မြန်မာ့နွေဦးတော်လှန်ရေးအတွက် ယခင်ဆီးရီးယားတော်လှန်ရေးမှ ကြိုတင်သတိပေးတဲ့ သင်ခန်းစာများ
ဟန်နရီမင်း | အတွေးအမြင်
မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးအခြေအနေဟာ ဆီးရီးယားနိုင်ငံရဲ့ ယခင်အခြေအနေထက် ဆိုးလာနိုင်တယ်လို့ နိုင်ငံရေးသုတေသီတွေနဲ့ ကုလအရာရှိတွေက နွေဦးတော်လှန်ရေး အစောပိုင်းကာလများကတည်းကနေ ကြိုတင်သတိပေးလာခဲ့ကြပါတယ်။ လူ့အခွင့်အရေး အခြေအနေကို အဓိကထားပြီး သူတို့ ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး အခြေအနေထက်ဆိုးတဲ့ အကြောင်းအရာတချို့ကို ထောက်ပြလိုပါတယ်။
၂၀၂၅ ခုနှစ်မှ စပြီး ဒီကိစ္စတွေကို NUG လက်အောက်ခံနှင့် ၎င်းနဲ့ ပူးပေါင်းပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေ (မြန်မာ့နွေဦးတော်လှန်ရေးကို အခွင့်ကောင်းယူပြီး စစ်ပွဲဆင်နွှဲနေတဲ့ တခြားအင်အားစုတွေ မပါဝင်)အနေနဲ့ သတိမထားဘူးဆိုရင် ဆိုးကျိုးတွေ ပိုပြီး ခံစားကြရပါမယ်။ ဆီးရီးယားပြည်တွင်း စစ်ကနေ မြန်မာ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ သင်ခန်းစာတချို့ကို သတိပြုမိဖို့အတွက် ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးသားလိုက်ရတာဖြစ်ပါတယ်။
၁။ အဖွဲ့အစည်းတွေများပြားလွန်းပြီး အချင်းချင်းတိုက်ခိုက်ခြင်း။
ဆီးရီးယားတော်လှန်ရေးဟာ သာမန်ဆန္ဒပြခြင်းကနေ လက်နက်ကိုင်တော်လှန်ရေးအဆင့်သို့ မြင့်တက်သွားခဲ့ပြီးတော့ အာဆက်အစိုးရကို ပြုတ်ကျခါနီးအချိန်အထိ လက်တွေ့မြေပြင်မှာ ခြိမ်းခြောက်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့အချင်းချင်းအကြားမှာ အပြန်အလှန် တိုက်ခိုက်နေကြရင်းနဲ့ သူတို့ရဲ့ ဘုံရန်သူကို ဝိုင်းဝန်းပြီး တိုက်ခိုက်ခြင်းကနေ အချင်းချင်းဆီသို့သာ အာရုံလွဲသွားစေပါတယ်။ ၎င်းအစား သူတို့ထိန်းချုပ်နယ်မြေတွေမှာပဲ သူတို့ခြေကုတ်ယူပြီးတော့ ၎င်းတို့အချင်းချင်း နယ်နိမိတ်ချင်းထိစပ်နေတဲ့ နေရာတွေ(သို့မဟုတ်) တခြားအဖွဲ့အစည်းတွေရဲ့ ဧရိယာတွေကို ဝင်သိမ်းချင်လို့ အချင်းချင်းပဲ အပြန်အလှန်တိုက်ခိုက်နေကြပါတော့တယ်။
ဆီးရီးယားမှာ တော်လှန်ရေးအဖွဲ့အစည်းတွေအချင်းချင်း ဒီလို တိုက်ခိုက်ခဲ့ကြလို့ ပြည်သူတွေကလည်း အားပေးမှု လျော့ကျသွားပြီး၊ သူတို့ကိုယ်တိုင် ဒုက္ခသည်များဘဝသို့ ရောက်သွားခဲ့ကြတဲ့အတွက် ပိုပြီးဆိုးရွားသွားစေပါတယ်။ ပြည်သူတွေက စားဝတ်နေရေးအတွက် နေ့စဉ်အခက်ကြုံတွေ့ နေကြရတဲ့အချိန်မှာ ဒီလို တော်လှန်ရေးအဖွဲ့အစည်းတွေ အချင်းချင်း တိုက်ခိုက် နေကြတာကို တွေ့ရတော့ နိုင်ငံရေးအားပေးမှု ရေချိန် လျော့ကျသွားခဲ့ရပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကာလမှာလည်း ဒီလို အခြေအနေကို ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ သိသာပါတယ်။ စကစက divide & rule စနစ်ကို ကျင့်သုံးတယ်ဆိုပေမဲ့ တော်လှန်အဖွဲ့အစည်းတွေက အချင်းချင်း ဖန်တီးလိုက်ကြတာလည်း ဒုနဲ့ဒေးပါပဲ။ ဆိုလိုတာက စကစက လာပြီး သွေးထိုးစရာ မလိုသေးဘူး၊ သူတို့ အချင်းချင်းပဲ တိုက်ခိုက်တော့မယ့် အခြေအနေ၊ နယ်မြေလုနေကြတာတွေက တော်လှန်ရေးလုပ်ငန်းစဉ်ကို အားပျော့သွားစေပါတယ်။ ဒါ့အပြင် အချင်းချင်း မယုံကြည်မှုကို ဖြစ်ပေါ်စေပါတယ်။ ဟိုဘက် အဖွဲ့က တခြားတစ်ဖွဲ့ရဲ့လှုပ်ရှားမှုသတင်းတွေကို စကစကို သတင်းပေးသလိုလို အပြန်အလှန်စွပ်စွဲကြပါတော့တယ်။
ဒီအချက်ကို တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ မညှိနှိုင်းနိုင်ဘူးဆိုရင် မြန်မာ့တော်လှန်ရေး အခြေအနေက ဒုတိယဆီးရီးယား အမှန်တကယ်ဖြစ်လာမှာ သေချာပါတယ်။
၂။ ပြင်ပနိုင်ငံများရဲ့ ဝင်ရောက်စွတ်ဖက်မှုနှင့် တခြားပယောဂများ။
(က) ISIS နှင့် al-Qaeda
အစ္စလာမ္မစ်နိုင်ငံအဖွဲ့(အိုင်အက်စ်)နှင့် အယ်လ်ကေးဒါးကလည်း ဒီစစ်ပွဲကြောင့် ကြေမွနေတဲ့ နိုင်ငံကို အခွင့်ကောင်းယူကာ၊ ဒီနိုင်ငံက နယ်မြေအတော်များများကို ထိန်းချုပ်ထားနိုင်ခဲ့ပြီးတော့ အီရတ်နိုင်ငံနှင့် တခြားနိုင်ငံတွေအထိပါ ဒီကနေ ဗဟိုပြုပြီး စတင်တိုက်ခိုက်ကြပါတော့တယ်။ ဒါကြောင့် ဆီးရီးယားဟာ အာဖဂန်နစ္စတန်နိုင်ငံ၊ ဆိုမာလီးယားနှင့် ယီမင်နိုင်ငံတို့ထက်တောင် အကြမ်းဖက်သမားများပေါက်ဖွားရာနေရာ ဖြစ်လာပါတယ်။
ဆီးရီးယားတော်လှန်ရေး အဖွဲ့အစည်းတချို့ကတောင် သူတို့ကို ကြောက်ပြီး ထွက်ပြေးရတဲ့အဆင့် ဖြစ်လာတဲ့အပြင် အနောက်နိုင်ငံတွေက ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ တိုက်ခိုက်ရတဲ့အဆင့်၊ အမေရိကန်က ဆီးရီးယားမှာ နေရာယူလာရတဲ့အဆင့်အထိ ရောက်သွားပါတယ်။ ဆီးရီးယားတော်လှန်ရေးက ကမ္ဘာ့အလယ်မှာ ISIS ချေမှုန်းရေးထက် အရေးမပါတော့ဘူး ဖြစ်သွားပါတယ်။
မြန်မာနိုင်ငံမှာလည်း တော်လှန်ရေးအဖွဲ့အစည်းတွေအကြားမှာပဲ ဖြစ်ဖြစ်၊ စကစအုပ်စုကြားမှာပဲ ဖြစ်ဖြစ် ဒီလိုအဖြစ်အပျက်တွေ ဖြစ်လာခဲ့ပါတယ်။ ဒီလို တခြားနိုင်ငံမှာ သွားပြီး အကြမ်းဖက် လုပ်ငန်းလုပ်ကိုင်ကြတာ မဟုတ်ပေမဲ့ ပြည်တွင်းထဲမှာ အပြုအမူတွေက ISIS တို့နဲ့ တန်းတူဖြစ်သွားစေတာကို ထောက်ပြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်း သို့မဟုတ် သတင်းပေးတွေကို ရက်ရက်စက်စက်သတ်ဖြတ်တာက အဖွဲ့အစည်းရဲ့ မူဝါဒ(in policy)အရ ISIS မဟုတ်ပေမဲ့ လက်တွေ့ကျင့်သုံးမှုအရ(in practice) ISIS ထက် မသာဘူးဆိုတာကို သက်သေပြသနေပါတယ်။ ဒါတွေက မြန်မာ့တော်လှန်ရေး အတွက် အမှားအယွင်း တွေ ဖြစ်စေတဲ့အပြင်၊ အနှောက်အယှက်ကို ဖြစ်စေပါတယ်။ နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှု လျော့ကျသွားစေနိုင်တာကို အထူးသတိပြုမိဖို့ လိုအပ်ပါတယ်။
(ခ) ရုရှား
၂၀၁၁ ခုနှစ်မှာ အာရပ်နွေဦးတော်လှန်ရေးအရှိန်ကြောင့် ဆီးရီးယားတော်လှန်ရေးဟာ သာမန် ဆန္ဒပြခြင်းကနေ လက်နက်ကိုင်တော်လှန်ရေးအဆင့်သို့ မြင့်တက်သွားခဲ့ပြီးတော့ ၂၀၁၃ ခုနှစ် အရောက်မှာတော့ ဆီးရီးယားမြို့တော် ဒမားစကပ်မြို့ဆင်ခြေဖုံးအထိ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်နိုင်ခဲ့ပေမဲ့ ရုရှားက သမ္မတဟောင်းအာဆက်ကို အကူညီပေးပြီး လေကြောင်းစစ်ဆင်ရေးအရ အကြီးအကျယ်တိုက်ခိုက်ပေးခဲ့အတွက် တော်လှန်ရေးသမားတွေ ပြန်လည်ဆုတ်ခွာပြီး ၎င်းတို့ ထိန်းချုပ်ထားတဲ့နေရာ အတော်များများကို အာဏာရှင်အာဆက်ကို ပြန်ပေးလိုက်ရပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ နယ်နိမိတ်(၆၀)ရာခိုင်နှုန်းလောက်ကို အာဆက်ကထိန်းချုပ်ပြီး ကျန်တဲ့ (၄၀)ရာခိုင်နှုန်းလောက်ကို တော်လှန်ရေးအဖွဲ့အစည်းတွေက အသီးအသီး ခွဲဝေထိန်းချုပ်ထားကြပါတယ်။
အပြန်အလှန်အနေဖြင့် အာဆက်က ရုရှားကို လေကြောင်းအတွက် အထောက်အကူဖြစ်စေတဲ့လေဆိပ်တွေအပြင် ရေနံလုပ်ကွက်တချို့ကို ပေးအပ်ခဲ့တယ်လို့ အနောက်နိုင်ငံသတင်းမီဒီယာများက ပြောဆိုကြပါတယ်။ နောက်ဆုံးမှာ ဆီးရီးယားနိုင်ငံကို အမေရိကန်ပိုင်နက်၊ ရုရှားနဲ့ အာဆက်ပိုင်နက်၊ တော်လှန်ရေးအင်အားစုတွေ ပိုင်နက်ဆိုပြီး အပိုင်းပိုင်းအဖြာဖြာ ခွဲထွက်သွားခဲ့ရပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကျိုးစီးပွားရေးက ရှိနေသလို စကစကလည်း တရုတ်နဲ့ ရုရှားတို့ကို ပွေ့ဖက်ထားပါတယ်။ အခု မြန်မာနိုင်ငံမှာလည်း မကြာမီ တရုတ်က မိမိအကျိုးစီးပွားကို ကာကွယ်ဖို့ တရုတ်ရဲ့ ကြေးစားတပ်သားတွေ စေလွှတ်တာ၊ ရုရှားကလည်း သူ့ရဲ့ နျူးကလီးယားအကြံပေးစစ်ဗိုလ်တွေ၊ ဒုံးလက်နက်တည်ဆောက်ရေး စစ်အရာရှိတွေအပြင် လိုအပ်ရင် လေကြောင်းစစ်ဆင်ရေးတွေပါ အကူအညီပေးလာနိုင်ပါတယ်။ တရုတ်က သူများနိုင်ငံရဲ့ ပြည်တွင်းရေးဝင် မစွက်ဖက်ဘူးဆိုတာ လေသံပဲရှိပြီး တကယ့်လက်တွေ့မှာ တော်လှန်ရေးအဖွဲ့အစည်းတချို့ကို လည်ပင်းညှပ်နေတာ အားလုံးအသိပါပဲ။ အခြေအနေ ဆိုးလာရင် စကစက တရုတ်ကို ၎င်းရဲ့အကျိုးစီးပွားရှိတဲ့နေရာတချို့ကို ထိန်းချုပ်ခွင့်ပေးလာ နိုင်ခြေရှိပါတယ်။
သင်ခန်းစာက သူများနိုင်ငံအပေါ် အမှီအခိုပြုနေတဲ့ တော်လှန်ရေး/လက်နက်ကိုင် အဖွဲ့အစည်း တွေဟာ မကြာဘူး သူတို့လက်ကိုင်တုတ်တွေထက် မသာလွန်နိုင်ဘူးဆိုတာကို သင်ခန်းစာယူရပါမယ်။ တရုတ်နဲ့ ရုရားတို့ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ထွန်းလာမှာ အရမ်းကြောက်ရွံ့နေကြပါတယ်။ တရုတ်က အဆိုးဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာရှင်အုပ်စိုးလေလေ သူတို့က မြန်မာနိုင်ငံက သယံဇာတကို မြန်မြန်နဲ့ များများထုတ်ယူပြီး၊ သူ့နိုင်ငံတိုးတက်ဖို့အတွက် အသုံးချနိုင်လေလေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ သယံဇာတပစ္စည်းတွေ ကုန်သွားပြီဆိုရင် လှည့်ကြည့်တော့မှာ မဟုတ်ပါဘူး။ ဒါတွေက လက်တွေ့ကျတဲ့ အရာတွေ ဖြစ်ပါတယ်။ ထင်မြင်ချက်သက်သက် မဟုတ်ပါဘူး။ ဥပမာ-သီရိလင်္ကာနိုင်ငံကို နိုင်ငံတစ်ခုလုံး မွဲတေပြာကျ သွားစေတာ တရုတ်ပါပဲ၊ အာဖရိကနိုင်ငံတွေကို ထုတ်ငွေတွေ ချပေးပြီး အကြွေးနဲ့ သူများနိုင်ငံက လုပ်ငန်းကွက်တွေ၊ ဆိပ်ကမ်းတွေ သိမ်းပိုက်ထားတာလည်း မြန်မာနိုင်ငံရဲ့ ဒီအိမ်နီးချင်း တရုတ်ပါပဲ။ အာဖရိကသမဂ္ဂရဲ့ အဆောက်အအုံကြီးကို ဆောက်လုပ်လှူဒါန်းချင်ပါတယ်ဆိုပြီး သူကပြောလို့ အာဖရိက ခေါင်းဆောင်တွေက လက်ခံကြတယ်။ မကြာဘူး တရုတ်က ၎င်းအဆောက်အအုံထဲမှာ ထောက်လှမ်းရေးအသံဖမ်းစနစ်နှင့် စက်ကိရိယာနဲ့ ပေကျင်းကနေ သူတို့ ပြောသမျှ အကုန် သိနေတော့ တာပါပဲ။
(ဂ) တူရကီ
ဆီးရီးယားနိုင်ငံမှာလည်း လူမျိုးစု စုံလင်ပါတယ်။ အဓိကအားဖြင့် ဆီးရီးယား(အာရပ်)၊ တူရကီ၊ ကာဒ်၊ Yazidis၊ အာဆီးရီးယန်း၊ Druze လူမျိုးတွေ…စသဖြင့် ရှိကြပါတယ်။ ဒီကြားထဲမှာ တူရကီက ထောက်ပံ့ပေးထားတဲ့ ဆီးရီးယားတော်လှန်ရေးအုပ်စုက အမေရိကန်ထောက်ပံ့ ပေးထားတဲ့ ကာဒ်(Kurds)အုပ်စုတွေကို တိုက်ခိုက်တာတွေ မကြာခဏ လုပ်ပါတယ်။
တူရကီကိုယ်စား တိုက်ခိုက်စေတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ တူရီကီမှာ လက်ရှိအုပ်ချုပ်နေတဲ့ သမ္မတ Recep Tayyip Erdoğanက မျက်ကန်းမျိုးချစ်အာဏာရှင်ဖြစ်ပြီးတော့ သူ့နိုင်ငံက ကာဒ်လူမျိုးတွေကို ဆီးရီးယားက ကာဒ်အုပ်စုက ထောက်ခံပြီး နိုင်ငံကနေ ခွဲထွက်ခွင့်အတွက် တိုက်ခိုက်နေကြတယ်လို့ အမြဲတမ်းစွပ်စွဲပြီးတော့ သူတို့ကို တိုက်ခိုက်မယ့် ဆီးရီးယား တော်လှန်ရေးအဖွဲ့အစည်းတချို့ကို လက်နက်အင်အားတွေပေးပြီး တိုက်ခိုက်ခိုင်းပါတော့တယ်။
လက်ရှိ မြန်မာနိုင်ငံမှာလည်း ဒီလို တခြားနိုင်ငံတစ်နိုင်ငံက သူ့လက်အောက်ခံအဖြစ် အဖွဲ့အစည်းတရပ်ရပ်ကို ထားရှိပြီး သူ့အကျိုးစီးပွားလုပ်ငန်းအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ အုပ်စုတွေကို တိုက်ခိုက်တာ သို့မဟုတ် တော်လှန်ရေးအတွက် အနှောင့်အယှက်ဖြစ်အောင် မလုပ်နိုင်ဘူးလို့ ဘယ်သူကမှ သေချာ မပြောနိုင်ပါဘူး။ ဒီအချက်ကို အထူးသတိထားလို့ လိုအပ်ပါမယ်။
(ယ) အီရန်
အီရန်ကတော့ ဆီးရီးယားနိုင်ငံမှာ သူ့တပ်ဖွဲ့ဝင်တွေရှိနေတာ သို့မဟုတ် အာဆက်ကို အနီးကပ် ကူညီဖို့ သူ့တပ်မှူးတွေကို စေလွှတ်ရတဲ့ အကြောင်းအရင်း အဓိက(၃)ချက်လောက်ရှိပါတယ်။ ပထမက လက်ဘနွန်နိုင်ငံက ဟဇ်ဘိုလာတပ်ဖွဲ့ဝင်တွေကို ဆီးရီးယားနိုင်ငံကို ဖြတ်သန်းပြီး လက်နက်နဲ့ ငွေကြေးထောက်ပံ့ဖို့အပြင်၊ ဟဇ်ဘိုလာတပ်ဖွဲ့ဝင်များကိုလည်း အနာဂတ်မှာ အစ္စရေးကို မြေပြင်မှာ တိုက်ခိုက်နိုင်အောင်ဆိုပြီး လက်တွေ့ ဆီးရီးယားစစ်မြေပြင်မှာ အီရန်နှင့် အာဆက်တပ်ဖွဲ့ဝင်တွေနဲ့ အနီးကပ် ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။
ဒုတိယအချက်က အာဆက်ကို တော်လှန်နေတဲ့ တော်လှန်ရေးသမားတွေကို အားကျပြီး အီရန်မှာ တော်လှန်ရေး အဖွဲ့အစည်းတွေ မပေါ်ပေါက်လာအောင်၊ ဆန္ဒပြပွဲတွေ အကြီးအကျယ် မဖြစ်လာအောင် ကြိုတင်တားဆီးဖို့ ဖြစ်ပါတယ်။ ဆီးရီးယားက တော်လှန်ရေးအင်အားစုတွေ ကျဆုံးသွားရင် သူ့နိုင်ငံသားတွေက အီရန်ဘာသာရေး ခေါင်းဆောင် အယာတိုလာအလီခါမေနီ(ayatollah ali Khamenei) ကို တော်လှန်ရေးမှာ မဟုတ်ဘူးလို့ တွက်ထားပုံရပါတယ်။ တတိယနှင့် အဓိက အကျဆုံးအချက်ကတော့ သူ့ရဲ့ အကြီးဆုံးရန်သူတော်ဖြစ်တဲ့ အစ္စရေးကို တိုက်ခိုက်ဖို့ပါ။
သူ့နိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေ မထွက်ပေါ်လာချင်လို့၊ သူထောက်ပံ့ပေးထားတဲ့ တခြားအုပ်စုတွေကို ထောက်ပံ့ရေးလမ်းကြောင်းလွယ်ကူစေပြီး စစ်မြေပြင်အတွေ့အကြုံရစေချင်လို့၊ ဆီးရီးယားကို အသုံးချပြီး တခြားနိုင်ငံတစ်နိုင်ငံကို အနာဂတ်မှာ တိုက်ခိုက်နိုင်ဖို့ အတွက် သူများနိင်ငံမှာ သွားရောက်မွှေနှောက်တဲ့ အီရန်လို နိုင်ငံတစ်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ လာရောက်မွှေနှောက်နိုင်ပါတယ်။ ဒါကြောင့် မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ဒီလိုနိုင်ငံမျိုးကို အထူးသတိထားဖို့ လိုအပ်ပါတယ်။
၂၀၂၅ ခုနှစ်ဟာ မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုတွေအတွက် အကောင်းဆုံးသော ခုနှစ်ဖြစ်နိုင်သလို၊ နိုင်ငံရဲ့ အခြေအနေက ပိုပြီးရှုပ်ထွေးလာနိုင်တဲ့အတွက် ပြင်ပပယောဂ ပေါင်းစုံဝင်ရောက်လာနိုင်တဲ့ ခုနှစ်လည်း ဖြစ်နေနိုင်ပါတယ်။ သတိဆိုတာ ပိုသည်ဟူ၍ မရှိတဲ့ အတွက် မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့သူတိုင်း သတိထားကြရမှာ ဖြစ်ပါတယ်။
ဆီးရီးယားမှာ ပင်လယ်ကွေ့နိုင်ငံများ(Gulf States)တွေရဲ့ ပါဝင်ပတ်သက်မှုတွေလည်း ရှိပါသေးတယ်။ ဆီးရီးယားပြည်တွင်းရေးမှာ နိုင်ငံတကာ(အနောက်နိုင်ငံများမှ လွဲပြီး)ရဲ့ ဝင်ရောက်စွတ်ဖက်မှုကို ကြည့်လိုက်ရင် သူတို့ အကျိုးစီးပွားအတွက် နိုင်ငံတစ်နိုင်ငံ အားနည်းနေတဲ့ အချိန်အခါကို အခွင့်ကောင်းယူပြီး အသုံးချနေကြတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံဟာ ဘက်စုံမှာ အားနည်းလာတဲ့အတွက် တခြားနိုင်ငံတွေအတွက် အခွင့်အလမ်းကောင်း ဖန်တီးပေးသလို ဖြစ်လာစေပါတယ်။ စကစကို အခွင့်ကောင်းယူပြီး သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့၊ နောက်ထပ် အခွင့်အလမ်းကောင်းတွေကို ရယူဖို့ပါ။ တဖက်မှာတော့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ဖို့၊ စကစကို အကြံအဥာဏ်တွေ ပေးတာတွေ၊ နည်းပညာ၊ စစ်လက်နက်ထောက်ပံ့ပေးတာတွေ လုပ်ဆောင်ခြင်းဖြင့် တော်လှန်ရေးသမားတွေကို အားပျော့သွားအောင် ဆောင်ရွက်ဖို့ဆိုတာ သတိချပ်ဖို့ အရေးကြီးပါတယ်။
- ဟန်နရီမင်း