန်ချတောင်းပန်သင့်ပါတယ်။

“ဒီအချိန်မှာ ဒါမျိုးတင်ပြမိတဲ့အတွက် လူထုစိတ်အနှောက်အယှက်ဖြစ်တဲ့အတွက် တောင်းပန်ကြောင်း ရိုးရိုးသားသား ဖော်ပြလိုက်ရင် ပြီးတဲ့ဟာဖြစ်ပါတယ်။”

အခုရှင်းလင်းချက်က လူထုကပဲ နားလည်သဘော မပေါက်နိုင်သလိုလို၊ လိုက်မမှီသလိုလို ဖြစ်နေလို့ပါ။

Related Articles

Back to top button