အတွေးအမြင်

ကြေမွတိုင်းပြည်ဖြစ်နိုင်ချေ (လူငယ့်အမြင်)

သုဝဏ္ဏခွန် | အတွေးအမြင်

ကြေမွတိုင်းပြည်ဖြစ်နိုင်ချေ (လူငယ့်အမြင်)

သုဝဏ္ဏခွန် | အတွေးအမြင်

တရားဝင်မှုမရှိတဲ့ စစ်ကောင်စီဟာ ပြည်တွင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်ခြင်း၊ ပြည်တွင်းစီးပွားရေး တမြေ့မြေ့ပြိုဆင်းလာခြင်းတွေကြောင့် အစိုးရတစ်ရပ်အနေနဲ့ အုပ်ချုပ်နိုင်စွမ်းကင်းမဲ့ လာနေပါတယ်။ ထို့အတူ တော်လှန်ရေးအင်အားစုတွေရဲ့ သိမ်းပိုက်ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာခြင်းနဲ့ အုပ်ချုပ်ရေးယန္တရား တည်‌ဆောက်လာနိုင်ခြင်းဟာ စစ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေးအရ ရှုံးနိမ့်မှုတွေဖြစ်ပါတယ်။

ဒါတွေကိုကြည့်ရင် စစ်ကောင်စီဟာ အမှန်တကယ် ပြိုလှဲတော့မယ်လို့ ယုံကြည်နိုင်စရာ အချက်အလက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းသတင်းမီဒီယာအများစုဟာ စစ်ကောင်စီရဲ့ အရှုံးနဲ့ ရင်ဆိုင်လာရမှု၊ တော်လှန်ရေးရဲ့ အောင်မြင်မှုတွေကို အသားပေးဖော်ပြလာကြပါတယ်။

ထို့အတူ နွေဦးတော်လှန်ရေးတပ်ဦးမှာ ဦးဆောင်ပါဝင်နေ‌တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးတွေလည်း “တော်‌လှန်ရေးဟာ အောင်နေပြီ”ဖြစ်ကြောင်း ပြည်သူတွေကြားသိနိုင်အောင် တွင်တွင်ကျယ်ကျယ် ထုတ်ပြောလာပါတယ်။ ဒါတွေကြောင့် ပြည်သူတွေဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စု တည်ထောင်နိုင်တော့မယ်လို့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေ ရှိလာပါတယ်။

ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ လူမျိုးစု စသဖြင့် စုံလင်ကွဲပြားမှု အများအပြားရှိနေတဲ့ မြန်မာနိုင်ငံအတွက် ဗဟိုအစိုးရနဲ့ ပြည်နယ်/ယူနစ်အစိုးရအလွှာတွေအကြား ဗဟိုအာဏာလျော့ချကာ အာဏာခွဲဝေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ဟာ‌ ရေရှည်ရင်ဆိုင်နေရတဲ့ ပြည်တွင်းပဋိပက္ခကို အကောင်းဆုံး‌ဖြေရှင်းနိုင်မယ့် ရွေးချယ်စရာနည်းလမ်းဖြစ်တယ်လို့ နိုင်ငံတကာသုတေသီတွေအပြင် မြန်မာ့နိုင်ငံရေးသုတေသီတွေနဲ့ တိုင်းရင်းသား‌ခေါင်းဆောင်တွေက ယုံကြည်ထားကြပါတယ်။

ဒါကြောင့် စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အဆုံးစွန်သော ပန်းတိုင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံလို စုံလင်ကွဲပြားမှုများပြီး သမိုင်းကြောင်းဆိုင်ရာ ယုံကြည်မှုပြသာနာရှိနေ‌တဲ့ နိုင်ငံအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဟာ လွယ်လွယ်ကူကူနဲ့ ဖြစ်လာမယ်မဟုတ်ဘူးဆိုတာ နားလည်ထားပါတယ်။ စစ်ကောင်စီပြုတ်ကျတာကြောင့် လူမျိုးစုတိုင်းရင်းသားများအကြား နိုင်ငံရေး ဆွေး‌နွေး ညှိနှိုင်းမှုတွေ ပိုမိုလွယ်ကူနိုင်စရာရှိပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးတွေနဲ့ သတင်းမီဒီယာ အချို့ဟာ စစ်ကောင်စီပြုတ်ကျပြီး‌ တော်လှန်‌ရေး အလွန်ကာလမှာ မြန်မာနိုင်ငံဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လွယ်လင့်တကူ တည်ဆောက်နိုင်မယ်လို့ ပြောဆိုရေးသားဖော်ပြကြပါတယ်။

ဒါတွေကြောင့် တော်လှန်ရေးကာလအလွန် မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ဖြစ်လာနိုင်ချေရှိတဲ့ စိန်ခေါ်မှုပြသာနာတွေကို ထုတ်ဖော်ပြောဆိုရေးသားတဲ့သူတွေကို အတွေးအခေါ်အရ ဖောက်ပြန်သူလို့ သတ်မှတ်ပြီး လူထုနဲ့ တော်လှန်ရေးအသိုင်းအဝိုင်းက ဝိုင်းဝန်းဆဲဆို ဖယ်ကျဉ်‌တာမျိုးရှိပါတယ်။

ဒါကြောင့် အဲဒီလို ဝေဖန်ထောက်ပြလိုတဲ့သူတွေဟာ တော်လှန်ရေးအသိုင်းအဝိုင်းရဲ့ ဝိုင်းဝန်းဆဲဆိုခြင်းခံရပြီး ဖယ်ကျဉ်ခံ ရမှာစိုးလို့ နှုတ်ဆိတ်နေကြရတာမျိုး ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိမှာ ကျရှုံးနိုင်ငံဖြစ်နေတာဖြစ်ပြီး စစ်ကောင်စီပြုတ်ကျပြီးအလွန်ကာလမှာ အခန့်မသင့်ရင် ကြေမွတိုင်းပြည် ဖြစ်သွားနိုင်ချေရှိပါတယ်။ လုံးဝဥသုံ ကြေမွတိုင်းပြည်ဖြစ်မယ်လို့ ဆိုလိုတာမဟုတ်ပါ။

ဒီလိုကြေမွတိုင်းပြည်ဖြစ်ချေကို ထုတ်ဖော်ရေးသားပြောဆို နေသူတွေဟာလည်း တော်လှန်းရေးနဲ့ လူထုကို မျက်နှာမှုကြတဲ့သူတွေဖြစ်ပါတယ်။ ထို့အတူ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအပေါ် ယုံကြည်မျှော်လင့်ပြီး ဖြစ်စေချင်စိတ်ရှိသူတွေ ဖြစ်ပါတယ်။

မမြင်သာတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပြောဆိုကြတဲ့အခါ ဖြစ်ချင်တာတခုကိုပဲ အသားပေးလို့မရပဲ ဖြစ်လာနိုင်ချေရှိတာနဲ့ ဖြစ်သင့်တာကိုလည်း ကျယ်‌ကျယ်လောင်လောင် ပြောဆိုလာကြဖို့ လိုပါတယ်။ ဖြစ်နိုင်ချေရှိတာကို ထောက်ပြပြောဆိုခြင်းကိုလည်း တော်လှန်ရေးရဲ့ ဖောက်ပြန်တဲ့ အတွေးအခေါ်လို့ ကန့်သတ်မှုတွေမလုပ်ပဲ အသေအချာသုံးသပ်ပြီး လက်ခံနိုင်ကြဖို့ လိုအပ်တဲ့အချိန်ဖြစ်ပါတယ်။ ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေကို အသားပေးဖော်ပြ‌ပြီး အားအင်ယူခဲ့ရတဲ့ လက်နက်ကိုင်တော်လှန်ရေးခရီးဟာ လေးနှစ်တာ ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

အခုချိန်မှာတော့ ဖြစ်လာနိုင်ချေကို ကျယ်ကျယ်လောင်လောင် ပြောကြဆိုပြီး ဖြစ်ချင်တဲ့စိတ်ဆန္ဒနဲ့ ဖြစ်သင့်တဲ့ ပြည်ထောင်စုပုံစံကို ဖြေရှင်းပုံဖော်တည်ဆောက် ယူကြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် စိန်ခေါ်မှုတွေရှိနေပါတယ်။ စိန်ခေါ်မှုတွေဟာ ပြည်တွင်းစိန်ခေါ်မှုပြသာနာလည်း ရှိနေသလို ပြင်ပစိန်ခေါ်မှု ပြသာနာတွေလည်း ရှိပါတယ်။

သမိုင်းကြောင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုရှည်လျားပြီး နယ်နိမိတ်အရထိစပ်နေတဲ့ တရုတ်နိုင်ငံရဲ့ မြန်မာ့ပြည်တွင်း‌ရေး လွမ်းမိုးနိုင်မှုဟာ ပြင်ပစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ တရုတ်ဟာ ကွန်မြူနစ်နိုင်ငံ ဖြစ်တဲ့အတွက် (နိုင်ငံအာဏာကို တရုတ်ကွန်မြူနစ်ပါတီက ထိန်းချုပ်တဲ့ပတွက် ကွန်မြူနစ်နိုင်ငံလို့ သုံးနှုန်းတာဖြစ်ပြီး တရုတ်ဟာ ကွန်မြူနစ်နိုင်ငံ စစ်ခြင်း၊ မစစ်ခြင်းဟာ ငြင်းခုံစရာဖြစ်ပါတယ်။ တရုတ်ဟာ အစိုးရကင်းမဲ့တဲ့ အဆုံးစွန်သော ကွန်မြူနစ်ရဲ့ ဒုတိယအဆင့်ကိုတော့ မရောက်သေးတာ အမှန်ပါ။) သူ့ရဲ့ အိမ်နီးချင်းမြန်မာနိုင်ငံကို အနောက်နိုင်ငံတွေရဲ့ အိုင်ဒီယာလော့ဂျစ်ဖြစ်တဲ့ ဒီမိုကရေစီစံနှုန်းကို အခြေခံတဲ့ နိုင်ငံဖြစ်လာမှာကို မလိုလားပါဘူး။

ဒါကြောင့် တရုတ်ဟာ စစ်ကောင်စီပြုတ်ကျ‌ရေးကို မလိုလားပဲ အာဏာရှင်နိုင်ငံအနေနဲ့ ဆက်လက်မြင်တွေ့လိုနေတာပါ။ အဲဒီအတွက် တရုတ်ဟာ သူ့ရဲ့ မြန်မာ့ပြည်တွင်းရေး လွမ်းမိုးနိုင်စွမ်းကို အသုံးချပြီး အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို ဆက်လက်ပံ့ပိုးနေပါတယ်။

ဒါကြောင့် တရုတ်ဟာ စစ်ကောင်စီပြုတ်ကျရေးနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ MNDAA ကို စစ်‌ကောင်စီနဲ့ ဆွေးနွေးဖို့ ဖြတ်ငါးဖြတ်နဲ့ ဖိအားပေး‌နေပြီး ဖြတ်ငါးဖြတ် အောင်မြင်ဖို့အတွက် UWSA ကိုလည်း တိုက်ရိုက်တွန်းအားပေးနေပါတယ်။ ဒါတွေဟာ ထင်သာတဲ့ တရုတ်ရဲ့ မြန်မာ့ပြည်တွင်းရေး လွမ်းမိုးနိုင်စွမ်း ဖြစ်ပါတယ်။

တရုတ်ရဲ့ လွမ်းမိုးနိုင်မှုတွေဟာ သူနဲ့ထိစပ်တဲ့ တရုတ်-မြန်မာနယ်စပ်ဒေသတွေအပေါ်မှာပဲ ကြီးကြီးမားမားရှိနေတာဖြစ်ပြီး တစ်နိုင်ငံလုံးနဲ့ချီ လွမ်းမိုးနိုင်စွမ်းကင်းမဲ့ပါတယ်။ ဒါပေမယ့် တရုတ်လွမ်းမိုးမှု ရှိတဲ့ တိုင်းရင်းသားတော်လှန်းရေးလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံရဲ့ အင်အားအကြီးမားဆုံး လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ပါတယ်။

တစ်ဘက်မှာလည်း ပထဝီနိုင်ငံ‌ရေးအရ အာဆီယံနဲ့ အာရှဒေသတွင်း နိုင်ငံတွေအပေါ် တရုတ်ရဲ့ လွမ်းမိုးဖို့ ကြိုးပမ်းနေမှုကို တန်ပြန်ဖို့ အမေရိကန်အနေနဲ့ အာရုံစိုက်ရပါတယ်။ ဒီလိုအချိန်မှာ ဒီမိုကရေစီကို အခြေခံပြီး နိုင်ငံ‌တည်ဆောက်လိုတဲ့ မြန်မာနိုင်ငံအရေးဟာ အမေရိကန်အတွက် လျစ်လျူရှုထားလို့ မရနေပါဘူး။

ဒါကြောင့် မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံနှစ်ခုရဲ့ အားပြိုင်ရာ ကြားခံပဋိပက္ခနယ်မြေလို ဖြစ်လာနေပါတယ်။ ဒါဟာ ပြည်တွင်းပဋိပက္ခ ပိုမိုရှည်ကြာနိုင်စေတဲ့ အချက်လည်းဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် စိန်ခေါ်မှုပြသာနာတရပ်လည်း ဖြစ်ပါတယ်။

၁၉၄၇မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်နဲ့ ဘုံသဘောတူညီမှုတွေကို အကောင်အထည်ဖော်ဖို့ ကင်းမဲ့ခဲ့တာတွေဟာ ပြည်တွင်းပဋိပက္ခစတင်ခဲ့ရတဲ့ အကြောင်းအရင်းခံ အချက်တစ်ချက်ဖြစ်ပါတယ်။  စစ်အစိုးရအဆက်ဆက်ရဲ့ မဟာလူမျိုးကြီးဝါဒနဲ့ တခြားသော သွေးခွဲမှုအမျိုးမျိုးတွေကြောင့် တိုင်းရင်းသား လူမျိုးစုတွေအကြား သမိုင်းနဲ့ချီ ယုံကြည်မှုဆိုင်ရာ ပြသနာတွေ ရှိနေပါတယ်။ ဒါဟာ စုံလင်ကွဲပြားမှုများတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် အခရာအကျဆုံးနဲ့ အကြီးမားဆုံးစိန်ခေါ်မှုလည်း ဖြစ်ပါတယ်။

ဒါကြောင့် အချင်းချင်းအကြား ယုံကြည်မှုအားကောင်းအောင် အချိန်ယူပြီး ပြန်လည်တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။ အပြန်အလှန် ယုံကြည်မှုအားကောင်းမှသာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။  အပြန်အလှန်ယုံကြည်မှုမတည်ဆောက်နိုင်ရင် စစ်ကောင်စီပြတ်ကျဖို့ ပြိုင်တူ တွန်းလှန်ကြဖို့ ခက်ခဲနိုင်ပြီး စစ်ကောင်စီပြုတ်ကျပြီး တော်လှန်ရေးကာလအလွန်မှာလည်း တိုင်းရင်းသား လူမျိုးစုတွေအကြား ပဋိပက္ခ အသွင်သဏ္ဍာန်အသစ်တွေ ထပ်ကြုံတွေ့လာရနိုင်ဖွယ် ရှိပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ ဘုံရန်သူဖြစ်ပေမယ့် ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စု တည်ဆောက်ရေးဟာ ဘုံတူညီမှုမဖြစ်သေးပါဘူး။ မြန်မာနိုင်ငံဟာ စုံလင်ကွဲပြားမှုများပြီး သက်ဆိုင်ရာ လူမျိုးစုတွေဟာ ခိုင်မာတဲ့ ကိုယ်ပိုင်သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတွေ ရှိကြပါတယ်။

အထူးသဖြင့် လူမျိုးစုတွေဟာ တိုင်း၊ နိုင်ငံတွေနဲ့ တခမ်းတနားနေထိုင်ခဲ့တဲ့ ကြီးမြတ်တဲ့ သမိုင်းကြောင်းရှိခဲ့ကြတာပါ။ အတိတ်ရဲ့ ကြီးမြတ်တဲ့ သမိုင်းကြောင်းတွေဟာ တိုင်းရင်းသား လူမျိုးစုတွေအတွက် အမျိုးသားရေးစိတ်ဓာတ်ခွန်အားတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပထဝီတည်နေရာအနေ အထားအရ တိုင်း၊ နိုင်ငံ ပြန်လည်တည်ထောင်နိုင်ဖို့ အခွင့်သာတဲ့ လူမျိုးစုတွေဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ထက် ကွန်ဖက်ဒရေးရှင်းထက်မနိမ့်တဲ့ နိုင်ငံရေးစိတ်ဆန္ဒနဲ့ ဒါမှမဟုတ် ကွန်ဖက်ဒရိတ်ထက် ပိုမြင့်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံကို တည်ဆောက်လိုကြတာတွေ ရှိပါတယ်။

အာရက္ခတပ်တော်ဟာ ထင်သာတဲ့ တရားဝင် ထုတ်ဖော်ပြောဆိုမှုတွေ ရှိထားပါတယ်။ အလားတူ အခြားသော တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း အာရက္ခတပ်‌တော်လို နိုင်ငံရေး စိတ်ဆန္ဒတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ထို့အတူ ဖက်ဒရယ်အပေါ် လူမျိုးစုတိုင်းရင်းသားခေါင်းဆောင်များ၏ ဖက်ဒရယ်အပေါ် နားလည်မှုတွေဟာ ကွဲလွဲမှုများစွာ ရှိနေပါတယ်။

ဒါကြောင့် ပြည်ထောင်စုကို သီးခြားလွတ်လပ်တဲ့ ပြည်နယ်/ယူနစ်တွေက လာရောက်ပြီး အတူယှဉ်တွဲနေထိုင်တဲ့ ဖက်ဒရယ်စနစ် (Coming Together Federalism)နဲ့ တည်ဆောက်မလား။ ဒါမှမဟုတ် ရှိနေတဲ့ မူလနိုင်ငံ/ပြည်ထောင်စုကို ဗဟိုအာဏာလျော့ချကာ အာဏာခွဲဝေပေးပြီး စုပေါင်းနေထိုင်တဲ့ ဖက်ဒရယ်စနစ် (Holding Together Federalism) နဲ့ တည်ဆောက်မလားဆိုတဲ့ စဉ်းစားစရာတွေ ရှိပါတယ်။ သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် ခွဲထွက်လိုတဲ့ တိုင်းရင်းသားလူမျိုးစုတွေရှိ‌နေတဲ့အတွက် အတင်းကာရော Holding together လုပ်လို့မရပါဘူး။

ခွဲထွက်ချင်တဲ့ ခွဲထွက်နိုင်မယ့် တိုင်းရင်းသားလူမျိုးစု ပြည်နယ်/ယူနစ်တွေကို ခွဲထွက်ခွင့်ပေးဖို့လိုသလို ပြည်နယ်/ယူနစ်တွေအနေနဲ့ ပြည်ထောင်စုက ခွဲမထွက်နိုင်အောင်လည်း သေချာတဲ့ နိုင်ငံ‌ရေး ကတိကဝတ်တွေနဲ့ အာမခံချက်တွေကို ပေးထားနိုင်ဖို့လိုပါတယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးစုတွေအကြား ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကြေလည်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် အားကောင်းကောင်းနဲ့ လုပ်ဆောင်ကြဖို့လိုပါတယ်။

စုံလင်ကွဲပြားမှုများပြားတဲ့ နိုင်ငံတွေနဲ့ နယ်မြေကျယ်ပြန့်တဲ့ နိုင်ငံတွေမှာ ဖက်ဒရယ်စနစ်ကို ပဋိပက္ခ ဖြေလျော့ရေးနည်းလမ်းအဖြစ် ရွေးချယ်ကြပေမယ့် တခါတရံ ဖက်ဒရယ်စနစ်အကူးအပြောင်းမှာ ပဋိပက္ခ အသွင်သဏ္ဍာန်အသစ် ဖြစ်စေနိုင်တာကိုလည်း သတိချပ်ဖို့ လိုပါတယ်။

အခုလက်ရှိကာလမှာ ဆိုရင်လည်း မြန်မာနိုင်ငံမှာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား နယ်မြေခွဲဝေမှုဆိုင်ရာ၊ သယံဇာတခွဲဝေမှုဆိုင်ရာ၊ ဘဏ္ဍာငွေခွဲဝေမှုဆိုင်ရာ စတဲ့အချက်တွေ‌အပေါ် အခြေခံတဲ့ ပွတ်တိုက်ထိတွေ့မှုတွေ ရှိနေပါတယ်။ ဒီအချက်တွေဟာ အနာဂတ်မှာ မြန်မာနိုင်ငံအတွက် မလွဲမသွေ ထပ်ပြီးကြုံတွေ့ရဖို့လည်း ရှိပါတယ်။ ဒါတွေကိုကြည့်ရင် အစုအဖွဲ့၊ အဖွဲ့အစည်းတွေအကြား အပြန်အလှန် ယုံကြည်မှု အားမကောင်း နေသေးတဲ့အပြင် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ အားကောင်းနေတာမျိုး မရှိနေသေးပါဘူး။

ဒါဟာ အနာဂတ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် စိန်ခေါ်မှုဖြစ်ပါတယ်။ ဒီကာလမှာ တော်လှန်ရေး အင်အားစုတွေ အားလုံးအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ အမြင့်ဆုံးသော နိုင်ငံရေးစိတ်ဆန္ဒကို နိုင်ငံရေးစားပွဲဝိုင်းမှာ ပွင့်ပွင်းလင်းလင်းနဲ့ ချပြ ညှိနှိုင်းဆွေးနွေးယူပြီး ဘုံသဘောတူညီမှုရရှိထားဖို့ လိုပါတယ်။ သို့မဟုတ်ရင် စစ်ကောင်စီပြုတ်ကျပြီး တော်လှန်ကာလအလွန်မှာ သဘောတူညီမှုမရှိလို့ ပြည်ထောင်စုအစိုးရ မစုဖွဲ့နိုင်ပဲ သက်ဆိုင်ရာဒေသအသီးသီးကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးရဲ့ တကွဲတပြားအုပ်ချုပ်တဲ့ ဖရိုဖရဲနဲ့ ကြေမွတိုင်းပြည် ဖြစ်သွားနိုင်ချေရှိပါတယ်။

ကျနော်တို့အနေနဲ့ ဖြစ်နိုင်ချေတွေကို ကျယ်ကျယ်လောင်လောင်နဲ့ ထုတ်ဖော်ပြောဆိုကြဖို့လိုပြီး ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် စိန်‌ခေါ်မှုပြသာနာရှိနေတာတွေနဲ့ ဖြစ်နိုင်ချေတွေကို လူထု သိမှသာ တော်လှန်ရေးရဲ့ ဦးဆောင်သူခေါင်းဆောင်တွေကို တွန်းအားပေး တည့်မတ်ထိန်းကြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ပြင်ပရဲ့ စိန်ခေါ်မှုပြသာနာကို လူထုအားနဲ့ အံတုချေဖျက်ရမှာဖြစ်သလို ပြည်တွင်းရဲ့ စိန်ခေါ်မှု ပြသာနာ တွေကို လည်း လူထုအားနဲ့သာ တည့်မတ်‌ထိန်းကြောင်းပေးနိုင်မှာပါ။ သို့မဟုတ် ဖြစ်ချင်တာကိုပဲ အသားပေး ပြောဆိုရေးသားကြရင် မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်လာနိုင်မယ့်အပြင် ဖြစ်ချင်တာတွေလည်း အမှန် တကယ် ဖြစ်လာမှာမဟုတ်ပါဘူး။

‌သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ အပြန်အလှန်ယုံကြည်မှုအားကောင်းဖို့ အခုကတည်းက အချိန်ယူပြီး ပြန်လည်တည်ဆောင်ယူကြဖို့ လိုသလို အားလုံးပါဝင်တဲ့ ပွင့်လင်းပြီး အားကောင်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ‌နိုင်ငံရေးဆွေးနွေးမှုတွေကတဆင့် ဘုံသဘောတူညီရရှိဖို့ သဘောထားကြီးကြီးနဲ့ ကြိုးစားညှိနှိုင်းလိုက်‌လျောကြဖို့လိုပါတယ်။

ဝန်ကြီးတွေလည်း တော်လှန်ရေးကြီး အောင်နေပြီလို့ လူထုကို မျှော်လင့်ချက်အမှားတွေကိုလည်း လျော့ပြောကြဖို့လိုပါတယ်။ လူထုအနေနဲ့လည်း အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် စိန်ခေါ်မှုပြသာနာဖြစ်နိုင်ချေတွေကို အသေအချာ သုံးသပ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အချိန်နဲ့အမျှ ထိန်းကြောင်းတည့်မတ် တွန်းတင်မှုတွေ လုပ်ကြဖို့လိုပါတယ်။ ဒါမှသာ စစ်ကောင်စီကို ဖယ်ရှားပြီးတာနဲ့ ‌ပဋိပက္ခအသစ်သဏ္ဍာန်အသစ်‌တွေကို ကျော်လွှားနိုင်မှာဖြစ်ပြီး ကြေမွ တိုင်းပြည် ဖြစ်နိုင်‌ချေ ရှောင်ရှားနိုင်မှာပါ။

Related Articles

Back to top button