တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 67, August 20, 2024)

၁။ ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရ

 August 19, 2024

စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်ဝင်ရောက်စီးနင်းမှုကို ခံခဲ့ရသည့် ဗျိုင်းဖြူကျေးရွာတွင် အမျိုးသမီး ငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ဖြစ်စဉ်သိသူ ဗျိုင်းဖြူရွာသားများက ပြောသည်။ အဓမ္မပြုကျင့်မှုဖြစ်စဉ်များမှာ စစ်ကောင်စီတပ် ကျေးရွာအတွင်း စတင်ဝင်ရောက်ခဲ့သည့် မေလ ၂၉ ရက်နေ့ကပင်ဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ် များမှာ အသက် ၁၀ ကျော်အရွယ်နှစ်ဦးနှင့် အသက်၂၀ ကျော်တစ်ဦးတို့ ပါဝင်ကြောင်းသိရသည်။ အဓမ္မပြုကျင့်ခံရသူထဲ စိတ်ရော ဂါဝေဒနာ ခံစားနေရသူ အမျိုးသမီးငယ်တစ်ဦးပါဝင်ပြီး ထိုအမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရသည့်ဖြစ်စဥ်အား မိသားစုနှင့်နီးစပ်သူ ဗျိုင်းဖြူရွာဒေသခံ အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြော သည်။ “ရွာကို စစ်သားတွေ ဝင်လာတဲ့နေ့က ထွက်ပြေးကြတယ်လေ အဲ့မှာ အဲ့ဒီကောင်မလေးက သူ့အဖိုးနဲ့အတူ ကျန်ခဲ့တယ်။ အဖိုးက နေမကောင်းလို့ မထနိုင်ရှာဘူး။ ကောင်မလေးက စိတ်မမှန် တော့ ခေါ်မရလို့ ထားခဲ့ရတာ။ နှစ်ယောက်တည်းကျန်ခဲ့တုန်း စစ်သား ၅ ယောက်ဝင်လာပြီး အဓမ္မကျင့်ကြတာ အဖိုးဖြစ်သူက မြင်ခဲ့တယ်။ အဖိုးဖြစ်သူကိုလည်း ရိုက်နှက်ပြီးထားခဲ့ကြတယ်”ဟု ပြောသည်။ အဆိုပါ အဖိုးဖြစ်သူနှင့် မြေးဖြစ်သူတို့မှာ စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေမြို့ထဲတွင် ဖြစ်သလို နေထိုင်စားသောက်နေရကြောင်း စုံစမ်းသိရသည်။  

ယင်းအပြင် မေလ ၂၉ ရက်နေ့ ညဉ့်အချိန်တွင်လည်း အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအပါအဝင် အခြား အမျိုးသမီးလူကြီးပိုင်းအချို့ကို စစ်ကောင်စီတပ်သားများကခွဲထုတ်ခေါ်ယူသွားပြီးနောက် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် ဖြစ်သူကို ထပ်မံခွဲထုတ်ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ဖြစ်စဉ်သိသူ အမျိုးသမီးများက ပြောဆိုကြသည်။  စစ်ကောင်စီတပ် သားများ ဆွဲထုတ်ခေါ်ယူသူထဲပါဝင်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက “အဲ့နေ့ ညည့် ၁၂ နာရီလောက်မှာ အမျိုး သမီးတချို့ကို လူအုပ်ကနေခွဲထုတ်ပြီး ခေါ်သွားတယ်။ အဲ့ထဲမှ အသက် ၁၅ နှစ် ကောင်မလေးတစ်ယောက် ပါသွားတယ်။ ကျန်တဲ့ သူတွေပြန်ပို့ပေမယ့် သူ့ကိုကျတော့ပြန်မပို့ဘူး။ သူမကိုမျက်နှာကိုအုပ်ပြီးတစ်ခြားနေရာကိုခေါ်သွားကြတယ်။အဲ့ဒီကောင်မလေး ကို မိသားစုဝင်တွေ ငိုယိုလိုက်ရှာကြတော့ နောက်တစ်နေ့ ညနေစောင်းလောက်ကျမှ ပြန်ခေါ်လို့ရခဲ့ကြတယ်။ ဘာတွေဖြစ်ခဲ့လဲ မေးကြည့်တော့ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ သိရတယ်။ ” ဟု ပြောသည်။ ဗျိုင်းဖြူကျေးရွာက အမျိုးသား၊ အမျိုးသမီးများမှာ မေလ ၂၉ ရက်ကစပြီး စစ်ကောင်စီတပ်သားများ၏ လက်နောက်ပြန်ကြိုးတုပ်ခြင်းကိုခံရကာ ရွာပြင်၌ ၃ ညခန့် စုဝေးအိပ်ခဲ့ရ ကြောင်း စုံစမ်းသိရသည်။  Read in Full

 
၂။  သံဖြူဇရပ်တွင် စစ်ကောင်စီစစ်ကြောင်းကို တိုက် ခိုက်မှု ၇ ဦးသေဆုံးဟု တောင်ညိုစစ်ကြောင်းထုတ်ပြန်

 August 19, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ကို (ဩဂုတ်လ ၁၈ ရက်)နံနက်ကတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းကသတင်းထုတ်ပြန်သည်။ သံဖြူဇရပ်နှင့်ရေးမြို့နယ် ကြားရှိ ရဲတံခွန်ရွာသစ်ဘုန်းကြီးကျောင်းအနီး၌ အင်အား ၄၀ ခန့်ဖြင့် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့အား ကရင် အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA) တပ်ရင်း (၂၇)နှင့်ပူးပေါင်း၍ ဒရုန်းဖြင့်ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ တိုက်ခိုက်မှု၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးပြီး လက်နက် ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများ ထိခိုက်မှုမရှိခဲ့ကြောင်းတောင်ညိုစစ်ကြောင်း တာဝန်ရှိသူတဦးက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်ကလည်း  ရွာသစ်ကျေးရွာ၊ ဘုရားကုန်းအနီးတွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးသည်ဟု တောင်ညို စစ်ကြောင်းကသတင်းထုတ်ပြန်ထားသည်။

တောင်ညိုစစ်ကြောင်းထုတ်ပြန်ချက်အရ သံဖြူဇရပ်မြို့နယ်အတွင်း ဩဂုတ်လ ၁၆ ရက်နှင့်ဩဂုတ်လ ၁၈ ရက်က တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂ ဦးသေဆုံးသည်ဟု ဆိုထားသည်။ စစ်ကောင်စီဘက်မှ  သေဆုံးသူ အရေအတွက်အား မြေပြင် မှ သတင်းပေး၏ အကူအညီဖြင့် အတည်ပြုချက်ယူထားကြောင်း တောင်ညိုစစ်ကြောင်းတာဝန်ရှိသူက ပြောသည်။ ဩဂုတ်လ ၁၆ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် သံဖြူဇရပ်မြို့အခြေစိုက် အမတ(၃၁၅)မှ လက်နက် ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ရဲတံခွန်ရွာသစ် ကျေးရွာအနီးရာဘာခြံမှ ခြံလုပ်သားတဦး သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ စစ်ကောင်စီသည် ရဲတံခွန်ရွာအနီးတွင် တပ်စွဲထားဆဲဖြစ်ပြီး ဒေသခံများအား ခြိမ်းခြောက်စစ်ဆေးခြင်း၊ ငွေတောင်းယူခြင်းများ လုပ်ဆောင်နေ ကြောင်း တောင်ညိုစစ်ကြောင်းတာဝန်ရှိသူက ပြောသည်။ တောင်ညိုစစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်ရှိပြီး သံဖြူဇရပ်နှင့် ရေးမြို့နယ်ကြားတွင် စစ်ရေးလှုပ်ရှားသည်။  

၃။ မတူပီမြို့နယ် ရွာ ၄ ရွာမှာစစ်ဘေးရှောင်ပြည်သူများ ရိက္ခာပြတ်လပ်

 August 19, 2024

ချင်းပြည်နယ် ၊ မတူပီမြို့နယ် ထိုက်ဖွမ်းနယ်မြေ ကိုမြို့ပေါ်ကနေစစ်ဘေးရှောင်နေတဲ့ပြည်သူ အများအပြား စားဝတ် နေရေး ခက်ခဲနေတာကြောင့် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေထံမှသိရပါတယ်။ မတူပီမြို့ပေါ်ကနေ မေလ လကုန်ပိုင်းကနေ ထိုက်ဖွမ်းနယ်ကိုစစ်ဘေးရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူများဟာ အမ်လိုင်း၊ ရဲန်ခဲန်း၊ ပါခဲန်း ၊ တန်ကူ (က) နဲ့ တန်ကူ (ခ) တို့မှာစစ်ဘေးရှောင်နေကြတာကြောင့် မြို့ပေါ်ကနေ ထွက်ပြေးလာချိန်မှာတော့ ကိုယ်ထည် တခု နဲ့ ထွက်ပြေးနေ ကြတာကြောင့် စားဝတ်နေရေးအတော်ခက်ခဲနေတယ်လို့သိရပါတယ်။  ထိုက်ဖွမ်းနယ်မြေ ပြည်သူအများစုဟာ အာဏာသိမ်းချိန် တွင် ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြတာကြောင့်အခုလို မြို့ပေါ်ကနေ ထွက်ပြေးလာတဲ့စစ်ဘေးရှောင်တွေအတွက် အစား အသောက်ပိုပြီးခက်ခဲနေတာလို့သိရပါတယ်။

” ကျွန်တော်တို့မတူပီကနေထွက်ပြေးစဥ် ဒီတိုင်းပဲပြေးနေကြတာပါ။ အဝတ်အစားနည်းနည်းစီပဲပါကြပြီးတော့ စောင် တို့ဘာညာတို့တော့မပါတော့ဘူး။ အခု အရေးကြီးတာက ဒီထိုက်ဖွမ်း ပြည်သူတွေက အာဏာသိမ်းကတည်းကနေ မီဇိုရမ်ဘက် ထွက်ပြေးကုန်တာကြောင့် အစားအသောက်နဲ့ စောင် ပဲလိုအပ်တယ်”လို့ ရဲန်ခဲန်းရွာကိုစစ်ရှောင်နေတဲ့ပြည်သူတစ်ဦးက ပြောပါ တယ်။ မတူပီမြို့နယ် ထိုက်ဖွမ်းနယ်တွင် စစ်ဘေးရှောင်အိမ်ထောင်စု ၂၈ ရှိပြီး လာလွီးအုပ်စုတွင် ၆၀ ကျော် ၊ မတူပီ -ပလက်ဝ လမ်းမတွင် အိမ်ထောင်စု ၂၀၀ နီးပါး စစ်ဘေးရှောင်နေကြတယ်လို့သိရပါတယ်။ Read in Full

၄။ ပုလောမှာ လက်နက်ကြီးနဲ့မိုင်းကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံး

 August 19, 2024

ပုလောမြို့နယ်က ကျေးရွာနှစ်ရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ မိုင်းကြောင့် အသက်လေးနှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ အခုလ ၁၈ ရက်နေ့ ည ၈ နာရီခွဲက တန်းရှင်းရွာက အသက်လေးနှစ်ကျော်အရွယ် ယောက်ျားငယ်လေးရဲ့ လည်ပင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက် တဲ့ လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။“အိမ်ဘေးကို လက်နက်ကြီးကျပြီး ကျည်စစင် တာ။ လည်ပင်းကို ဖောက်ဝင်သွားတယ်။ ညကတည်းကရှင်ဖို့မလွယ်ဘူး။ ဒီနေ့မိုး လင်းစောစောမှာ ဆုံးသွားတာ။”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပလမြို့ရဲစခန်းက လက်နက်ကြီးနဲ့ လူ နေအိမ်တွေကြားထဲ အကြောင်းမဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ အခုလ ၁၆ ရက်နေ့ကလည်း မီးလောင် ချောင်းရွာက အသက် ၂၀ အရွယ် လူငယ်တစ်ဦး ခြေနင်းမိုင်း ထိပြီး ခြေတောက်ပြတ်တောက်ခဲ့တယ်လို့ ဒေသ ခံတွေဆီက သိရပါတယ်။ တစ်ခြံဝင်တစ်ခြံထွက်သွားလာနေချိန် မိုင်းနင်းမိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

 “ကျွန်တော်တို့ဆီမှာ ခြေနင်းမိုင်းမသုံးဘူး။ သူက ခြေပဲပြတ်စေတာ။ ထိရောက်မှုသိပ်မရှိဘူး။ တိုက်မိုင်းပဲ အသုံးများ တယ်။” လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်နက်ကြီး ကျည်စ ထိ မှန်ပြီး ဆေးကုသမှုခံနေတဲ့ မီးလောင်ချောင်းရွာခံ အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ အခုလ ၈ ရက်နေ့က မီးလောင် ချောင်းရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးမဟာမိတ်တပ်တွေဘက်က ဝင်ရောက်ပစ်ခတ်လို့ တိုက်ပွဲဖြစ်ပြီး နောက် စစ်ကောင်စီပစ်တဲ့လက်နက်ကြီးကြောင့် ဇနီးမောင်နှံနှစ်ဦးနဲ့ အဖွားတစ်ဦးတို့ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ပါ တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တနင်္သာရီမြို့နယ် တနင်္သာရီတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်က သေနတ်နဲ့ပစ်လို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ Read in Full

၅။  ဖားအံမြို့နယ်ရှိ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ စစ်ကောင်စီထံ လက်နက်ပြန်အပ်

 August 19, 2024

ဖားအံမြို့နယ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေအတွင်းရှိ ပြည်သူ့စစ်တပ် ဖွဲ့ဝင်များ ပြီးခဲ့သည့် ဩဂုတ်လဒုတိယအပတ်အတွင်းက စစ်ကောင်စီထံ လက်နက်ပြန်အပ်လိုက် သည်ဟု မြေပြင်သတင်းအရင်း အမြစ်က အတည်ပြုပြောသည်။ အဆိုပါ ပြည်သူစစ်အဖွဲ့ဝင်များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသော်လည်း ၎င်း တို့ အနေဖြင့် မိမိ ကိုယ်မိမိ ပြန်လည်ကာကွယ်ရန် အခြေအနေမပေးသည့်အတွက် ယခုလို လက်နက်ပြန်အပ်ခဲ့ခြင်းဖြစ်သည် ဟု အခြေအနေသိထားသူ သတင်းရင်းမြစ်ကပြောသည်။“ဒီလက်နက်တွေကို သူတို့ကိုင်ပေမယ့်လည်း သူတို့ကိုယ်သူတို့ ပြန်ကာ ကွယ်လို့မရဘူး။ တကယ်လို့ ဆက်ကိုင်ရင် သူတို့အတွက် အန္တရာယ်ပိုဖြစ်လာမယ်။ စစ်ကောင်စီဘက်က သူတို့ကို ကာကွယ်ပေး နိုင်ရင် ဒီလက်နက်တွေ ကိုင်မယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က အခုကာကွယ်မပေးနိုင်ဘူး။ လက်နက်တွေကိုင်ပေမယ့်လည်း သူတို့ကိုယ်သူတို့ မကာကွယ်နိုင်တဲ့အတွက် ပြန်အပ်လိုက်တာလို့ အဲလိုပြောပြီး သွားအပ်လိုက်တာပါ” ဟု မြေပြင် သတင်းရင်း မြစ်က ပြောသည်။

ဖားအံမြို့နယ်၊ အရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း(၁)နယ်မြေရှိ ကျေးရွာများတွင် ပြည်သူ့ စစ်တပ်ဖွဲ့ဝင်အင်အား ၆၀ ဦးကျော်ရှိပြီး၊ ၎င်းတို့၏ လက်နက်များကို  ဖားအံမြို့ရှိ အမှတ် (၁၅၁) လျှပ်/စစ် တပ်ခွဲအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လက်နက် ၆၀ လက်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ထံ လက်နက် ၄ လက် သွားအပ်ခဲ့သည်ဟု မြေပြင်အခြေအနေ သိထားသူ တစ်ဦးက ပြောသည်။ ဖားအံမြို့နယ်အတွင်းရှိ ဝင်းဒရယ်၊ ကျုံခန၊ နို့လာ၊ ဖောကလော်၊ မယ်ကလော၊ နို့ဖာဒို့၊ တံတားဦး စသည့်ကျေးရွာ များရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အားလုံး လက်နက်ပြန်အပ်ကာ  ပြည်သူ့စစ်တပ်ဖွဲ့ ဝင်မဟုတ်ကြောင်းကိုလည်း နယ်မြေခံ  KNLA ထံ ခံဝန်ကတိလက်မှတ်ထိုး အသိပေးခြင်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။ Read in Full

၆။ ထန်တလန်မြို့ကို စစ်ကောင်စီက ဗုံးကြဲ၊ ဟားခါးဗျူဟာကုန်းမှ လက်နက်ကြီးဖြင့်ပစ်ကူ

 August 20, 2024

ချင်းပြည်အစိုးရတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေသော ထန်တလန်မြို့ကို စစ်ကောင်စီက လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဟားခါးမြို့စစ်ဗျူဟာကုန်းမှလည်း လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ကူခဲ့သည် ဟုသိရသည်။ ထန်တလန်မြို့ထဲ တိုက်တာအဆောက်အအုံဟောင်းများတွင် ခြေကုပ်ယူထားကြသော စစ်ကောင်စီတပ်သားများ ကို  ချင်းပြည်အစိုးရတပ်ဖွဲ့က ယနေ့ မနက်ပိုင်းမှာပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အတွက် စစ်ကောင်စီတပ်ဖွဲ့က လေ ကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ကူနေခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆို ခွင့် ရှိသူ ဆလိုင်းထက်နီ ကပြောသည်။ ယနေ့မနက်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် အနည်း ဆုံး ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခံရပြီး၊ ဟားခါးမြို့ ရုန်းတောင် စစ်ဗျူ ဟာ ကုန်းကနေလည်း ထန်တလန်မြို့ထဲကို လက်နက်ကြီးနှင့် ၁၀ ကြိမ်ထက်မနည်း ပစ်ကူခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ခဲ့ကြသော ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး Tilim Operation-4 စစ်ဆင်ရေးသည် ယခုဆိုလျှင် တစ်လနီးပါးခန့်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်သားများသည် ထန်တလန်မြို့ထဲက တိုက်တာအဆောက် အအုံများတွင် ပုန်းခိုကာ မဆုတ်တမ်းခုခံနေကြောင်း ဆလိုင်းထက်နီကပြောသည်။ “ သူတို့က ဟားခါး ဗျူဟာ လုံခြုံ ရေးအတွက် မဆုတ်တမ်း ခံစစ်အနေနဲ့ အခိုင်အမာလုပ်ထားတယ် ထန်တလန်က တိုက်တာ အဆောက်အအုံကောင်းတော့ သူတို့ ခိုတဲ့နေရာက ခိုင်တယ်” ဟု ဆလိုင်းထက်နီကပြောသည်။ Tilim Operation-4 စစ်ဆင်ရေးကာလအတွင်းမှာ ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံ ခလရ ၂၆၉ တပ်ကုန်း နှင့် ဟားခါး-ထန်တလန် ကြားမှာ အခိုင် အမာတပ်စွဲထားကြသော စစ်ကောင်စီ စခန်းပေါင်းအနည်းဆုံး ၈ ခုကို ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြပြီး စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းသေဆုံးပြီဟုသိရသည်။ Read in Full

၇။ တိုက်ပွဲကာလ တစ်လလောက်ကြာမြင့်ခဲ့တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်

 August 19, 2024

ဗန်းမော်ခရိုင်ထဲမှာ တစ်လဝန်းကျင်လောက် တိုက်ပွဲကြာမြင့်ခဲ့တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ် ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ဩဂုတ်လ ၁၉ ရက်နေ့ ဒီကနေ့ ညနေပိုင်း ၃ နာရီခွဲမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ KIO အတည်ပြုပြောပါတယ်။ “၃ နာရီနဲ့ မိနစ် ၄၀ ဝန်းကျင်လောက်မှာ အပြီးသတ်သိမ်းလိုက်ပြီ။ စခန်းကို မသိမ်းခင် ဒီမနက်ပိုင်းမှာ စစ်ဆင်ကွပ်ကဲရေးအဖွဲ့တွေ အရင်ထွက်ပြေးသွားကြတယ်။ တပ်သားဦးရေဘယ်လောက်ထိရှိလဲတော့မသိဘူး။ ဖမ်းဆီးရမိတာ တွေလည်း အချိန်အထိ အသေးစိတ်တော့မသိရသေးဘူး။ စခန်းသိမ်းပိုက်နိုင်တာတစ်ခုပဲသေချာသိရသေးတယ်”လို့ KIO သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။ KIA သိမ်းပိုက်လိုက်တဲ့ မိုးမောက်တိုက်မှာ စစ်ကောင်စီဘက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားတစ်ချို့ရှိသလို ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က မိုးမောက်တပ်စခန်း လက်မလွတ်ရေးအတွက် ဒီကနေ့မနက် ၁၂ နာရီဝန်းကျင်အထိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဗန်းမော်မြို့ ဘက်ကလည်း တင့်ကားအပါ စစ်ကား ၅ စီးနဲ့ စစ်ကူတက်လာခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်ဘက်ကနေ စစ်ကူတက်လာတဲ့ စစ်ကား ၅ စီးပါတဲ့ ယာဉ်တန်းကို မိုးမောက်မရောက်မှီ ၆ မိုင်နဲ့၇ မိုင်ကြား မှာ KIA တပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီ စစ်ကူတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ တိုက်ပွဲဖြစ်ပွားတဲ့ မိုးမောက်ဘက်ကို ကျော်တက်မသွားနိုင်ဘဲ လမ်းခုလပ်မှာ ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် တိုက်ခိုက်ခံရတဲ့နေရာမှာ  စစ်ကား ၄ စီးမီးလောင်ပျက်စီးသွားပြီး စစ်ကားတစ်စီးကို KIA တပ်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေ ပြောပါတယ်။ ဒါကြောင့် KIA တပ်တွေက မိုးမောက်တပ်စခန်းကို အပြီးသတ်သိမ်း ဆည်းနိုင်ခဲ့တဲ့အပြင် စစ်ကူတက်လာတဲ့ စစ်ကား ၄ စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မိုးမောက်တိုက်ပွဲမှာ စစ်ကောင်စီးတပ်သား ရာဂဏန်းသေဆုံးမှု ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရေတွက်လို့မရအောင် သိမ်း ဆည်းရမိခဲ့တယ်လို့လည်း ခိုင်လုံတဲ့ KIA ရှေ့တန်းသတင်း အရင်း အဖြစ်တစ်ဦးလည်း ပြောပါတယ်။“ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေက သိပ်မရှိလောက်ဘူး။ ဘာလို့လဲဆိုတော့ ထွက်လို့ မရအောင် အကုန်ပိတ်ထားတယ်လေ။ တပ်စခန်းမှာက စစ်အင်အား ၃၀၀ လောက်ရှိတယ် အကုန်သေသွားတယ်။ ဖမ်းဆီးရမိ တာလည်းရှိတယ်။ ဘယ်လောက်ရှိလဲတော့ သေချာမသိရသေးဘူး။ လက်နက်ခဲယမ်းကတော့ ရေတွက်လို့တောင်မကုန်ဘူး အရမ်းများတယ်”လို့ပြောပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်စခန်းမှာ စစ်ကောင်စီတပ်သား ၃၀၀ ဝန်းကျင်လောက်ရှိပြီး အဲဒီ စစ်အင်အားတွေဟာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းအတွင်း KIO ထိန်းချုပ်နယ်မြေ တဝိုက်က တပ်စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာမှာ ထွက်ပြေးလွတ်မြောက်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။ Read in Full

၈။ ရပ်စောက်ကို အင်အားဖြည့်ဖို့ တောင်ကြီးတပ်ရင်းနဲ့ စစ်မှုထမ်းအသစ်တွေ စစ်ကောင်စီ စေလွှတ်

 August 19, 2024

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် အခြေစိုက် ခလရ ၅၁၀ တပ်ရင်းဟာ စစ်ကား ၅ စီး၊ လူအင် အား ၂၀၀ ခန့်နဲ့ ဩဂုတ် ၁၉ ရက် မနက် ၆ နာရီခန့်မှာ ရပ်စောက်ကို စစ်ကူပေးဖို့ ဆင်းသွားပြီလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါ တယ်။ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာမှာ ဩဂုတ် ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက်က အထိနာခဲ့တာကြောင့် ဒီရက်ပိုင်းအတွင်း အင်အားဆက်တိုက် ဖြည့်တင်းနေတာပါ။ “တိုက်ပွဲတော့ နေ့တိုင်း ဖြစ်တယ်။ စစ်တပ် ဖက်က တစ်ခါတစ်လေ အိမ်စီးကားတွေနဲ့ လာတယ်” လို့ ကျောက်ဂူဒေသခံ တစ်ဦးက ပြောပါတယ်။

အလားတူ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာမှာလည်း စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)က တပ်စွဲ ထားပြီး ၃ ရက်တစ်သုတ်နဲ့ စစ်သင်တန်းပေးကာ ကျောက်ဂူကျေးရွာဘက်ကို စစ်ကူဆက်တိုက် ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပင်ဖြစ်ကျေးရွာမှာလည်း ရွာခံအမျိုးသမီးတွေကိုပါ လုံခြုံရေး ကင်းစောင့်ခိုင်းတာတွေ ပြုလုပ်နေပြီး ဒီတစ်ကြိမ် စစ်သင် တန်းပေးတာကိုတော့ ငွေကြေးနဲ့ ညှိနှိုင်းခွင့် မပြုဘူးလို့ သိရပါတယ်။ ဩဂုတ်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျောက်ဂူတိုက်ပွဲမှာ တော့ စစ်ကောင်စီဖက်က ၉ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၈ ဦးနဲ့အတူ သေနတ် ၁၉ လက် သိမ်းဆည်းရမိထားတယ်လို့ DPLF က ထုတ်ပြန်ထားပါတယ်။ Read in Full

၉။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်လို့ အဆောက်ဉီးအချို့ပျက်စီး

 August 19, 2024

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်ရှိ၊ ဖွီကျေးရွာကိုအ ကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၁၈ ရက် မနက် ၃ နာရီခွဲ၀န်း ကျင်မှာ လေကြောင်းတိုက် ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာတော့ စာသင် ကျောင်း၊ ဝဥ ခင်းတွေပျက်စီးခဲ့ပြီး ဩဂုတ်လ ၁၇ ရက်နေ့ကလည်းမင်းတပ်မြို့တွင်း၊မြို့ပြင်ပကျေးရွာတွေဘက်ကို ခလရ ၂၇၄ တပ်ရင်းက လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးက “လေကြောင်းကတော့ မနက် ၃ နာရီခွဲလောက်မှာ၊ နှစ်လုံးကြဲတာ၊တစ်လုံးကမကွဲဘူး၊ ဗုံးအသေးတွေလည်း ထပ်ကြဲတယ်ကြားတယ်ဗျ၊ စာသင်ကျောင်းနား ချ တာ၊ စာသင်ကျောင်းနည်းနည်းထိတယ်၊ ဝဥ ခင်းပျက်စီးသွားတယ်၊ မနေ့ကလည်း ၂၇၄ ကနေ လက်နက်ကြီးတွေ ရမ်းသမ်းပြီး ဆက်တိုက်ပစ်နေတာ၊ အထိအခိုက်တွေတော့မကြားမိဘူး” လို့ ပြောပါတယ်။

မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်ရှိတာ‌ကြောင့် လူစုလူဝေးပြုလုပ်ခြင်း၊ မိမိနေ အိမ်များအနီး အိမ်အောက်မဟုတ်သည့်နေရာ၌ ပုန်းခိုစရာ နေရာများသေချာပြင်ဆင်ခြင်း၊ မိမိအန္တရယ်ကင်း ဖို့သတင်းများကို အုပ်ချုပ်ရေးမှူး သို့မဟုတ် တာဝန်ရှိသူများကိုသာ မေးမြန်းခြင်း၊ အများပြည်သူ များစိတ်သောက ရောက်စေသည့် သတင်းမှား ဖြန့်ဝေခြင်းများမပြုလုပ်ကြရန် ဩဂုတ်လ ၁၉ ရက်နေ့မှာ CDF-Mindat က အသိပေးထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့က ခလရ ၂၇၄ တပ်ရင်း ကနေ ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကြောင့် ကိုယ်၀န်ဆောင် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့သလို ဩဂုတ်လ ၁၀ ရက်နေ့ကလည်း လွယ်ပန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ အဆောက် အဦးများပျက်စီးခဲ့ပါတယ်။ Read in Full

 
၁၀။ မိုင်းဖြတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ယာဉ်များထံက တရားမဝင် ငွေကြေးကောက်ခံမှုများ ရှိနေ

 August 19, 2024

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တွင် တာဝန်ချခံထားရသည့် ရဲတပ်ဖွဲ့ဝင်များက မြို့နယ်ရဲတပ်ဖွဲ့မှူးအား တစ်ရက်လျှင် ကျပ်(၂)သိန်းနှုန်းဖြင့် တစ်ပတ်လျှင် ကျပ်(၁၄)သိန်း ကောက် ခံပေးနေရကြောင်းသိရသည်။ မိုင်းဖြတ်မြို့အဝင် ဟိုနား(စောမွန်)ရွာ တာချီလိတ် – မိုင်းဖြတ် – ကျိုင်းတုံလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်က အဆိုပါ ဂိတ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စာရေး ရဲတပ်သား နန္ဒအောင် ဦးစီး သည့် တပ်ဖွဲ့ဝင်(၃)ဦးကို အဆိုပါ ဂိတ်တွင် တာဝန်ချထားသလို စခန်းမှူးကလည်း မြို့မရဲစခန်းကနေ ရဲတပ်ဖွဲ့ဝင် (၃)ဦးကို အစောင့်ချထားပြီး ယာဉ်များထံကနေ ငွေကောက်ခံထားခြင်း ဖြစ်ကြောင်း သိရသည်။ “မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်အောင်  ကနေ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက စာရေးရဲတပ်သားနန္ဒအောင်ဆိုတဲ့ သူ့လက်ရုံးတပည့် ဦးစီးပြီး ရဲတပ်ဖွဲ့၀င်(၃)ဦး  တစ်နေ့ ကျပ်(၂) သိန်းနှုန်း ကောက်လို့ဆိုပြီး တစ်ပတ်စာလိုင်းကြေးအဖြစ် ဂိတ်ကနေ မြို့နယ်မှူး အတွက် ငွေ(၁၄)သိန်းကျပ် အပတ်တိုင်းယူပေး နေရသလို စခန်းမှူး ဒုရဲမှူးကလည်း စခန်းကနေ တပ်ဖွဲ့၀င်(၃)ဦး အစောင့်ချထားတယ်။ တစ်ရက်ကို စခန်းမှူးက ကျပ်(၁)သိန်း ခွဲနှုန်းနဲ့ တစ်ပတ်ကို ကျပ်(၁၀)သိန်းခွဲ လိုင်းကြေးရယူနေပါတယ်။”ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ဩဂုတ်လ (၁၉)ရက်နေ့တွင် ပြောသည်။

စစ်ဆေးရေးဂိတ်တွင် ထိုင်ပြီး ကျိုင်းတုံ – တာချီလိတ်-မိုင်းယောင်းကားလမ်းပေါ်က ကုန်တင်ကား အကြီးအသေးမရွေး၊ ခရီးသည်တင် လိုင်းကား၊ အိမ်သုံးကားများနှင့် ဆိုင်ကယ်များအပေါ် ငွေကြေးကောက်ခံခြင်းဖြစ်သည်ဟု သိရသည်။ ” အထက် အရာရှိတွေဆီကနေ ဂိတ်တစ်ပတ်စာ စောင့်ခွင့်ရဖို့တစ်နေ့ကို ကျပ် (၂)သိန်းထိပေးနေရလို့ သူတို့အတွက် ဒေသနေပြည်သူတွေ၊ ကား ဆိုင်ကယ်နဲ့ဖြစ်ဖြစ် လမ်းပေါ်မှာသွားနေတဲ့ ခရီးသွားယာဥ်၊စစ်ရှောင်တွေလည်းမချန် ဓါးပြတိုက်နေတာ စစ်ရှောင်တဲ့ကား လူတင်လာရင် တစီး ကျပ်(၅)သောင်း အထိ ဆိုးဆိုးရွားရွားငွေတောင်းနေပါတယ်။ သူတို့ပြောတာက လုံခြုံရေး  အကြောင်းပြပြီး လူထုကိုအနုကြမ်းစီးဓါးပြတိုက်နေတာပေါ့။”ဟု ၎င်းကဆက် လက်ပြောပြသည်။ “တရုတ်တွေ ဒီလမ်းကြောင်းပေါ်ကနေဖြတ်နိုင် ဖို့ တရုတ်တင်ကားတစ်စီးဆိုရင် ကျပ်(၅)သောင်းအထိယူပြီး သူ့ဆရာကိုပေးနေရတယ်။ တရုတ်ဖြတ်တဲ့နေ့ဆို ငွေကပိုရတယ်။” ဟုဆိုသည်။ မိုင်းဖြတ်မြို့သည် ကျိုင်းတုံနှင့်တာချီလိတ်အကြားတွင်ရှိပြီး နေ့စဉ်ကုန်တင်ကားနှင့်ခရီးတင်ယာဉ်များ အိမ်စီးကား များ ထောင်နှင့်ချီဖြတ်သန်းသည့် မြို့တစ်မြို့ဖြစ်သည်။ Read in Full

၁၁။  ဟားခါးတက္ကသိုလ်နှင့် ထန်တလန်မြို့အကြားကားလမ်းမအား ဖြတ်သန်းသွားလာခြင်းမပြုရန် CDF – Hakha ထုတ်ပြန်

 August 19, 2024

ချင်းပြည်နယ်၊ ဟားခါးမြို့စွန်တွင်တည်ရှိသော ဟားခါးတက္ကသိုလ်မှ ထန်တလန်မြို့အကြား ကားလမ်းမအား သြဂုတ်လ ၂၀ ရက်နေ့မှစ၍ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် Chinland Defense Force – Hakha က သြဂုတ်လ ၁၉ ရက်နေ့မနက်ပိုင်းတွင် အသိပေးချက် ထုတ်ပြန်သည်။ ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား မကြာခဏ ပစ်ခတ်မှုများဖြစ်ပွားလေ့ရှိပြီး သွားလာသူရှိပါက စစ်ကောင်စီတပ်များဟု မှတ်ယူကာ ပစ်ခတ်မှုများ ဖြစ်ပွားနိုင်သည့်အတွက် ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်သည်ဟု CDF-Hakha ပြောရေးဆိုခွင့်ရှိသူက ပြောသည်။“အဓိကတော့ ပြည်သူတွေ ဒီဘက်မလာစေချင်တာ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာရုတ်တရက်ပစ်ခတ်မှုတွေဖြစ် နိုင်တယ်။ အခုအဲဒီလမ်းက ပြည်သူတွေသိပ်သုံးလေ့မရှိတော့ဘူး၊ အများအားဖြင့် စစ်သားတွေသုံးတာများတယ်။ ဆိုတော့ အရပ် သားဝတ်စုံနဲ့လာတာပဲဖြစ်ဖြစ် စစ်သားတွေလို့မှတ်ပြီး ပစ်ခတ်တာတွေရှိနိုင်တော့သတိရှိနိုင်ဖို့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။” ဟု CDF-Hakha မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါထုတ်ပြန်ချက်အား မိဘပြည်သူများအသက်အန္တရယ်လုံခြုံမှုရှိစေရန် တော်လှန်ရေးတပ်ဖွဲ့များမှ သတိပေးခြင်း ဖြစ်ပြီး နောက်ထပ်ထုတ်ပြန်ခြင်းမရှိမခြင်း သွားလာခြင်းမပြုရန်နှင့် ဖြတ်သန်းသွားလာခွင့်ပြုသည့်အချိန်တွင် အများပြည်သူ သိ စေရန် ပြန်လည်ထုတ်ပြန်ပေးသွားမည်ဟု ၎င်းကပြောသည်။  လက်ရှိတွင် CDF-Hakha တပ်ဖွဲ့သည် ဟားခါးမြို့သိမ်းပိုက်နိုင်ရေး ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိကြ သည်။ စစ်ကောင်စီဘက်ကလည်း ဟားခါးမြို့ ရုန်းတောင်စစ်ဗျူဟာကုန်းတွင် လေကြောင်းမှတဆင့် လေထီးများဖြင့် လက်နက်ကြီး များအပါအဝင် ဗုံး၊ လက်နက်ခဲယမ်းများ အကြိမ်ကြိမ်ချပေးခဲ့ပြီး စစ်အင် အားဖြည့်နေကြောင်းသိရသည်။ Read in Full

၁၂။လူထုဆန့်ကျင်ရေးမလုပ်ကြဖို့နဲ့ လူထုနောက်မြီးဆွဲမပြုလုပ်ကြဖို့ ကရင်နီပြည်တပ်မတော်စစ်ဦးစီးချုပ် သတိပေး

 August 19, 2024

လူထုတော်လှန်ရေးဆင်နွဲနေတဲ့ချိန်မှာ ကရင်နီပြည်က တော်လှန်ရေးရဲဘော်တွေအနေနဲ့လူထုဆန့်ကျင်ရေးမလုပ်ကြဖို့၊ လူထုနောက်မြီးဆွဲ မပြုလုပ်ကြဖို့နဲ့ လူထုကိုသာ ယုံကြည်ရမယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေးပြောဆိုလိုက်ပါတယ်။ ပြည်သူလူထုဆိုသည့်နေရာမှာ အချောင်သမားများ ၊ နိုင်ငံရေး အချောင်သမား များ၊ ကိုယ်ကျိုးရှာစီးပွားရေး ၊ အချောင်သမားများမပါဝင်ဘူးလို့ ဗိုလ်မှူးချုပ်အောင်မြတ်က ပြောပါတယ်။ အဲ့ဒီ အချောင်သမား တွေကိုလည်း သတိထားဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ ကရင်နီပြည်မှာရှိတဲ့ နိုင်ငံ ရေးပါတီ၊ နိုင်ငံရေးသမားတွေလည်း ပထွေး မျှော်ကိုးဝါဒကို မကျင့်သုံးဖို့ကိုလည်း ဗိုလ်မှူးချုပ်အောင်မြတ်က ထပ် လောင်းပြောပါတယ်။ ဩဂုတ်လ ၁၇ ရက်နေ့မှာ ကျရောက် တဲ့ (၇၆)နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့မှာ ကရင်နီပြည်တပ်ပေါင်းစုံ တပ်မှူးတပ်သားများ ၊ ကရင်နီပြည်တပ်မတော် တပ်မှူး တပ်သားများ ၊ KNDF တပ်မှူးတပ် သားများ ၊ ကရင်နီပြည်ရှိ KPDF များ နဲ့ ပြည်သူလူထုတွေကို မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုထားတာပါ။

ကရင်နီပြည် အမျိုးသား တော်လှန်ရေးဟာ အမြဲတမ်းအတက်အကျရှိခဲ့ပြီး ဒီမိုကရေစီကြောင့်သော်လည်းကောင်း၊ ဝါဒရေးရာ အယူအဆကွဲပြားမှုကြောင့်သော်လည်းကောင်း အကွဲကွဲ အပြားပြားခဲ့ရသလို ကရင်နီပြည်တပ်မတော်သားတွေလည်း အလူးအလူးခံခဲ့ရတယ်လို့ ဗိုလ်မှူးချုပ်က ပြောပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဒီမိုကရေစီအရေး ၊ တန်းတူရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို နှစ် (၇၀) ကျော် တောင်းဆိုလာခဲ့ပြီး ယနေ့တိုင်မရရှိသေးဘူးလို့ ဆိုထားပါတယ်။ အခုအချိန်ဟာ ကရင်နီ အမျိုးသား စည်းလုံးညီညွတ်မှုဟာ ထိပ်ဆုံးရောက်နေပြီဖြစ်ပြီး ကိုယ့်ကံကြမ္မာဖန်တီးပိုင်ခွင့် ရရှိအောင် လုပ်ဆောင်ပြီး တခြား တိုင်းရင်းသားတွေနဲ့အတူ တိုက်ပွဲဝင်သွားရမယ်လို့ ဗိုလ်မှူးချုပ်အောင်မြတ်က တိုက်တွန်းပါတယ်။ “ခများတို့ လူငယ်တွေဟာ နောင်တစ်ချိန်အနာဂတ်မှာ တိုင်းပြည်ရဲ့တာဝန်ကို ပုခုံးပြောင်း တာဝန်ယူရမည့်လူတွေဖြစ်တယ် ဆိုတဲ့ ခံယူချက်နဲ့ အလုပ်လုပ် ဖို့လိုတယ်၊ ခံစားချက်နဲ့ မလုပ်ကြပါနဲ့ ။ ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုကို အလေးအနက်ထားပြီး လုပ်ဆောင်ကြပါ။ ယခုအချိန် မှ စပြီး အလေ့အကျင့်များ လုပ် ဆောင်သွားရန်လိုတယ်။ ခများတို့ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဆိုရင် တိုင်းပြည်ရဲ့အနာဂတ်ကို ဘယ်နားသွားထားမလဲ ဆိုတာကိုတော့ လူငယ်ရဲဘော်များ တပ်မှူးများ နှလုံးသွင်းဆင်ခြင်ပြီး ရှေ့ကိုဆက်လက် ချီတက်သွားကြဖို့ပြောကြားလိုသည်။” လို့ ဗိုလ်မှူးချုပ်အောင်မြတ်က ပြောကြားပါတယ်။ Read in Full

၁၃။ လဘန်ကထောင်စစ်ရှောင်စခန်းတွင် လူဦးရေသုံးပုံနှစ်ပုံခန့် ရာသီတုပ်ကွေးဖြစ်ပွားနေ

 August 19, 2024

ဝိုင်းမော်မြို့နယ်၊ လဘန်ကထောင်စစ်ရှောင်စခန်းရှိ လူဦးရေ သုံးပုံနှစ်ပုံခန့်မှာ ရာသီတုပ်ကွေးဖြစ်ပွားနေပြီး ဆေးဝါး အကူအညီများလိုအပ်နေကြောင်း သိရသည်။ စစ်ရှောင်စခန်းရှိ မိသားစုတိုင်းတွင် ရာသီတုပ်ကွေးခံစားနေရသူရှိပြီး ဖျားနာနေသူ များတွင် ကလေးငယ်မှ သက်ကြီးရွယ်အိုအထိပါရှိသည်ဟု စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောသည်။ “အားလုံးဖျားနာနေကြ တယ် ကျွန်တော်တို့အိမ်ဆို ကလေးကစ ကျွန်တော်လည်းဖျားသွားလို့ စစ်ရှောင်မှာတောင်မနေဘူး မြစ်ကြီးနားမြို့က ဆွေမျိုး အိမ်သွားနေရသေးတယ်။ ရောဂါကကူးတယ်ထင်တယ် တစ်ယောက်ဖျားရင် နောက်တစ်ယောက် ပြန်ဖျားလာတယ် အသက် အရွယ်အစုံပဲ။ တချို့က တော်တော်နဲ့ ပြန်မထနိုင်သေးဘူး စစ်ရှောင်တစ်ခုလုံး ပုလင်းချိတ်တာပဲမြင်နေရတယ်” ဟုပြောသည်။ တစ်ပတ်ကျော်ခန့်ကြာတုပ်ကွေးဝေဒနာကိုခံစားရပြီး တစ်ဦးမှတစ်ဦးသို့ကူးစက်နေသောကြောင့် စစ်ရှောင်စခန်းအတွင်း ဖျားနာ သူ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။ စစ်ရှောင်စခန်းအတွင်း ဆေးပေးခန်းရှိပြီး KBC ကျန်းမာရေးအဖွဲ့က တစ်လလျှင် တစ်ကြိမ် လာရောက်ကြည့်ရှု့ပေးသော် လည်း လုံလောက်ခြင်းမရှိဟု စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောသည်။

“ကလေးတွေလည်းဖျားပြီဆိုပြန်လာခေါ်သက်သာပြီဆိုကျောင်းပြန်သွား တစ်နေ့လုံးတောင်မတက်နိုင်ဘူး။ တစ်လမှာ တစ်ကြိမ် ဆရာဝန်တွေနဲ့လာကြည့်တယ် အခုအခက်အခဲက ဒီမှာရှိတဲ့ဆေးတွေနဲ့ အဖျားတက်ပြီဆို အဖျားကျဆေး ထိုးပေးတာ လောက်ပဲတတ်နိုင်တယ်။ တချို့အသက်ကြီးတဲ့သူတွေဆို အဖျားတက်၊ ကိုယ်ကပူနဲ့ မိုးကာအခန်း ကျဉ်းကျဉ်းလေးမှာနေရတော့ ညည်းကြတယ်။ တစ်ယောက်ပျောက်ရင် နောက်တစ်ယောက်ပြန်ဖြစ် အဲ့လို” ဟုပြောသည်။ အဆိုပါစစ်ရှောင်စခန်းရှိ ပြည်သူ များမှာ ပြီးခဲ့သည့် ဇူလိုင်လ ဧရာဝတီမြစ် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ချိန်ကလည်း ဝမ်း ပျက်၊ ဝမ်းလျှောရောဂါခံစားခဲ့ရကြောင်း သိရသည်။ လဘန်ကထောင်စစ်ရှောင်စခန်းတွင် အောင်မြေ – ၂ ကျေးရွာ မှ တိုက်ပွဲတိမ်းရှောင်လာသည့် လူဦးရေ ခြောက်ရာကျော်ခန့် နေထိုင်ပြီး နို့စို့အရွယ်ကလေးငယ် ၂၃ ဦးနှင့် အသက် ၆၀ အထက် ၅၇ ဦးရှိကြောင်း သိရသည်။ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကျေးရွာ ၂၀ ခန့်မှ ဒေသခံပြည်သူများ တိမ်းရှောင်ခဲ့ရ ခြင်းဖြစ်သည်။ Read in Full

၁၄။ ပုလောမှာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်သူတွေပိုင်ဆိုင်တဲ့ နေအိမ်ခုနှစ်ဆောင်မီးရှို့ခံရ

 August 19, 2024

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာ အရှေ့ကမ်းမှာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ အခုလ ၁၇ ရက်နေ့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အိမ်၊ ပြည်သူ့စစ်အဖွဲ့ဝင်၊ စစ်ကောင်စီသတင်းပေးအိမ် ခုနှစ်ဆောင်ကို တော်လှန်ရေးမဟာမိတ်တပ်တွေဘက်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။“ရွာထဲကနေ မီးခိုးလုံးကြီးတွေတက်လာတာနဲ့သွားပြီပေါ့ ကျွန်တော်တို့အိမ်တွေပါသွားပြီ ထင်နေ တာ။ နောက်မှ စစ်တပ်သတင်းပေးအိမ်တွေဖြစ်နေတယ်။” လို့ ဒေသခံအမျိုး သားတစ်ဦးက ပြောပါတယ်။ မီးရှို့ခံရတဲ့ အိမ်ပိုင်ရှင် တွေဟာ စစ်ကောင်စီတပ်ရင်းတွေ၊ ရဲစခန်းတွေမှာသွားရောက်နေထိုင်နေကြတာကြောင့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး လို့ ဒေသခံတွေက ဆိုပါတယ်။ တော်လှန်ရေးအင်အား စုတွေ ဆင်ထိုးကြီးရွာတဝိုက်ကို မရောက်လာခင်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်တွေက အရပ်သားတွေကို ပုဂ္ဂိုလ်ရေးအရ ဖမ်းဆီးနှိပ်စက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။

 “စကစ ကိုကျတော့ သိန်းထောင်ချီပေးပြီး သူ့ခြံကို ကာကွယ်ခိုင်းတာ။ ကျွန်တော်တို့ တော်လှန်ရေးကျတော့ ဆန် တစေ့တောင် မကူညီဘူး။”လို့ တိုက်ပွဲမှာပါဝင်နေတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ အိမ်တွေမီးရှို့ခံရပြီး နောက် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့လည်း  ဒေသခံတွေနဲ့ မြေပြင်ရဲဘောတွေဆီကနေ သိရပါတယ်။ ဒီက နေ့ မနက်ပိုင်းမှာ လည်း ပလောက်မြို့ဘက်ကနေပြန်ဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ ဆင်ထိုးကြီးရွာအရှေ့ကမ်းတဝိုက်မှာရှိနေတဲ့ တော်လှန် ရေးအင်အားစုတွေ နှစ်ဖက်ပစ်ခတ်မှုဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။“ရွာထဲမှာ အခုပစ်နေ ကြတယ်။ ကျွန်တော်တို့အိမ်တွေမီးရှို့ခံရမှာ စိတ်ပူနေတယ်။ အရင်နေ့က ဒလန်အိမ်တွေ မီးရှို့ခံထားရတာလေ။”လို့ ပြောပါ တယ်။ ဆင်ထိုးကြီးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးနေတာ သုံးကြိမ်ရှိပါပြီ။  တော်လှန်ရေးမဟာမိတ်တပ်တွေ ဘက်က မြိတ်စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင်ကုမ္ပဏီကို မီးရှို့ပြီးနောက်  အခုလ ၁ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းဝင်လာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။  Read in Full

၁၅။ ရှမ်းပြည်အထူးဒေသ ၁ ကျန်းမာရေးစနစ်ကို CDM ဝန်ထမ်း ၅၀၀ ဖြင့် MNDAA စတင်

 August 19, 2024

ကိုးကန့်တပ် MNDAA ကတိုက်ခိုက်သိမ်းပိုက်ထားသော ရှမ်းပြည်အထူးဒေသ ၁ တွင် နိုင်ငံတကာအဆင့်မီကျန်းမာ ရေးစနစ်ကို CDM ကျန်းမာရေးဝန်ထမ်း ၅၀၀ ဝန်းကျင်ဖြင့် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း အထူးဒေသ ၁ ၏ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ CDM ဆရာဝန် ဒေါက်တာ ဘသက်က ပြောသည်။ ၁၀၂၇ ပထမလှိုင်း ပြီးစီးချိန်ကတည်းက အထူး ဒေသ ၁ တွင် ကျန်းမာရေးဌာနဖွင့်လှစ်လိုက်ပြီး CDM များအပါအဝင် ကျန်းမာ ရေး ဝန်ထမ်းပေါင်း ၅၀၀ ဝန်းကျင်ဖြင့် စတင်လည် ပတ်ခဲ့ကြောင်း သိရသည်။ CDM ဆရာဝန် ဒေါက်တာ ဘသက်က “အထူးဒေသ ၁ ရဲ့ ကျန်းမာရေးဌာနကို ၁၀၂၇ Operation နောက်ပိုင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ အကောင်အထည် ဖော်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းပေါင်း ၅၀၀ ခန့်နဲ့ ကျနော်တို့ လည် ပတ်နေပါတယ်။ ကုသရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ဆောင်ရွက်နေပြီးတော့ CDM ဝန်ထမ်းအများစုနဲ့ လည်ပတ်နေတာပေါ့။ “ဟု ပြောသည်။

အထူးဒေသ ၁ ကျန်းမာရေးဌာနကို ရည်ရွယ်ချက် ၃ ခုနှင့် အကောင်အထည်ဖော်နေပြီး အထူးဒေသ ၁ အတွင်းမှာရှိသော တိုင်းရင်းသားအားလုံး လူမျိုးဘာသာမရွေးတန်းတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်၊ အဘက်ဘက်က ယိုယွင်းနေ သည့် ကျန်းမာရေးစနစ် အဆင်မြှင့်တင်ရန်နှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစနစ်တစ်ခုကို တည် ဆောက်ရန်ဖြစ်ကြောင်း ဒေါက်တာ ဘသက်က ဆိုသည်။ ကျန်းမာရေး CDM ဝန်ထမ်းအားလုံး အလုပ်အကိုင်အခွင့် အလမ်းရရှိစေရေးလည်း ပါဝင်ကြောင်း သိရသည်။  လက်ရှိ MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့နယ်တွင် ပြည်သူ့ဆေးရုံကြီးကို ဩဂုတ်လ ၁၁ ရက်နေ့တွင် စတင် ဖွင့်လှစ်လိုက်ပြီး လူမျိုးဘာသာမရွေး ကုသပေးလျက်ရှိကြောင်း ဆိုသည်။ “လားရှိုးပြည်သူ့ဆေးရုံကြီးကို ဩဂုတ်လ ၁၁ ရက်နေ့ ကနေစပြီးတော့ ပြန်လည် လည်ပတ်နေပါပြီ။ လူနာတွေကလည်း တစ်ရက်ထက် တစ်ရက် ပိုပိုပြီးတော့များလာပါတယ်။ လက်ရှိ တက်ရောက်ကုသမှုမှာ မနေ့က တစ်ရက်တည်းတင် OPD လူနာက ၁၆၈ ဦးရှိပြီးတော့ အတွင်းလူနာက ၃၈ ဦးရှိနေပါပြီ။ အဲဒါ အပြင် တိုက်ပွဲအတွင်းမှာ ဒဏ်ရာရထားတဲ့ စစ်သုံ့ပန်းတချို့ကိုလည်း ကုသမှုပေးနေပါတယ်။ လားရှိုးပြည်သူ့ဆေးရုံကြီးကို ခေတ်မီဆေးဝါးတွေ ခေတ်မီစက်ကိရိယာတွေ ဖြည့်စွက်ပြီးတော့ နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးဖြစ်အောင် တည်ဆောက်သွား ပါမယ်”ဟု ဒေါက်တာ ဘသက်က ပြောသည်။   Read in Full

၁၆။ တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့ထဲ ပိတ်မိအရပ်သားတွေကျန်ရှိနေ
 August 19, 2024
တိုက်ပွဲဖြစ်ပွားနေဆဲမောင်တောမြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ရိုဟင်ဂျာလက်နက် ကိုင်အဖွဲ့တွေရဲ့လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ခေါ်ယူခံထားရတဲ့ ပြည်သူအချို့ရှိနေသေးပြီး ဆက်လက်ကယ်ထုတ်နေရဆဲဖြစ်တယ်လို့ အာရက္ခတပ်တော် (AA)နဲ့  ပြောပါတယ်။ AA ဟာမောင်တောမြို့တွင်း တိုက်ပွဲတွေစပြီးနောက် မြို့တွင်းပိတ်မိနေသူ ရိုဟင်ဂျာအပါအ၀င် ဒေသခံအရပ်သား တွေကိုဆက်တိုက်ကယ်ထုတ်ခဲ့ပြီး လူနှစ်သောင်းနီးပါး ကယ်ထုတ်၊ဘေးလွှတ်ရာပို့ဆောင်ထားပြီးဖြစ်တယ်လို့ မနေ့က ထုတ်ပြန် ချက်မှာ ဆိုထားပါတယ်။ ဒါ့အပြင်ထပ်ပြီးတော့လည်းမြို့တွင်း ပိတ်မိနေသူတွေကျန်နေသေးတာဖြစ်ပြီး နေ့စဉ်နဲ့အမျှ ကယ်ထုတ် နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။“သူတို့(စကစ)ဓါးစာခံ လုပ်ထားတော့ကယ်ရခက်တယ်၊ အကုန်မကယ်ထုတ်နိုင်သေးတာ၊ ဒါပေမယ့် နေ့တိုင်းတော့ကယ်နေတယ်”လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။ မောင်တောမြို့တွင်းမှာ စစ်ကောင်စီတပ်အပြင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ၊ စစ်ကောင်စီကသင်တန်းပေး၊ လက်နက်တပ်ဆင်ထားတဲ့ ရိုဟင်ဂျာ တွေပါ ပူးပေါင်းကာ AA ထိုးစစ်ကိုခုခံနေပြီး အဲဒီအဖွဲ့တွေဟာမြို့ခံရိုဟင်ဂျာလူငယ်တွေအပါအ၀င် အရပ်သားတွေကို မြို့ပြင်ထွက်ခွင့်ပိတ်၊ ဖမ်းဆီးကာ လူသားဒိုင်းကာလုပ်ထားတာလို့ မောင်တောမြို့ခံတွေက ပြောထားကြပါတယ်။

လက်ရှိမှာမောင်တောမြို့တွင်း တိုက်ပွဲကြားပိတ်မိနေသူအရေအတွက် ဘယ်လောက်ကျန်နေသေးတယ်ဆိုတာကိုတိတိ ကျကျမသိရပေမယ့် ထောင်ဂဏန်းရှိနေနိုင်သေးတယ်လို့ မြို့ခံရိုဟင်ဂျာတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။“စစ်ကောင်စီ က အပြင်မထွက်စေရလို့ ရိုဟင်ဂျာတွေအကြီးအကျယ်ဒုက္ခ ရောက်နေတယ်၊အေအေကတော့ ကယ်ထုတ်နေတယ်ပြောတယ်၊ ဒီဖက်ကိုလည်း အများကြီးရောက်လာကြတယ်”လို့ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ရောက်နေတဲ့ ရိုဟင်ဂျာတဦးက ပြောပါတယ်။ AA ဟာ မောင်တောမြို့သိမ်းတိုက်ပွဲ မစခင် ဇွန်လ ၁၆ ရက်နေ့ကတည်းက မြို့တွင်းနေပြည်သူတွေကို မြို့ပြင်ထွက်ခွာကြဖို့ သတိပေးခဲ့ပြီး လက်ရှိမှာတော့မြို့တွင်းရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်တွေကို ဝိုင်းရံပိတ်ဆို့ကာ တိုက်ခိုက်နေခဲ့တာ ဖြစ်ပါ တယ်။ အခုအခါမောင်တောမြို့ပတ်လည်ရှိ စစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းတွေကို သိမ်းပိုက်ထားပြီး မြို့တွင်းတိုက်ပွဲပြင်းထန် နေတယ်လို့ ဆိုပါတယ်။ Read in Full

၁၇။ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်က စစ်ရှောင်အမျိုးသမီးများ တကိုယ်ရေသုံးပစ္စည်းများလိုအပ်နေ

 August 20, 2024

ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ် (တနည်းအားဖြင့် ရှားတောမြို့နယ်)အတွင်းက ဒေသခံနဲ့စစ်ဘေးရှောင်အမျိုး သမီးများဟာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ဝယ်မရတော့ဘဲ အဝတ်စတွေနဲ့သာ အသုံးပြုနေကြရတယ်လို့ ဒေသခံ လူငယ်အမျိုး သမီးတွေဆီကနေ သိရှိရပါတယ်။“ကျမ တို့ ဆိုမိုဖေစိုးလေးမြို့နယ်က စစ်ရှောင်တွေမှာက တကိုယ်ရေနဲ့ အမျိုးသမီးကပ်ခွာသုံး အရမ်းလိုတယ်ပေါ့နော်။ လိုတယ်ဆိုတာကလည်း လမ်းကြောင်းကလည်း သယ်ယူလို့ အဆင်မပြေဘူး။ ပြီးတော့ စျေးဆိုင်တွေမှာဆိုရင်လည်း ကပ်ခွာတွေ၊ အမျိုးသမီးလစဉ်သုံးတွေက မရောင်းတော့ အမျိုးသမီး အတွက် အရမ်းအရေးကြီးတယ်ပေါ့နော်။ အရေးကြီးတော့ အဲ့ဒါတွေ ပြတ်လပ်နေတယ်။ ဝယ်ချင်တောင်မှ ဝယ်လို့မရတဲ့အခြေအနေမှာ ရှိတယ်။” လို့ ဆိုမိုဖေစိုးလေး (ရှားတော)မြို့နယ်ရဲ့ ဒေသခံ လူငယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မော်မဲမို က လက်ရှိအခြေအနေကို ရှင်းပြပါတယ်။ ဆိုမိုဖေစိုးလေး ( ရှားတော) မြို့နယ်ကို ဝင်ထွက်တဲ့ လမ်းကြောင်းတွေပိတ်နေတဲ့အတွက် ကုန်ပစ္စည်းတွေကို ဝယ်ယူလို့ မရဘူးလို့ သိရပါတယ်။ စျေးဆိုင်တွေမှာလည်း လက်ကျန်ပစ္စည်းတွေသာ ကျန်ရှိနေပြီး တကိုယ်ရည်အသုံးအဆောင်ပစ္စည်းတွေလည်း ပြတ်လပ်နေတယ် လို့ သိရပါတယ်။

တချို့သော အမျိုးသမီးတွေမှာ အဝတ်အထည်တွေ များများစားစားမရှိတဲ့အတွက် အတွင်းခံ တစ်ထည်တည်းနဲ့သာ ဓမ္မတာ လာချိန်ကို ဖြတ်သန်းနေကြရသလို တချို့သူတွေမှာတော့ ထဘီကိုခေါက်ပြီး အသုံးပြုနေကြတာရှိတယ်လို့ ဒေသခံလူငယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။“ကပ်ခွာက မဝယ်နိုင်တဲ့ အခြေအနေလို့ပြောရင် ပိုအဆင်ပြေမယ်ထင်တယ်။ February က တည်းကလို့ ခန့်မှန်းရမယ်ထင်တယ်။ အလှူရှင်တွေလာရင်လည်း တစ်အိမ်ကိုတထုပ်ပဲရတာဆိုတော့ တလစာအတွက်ပဲ ဖြေရှင်းလို့ရတာပေါ့နော။”လို့ အဆိုပါ အမျိုးသမီးကပြောပါတယ်။ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတာတွေအပြင် ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်ကို ဝင်လာတဲ့ လမ်းကြောင်းတွေ ပိတ်နေတာကြောင့် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေအပြင် တကိုယ်ရည်သုံး ဆပ်ပြာ၊ အဝတ်အထည်၊ ဖိနပ်စတဲ့ပစ္စည်းတွေကို ဝယ်ယူလို့မရတော့ဘူးလို့ ဆိုမိုဖေစိုးလေး လူငယ်ဥက္ကဌဖြစ်သူ ခူးကူးရယ်က ပြောပါတယ်။“ခုနကပြောတဲ့ အတွင်းခံမခြောက်တဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အရေပြားရောဂါ စွဲကပ်လာတွေ တွေ့ တယ်။ တကိုယ်ရည်သန့်ရှင်းရေးအနေနဲ့ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်တွေ မဝယ်နိုင်တဲ့အခါကျတော့ ပန်းကန်တွေဆေးဖို့ ဖျော်သုံးနေကြတဲ့ ဖျော်စပ်ဆပ်ပြာရည်ကိုပဲ အဝတ်လျှော်တယ်၊ ခေါင်းလျှော်တယ်၊ ကိုယ်တိုက်ဆပ်ပြာအနေနဲ့လည်း သုံးနေကြတာတွေ့တယ်ပေါ့။” ဒေသခံအမျိုးသမီးလူငယ်တစ်ဦးက ဆက်ပြောပါတယ်။ ဆိုမိုဖေစိုးလေး မြို့နယ်( ရှားတော) မှာ စစ်ဘေးရှောင်စခန်း ၃ ခု၊အိမ်ခြေ ၃ ရာကျော်နဲ့ စစ်ဘေးရှောင်ဦးရေ ၃ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။ Read in Full

၁၈။ZRA- EC တပ်မှူး၊ဒုတပ်မှူးနေအိမ်များအပါအဝင်ထောက်ပံ့ကူညီနေသူများ၏ နေအိမ် ၁၈ လုံးကို CDFတွန်းဇံ ကချိတ်ပိတ်

 August 19, 2024

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ပေါ်ရှိ ဇိုမီးတော်လှန်ရေးတပ်- အရှေ့ပိုင်းတိုင်း(ZRA-EC)မှ တပ်မှူးနှင့် ဒုတပ်မှူး တို့ နေအိမ်အပါအဝင် ယင်းတို့အဖွဲ့ကို ထောက်ပံ့ကူညီပေးနေသူများ၏ နေအိမ် ၁၈ လုံးကို ချိတ်ပိတ်ထားကြောင်း CDF- တွန်းဇံတပ် ဖွဲ့ တာဝန်ရှိသူက ပြောသည်။ တွန်းဇံမြို့ပေါ်က ZRA – EC မှ တပ်မှူး Kham Min Thang နှင့် ဒုတိယတပ်မှူး Lucas LianTuang တို့၏ နေအိမ် နှင့်  ZRA တပ်ဖွဲ့ကို ကူညီထောက်ပံ့မှု ပေးနေသူများ၏ နေအိမ် ၁၆ လုံးကို ဥပဒေနှင့်အညီ ချိတ်ပိတ်ထားကြောင်း CDF- တွန်းဇံ စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်က ပြောသည်။“အခုဟာက အများကြီး ကျန်သေးတယ်။ ZRA မိသားစုဝင်တွေရဲ့ အိမ်၊ သူတို့ ကိုယ်တိုင်အိမ်၊ မိဘအိမ်လားဆိုတာ ZRA supporter တွေလည်း နည်းနည်း ရှိသေးတယ်။ စိစစ်ရဦးမယ်။ အမှန်တကယ် ZRA ဖြစ်တယ်ဆိုတဲ့ အိမ်ကိုတော့ ထပ်ပြီး ချိတ်ပိတ်ရဦးမယ်။ ZRA လုံးဝ မဟုတ်ဘူး။ ZRA ကို လုံးဝမထောက်ပံ့ဘူး။ မကူညီဘူး ဆိုရင်တော့ အဲဒီအိမ်တွေကိုတော့ ချိတ်ပိတ်ခြင်းမှ ကင်းလွတ်ခွင့်ပြန်ပေးရမှာပဲ”ဟု ဦးထန်ဆွင်းမုန်က ပြောသည်။ ZRA ကို ထောက်ပံ့ကူညီနေသူများအနေဖြင့် အမှားကိုသိပြီး အလင်းဝင်လာ သူများ၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ကမ်းလှမ်းလာသူများ၏ နေအိမ်များကို ချိတ်ပိတ်ခြင်းမှ ကင်းလွတ်ခွင့် ပေးမည်ဖြစ်ကြောင်း ဦးထန်ဆွင်းမုန်းက ပြောသည်။

ချိတ်ပိတ်ခံထားရသည့် နေအိမ်သည် ZRA ကို ထောက်ပံ့မှုတွင်ဦးဆောင်သူများ၊ အထောက်အပံ့ပေးအပ်သူများ၊ မိသားစုဝင်သားသမီးများက ZRA တပ်ဖွဲ့ဝင်ဖြစ်သူများ၊ ZRA တပ်ဖွဲ့ဝင်၏ နေအိမ်များ ပါဝင်ကြောင်း CDF- တွန်းဇံက ဩဂုတ်လ ၁၈ ရက် က ထုတ်ပြန်ထားသည်။  ZRA တပ်ဖွဲ့နှင့် ဆက်နွယ်မှု ရှိ၍ အိမ်ချိတ်ပိတ်ခံထားရသူ ၅ ဦး၏ နေအိမ်များကို သေချာပြန်လည် စိစစ်ပြီးနောက် ကင်းလွတ်ခွင့် ပေးလိုက်ပြီးဖြစ်ကြောင်း သိရသည်။“အများပြည်သူက တိုင်ကြားလာလို့ ZRA supporter ဖြစ်ပါ တယ်။ စကစ ထောက်ခံသူတွေ ဖြစ်တယ်လို့ အများပြည်သူက တိုင် ကြားလာတယ်။ သေချာစုံစမ်းစစ်ဆေးပြီးမှ သူတို့ကလည်း တောင်းပန်တော့ ZRA ကို ကျနော်တို့က ထောက်ပံ့ပေးခြင်း မရှိပါဘူး။ သူတို့က အတင်းလာတောင်းလို့ ကျနော်တို့က ပေးလိုက်ရ တာဖြစ်တယ်။ အဲပုံစံမျိုး ပြောတဲ့အခါ အဲဒါတွေကြတော့ ကျနော်တို့က ကင်းလွတ်ခွင့် ပေးတာပါ” ဟု CDF- တွန်းဇံ စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်က ပြော သည်။ ကင်းလွတ်ခွင့်ပြုသည့် ၅ ဦးထဲတွင် တချို့ မိသားစုဝင်များမှာ CDM တွင်ပါဝင်ခဲ့ပြီး တချို့မှာ CDM နှင့် သက်ဆိုင်မှုမရှိကြောင်း သိရသည်။ Read in Full

၁၉။ KSPP ပါတီကို စစ်ကောင်စီရွေးကော်က ပါတီမှတ်ပုံတင်ခွင့်ပြု

 August 20, 2024

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၏ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို မှတ်ပုံတင်ခွင့်ပြုကြောင်း စစ်ကောင် စီ လက် အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ထုတ် မြဝတီသတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ ယမန်နေ့ ဩဂုတ် ၁၉ မှစ၍ မှတ်ပုံတင်ခွင့်ပြုလိုက် ခြင်းဖြစ်ပြီး မှတ်ပုံတင် အမှတ်မှာ (၅၁) ဖြစ်ကြောင်းဖော်ပြထားခြင်းဖြစ်သည်။ KSPP တွင် လက်ရှိအာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူမှာ ပါတီ၏ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားသူဖြစ်ပြီး ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမနမ်တူးဂျာမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ဒုဥက္ကဋ္ဌဟောင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကို ၂၀၁၉ ခုနှစ်က ပြည်ထောင်စုတိုင်းရင်းသားများဖက်ဒရယ်ဒီမိုကရေစီ ပါတီ (UNFDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) နှင့် စည်းလုံးညီညွတ် ရေးနှင့် ဒီမိုကရေစီ ပါတီကချင်ပြည်နယ်(မနောတိုင်ပါတီ) စသည့် ပါတီလေးခုဖြင့်ဖွဲ့စည်းခဲ့သည်။ KDP ပါတီမှာ စစ်တပ်အာဏာသိမ်းပြီးနောက် KSPP ပါတီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ KSPP ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အတွင်း မဲဆန္ဒနယ်ပေါင်း ၇၀ ရှိသည့်အနက် ကိုယ်စားလှယ်လောင်း ၆၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်သုံးခုတွင် ကိုယ်စားလှယ်လောင်းလေးဦး အနိုင်ရရှိခဲ့သည်။ ကချင်ပြည်နယ်တွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)၊ လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီ (ဒူးလေးပါတီ) (L.N.D.P) နှင့် ဒီမိုကရေစီပါတီသစ် (ကချင်) လေးပါတီရှိ ပြီး KNC ပါတီမှလွဲ၍ ကျန်သုံးပါတီကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။ Read in Full

၂၀။ တိုက်ပွဲဖြစ်လို့ ထွက်ပြေးနေချိန်  အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျ

 August 19, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအရှေ့ကမ်းရွာက အမျိုးသမီးတစ်ဦးဟာတိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေစဉ် ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလ ၁၂ ရက်နေ့ ည ၈ နာရီခန့်က ကိုယ်ဝန် လေးလလွယ် ထားတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးဟာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးရင်း လဲကျပြီး ကိုယ်ဝန် ပျက်ကျခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။“ကလေးကဗိုက်ထဲမှာဆုံးနေပြီးသား။ ကလေးကိုခွဲထုတ်လိုက်တယ်။ မိခင်ကခွဲစိတ်ခန်း ဝင်ထားရတယ်။”လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။ သူမရဲ့သမီးဖြစ်တဲ့အသက် နှစ်နှစ်အရွယ် ကလေးငယ်ဟာလည်း လေယာဉ်အသံကြားရင်ကြောက်ပြီး ထိတ်ထိတ်လန့်လန့် ဖြစ်နေတယ်လို့အဆိုပါနီးစပ် သူကပြောပါတယ်။ နေရပ်စွန့်ခွာထွက်ပြေးရင်း မတော်တဆဖြစ်ပြီး ကိုယ်ဝန်ပျက်ကျခဲ့တဲ့အမျိုးသမီးဟာလဲကျတဲ့အ ချိန်ကတည်းက ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်ခဲ့ပေမယ့် ဒေသတွင်း စစ်ရေးတင်းမာနေတာကြောင့် ထိခိုက်ဒဏ် ရာနဲ့ ညအိပ်လိုက်ရပြီး မနက်ရောက်မှ မြိတ်မြို့ကို ဆေးကုသဖို့ သွားရောက်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက်ရောက်မှ ဆိုင်ကယ်နဲ့တဆင့်သွားတယ်။ တနင်္သာရီရောက်မှ ကားငှားပြီး ပြန်သွားရတယ်။ အပြန်အလှန်ပစ် နေကြတဲ့ တိုက်ပွဲကြားထဲဖြတ်ပြီး ဘယ်သူမှမသွားရဲကြတော့ တစ်ညအိပ်လိုက်ရတာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါ တယ်။ လက်ရှိမှာ အဲဒီအမျိုးသမီးဟာ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ငွေကြေးအခက်အခဲတွေလည်း ရှိနေတယ်လို့ ဒေသခံတွေ ရဲ့ ပြောပြချက်အရ သိရပါတယ်။ အခုလိုမျိုး အချိန်မှီဆေးကုသခွင့်မရတဲ့ အခက်အခဲတွေ တနင်္သာရီမြို့နယ်မှာ အရင်ကလည်း ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ Read in Full

၂၁။ သံဖြူဇရပ်၌ စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၇ ဦးသေ၊ စစ်တပ်လက်နက်ကြီးကြောင့် ခြံလုပ်သား ၁ ဦးသေဆုံး

 August 19, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ တာကြောင့် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ပြောပါတယ်။ သံဖြူဇရပ်မြို့နယ် ရဲတံခွန် ရွာသစ် ဘုန်းကြီးကျောင်းအနီးမှာ အင်အား ၁၃၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဩဂုတ် ၁၈ ရက် မနက် ၉ နာရီလောက်က တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး ခဲ့ပါတယ်။ တောင်ညိုစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက “ရဲတံခွန်ရွာသစ် ဘုန်းကြီးကျောင်းအနီးမှာ ခဏနားနေတဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာ။ တခြားလက်နက်ငယ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ မရှိပါဘူး။ သူတို့ ၇ ဦးကျတာကို ဘယ်လိုသိတာလဲဆိုရင် အလောင်းတွေကို ရွာထဲယူလာလို့ သိရတာပါ။ ထိခိုက်ဒဏ်ရာရတာ ရှိနိုင်ပေမဲ့ စုံစမ်းလို့ မရသေးဘူး။ စစ်ကြောင်းက ခုထိရှိနေတုန်းပါပဲ၊ မထွက်သေးပါဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီက ၁၂၀ မမ၊ ၁၅၅ မမတို့နဲ့ ကျေးရွာတွေကို ပစ်ခတ်ခဲ့တာကြောင့် လွတ်ရှမ်း၊ ဇီးနှစ်ပင်နဲ့ ရဲတံခွန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ အရပ်သားထိခိုက်မှု မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

တိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်းနဲ့ KNLA တပ်ရင်း ၂၇ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကလည်း သံဖြူဇရပ် ဘုရားကုန်းအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ တာကြောင့် စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့သလို စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ် ခတ်မှုကြောင့် အရပ်သား ၃ ယောက်သေဆုံးပြီး ၇ ယောက်ဒဏ်ရာရခဲ့ပါတယ်။ သံဖြူဇရပ်မြို့နယ်မှာ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ရော်ဘာ ခြံလုပ်သားတဦး သေဆုံးပြီးမိသားစုဝင် ၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။ စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် ၅၀ အရွယ် ရော်ဘာခြံအလုပ်သမား ဦးအောင်မြင့် နေရာမှာပဲသေဆုံးခဲ့ပြီး အသက် ၂ နှစ်အရွယ် မောင်ဝေယံရှိုင်း၊ အသက် ၁၃ နှစ်အရွယ် မမေမြတ်နိုး၊ အသက် ၁၆ နှစ်အရွယ် မဝတ်မှုံဇင်၊ အသက် ၃၂ နှစ် အရွယ် နိုင်လင်းဝေနဲ့ အသက် ၃၆ နှစ်အရွယ် မဖြူဖြူဝင်းတို့ ဒဏ်ရာရရှိခဲ့ပါတယ်။ ရွာခံတဦးက “ရဲတံခွန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တော့ ၃၁၅ အမြောက် တပ်က လက်နက်ကြီးနဲ့ လိုက်မှန်းပြီးပစ်တာ၊ ရွာနားက ရော်ဘာခြံထဲကျတာ။ ရော်ဘာခြံထဲက အလုပ် သမားကတော့ ပွဲချင်းပြီး သေသွားတယ်။ သူ့မိသားစုတွေက ဒဏ်ရာအပြင်းအထန် ရတယ်။ လက်နက်ကြီးက ၁၇ ရက် နေ့ထိတောင် ပစ်နေတုန်းပဲ” လို့ ပြောပါတယ်။ Read in Full

၂၂။ လားရှိုးမြို့ရှိ ဒေသခံများကို စစ်သားစုဆောင်းခြင်းမရှိကြောင်း MNDAA က ဒေသခံများကို တွေ့ဆုံပြောဆို

 August 20, 2024

 ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ ဒေသခံများကို စစ်မှုမထမ်းမနေရ၊ စားနပ်ရိက္ခာ ပေးဆောင်ခြင်းနှင့် လူငယ်စု ဆောင်းခြင်းများ လုံးဝမရှိကြောင်း MNDAA ၏ လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီလူထုလုပ်ငန်းအဖွဲ့ အကြီး အကဲ၊ ကွတ်ခိုင်ခရိုင်ပါတီ ကော်မတီဒုတိယအတွင်းရေးမှူး Mr. Li Xinhai ကပြောသည်။ MNDAA သည် လားရှိုး ဧရိယာ စစ်ရေးအုပ်ချုပ် မှုကော်မတီ၏ အလုပ်အဖွဲ့သည် လားရှိုးမြို့နှင့်ပတ်သက်သည့် အထူးဒေသ(၁)၏ လက်ရှိမူဝါဒများကို လားရှိုးမြို့ လူထုနှင့် တွေ့ ဆုံပွဲများကျင်းပကာ ရှင်းပြပေးနေခြင်းဖြစ်ကာ အဆိုပါကိစ္စကို ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့ တွေ့ဆုံပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။ MNDAA သည် ပြည်သူမှ ဆင်းသက်လာကာ ပြည်သူအတွက်တာဝန်ထမ်းဆောင်၍ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်ဟုလည်း ဆိုသည်။

ထို့အပြင် အချို့သောလူများက မလိုလားအပ်သော ကောလာဟလများကို ဖြန့်ဝေနေခြင်းအား လူထုက နားထောင်ရန် မလိုအပ်သည့်အပြင် MNDAA တပ်များကိုလည်း ကြောက်စရာမလိုကြောင်းပြောဆိုသည်။ လားရှိုးမြို့အတွင်း ခိုးမှု၊ မူးယစ် ဆေး ဝါး သုံးစွဲမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုစသည်တို့ကို အရှိန်မြှင့် နှိမ်နင်းနေပြီး လားရှိုးဒေသခံများအနေဖြင့်လည်း မှုခင်းများကို တိုင်ကြားရန်နှင့် လားရှိုးမြို့လူထုလုံခြုံရေး လုပ်ငန်းများကို ပူးပေါင်းရန် MNDAA ကဆိုသည်။ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုစီတွင် ကွန်ရက်ဆာဗာတစ်ခုတပ်ဆင်ရန်နှင့် ဒေသခံများအား အခမဲ့အသုံးပြုခွင့်ပေးရန် MNDAA က ညွှန်ကြားထားပြီး လက်ရှိလားရှိုးမြို့ရှိ ရပ်ကွက်(၁၂)တွင်လည်း MYTEL ကွန်ရက် ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။ Read in Full

၂၃။ တနင်္သာရီဖက်ဒရယ်ယူနစ်အတွက်  ညှိနှိုင်းအဖြေရှာရန် လိုအပ်

 August 20, 2024

တနင်္သာရီ ဖက်ဒရယ်ယူနစ် အခင်းအကျင်းမှာ တနင်္သာရီအနာဂတ်အတွက် ရှေးရှုပြီး CRTH အပါအဝင် ဒေသအတွင်း မှာရှိတဲ့ အင်အားစုအသီးသီးကနေ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့ လိုတယ်လို့ ဖက်ဒရယ်အရေး လေ့လာသူတဦးက ပြောပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်မှာ တိုင်းကိုယ်စားပြု လွှတ်တော်ကော်မတီ (CRTH) က တနင်္သာရီ ဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ တော်လှန်ရေးအရှိန် မြှင့်တင်နိုင်ဖို့နဲ့ တော်လှန်ရေးကာလ(ကြားကာလ) အတွင်း ဖက်ဒရယ်ယူနစ်/ပြည်နယ် ကြားကာလ အစီ အမံရေးဆွဲရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းစဥ်ကို အချိန်နဲ့တပြေးညီ လုပ်ဆောင်နိုင်ဖို့ လိုအပ်တာကြောင့် ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ CRTH က သြဂုတ် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲအတည်ပြုမှုနဲ့ အဆိုပါ ဥပဒေအတိုင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းစဥ်အဆင့်ဆင့်ကို အသိအမှတ်မပြုဘူးလို့ ၂၀၂၃ ခုနစ်၊ နိုဝင်ဘာ ၁၈ ရက်နဲ့ အခုနစ် သြဂုတ် ၁၅ ရက်တွေမှာ ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က သဘောထား ထုတ်ပြန်ထားပါတယ်။ ထားဝယ် ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု ကော်မတီဝင် ကိုမင်းလွင်ဦးက “ဒီဥပဒေဟာ တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကနေ အတည်ပြုထားတာဖြစ်တယ်။ တတိယအကြိမ် တနင်္သာရီတိုင်းလွှတ်တော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒ အရ ခွင့်ပေးထားတဲ့အာဏာ ဖြစ်တယ်။ ဥပဒေပြုခွင့်အာဏာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ အခွင့်အာဏာပေးထားတာ။ ၂၀၀၈ ခြေဥဟာ ဖျက်သိမ်းထားပြီး ဖြစ်တဲ့အတွက် ၂၀၂၀ မှာ ရွေးကောက်ခံရတဲ့ အမတ်တွေဟာ နိုင်ငံရေးအရ တရားဝင် ဥပဒေ ပြုခွင့်မရှိဘူး” လို့ ပြောပါတယ်။ တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံနဲ့ ပတ်သက်ပြီး မြိတ်ခရိုင် နိုင်ငံရေးအင်အားစုမှ ဦးမိုးသူအောင်က “တစုတဖွဲ့တည်းကနေ တနင်္သာရီတိုင်းရဲ့ အနာဂတ် ကံကြမ္မာကို ဖန်တီးပုံဖော်တာမျိုး ဖြစ်လို့မရဘူး။ ဒီတော် လှန်ရေးဟာ စစ်အာဏာရှင်ကိုတော်လှန်တာအပါအဝင်စနစ်ကိုပါ ပြောင်းလဲဖို့လုပ်နေတဲ့အတွက် ဒေသအတွင်းမှာရှိတဲ့ အစုအဖွဲ့ အသီးအသီးရဲ့ အသံတွေပါဝင်ပြီးနည်းမှန်လမ်းမှန်နဲ့ လုပ်ဖို့လိုတယ်” လို့ ပြောပါတယ်။ Read in Full

၂၄။ တောင်ကြီးတွင် ဆီမှောင်ခိုရောင်းချနေသူများကို ဖမ်းဆီးနေ

 August 20, 2024

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီ လက်အောက်ခံ ဌာနများမှ ဖမ်းဆီးမှုပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ (ဩဂုတ်လ ၁၉ ရက်)တွင် တောင်ကြီးမြို့နယ်တွင်ဆီမှောင်ခိုရောင်း ချနေသူများနှင့် တောင်ကြီး-ကျောင်တလုံး လမ်းဘေးတလျှောက်တွင် ခုံများချကာ ပုလင်းများဖြင့် ရောင်းချနေသူများကို စစ်ကောင်စီလက်အောက်ခံဌာနများမှ ဖမ်းဆီးမှုများရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။“မနက်ခင်းကကံကြီး ကနေလွယ်ကောင်းရွာအထိ တောင်ကြီး-ကျောက်တလုံးလမ်းတလျှောက်က ပုလင်းတွေ၊ ဗူးတွေ၊ ပုံးတွေနဲ့ ရောင်းနေတာ အကုန် လုံးကို လိုက်ဖမ်းနေတာပါ။ လူတော့မဖမ်းဘူး၊ ဆီပဲသိမ်းသွားပါတယ်။ နေ့လည်ပိုင်းကနေ အချိန်ထိလိုင်းပေါ်ကရောင်းနေတာ တွေ၊ မြို့ထဲကရောင်းနေတာတွေကို အကုန်လိုက်ဖမ်းနေပါတယ်။ ဆီကော၊ လူကောဖမ်းတာဗျ” ဟု ၎င်းကပြောသည်။

စက်သုံးဆီအား လိုသလောက်ရောင်းချနိုင်ချင်းမရှိသောကြောင့် စက်သုံးဆီပြတ်လပ်မှုဆိုးဝါးစွာကြုံတွေ့နေရပြီး မှောင် ခိုဈေးကွက်များလည်း ကြီးထွားလာကြောင်း ဒေသခံများထံမှသိရသည်။ အလားတူ ညောင်ရွှေမြို့နယ်တွင်လည်း ဆီဝယ် ယူရသည့် အခါအချိန်များစွာ ပေးနေရကြောင်း မြို့ခံတစ်ဦးကပြောသည်။“မနက် ၆ နာရီလောက်တည်းကတန်းစီတာ ဆိုင်မဖွင့် ခင် မနက်ပေးမယ်ဆိုလို့ အကြာကြီးစောင့်ပြီးမှ ဆိုင်မဖွင့်လို ပြန်ကြရတယ် နေ့လည် ၂ နာရီလောက်ပြန်တန်းစီတာ ည ၇ နာရီ လောက်မှ ပြီးတယ် ဒါတောင် တချို့တွေမရဘူး”ဟု သူကပြောသည်။ လက်ရှိတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် မြို့နယ်အများအပြားတွင် စက်သုံးဆီ အကန့်အသတ်နှင့်ရောင်းချနေမှုများကြောင့် တစ်ရက်ကြိုတင်၍ ညအိပ်တန်းစီကာ စောင့် ဆိုင်း ဝယ်ယူနေကြပြီး အခက်အခဲမျိုးစုံကြုံတွေ့နေကြရသည်။ Read in Full

၂၅။ ဗန်းမော်မြို့ခံများ စစ်ရေးကြိုတင်သတိပြုရန် KIA တိုက်တွန်း

 August 20, 2024

ဗန်းမော်မြို့ဒေသခံများအနေဖြင့် စစ်ရေးသတိရှိနေကြရန်နှင့်မိသားစုဝင်များအားလုံး လုံခြုံမည့်နေရာများကို စီစဉ်ထား ကြရန်လိုအပ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းပြောဆိုသည်။ ဗန်းမော် မြို့မှ ရှစ်မိုင်ခန့်အကွာရှိ မိုးမောက်မြို့မှ စစ်ကောင်စီစခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ‌ဗန်းမော်မြို့တွင်လည်း တိုက်ပွဲများဖြစ်လာနိုင်သည်ဟူသောသတင်းများ ထွက်ပေါ်နေစဉ် ဗိုလ်မှူးကြီးနော်ဘူက  သတိပေးခြင်းဖြစ်သည်။ ဗန်းမော်မြို့ ၏ ရှေ့ဆက်ဖြစ်ပေါ်လာမည့် စစ်ရေးအခြေအနေနှင့်ပတ်သက်၍ KIA ပြောခွင့်ရ ပြန်ကြားရေးရုံးအနေဖြင့် တိကျသောသတင်း စကားပြောဆိုရန် မရှိသော်လည်း တယ်လီဖုန်းဆက်သွယ်ရေးလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေသည့် ကချင်ပြည် နယ်အတွင်း စစ်ရေးအသိ၊ သတိရှိရန်နှင့် တိုက်ပွဲသတင်းများကို နားစွင့်ထားကြရန်လိုအပ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အကြံပြုသည်။ “ကိုယ့်ရဲ့ပတ်ဝန်းကျင်အခြေအနေ စစ်ရေး လှုပ်ရားမှုတွေကိုတော့ အမြဲတမ်းသတိထားဖို့ကတော့လိုနေပါတယ်။ ကိုယ့်ရဲ့မိသားစုအတွက် လုံခြုံမယ့်နေရာတွေကို သိထားဖို့တော့လိုပါတယ်။ ဗန်းမော်လည်းဒီလိုပါပဲ။ မြို့နဲ့လေးငါးမိုင်လောက်ပဲ ဝေးတဲ့နေရာမှာ တိုက်ပွဲဖြစ်နေတာဆိုတော့ ပြည်သူလူထုအနေနဲ့ သတိထားဖို့တော့လိုပါတယ်။ တိမ်းရှောင်ဖို့လဲလိုတာပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။

ဗန်းမော်မြို့တွင် စစ်ကောင်စီဘက်မှအမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)၊ စစ်ဘက်ရေးရာလုံခြုံရေး တပ်စု၊ ခြေလျင်တပ်ရင်း ခလရ(၄၇)၊ ခလရ(၂၃၆)၊ အမှတ်(၉၃၃)ထောက်ပံ့ပို့ဆောင်ရေးတပ်(ထပရ-၉၃၃)၊ အမှတ် (၁၁) စစ်မြေ ပြင် ဆေးတပ်ရင်း(မဆရ-၁၁)၊ အမှတ်(၅)ဆက်သွယ်ရေးတပ်(ဆသရ-၅)၊အမှတ်(၃၁၄)အမြောက် တပ်၊ အမှတ်(၃၆၆)အမြောက် တပ်၊ အမှတ်(၅၀၁၄)တင့်ကားတပ်ရင်း(တကရ-၅၀၁၄)၊ အမှတ်(၇၀၀၆)သံချပ်ကာတပ်ရင်း(သတရ-၇၀၀၆)၊ အမှတ်(၉၁၄) စစ်အင်ဂျင်နီယာတပ်(စအရ-၉၁၄)၊ အမှတ်(၉၄၄)ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ (ဆလအခွဲ-၉၄၄)နှင့် အမှတ်(၈၈) တပ်မ အောက်တပ်ရင်း သုံးရင်းခန့်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ လက်ရှိတွင်ဗန်းမော်မြို့၌ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသောကြောင့် ဒေသခံများအတွက် စိုးရိမ်ပူပန်နေရကြောင်း ဗန်းမော်မြို့မှ စစ်ဘေး တိမ်းရှောင်လာသော အမျိုးသမီးတဦးကပြောသည်။ ” မိုးမောက်သတင်းလည်း မရ။ ဗန်းမော်သတင်းလည်းမရနဲ့ စိတ်ပဲပူနေရ တယ်။ ဖုန်းလိုင်းတွေက မရတာ လချီနေပြီ။စစ်ရေးတင်းမာမှုက ဗန်းမော်မြို့နားအထိရောက်နေပြီမို့လို့ တော်တော်လေးကို စိတ်ပူနေရတယ်” ဟု အဆိုပါအမျိုးသမီးကပြောသည်။ ဗန်းမော်မြို့သည် ခရိုင်အဆင့်မြို့ဖြစ်ပြီး ခရိုင်အတွင်း ဗန်းမော်၊မံစီ၊ ရွှေကူ၊ မြို့လှ၊ မိုးမောက်၊ဒေါ့ဖုန်းယန်နှင့်လွယ်ဂျယ်မြို့တို့ ပါဝင်သည်။မိုးမောက်၊ ဒေါ့ဖုန်းယန်နှင့်လွယ်ဂျယ်မြို့ကို KIA နှင့် ပူးပေါင်းတပ် များက ထိန်းချုပ်ထားပြီးဖြစ်ကာ မံစီ၊ မြို့လှနှင့် ရွှေကူမြို့တွင်လည်း စစ်ရေးတင်းမာနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ် များထံမှသိရသည်။ Read in Full

၂၆။ ထပ်မံစစ်ပြေးရမှာကိုစိုးရိမ်တဲ့အတွက် ဒီးမော့ဆိုအရှေ့ခြမ်းကတောင်သူတချို့ စိုက်ပျိုးရေးကိုအနည်းငယ်သာလုပ်ကိုင်

 August 20, 2024

ကရင်နီပြည် ဒီးမော့ဆို မြို့နယ် အရှေ့ဖက်ခြမ်းက ကျေးရွာတစ်ရွာမှာ စစ်ဘေးရှောင်ကြတဲ့ ဒေသခံတွေဟာ ကျေးရွာ အတွင်း ပြန်လာနေထိုင်ကြပေမဲ့ ထပ်မံစစ်ရှောင်ရမှာကို စိုးရိမ်တာကြောင့် စိုက်ပျိုးရေးအနည်းငယ်သာ လုပ်ကိုင်ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် စိတ်မလုံခြုံမှုကြားက ပြန်လည်စိုက် ပျိုးနေကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။“စိုက်ခင်းပြန်လုပ်နေကြချိန်မှာ ပြည်သူလူထုတွေက စိတ်လုံခြုံမှု မရှိနိုင်ကြဘူး။ တိုက်လေယာဉ်ဝဲတာတို့၊ ဘာတို့ဆို အလုပ်လုပ်နေရင်းတော့ ပြန်လာနေရတယ်။ အများကြီးလုပ်ချင်တာထက် ပြန်ပြေးနေရမလားဆိုတဲ့ စိတ်မလုံခြုံမူကြောင့် အများကြီးမလုပ်ရဲကြဘူး။ ပြေးပြီး နောက်ပိုင်းလည်း အရင်းအနှီးမျိူးစေ့ မရှိကြ တော့တာလည်းပါတယ်။ အခက်အခဲမျိုးစုံ စိန်ခေါ်မှုတွေ ကြုံနေရတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။ မျိုးစေ့တွေ ကို အနီးအနားက ကျေးရွာတွေမှာ ဝယ်ယူကြသလို ကျေးရွာသားအချင်းချင်း အချင်းချင်း ပြန်လည်မျှဝေကြတယ်လို့ ဆိုပါတယ်။ တောင်သူတချို့ကတော့ စိုက်ခင်းရှိပေမဲ့ မျိုးစေ့ဝယ်ယူဖို့ အခက်အခဲရှိကြသလို တချို့ကလည်း မျိုးစေ့ဝယ်ယူနိုင်ပြီး စိုက်ပျိုးဖို့ ခြံမြေမရှိတာကြောင့် စားဝတ် နေရေးအတွက် အဓိကထားပြီး အပြန်အလှန် ဝေမျှ လုပ်ကိုင် စိုက်ပျိုးနေကြပါတယ်။

ကျေးရွာနဲ့နီးတဲ့ တောင်ယာခြံတွေမှာသာ လုပ်ကိုင်နေကြရတာပါ။ စိုက်ထားတဲ့ သီးနှံတွေ အထွက်နှုန်း အနည်းငယ် ကောင်းပေမဲ့ မိုးများတာကြောင့် သီးနှံပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။ “ဒီနှစ်နှမ်း က နည်းပါးပဲပေါ့နော်။ ရွာမှာခြံခင်းတွေက အဲ့လောက်မရှိကြဘူးလေ။ ခါတိုင်းနှစ်ဆို အဝေးမှာလုပ်ကြတယ်။ ခုဆိုမလုပ်နိုင်ကြ ဘူး။ ပြီးရင်ရွာမှာရှိတဲ့ ခြံခင်းတချို့က စစ်‌ကောင်စီတွေ နေဖူးတဲ့နေရာဆို မိုင်းရှိတယ် မလုပ်ရဲကြဘူး။ နှမ်းအခြေအနေက အစဆို ကောင်းမလိုလိုနဲ့ ခု မိုးတအားရွာတော့ ပျက်စီးကုန်တယ်။ မြေပဲလည်းမကောင်းဘူး။ စပါးပဲကောင်းကြတာပေါ့နော်” လို့ သူက ဆိုပါတယ်။ ပြီးခဲ့နှစ်မှာလည်း ဒေသတွင်းတိုက်ပွဲကြောင့် တောင်ယာစိုက်ခင်းကိုမလုပ်ကိုင်ကြဘဲ ယခုနှစ်အတွင်းမှသာ ပြန်လည် စိုက်ပျိုးကြတာဖြစ်ပါတယ်။ ဒီနှစ် စိုက်ခင်း သီးနှံထွက်နှုန်းမကောင်းရင်တော့ နောက်နှစ် စိုက်ပျိုးဖို့အတွက် မျိုးစေ့ ရှားပါးလာ နိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဆိုပါ ကျေးရွာခံတွေဟာ စားဝတ်နေရေးအတွက် နှမ်း၊ မြေပဲ၊ စပါးနဲ့ ပြောင်း ကောက်ကို အဓိကထား စိုက်ပျိုးကြပါတယ်။ Read in Full

၂၇။ မြန်မာနိုင်ငံမှာ လူ ၁၈ သန်းခွဲကျော် အရေးပေါ်အကူအညီလိုအပ်

 August 19, 2024

မြန်မာနိုင်ငံမှာ ကလေး ခြောက်သန်းအပါအဝင် လူ ၁၈ ဒသမ ၆ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ သြဂုတ် ၁၉ ရက်မှာ ကျရောက်တဲ့ကမ္ဘာ့လူသားချင်းဆိုင်နာရေးဆိုင်ရာနေ့မှာကုလသမဂ္ဂ လူသား ချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ကပြောကြားလိုက်ပါတယ်။ မြန်မာပြည်သူတွေဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခ နဲ့ အကြီးအကျယ်ပျက်စီးရတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။ ကမ္ဘာ့လူသားချင်းစာနာမှု နေ့ဟာ မြန်မာနိုင်ငံတစ်ဝှမ်းက သန်းနဲ့ချီတဲ့ လူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ ရဲရဲဝံ့ဝံ့ ပေးနေတဲ့ ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေကို ဂုဏ်ပြုတာလို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ဘေးကျပ်နံကျပ်အခြေအနေတွေ ပိုများလာတဲ့ကြားကပဲ အကူအညီပေးရေး ဝန်ထမ်းတွေဟာ အလိုအပ်ဆုံး လူတွေကို ကူညီဖို့ နေ့စဉ် အရှိန်မြှင့်ဆောင်ရွက်နေပါတယ်လို့ UNOCHA က ပြောပါတယ်။

၂၀၁၄ ပထမနှစ်ဝက်မှာ ရန်ပုံငွေ အခက်အခဲရှိပေမဲ့ လူ ၂ ဒသမ ၁ သန်းကို အကူအညီပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ တချိန်တည်း လူသားချင်းစာနာမှု အကူအညီပေးရေးဝန်ထမ်းတွေကို အကြမ်းဖက်တာကို ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချလိုက်ပါ တယ်။ ၂၀၂၃ အတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ အကူအညီပေးရေးဝန်ထမ်း ၂၈၀ သတ်ဖြတ်ခံရတယ်လို့ AFP သတင်းမှာ ဖော်ပြပါ တယ်။ အစ္စရေးနဲ့ ဆီးရီးယားမှာ အများဆုံးသေဆုံးရပြီး မြန်မာနိုင်ငံမှာ လေးယောက်သေဆုံးခဲ့ရပါတယ်။ 

၂၈။ ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ ဖုန်းလိုင်းအကန့်သတ်နဲ့ပြန်ရ

 August 19, 2024

တစ်လဝန်းကျင် ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ ဖုန်းလိုင်း အကန့်အသတ်နဲ့ ပြန်ရနေပြီလို့ ဒေသခံတွေနဲ့ကချင်ပြည်နယ် ပြင်ပရောက်ပြည်သူတွေဆီက သိရပါတယ်။ ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်၊ မြို့ ၃၃ မြို့၊ လူဦးရေ တစ်သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်မှာ ဇူလိုင်လ ၂၁ ရက်နေ့စ မြို့အားလုံးနီးပါး ဖုန်း၊ အင်တာ နက်၊ ဝိုင်ဖိုင်လိုင်း ပြတ်တောက်သွားခဲ့ပေမယ့် ချီဖွေမြို့နဲ့ ဆင်ဘိုမြို့မှာ ဖုန်းလိုင်းတွေရရှိနေတယ်လို့ ဒေသခံတွေကပြောပါ တယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ဆင်ဘိုမြို့မှာ ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားခြင်းမရှိဘဲ တယ်လီနော၊ MPT ဖုန်းရောအင်တာနက်လိုင်း နှစ်ခုလုံးရနေပြီး စက်သုံးဆီလိုအပ်ချက်ကြောင့်သာ တစ်ခါတစ်ရံ လိုင်းပြတ် တောက်တာတွေရှိတယ်လို့ ဆင်ဘိုဒေသခံတစ်ယောက်ကပြောပါတယ်။“ဆင်ဘိုမှာကတော့ KIA သိမ်းထားတဲ့နေရာဆိုတော့ သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ပြည်သူတွေနေနေကြပါတယ်။ ဖုန်းလိုင်းက တယ်လီနောရတယ် MPT ရတယ် တစ်ခါတစ်လေ ဆီကုန်သွားရင်တော့ လိုင်းမရဘူး ပေါ့။ အင်တာနက်ရောရတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ချီဖွေမြို့နယ်မှာလည်း တယ်လီနောဖုန်းလိုင်း၊အင်တာနက်ပါ အသုံးပြုလို့ရနေတယ်လို့သိရပြီး တစ်ခြားသော ဖုန်းအော်ပရေတာတွေကတော့ အားလုံးပြတ်တောက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ သို့သော် ကချင်ပြည်နယ်ရဲ့ ဒုတိယ မြို့တော် ဗန်းမော်မြို့နယ်အတွင်းမှာတော့ စစ်တပ်လက်အောက် ဆက်သွယ်ရေးရုံးမှာသာ ပြည်သူ တစ်ဦးကို ၃ မိနစ်ဖုန်းပြော ခွင့်ပြုနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့ကျောက်စိမ်းမြေ ဖားကန့်မြို့နယ်မှာတော့ ဖုန်းရောအင်တာနက် လိုင်းပါ လုံးဝမရရှိပဲ တစ်မိနစ် ၂၀၀၀ ပေးပြီးဖုန်းဆက်လို့ရတဲ့ ဆိုင် ၂ ဆိုင်၊ တစ်နာရီကို ကျပ်  ၃ သောင်းပေးပြီး IP Star နှင့် Star link အင်တာနက်ကိုအသုံးပြုလို့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။“လိုင်းကတော့ကောင်းပါတယ်။ Starlink က VPN လည်း မလိ ဘူး ဆိုင်တွေက မနက် ၇ နာရီလောက်က နေ ည ၉ နာရီအထိရတယ်။ IP Star ကတော့ ဖုန်း လေးငါးလုံးပဲ သုံးလို့ရတာ။ Facebook အတွက်ဆို VPN လိုတယ်”လို့ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။ Read in Full

၂၉။ ရွှေညောင်မှာ အုပ်ချုပ်ရေးမှူးက သိန်း ၃၀၀ မရရင် အိမ်တိုင်း ဗလာမပါ စစ်မှူထမ်း မဲနှိုက်ခိုင်းမယ်လို့ ခြိမ်း ခြောက်

 August 20, 2024

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ ဝင်တွေက  စစ်မှုထမ်းအတွက် သိန်း ၃၀၀ ကျပ် ပို့ဆောင်ရမယ်ဆိုပြီး အစည်းအ‌ဝေးမှာ ပြောကြားခဲ့တယ်လို့ ဒေသတွင်း သတင်း အရင်းအမြစ်တွေက ပြောပါတယ်။ မင်္ဂလာအောင်မြေရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး တင်ဇော်၊ ရာအိမ်မှူး စိုးဦး၊ စန်းစန်းအေးနဲ့ တင်ရွှေတို့က စစ်မှုထမ်းအတွက် လူ ၅ ဦးမရရင် အိမ်တိုင်းကို ဗလာမပါ ကံစမ်းမဲ နှိုက်ခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်တောင်းခံ နေတာပဲ ဖြစ်ပါတယ်။“အုပ်ကြီးထက် စန်းစန်းအေးက ပိုဆိုးနေတာ။ သူ့လင် ခင်မောင်စိုးက Non-CDM, သူ့သားနဲ့ ချွေးမက ရဲဝန်ထမ်း။ သူ့ကိုပဲ ကြောက်နေရတာ။ ခြိမ်းလားခြောက်လားနဲ့” လို့ အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
စစ်မှုထမ်း မဲနှိုက်ဖို့အတွက် အသက် ၁၈ ကနေ ၄၅ နှစ်ကြားရှိ အမျိုးသားအားလုံး ပါဝင်ပြီး လူစားထိုးအတွက် သိန်း ၃၀၀ ကို အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေ ကိုယ်တိုင် ကောက်ခံမှာ မဟုတ်ဘဲ အားလုံးစုံညီမှ လာရောက် အပ်နှံရမယ်လို့ဆိုပါတယ်။“မိဘတွေကတော့ ငိုယိုနေကြတာပေါ့။ တစ်အိမ် ၃ သိန်းနှုန်းဆိုတော့ ဒီကာလဘယ်လွယ်မလဲ။ အုပ်ကြီးကတော့ ငွေပြည့်ရင် ဖုန်းဆက် သူလာယူမယ်တဲ့” လို့ မင်္ဂလာအောင်မြေ၊ နယ်မြေ ၃ မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။ လတ်တလောမှာ သိန်း ၃၀၀ အတွက် တစ်အိမ်ဘယ်လောက် ကျမလဲဆိုတာ မသိနိုင်သေးပေမယ့် ရပ်ကွက်နေထိုင်သူ အများစုဟာ ရှိသမျှပစ္စည်းတွေ ပေါင်နှံရောင်းချပြီလို့ စုံစမ်းသိရပါတယ်။ အလားတူ ရွှေညောင်နဲ့ နီးစပ်တဲ့ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာမှာလည်း ပအိုဝ်း ပြည်သူ့စစ် (PNA)က ၃ ရက်တစ်ဖြတ်နှုန်းနဲ့ စစ်သင်တန်းပေးနေပြီး ကျောက်ဂူကျေးရွာကို စစ်ကူပို့ဆောင်နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။ Read in Full

၃၀။ အရပ်သားတွေကို အကာအကွယ်ပေးဖို့ AA ကို SAC-M တိုက်တွန်း

 August 20, 2024

ရခိုင်ပြည်နယ် မြောက်ပိုင်းက အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဥပဒေအောက်က တာဝန်တွေကို လိုက်နာဆောင်ရွက်ဖို့  အာရက္ခတပ်တော် (AA) ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (SAC-M) က ဩဂုတ်လ ၁၉ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။  ရခိုင်ပြည်နယ်က ရိုဟင်ဂျာ တွေနဲ့ အခြားအရပ်သားတွေကို ပြုမူဆက်ဆံပုံတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို AA က တောင်းဆိုဖို့နဲ့ အဲဒီအဖွဲ့ကို အထောက်အကူပေးပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့လည်း SAC-M က အာရက္ခတပ် တော်ကို တိုက်တွန်းထားပါတယ်။ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မောင်တောမြို့နယ်က ဒေသခံတွေ နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘကက်ကို ထွက်ပြေးဖို့ကြိုးစားနေချိန် ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့က ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ တိုက်ခိုက်ခံရပြီး လူပေါင်း ၂၀၀ အထိ သေဆုံးခဲ့ရတာကို သိရှိထားရပြီး အသက်ရှင် ကျန်ရစ်သူတွေနဲ့ မျက် မြင်သက်သေတွေရဲ့ သတင်းပေးပို့ချက်အရ AA မှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရကြောင်း ထုတ်ပြန်ချက် မှာ ထည့်သွင်း ထောက်ပြထားပါတယ်။

SAC-M အနေနဲ့တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လတ်တလောကျူးလွန်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဘယ်သူမှာတာဝန်ရှိတယ်ဆိုတာကို မဆုံးဖြတ်နိုင်သေးကြောင်းလည်း ပြောထားပါတယ်။ အာရက္ခတပ်တော် (AA) ကတော့ မောင်တောမြို့နယ်က ရိုဟင်ဂျာအများအပြားသေဆုံးခဲ့တာဟာ AA နဲ့ သက်ဆိုင်မှုမရှိကြောင်း ဩဂုတ်လ ၇ ရက်နေ့မှာ ကြေညာ ချက်ထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာတရားရုံး (ICJ)က ၂၀၂၀ ပြည့်နှစ်မှာ ချမှတ်ထားတဲ့ စီရင်ချက်အရ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုအန္တရာယ်နဲ့ ဆက်လက်ရင်ဆိုင်နေရပြီး ဒေသတွင်း အင်တာနက်ပိတ် ဆိုတာနဲ့ သွားလာလှုပ်ရှားမှုတွေကို စစ်ကောင်စီက တင်းကျပ်စွာ ကန့် သတ်ထားတယ်လို့လည်း ထောက်ပြထားပါတယ်။ AA ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ဟာ စစ်ကောင်စီတပ်ကို လုံးလုံးနီးပါး ချေမှုန်းဖယ်ရှားပြီး ဒေသတွင်း အခရာကျတဲ့ စစ်တပ်နဲ့ အုပ်ချုပ်မှုအာဏာပိုင်တွေ ဖြစ်လာတာဟာ ကျေနပ်အားရဖွယ်ဖြစ်တယ်လို့လည်း SAC-M က ပြောထားပါတယ်။  Read in Full

၃၁။ လားရှိုးနဲ့ လွိုင်ကော် တက္ကသိုလ် ဆရာ/ဆရာမတွေ တောင်ကြီး တက္ကသိုလ်မှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်

 August 19, 2024

လားရှိုးနဲ့ လွိုင်ကော် တက္ကသိုလ် ဆရာ/ ဆရာမတွေ တောင်ကြီးမြို့ရှိ တက္ကသိုလ်တွေမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင် နေပြီး ကျောင်းသား/ သူတွေကိုလည်း ရွှေ့ပြောင်းသင်ကြားခိုင်းထားတယ်လို့ Non_CDM အရင်းအမြစ်တွေကနေ စုံစမ်း သိရပါ တယ်။ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နဲ့ ကရင်နီပြည် လွိုင်ကော်မြို့တို့မှာ ဒီနှစ် ၂၀၂၄ ခုနှစ် အတွင်း တက္ကသိုလ်တွေ မဖွင့်လှစ် နိုင်လို့ တောင်ကြီးကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေခဲ့တာလို့ သိရပါတယ်။ လွိုင်ကော်မြို့၊ GTC တက္ကသိုလ်အပါအဝင် မြို့ တွင်းရပ်ကွက်တချို့မှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဖက်က လုံခြုံရေးတာဝန်မယူနိုင်သေးတာကြောင့် မဖွင့်နိုင်သေး တာလို့ဆိုပါတယ်။“ဟာသပဲ။ သူတို့ပဲ တစ်မြို့လုံးထိန်းနိုင်ပြီ ဘာညာလေကြီးလေကျယ် လျှောက်ပြောပြီး‌တော့မှ တက္ကသိုလ်တောင်မဖွင့်ရဲဘူး။ ဆရာတွေတောင် ပြန်မခေါ်ရဲသေးဘူး”လို့ လွိုင်ကော်မြို့ CDM ကျောင်းသားတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့ရှိ တက္ကသိုလ်တွေကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်တဲ့ ၁၁၁၁ စစ်ဆင်ရေးကာလ ကတည်း က ပိတ်ထားပြီး စစ်ပွဲအတွင်း တွေ့ရှိခဲ့တဲ့ Non-CDM ဆရာ/ဆရာမတွေကို တော်လှန်ရေး အင်အားစုတွေက ကယ်ထုတ်ထား တာပါ။ အလားတူ လားရှိုးမြို့မှာလည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကတည်းက တက္ကသိုလ် ပိတ်ထားရပြီး ကိုးကန့်တပ် (MNDAA)က ဘယ်လိုစီစဉ် ဆောင်ရွက်ပေးမလဲဆိုတာ မသိရသေးဘူးလို့ လားရှိုးမြို့ခံ တစ်ဦးက ပြောပါတယ်။“သေချာတယ် စစ်ကောင်စီက ဖွင့်နိုင်တော့မှာ မဟုတ်ဘူးလေ။ ဆရာတွေတောင် ပြေးနေရတာ။ ကိုးကန့်ဖက်က တော့ ပညာရေးအစီအစဉ်တွေ လုပ်ပေးမယ်လို့ ပြောတယ်။ ဘယ်လိုတွေ လုပ်ပေးမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပဲ” ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်တဲ့ စာရင်းမှာ လွိုင်ကော်နဲ့ လားရှိုးမြို့က တက္ကသိုလ်တွေ ပါဝင်ခဲ့ပေမယ့် ဒီနှစ် စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာတော့ မပါဝင်တော့တာကို တွေ့ရပါတယ်။ Read in Full

၃၂။ ကျိုက်ထိုမြို့နယ်ရဲမှူးနှင့် ရဲအုပ်တို့ကို စစ်ကောင်စီတပ်ဖမ်းဆီး

 August 20, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရဲမှူး ဇော်ဇော်နှင့် ရဲအုပ်ပြည်သူရစိုးတို့ကို စစ်ကောင်စီတပ်က ဖမ်ဆီးပြီးစစ်ဆေးနေ ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ကပြောသည်။  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ဆက်သွယ်ပြီး သတင်းပေးနေသည် ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက  မြို့နယ်ရဲမှူး ဇော်ဇော်ကို ဩဂုတ်လ ၁၆ ရက် ညက ၎င်းနေထိုင်ရာ အိမ်ရာဝင်းအတွင်း ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း အထက်ပါနီးစပ်သူတို့က ဆိုသည်။ ဩဂုတ် ၁၄ ရက်ကလည်း ကျိုက်ထိုမြို့မရဲစခန်းက ရဲအုပ် ပြည်သူရစိုး ကို PDF အဖွဲ့နှင့် ဆက်သွယ်သည်ဆိုပြီး ရဲစခန်းဝင်း အတွင်းရှိ နေအိမ်တွင်ပင် စစ်ကောင်စီတပ်တို့က ဝင်ရောက်ဖမ်း ဆီးခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ ရဲအုပ်ကို ဖမ်းဆီးသွားပြီးနောက် နှစ်ရက်အကြာတွင် မြို့နယ်ရဲမှူးကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြို့နယ်ရဲမှူးနှင့် ရဲအုပ်တို့ကို ကျိုက်ထိုအခြေစိုက် စစ်ကောင်စီ တပ်မ-၄၄ ဌာနချုပ်ရှိ စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းနေကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့က ဆိုသည်။“PDF တွေကို ဆက်သွယ် သတင်းပေးနေတယ်ဆိုပြီးတော့ ဖမ်းသွားတာ။ ရဲအုပ်ကို ဖမ်းပြီး နှစ်ရက်အကြာမှာ မြို့နယ်မှူးကို ဖမ်းတာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ပြီးခဲ့ သည့် မေလ ၅ ရက်ကလည်း ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်း စိုးရာဇာ၊ နယ်ထိန်း ဝဏ္ဏထွန်းနှင့် ယာဉ်ထိန်း ရဲတပ်ကြပ် အောင်နိုင်ဦးတို့ သုံးဦးကိုလည်း PDF အဖွဲ့ထံ သတင်းပေးပို့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးသည်။ ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များကို ဆက်သွယ်သတင်းပေးသည်ဆိုပြီး ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ဖမ်းဆီး နေသလို ပြည်သူများကိုလည်း ဆက်တိုက်ဖမ်းဆီးနေသည်။ Read in Full

၂၃။ စစ်ကောင်စီအမြစ်ဖြတ်ချေမှုန်းရေး မွန်ပြည်သူအားလုံး တိုက်ပွဲဝင်ကြဖို့ မွန်တော်လှန်ရေးတပ်တွေတိုက်တွန်း

 August 19, 2024

စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် မွန်ပြည်သူလူထုတစ်ရပ်လုံး တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းကြောင်း မွန်တော်လှန်ရေးတပ်ဖွဲ့ ၃ ဖွဲ့က ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီကို မွန်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပရောက် မွန်လူငယ်တွေ၊ မွန်ပြည်သူ အားလုံး တက်ညီလက်ညီတွန်းလှန်  တိုက်ပွဲဝင်ကြဖို့ တောင်းဆိုခဲ့တာဖြစ်ပါ တယ်။ မွန်ပြည်သစ်ပါတီ (အာဏာရှင်တော်လှန်ရေးအဖွဲ့) MNSP-AD ရဲ့ တပ်ဖွဲ့ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ် မတော် MNLA-AD၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းပြီး ၇၇ နှစ် မြောက် မွန်တော်လှန်ရေးနေ့ထုတ်ပြန်ချက်မှာ တိုက်တွန်းပြောဆိုခဲ့တာပါ။“၁၉၄၈ ခုနှစ်ကစလာခဲ့တဲ့ တော်လှန်ရေးက အမျိုးသား တော်လှန်ရေးဖြစ်တဲ့အတွက် မွန်တမျိုးသားလုံး လှည်းနေလှေအောင်း မြင်ဇောင်းမကျန် ကိုယ်ကျရာ အခန်းကဏ္ဍကနေ တော်လှန်ရေးအောင်မြင်ဖို့အတွက် ပါဝင်ဖို့၊ အမျိုးသားမဟာဗျူဟာ နည်းဗျူဟာအောက်မှာ မိမိတို့ မွန်တော်လှန်ရေး လက် နက်ကိုင် အဖွဲ့အစည်းတွေသာမက ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ မွန်တမျိုးသားလုံး ကာယအား ဥာဏအား ပစ္စည်းဥစ္စာ အား တွေနဲ့ ပါဝင်ဖို့ လိုတဲ့အကြောင်းကို အဓိကတိုက်တွန်းတာပါ”လို့ မွန်ပြည်ကာကွယ်ရေးတပ် MSDF ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်း က ပြောပါတယ်။

လက်ရှိ မင်းအောင်လှိုင်ရဲ့ အာဏာရှင်စစ်တပ်ဟာ မွန်တမျိုးသားလုံးရဲ့ ဘုံရန်သူဖြစ်ပြီး ယင်းဘုံရန်သူကို တိုက်ဖျက်ဖို့ ဆိုရင် မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့အားလုံး စုစည်းဖို့ လိုအပ်သလို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေဟာ မဟာဗျူဟာကျကျ ပူးတွဲတိုက်ပွဲဝင်ဖို့ လိုတယ်လို့လည်း ထုတ် ချက်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး မွန်တို့ရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌားန်းခွင့် အခွင့်အရေး ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက် တော်လှန်သွားကြဖို့ကို တိုက်တွန်းခဲ့တာပါ။ ပူးတွဲထုတ်ပြန်ချက်မှာ ပါတဲ့ MSDF ၊ MSRF၊ MNLA-AD တို့ဟာ ပြီးခဲ့တဲ့ ဧပြီလက စစ်ရေးမဟာမိတ်တွေအဖြစ် သဘာတူထားကြတဲ့ တပ်ဖွဲ့တွေဖြစ်ပြီး ကျန်ရှိနေတဲ့ မွန်ပြည်သူတွေကတော့ မွန်တော်လှန်ရေးတပ်တွေ ပေါင်း စည်းသွားဖို့ကို လိုလားနေကြတာလို့ ပြောကြပါတယ်။“ဒီတပ် ၃ တပ် အပြင် ကျန်ရှိနေတဲ့ မွန်လက်နက်ကိုင်တပ်တွေ အားလုံးပေါ့ ဥပမာ ကျန်ရှိနေတဲ့ MLA  (မွန်ပြည်လွတ်မြောက်ရေးတပ်တော်) တို့ တခြားတပ်တွေနဲ့လည်း တစုတစည်းတည်းဖြစ်အောင် ကြိုးစားနေတဲ့ သဘောပါ၊ မွန်တော်လှန်ရေး အောင်မြင်ဖို့ မွန်လက်နက် တပ်တွေအားလုံး တစုတစည်းတည်း ကျစ်ကျစ်လစ်လစ် ပေါင်းစည်းဖို့ လိုတယ်” လို့ ဒေါက်တာ သီရိမွန်ချမ်းက ပြောဆိုပါတယ်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button