နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ
သုံးလပတ် ကာလအတွင်း စုစည်းတင်ပြခြင်း (၂၀၂၄ ခုနှစ် မေလမှ ဇူလိုင်လ အထိ)
နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ်လေ့လာ ပြုစု၍ ထုတ်ပြန်လျက် ရှိသည်။
ယခု စာတမ်းတွင် ၂၀၂၄ ခုနှစ် မေလ၊ ဇွန်လ နှင့် ဇူလိုင်လ (၃)လအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသား ဒေသများတွင် နှစ်ဘက်ထိခိုက် သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ် ပျက်စီးမှု၊ နေရပ်စွန့်ခွာမှုများ၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီ တပ်စခန်းများနှင့် တိုင်းရင်းသားဒေသရှိ အုပ်ချုပ်ရေး သို့မဟုတ် နိုင်ငံရေးကောင်စီတို့၏ ဖြစ်ပေါ်တိုးတက်မှုများကို အောက်ပါအတိုင်း စုစည်းတင်ပြ ထားပါသည်။
အပိုင်း (၁)
(က) တိုက်ပွဲဖြစ်ပွားမှုနှင့် နှစ်ဖက်တပ်ဖွဲ့မှ သေဆုံးမှုများ
၂၀၂၄ ခုနှစ် မေလ၊ ဇွန်လ နှင့် ဇူလိုင်လ သုံးလတာအတွင်း တိုင်းရင်းသား ပြည်နယ် ဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု အကြိမ်ပေါင်း (၅၁၉) ကြိမ်ကျော်ရှိခဲ့ရာ ရခိုင်ပြည်တွင် (၁၃၄) ကြိမ်ဖြင့် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး၊ ကချင်ပြည်တွင် (၉၈) ကြိမ်၊ ရှမ်းပြည်တွင် (၉၇) ကြိမ်၊ ကရင်ပြည်တွင် (၆၄)ကြိမ်၊ ချင်းပြည်တွင် (၅၁) ကြိမ်၊ မွန်ပြည်တွင် (၃၉) ကြိမ်၊ နှင့် ကရင်နီပြည်တွင် (၃၆) ကြိမ် စသည်ဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဤသုံးလအတွင်း စစ်ကောင်စီတပ်သား (၂၄၀၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ များဘက်မှ (၁၂၀) ဦးခန့် ကျဆုံးခဲ့သည်ဟု တွေ့ရှိရသည်။
(၁) ကချင်ပြည်
ဤသုံးလအတွင်း စစ်ကောင်စီနှင့် ကချင်ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၉၈ ) ကြိမ် ထက်မနည်း ရှိခဲ့ပြီး စစ်ကောင်စီတပ်သား (၁၃၆) ဦးသေဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။ ပြည်သူ့ပူးပေါင်း တပ်ဖွဲ့များမှ တော်လှန်ရေးတပ်သား (၂၇) ဦး ကျဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ ပါသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ကချင်ပြည် အတွင်းရှိ အင်ခရမ် (Nhkram)၊ ကဂမ်( kagam)၊ ဆမား (Sama)၊ ငါ့ဂယန် (Nga gyang)၊ ဂိဒုန်(Gidon) ၊ နမ့်ဗျူ(Nambyu) စစ်ကောင်စီတပ်စခန်း၊ ဆွမ်ပရာဘွမ်မြို့အနီးရှိ ခလရ (၄၆) တပ်ရင်း၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ရွာရှိ စစ်ကောင်စီ၏ ခမရ (၃၂၁) တပ်ရင်း စသည့် စစ်ကောင်စီ၏ အဓိက အရေးပါသော ဗျူဟာမြောက် ခြေကုတ်စခန်းကြီးများနှင့်အတူ စခန်းကြီး၊စခန်းငယ် များကို မေလအတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။
ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များသည် ဝိုင်းမော်မြို့နယ် အတွင်းရှိ ဝိုင်းမော်နှင့် ဆဒုံး- ကန်ပိုင်တည်သွားလမ်း တစ်လျှောက်ရှိ စစ်တပ်စခန်းများနှင့် ပြည်သူ့စစ်တပ် စခန်းများဖြစ်သည့် ၁၃ မိုင်စုပေါင်းဂိတ် (ဂေါ်ဆက်ယန်)၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်း၊ ဒိန်ဂါစစ်စခန်းနှင့် ဆဒုံးဗျူဟာကုန်းများ၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးနှင့် ဖားကန့်မြို့နယ်စပ်ကြားရှိ စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် များစုပေါင်းနေထိုင်သည့် ဝှေလုံ၊ ညောင်ပင်၊ ချောင်းဝ စသည့် စစ်တပ်စခန်းများကိုလည်း ဇွန်လ အတွင်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသည်။ ဇူလိုင်လ အတွင်းတွင်လည်း KIA ပူးပေါင်းတပ်ဖွဲ့များက ကချင်ပြည်နယ်၊ မိုးမောက်မြို့ ခမရ (၄၃၇) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသည်။
(၂) ချင်းပြည်
သုံးလအတွင်း စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၅၁) ကြိမ်၊ ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှ တပ်သား (၃၇)ဦးကျဆုံးမှု နှင့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ (၅၃) ယောက် အထက် သေဆုံးသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရပါသည်။
ချင်းအမျိုးသား တပ်မတော် (CNA) နှင့် ချင်းပြည်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် မေလအတွင်းတွင် ချင်းပြည်-အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်အကြားရှိ နယ်စပ်မြို့ဖြစ်သည့် ကျီခါးမြို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည့် အပြင်၊ တွန်းဇံမြို့ စစ်ကောင်စီတပ် ခလရ (၂၆၉) တပ်စခန်းကိုလည်း အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပါသည်။
ချင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များကလည်း Operation CB စစ်ဆင်ရေး အမည်ဖြင့် မတူပီမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လျက်ရှိပြီး မတူပီမြို့ ခမရ (၃၀၄)ကို ဇွန်လ ၁၇ ရက်နေ့ နှင့် ခလရ (၁၄၀) ကို ဇွန်လ ၂၉ ရက်တို့တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။
ချင်းပြည်၊ တီးတိန်မြို့နယ်၊ စစ်ကောင်စီ၏ ကနေဒီတောင် တပ်စခန်းကိုလည်း ချင်းလဲန်းကောင်စီတပ်ဖွဲ့များက ဇွန်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။ ချင်းပြည်၊ ထန်တလန်မြို့ရှိ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းအထိုင်ချ ခံစစ်စခန်းများဖြစ်သည့် Auto တောင်ပေါ်ရှိ စစ်ကောင်စီ စခန်း (၃) ခု အပါအဝင် ဟားခါး-ထန်တလန်အကြားရှိ စစ်ကောင်စီ စခန်း(၃) ခုနှင့် စုစုပေါင်း စစ်ကောင်စီ စခန်း (၆)ခုကို Chinland Council ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လအတွင်း အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ပါသည်။
(၃) ရှမ်းပြည်
သုံးလအတွင်း ရှမ်းပြည်တွင် ထိတွေ့ပစ်ခတ်မှုပေါင်း (၉၇) ကြိမ်ရှိရာ၊ စစ်ကောင်စီတပ်သား (၂၃၀) ဦးနှင့်အထက်သေဆုံးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များဖက်မှ (၂၇) ဦးကျဆုံးမှအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။
ရှမ်းပြည်တွင် မေလအတွင်း မိုးဗြဲ နှင့် ဖယ်ခုံဒေသများတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များ ဖြစ်ကြသည့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁၀၀၆) တပ်ရင်း၊ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁၀၀၉) တပ်ရင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ပျားစစ်ကြောင်း၊ မှော်ဘုရင် စစ်ကြောင်းများနှင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ် ဆောင်းပြောင်း ကျေးရွာ၊ ညောင်ရွှေမြို့နယ် ထီရိကျေးရွာနှင့် ဖယ်ခုံမြို့ရှိ တပ်စခန်းများတွင်လည်း အမြောက်တပ်များ တပ်စွဲလျက်ရှိပြီး ညောင်ရွှေမြို့နယ် ညောင်လေးပင် ကျေးရွာ၊ တောင်ပို့ကွဲ ကျေးရွာ၊ ပင်လောင်းမြို့နယ် နန်းတုတ် ကျေးရွာများတွင် ရှမ်းပြည်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ် PDF များနှင့် နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။
ဇွန်လအတွင်း ရှမ်းမြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ထိုးစစ်ဆင် တိုက်ပွဲများ ပြန်လည် စတင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း (၂၄) ခုကို သိမ်းပိုက်နိုင်ခဲ့ ကြောင်းလည်း တွေ့ရှိရသည်။ ယင်းစခန်းများမှာ ကျောက်မဲ မြို့နယ်ရှိ နားအိုက်ခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂) အမြှောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း၊ နောင်ချိုမြို့နယ်ရှိ ခမရ (၁၁၅)၊ ရဲစခန်း၊ ကံ့ကော်၊ ခဲမွန်၊ ကျောက်ကြမ်း တပ်မ (၃၃) တပ်စခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစခန်းနှင့် မိုးကုတ်မြို့နယ် ဒေါ်နန်းကြည်တောင်၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း စသည့် စခန်းများဟုလည်း သိရှိရသည်။
ဇူလိုင်လအတွင်းတွင် ကျောက်မဲ မြို့တွင် စစ်ကောင်စီ ဘက်မှ စစ်အင်အား ဖြည့်တင်းနေသဖြင့် တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် စစ်ကောင်စီ တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပါသည်။ ကျောက်မဲ မြို့နယ်တွင်လည်း စစ်ကောင်စီတပ် ခမရ-၅၀၁၊ ၅၀၂ တပ်ဖွဲ့ဝင်များနှင့် TNLA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး မိုးကုတ်မြို့အရှေ့ပိုင်းတွင်လည်း စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ – ၇၁/၈၈ တပ်စခန်းများကို TNLA, PLA, PDF ပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင်လျက် ရှိပါသည်။ ရှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၃ စခန်းကို ကိုးကန့် တပ်ဖွဲ့ MNDAA မှ သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရပါသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့အား အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် တအောင်းတပ်ဖွဲ့ TNLA နှင့် MNDAA တို့မှ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိပြီး လားရှိုးမြို့ ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၄၁၊ ၆၈ နှင့် ခြေမြန်တပ်ရင်း ခမရ-၅၀၇ တို့ကို သိမ်းပိုက်နိုင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ TNLA၊ ကိုးကန့်တပ်နှင့် ပူးပေါင်းတပ်များက ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်းအဖြစ် ရှမ်းမြောက်နဲ့ ရှမ်းမြောက်-မန္တလေးတိုင်းအစပ် များတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပါသည်။
ဇူလိုင်လအတွင်းတွင် ရှမ်းမြောက် မိုးမိတ်မြို့နယ်ကို တအောင်းတပ်မတော်-PSLF/TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး မိုးမိတ်ဗျူဟာ လက်အောက်ခံ များဖြစ်သည့် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) နှင့် ခြေလျင်တပ်ရင်း (ခလရ ၂၂၃)၊ ခလရ (၃၄၈) တို့ကို သိမ်းပိုက်နိုင်ခဲ့ပါသည်။
ရှမ်းပြည် မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် အမှတ် (၆၀၆) ဒုံးတပ်ရင်းကိုလည်း TNLA ကသိမ်းပိုက်နိုင်ခဲ့ပြီး ရှမ်းမြောက် လားရှိုး မြို့ပြင်ရှိ ဟိုပိတ်-တိုးဂိတ် အမှတ် ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းကို ကိုးကန့်တပ်-MNDAA က သိမ်းပိုက်ရရှိနိုင်ခဲ့သည်။
၁၀၂၇ ဒုတိယလှိုင်းအတွင်း နောင်ချိုနဲ့မိုးကုတ် မြို့ကို TNLA ပူးပေါင်းတပ်ကို တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပါသည်။ မိုးကုတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို တအောင်းတပ်မတော်-TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် မိုးကုတ်ဗျူဟာ၊ မန္တလေး PDF တို့က သိမ်းပိုက်နိုင်ခဲ့သည်။
(၄) ကရင်နီပြည်
သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၃၆) ကြိမ်နှင့်အထက် ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်သား (၉၇) ဦးသေဆုံးမှုကာ ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်သား (၂၃) ဦး ကျဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မေလအတွင်းတွင် ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်း ရှိ စစ်ကောင်စီ၏ ကာကင်းစခန်းကုန်းများ၊ စစ်ကောင်စီ၏ ခလရ (၁၃၄) နှင့် ဖလရ (၁၃၅) စခန်းများကို သိမ်းယူနိုင်ခဲ့ပါသည်။
ဇွန်လအတွင်းတွင် ကရင်နီပြည်၊ ဘော်လခဲခရိုင် အတွင်းရှိ စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ၏ မယ့်စလောင်းတောင် စခန်းကိုလည်း ကရင်နီ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပါသည်။
ဇူလိုင်လအတွင်းတွင် ကရင်နီပြည် လွိုင်ကော်မြို့တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ကရင်နီပြည်၊ ဖားဆောင်းမြို့ တွင်လည်း ကရင်နီပြည်တပ်မတော် (KA) နှင့် ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) စစ်ကောင်စီတပ် တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါသည်။
(၅) ကရင်ပြည်
သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များ အကြားထိတွေ့ပစ်ခတ်မှု (၆၄) ကြိမ်နှင့်အထက်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်သား (၁၇၄) ဦးနှင့်အထက် သေဆုံးကာ၊ ပြည်သူ့ပူးပေါင်း တပ်ဖွဲ့ဘက်မှ တပ်သား (၁၉) ဦးကျဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် မေလအတွင်း တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ် နယ်မြေ ဒူးပလာယာ ခရိုင်/တပ်မဟာ (၆) ဝင်းရေးမြို့နယ် တောင်စွန်း (လေးနော်) ရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက် နိုင်ခဲ့ပါသည်။
ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ကျောက်ကြီး မြို့နယ်အတွင်းရှိ ဘောကထ စစ်ကောင်စီတပ်စခန်း အပါအဝင် စစ်ကောင်စီစခန်း စုစုပေါင်း (၁၇) ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ ဘက်က စွန့်ခွာသွားသော စခန်းပေါင်း (၁၀) ခုအထိ ရှိခဲ့ပါသည်။
ဇွန်လ အတွင်းတွင် ကေအဲန်ယူ – ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း၊ စုကလိမြို့ အခြေစိုက် စကခ (၁၃) လက်အောက်ခံ၊ ခမရ (၅၆၀) တပ်ရင်းကို KNLA – ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသည်။
ဇူလိုင်လအတွင်းတွင် ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နှင့် မြဝတီမြို့နယ် များတွင်လည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်တပ်တို့အကြား နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လျက် ရှိခဲ့ပါသည်။
(၆) မွန်ပြည်
သုံးလအတွင်း စစ်ကောင်စီနှင့် မွန်တော်လှန်ရေး တပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၃၉) ကြိမ်ထက်မနည်း ရှိခဲ့ပြီး စစ်ကောင်စီတပ်သား (၃၄) ဦးနှင့်အထက်သေဆုံးကာ၊ ပြည်သူ့ပူးပေါင်း တပ်ဖွဲ့ဘက်မှ တပ်သား (၁၀) ဦးကျဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
မေလအတွင်းတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကုလားကုန်ကျွန်း အောက်ဆိပ်တွင်လည်း စစ်ကောင်စီတပ်နှင့် မွန်ပြည် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန် ထိတွေ့မှုများ ရှိခဲ့သည်။
ဇွန်လအတွင်း တွင်လည်း ရေဖြူမြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ထားဝယ်ခရိုင် မျောက်ကျေးရွာ၊ ရာဖူးရွာသစ်နှင့် သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာများ တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ပစ် ခတ်မှုများ ဖြစ်ပွားခဲ့ပါသည်။
ဇူလိုင်လအတွင်းတွင်လည်း မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်မြေ ရဲစခန်းနှင့် စစ်ကောင်စီတပ် ဂိတ်စခန်းများ ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP-AD နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ပွဲဖြစ်ပွားလျက် ရှိပါသည်။ မွန်ပြည်နယ် အတွင်း ကျိုက်မရောမြို့နယ်သည် လေကြောင်း တိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပြီး၊ ရေးမြို့နယ်သည် ဒုတိယ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်သည်။
(၅) ရခိုင်ပြည်
သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား ထိတွေ့ပစ်ခတ်မှု (၁၃၄) ကြိမ် နှင့်အထက်ဖြစ်ပွားခဲ့ပြီး ၊ စစ်ကောင်စီတပ်သား (၁၆၇၈) ဦး သေဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။
အာရက္ခတပ်တော် (AA) အနေဖြင့် မေလအတွင်းတွင် အမှတ် (၁၅) စစ်ဗျူဟာ ကွပ်ကဲမှုဌာနချုပ်၊ ဘူးသီးတောင် စစ်ဗျူဟာ၊ နယ်ခြားစောင့်တပ်ဌာနချုပ် နခခ (၈)၊ နခခ(၃) အပါအဝင် တပ်ရင်းပေါင်း ၂၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘူးသီးတောင် မြို့နယ် တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါသည်။
စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်၊ ခမရ (၅၅၁) တပ်ရင်း၊ နခခ (၃) ဌာနချုပ်၊ နခခ (၈) ဌာနချုပ်၊ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခလရ (၂၆၃) နှင့် ခလရ (၂၃၃) တပ်ရင်း၊ ဘူးသီးတောင် ဗျူဟာဌာနချုပ်၊ အမြောက်တပ် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် GE တပ်ရင်း စသည့် စခန်းပေါင်းများစွာကို ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ပါသည်။
အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဇွန်လ ပထမ အပတ်တွင် မောင်တောမြို့နယ်ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း ခွဆုံပြစခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်းနှင့် နခခ (၉) စခန်းတို့အား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
ဇွန်လ ဒုတိယအပတ်တွင် မောင်တော မြို့နယ်အတွင်းရှိ နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာ၊ နခေါင်းတိုစခန်း တို့အား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသည်။
ဇူလိုင်လအတွင်းတွင် သံတွဲမြို့အခြေစိုက်တပ်ရင်းများမှ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ (၅၅) တပ်ရင်း၊ ကွင်းဝိုင်းရေတပ်စခန်း၊ မကျည်းချောင်း နယ်ခြားစောင့်တပ်စခန်း၊ သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်း များကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
(ခ) အရပ်သား ပြည်သူအပေါ် တိုက်ပွဲ၏ အကျိုးဆက်များ
၂၀၂၄ ခုနှစ် မေလ မှ ဇူလိုင်လအထိ သုံးလအတွင်း တိုင်းရင်းသားဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ မြေမြုပ်မိုင်းများကြောင့် ထိခိုက်မှု၊ တိုက်ပွဲအတွင်း ပစ်ခတ်မှုနှင့် သတ်ဖြတ်ခံရမှုများ ကြောင့် အရပ်သား စုစုပေါင်း (၄၇၄) ဦးခန့် သေဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်း လက်နက်ကြီး ထိခိုက်ခံရမှုများကောင့် အရပ်သား အိမ်ခြေ (၈၈၇) လုံး ပျက်စီးမှုအား မှတ်တမ်း တင်နိုင်ခဲ့သည်။
ဤသုံးလတာ ကာလအတွင်း ရခိုင်ပြည်တွင် အရပ်သား သေဆုံးမှု အများဆုံး ဖြစ်ခဲ့ပြီး ပြည်သူ (၁၉၈) ဦးသေဆုံးမှုအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။ ရှမ်းပြည်တွင် အရပ်သားသေဆုံးမှု ဒုတိယ အများဆုံး ဖြစ်ကာ (၁၃၅) ဦးနှင့် မွန်ပြည်သည် အရပ်သား သေဆုံးမှု (၅၅) ဦးဖြင့် တတိယအများဆုံး ဖြစ်ခဲ့သည်။ ထို့နောက် ကရင်ပြည်တွင် (၂၉) ဦး၊ ချင်းပြည်၊ ကချင်ပြည်နှင့် ကရင်နီပြည်တွင် (၁၆) ဦးစီ စသည်ဖြင့် အရပ်သား သေဆုံးမှု အသီးသီးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
ပြည်သူ့အိုးအိမ် ပျက်စီးမှု အနေဖြင့် ရှမ်းပြည်တွင် (၂၆၀) လုံးဖြင့် အများဆုံးဖြစ်ခဲ့ပြီး ကရင်နီပြည် တွင်(၁၆၀) လုံး၊ ဒုတိယအများဆုံးဖြစ်ခဲ့သည်။ ထို့နောက် ချင်းပြည်တွင် (၁၅၀ ) လုံးဖြင့် တတိယ အများဆုံးဖြစ်ကာ၊ ကချင်ပြည်တွင် (၁၀၀) လုံး၊ ကရင်ပြည်တွင်(၇၀)လုံး၊ နှင့် မွန်ပြည်တွင် (၂၄) လုံး စသည်ဖြင့် အသီးသီး ပျက်စီး ဆုံးရှုံးမှု ရှိခဲ့ပါသည်။
အပိုင်း (၂)
ပြည်နယ်/လူမျိုးအလိုက် ကောင်စီနှင့် ကော်မတီများ၏ လှုပ်ရှားမှုများ
(၁) တအောင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ – TPCC
လွန်ခဲ့သော (၃)လ ကာလအတွင်း တအောင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) ၏ ဦးဆောင်မှုဖြင့် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် နှင့် ဆက်စပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်အား ၂၀၂၄၊ မေလ၂၀ ရက်တွင် မိုင်းငေါ့မြို့နယ်၌ မိဘပြည်သူ ၁၇၅ ဦးဖြင့် ပြုလုပ်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အချက်အလက်များအား ဆွေးနွေးခြင်း၊ TPCC နှင့် ပတ်သက်သည့် အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
တအာင်းပြည်၊ ကွတ်ခိုင်မြို့တွင် ဇွန် ၆ ရက်မှ ၈ ရက်အထိ တအာင်းအရပ်ဖက်အဖွဲ့အစည်း (၅) ဖွဲ့က ဦးဆောင်ကာ တအာန်းနိုင်ငံရေးအတိုင်ပင်ခံ ကောင်စီ -TPCC၊ တအာင်းပြည်ပညာရေးကောင်စီ-TLEC၊ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးအဖွဲ့-TEWG၊ တအာင်းမီဒီယာသတင်းဌာန တို့၏ ခေါင်းဆောင်များနှင့် လူငယ် ကိုယ်စားလှယ်များ အပါအဝင် တက်ရောက်သူ ၆၄ ဦးပါဝင်သည့် ဆွေးနွေးပွဲ ပြုလုပ်ပြီး အဖွဲ့အစည်းများအား ပုံစံသစ်ဖြင့် ပြန်လည်စုဖွဲ့ကြောင်း ၁/၂၀၂၄ ထုတ်ပြန်ချက်ဖြင့် ကြေညာ လိုက်သည်။
တအာင်းအရပ်ဖက်အဖွဲ့အစည်းများဖြစ်သော Ta’angWomen’s Organization-TWO၊ Ta’angStudents and Youth Union-TSYU၊ Ta’angLegal Aid Foundation-TLAF၊ Ta’angEducation Institute – TEI နှင့် Ta’angHealth Organization – THO က ဦးဆောင်ခြင်း ဖြစ်ကာ လှုပ်ရှားမှုဖလှယ်ရန်၊ နိုင်ငံရေးနှင့် တအာင်းဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်များအား အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ချိတ်ဆက်မှု ပိုမို အားကောင်းစေရန်၊ ရှေ့လုပ်ငန်းစဉ် ချမှတ်စေရန်အချက်များအပြင် တအာင်းအရပ်ဖက်အဖွဲ့အစည်း၏ စုဖွဲ့မှုကို အသစ်ပြန်လည်ဖွဲ့စည်းရန်တို့အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်၌ တစ်ဖွဲ့ချင်းစီ၏ လှုပ်ရှားမှုများ တင်ပြဆွေးနွေး သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ စုစည်းခြင်း၊ လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး ကဏ္ဍအလိုက် Panel ဆွေးနွေးမှုပုံစံများဖြင့် သုံးသပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုဆွေးနွေးပွဲမှရရှိလာသော သဘောတူညီချက်တွင် တအာင်းဒေသအတွင်း ကဏ္ဍအလိုက် လုပ်ဆောင်ရမည့် ဘုံသဘောတူညီချက်များ၊ ကွန်ရက်စုဖွဲ့မှု ပုံစံ၊ ကွန်ရက် ပြန်လည်ဖွဲ့စည်းခြင်း၊ နိုင်ငံရေး ရပ်တည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ပါဝင်ကြောင်း ဖော်ပြထားသည်။
ပြန်လည်စုဖွဲ့မည့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများသည် အမှီအခိုကင်းပြီး လွတ်လပ်မျှတသည့် အဖွဲ့အစည်း၊ လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်သည့် အဖွဲ့အစည်းနှင့် တခြားတိုင်းရင်းသားများနှင့် အတူတကွ ယှဉ်တွဲနေထိုင်ရေးကို အလေးထားသည့် အဖွဲ့အစည်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး၊ လူမျိုးကြီး ဝါဒချုပ်ငြိမ်းရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။
(၂) မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC)
မွန်ပြည်ဖက်ဒရယ်ကောင်စီသည် ဒုတိယအကြိမ် ညီလာခံကို ၂၀၂၄ ခုနှစ် မေလ အတွင်းတွင် ပြုလုပ်ခဲ့ပြီးသည့်နောက်ပိုင်း မွန်ပြည်တွင် အာဏာ (၃) ရပ်အား ကျင့်သုံးနိုင်ရန် (က) ဥပဒေပြုရေး ကော်မတီ (ခ) တရားရေး ကော်မတီ (ဂ) အုပ်ချုပ်ရေး ကော်မတီ တို့ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းပုံ အခန်း (၈) အရ မွန်ပြည် ကြားကာလ (တော်လှန်ရေး ကာလ) အုပ်ချုပ်ရေး အစီအမံများအား ဆောင်ရွက်ရန် အုပ်ချုပ်ရေး ကော်မတီကို ဖွဲ့စည်ခြင်းဖြစ်ကြောင်းနှင့် အုပ်ချုပ်ရေး ကော်မတီကို (၁၀) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။
မွန်ပြည် ဖက်ဒရယ်ကောင်စီ၏ အုပ်ချုပ်ရေး ကော်မတီသည် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ ရပ်ရွာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရပါသည်။
၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့သည် ၂၆၇ နှစ်မြောက် မွန်ဟံသာဝတီ ပျက်သုဉ်းနေ့ ထုတ်ပြန်ချက်တွင် မွန်ဖက်ဒရယ်ကောင်စီသည် အနာဂတ်မွန်ပြည် တည်ဆောက်ရေးအတွက် နိုင်ငံရေး ဦးဆောင်မှု ပေးနိုင်ရန် ပြင်ဆင်ကြိုးပမ်းနေသည့် အချိန်ကာလ ဖြစ်ပြီး သမိုင်းကြောင်းအရ မွန်ပြည်နယ်နိမိတ်အတွင်း အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသည့် တော်လှန်ရေး အင်အားစုများ နှင့် လည်း MSFC က ပူးပေါင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။
မွန်တော်လှန်ရေး အင်အားစုများက အဆုံးသတ် တိုက်ပွဲ ဆင်နွှဲမည်ဖြစ်သောကြောင့် မွန်အမျိုးသားထုတရပ်လုံး မိမိတို့ကျရာ အခန်းကဏ္ဍတွင် ဆထက်တိုးပြီး မွန်ပြည်ဟံသာဝတီ (အသစ်) ပြည်လည်ထူထောင်ရေး အတွက် တော်လှန်ရေး အင်အားစုများနှင့် အင်တိုက် အားတိုက် ပူးပေါင်းပါဝင်ကြရန် အလေးအ နက်ထား တိုက်တွန်း ထားသည်ကို တွေ့ရပါသည်။
(၃) ချင်းလဲန်းကောင်စီ (Chinland Council)
ချင်းလဲန်းကောင်စီ (Chinland Council) သည်၂၀၂၄ ခုနှစ် မေလ ၁၇ ရက်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်း ဆောင်ရွက်ရေးကော်မရှင် (FSCC) နှင့် တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။ ယင်းတွေ့ဆုံ စည်းဝေးမှုတွင် FSCC ၏ ဥက္ကဌ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ FSCC အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် FSCC အတွင်းရေးမှူးအဖွဲ့ဝင်များ ပါဝင်တက်ရောက် ခဲ့ကြသည်။
ချင်းပြည် (Chinland) ကောင်စီဖက်မှ ချင်းပြည် (Chinland) ကောင်စီ၏ ဥက္ကဌ ပူးဇင်ကျုံးနှင့် အဖွဲ့ဝင်များ၊ ချင်းပြည် (Chinland) ကောင်စီမှ ဖွဲ့စည်းထားသော မဏ္ဍိုင် (၃) ရပ်မှ ချင်းပြည်လွှတ်တော်ဥက္ကဌ ပူးဟုန်းနိုင်းနှင့် အဖွဲ့ဝင်များ၊ ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ပူးပါထန်းနှင့် အဖွဲ့ဝင်များ နှင့် ချင်းပြည်တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ပူးသောမတ်(စ်)ထန်နိုးတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
FSCC နှင့် Chinland Council မှ တာဝန်ရှိသူများက သက်ဆိုင်ရာ အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်း၊ အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မည့် ရှေ့ လုပ်ငန်းစဥ်(၄)ရပ်ကိုလည်း ချမှတ်သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။
ချင်းပြည် (Chinland Council) သည် ကောင်စီညီလာခံ ပထမသက်တမ်း၊ တတိယအကြိမ် ချင်းပြည် (Chinland) ကောင်စီ အစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇွန်လ အတွင်းတွင် ချင်းလုံမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ချင်းလွှတ်တော် ကိုယ်စားလှယ်များ၊ ချင်းအမျိုးသား တပ်ဦးမှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ထိုအစည်းအဝေးတွင် ချင်းပြည် (Chinland) ကောင်စီအပါအဝင် မဏ္ဍိုင် (၃) ရပ်ဖြစ်သည့် အစိုးရ၊ လွှတ်တော်နှင့် တရားလွှတ်တော်ချုပ်တို့၏ လုပ်ငန်းအစီရင်ခံစာများအပေါ် ဆွေးနွေး အကြံပြုခြင်း၊ စစ်ရေးနှင့် နိုင်ငံရေး သုံးသပ်ခြင်းများနှင့် အတူ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြပါသည်။
တတိယအကြိမ် ကောင်စီ အစည်းအဝေးတွင် ချင်းပြည်ဒေသတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့အချို့အား ချင်းပြည် (Chinland) ကောင်စီ အဖွဲ့ဝင်များအဖြစ် လက်ခံကြောင်း အတည်ပြု ထုတ်ပြန်ချက်များအရ သိရှိရပါသည်။ United League of Arakan/Arakan Army အနေဖြင့် ချင်းပြည် (Chinland) အတွင်း စစ်ရေးလှုပ်ရှားမှုများ၊ စစ်ရေး ဖော်ဆောင်မှုများကို ရှောင်ရှားပေးရန်နှင့် ချင်းအမျိုးသားပိုင်နက် နယ်မြေအတွင်း ချင်းပြည်သူ လူထုများ၏ သဘောထား၊ ဆန္ဒမပါဘဲ အတင်းအကြပ် အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ လုပ်ဆောင်နေမှုများသည် တိုင်းရင်းသားလူမျိုးနွယ်စုများ အချင်းချင်းကြား မလိုလားအပ်သော လူမျိုးရေး ပဋိပက္ခ၊ စစ်ရေး ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည့်အတွက် အထက်ပါ လုပ်ဆောင်နေမှုများကို ရပ်တန့်ရန် အလေးအနက် တိုက်တွန်းထားကြောင်း သိရှိရပါသည်။
(၄) ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) သည် ကရင်နီပြည် ကြားကာလအစီအမံနှင့်အညီ ကရင်နီပြည်လူငယ်ရေးရာ မူဝါဒအား ကရင်နီပြည် အတိုင်ပင်ခံကောင်စီ၏ (၃၉) ကြိမ်မြောက် ပုံမှန်အစည်းဝေး ဆုံးဖြတ်ချက်ဖြင့် မေလအတွင်း ပြဌာန်းခဲ့ပါ သည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ တစ်နှစ်ပြည့် မိန့်ခွန်းတွင် ကရင်နီပြည် ကောင်စီ၏ ဦးတည်ချက် (၅) ရပ်ဖြစ်သည့် (၁) ကရင်နီပြည်၏ အုပ်ချုပ်ရေးကို ပြည်နယ်ကြားကာလအစီအမံနှင့်အညီ လက်တွေ့ အကောင်အထည်ဖော်ရန်၊ (၂) ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်၊ ဘဝလုံခြုံရေးနှင့် အခြား အခြေခံလိုအပ်မှုများကို ပြန်လည် ဖြည့်ဆည်းပေးရန်၊ (၃) ပြည်နယ်အတိုင်ပင်ခံကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ တရားဥပဒေ စိုးမိုးရေးနှင့် အသွင် ကူးပြောင်းရေးကာလ အစီအမံများကို စနစ်တကျ ချမှတ်ဖော်ဆောင်နိုင်ရန်၊ (၄) လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့် ဖက်ဒရယ် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခုအဖြစ် ပါဝင်နိုင်ရန်၊ (၅) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တစ်ခု၏ ကျင့်သုံးရမည့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့်အညီ အုပ်ချုပ်ရေးစနစ်ကို အစပျိုး၍ လက်တွေ့ အကောင်အထည်ဖော်ရန်၊ စသည့် ဦးတည်ချက်များဖြင့် ကရင်နီပြည်အတွင်း မြို့နယ် (၈) မြို့နယ်တွင် ပါဝင်သင့် ပါဝင်ထိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် အင်အားစုများ အားလုံးပါဝင်သည့် ပြည်သူ့အခြေပြု အုပ်ချုပ်ရေးယန္တရားကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။
ပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကဏ္ဍတွေအတွက် ကရင်နီပြည် ရဲဌာနခွဲ (KSP) ကိုဖွဲ့စည်းပြီး အများပြည်သူ လုံခြုံမှုရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်ခြင်း၊ ကျန်းမာရေးကဏ္ဍ အနေဖြင့် ကျန်းမာရေးဌာနများကို ဖွဲ့စည်းပြီး ကရင်နီပြည်အတွင်းရှိ ကျန်းမာရေး အစုအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်၍ အခြေခံကျန်းမာရေး ဝန်ဆောင်မှုအပြင် ကုသရေးနဲ့ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပညာရေးကဏ္ဍအနေဖြင့် အခြေခံပညာ၊ အဆင့်မြင့် ပညာနဲ့ သက်မွေးပညာဟူ၍ ကဏ္ဍ (၃) ခုအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
ကိုးကားချက်များ –
၁) လွတ်လပ်သော သတင်းမီဒီယာများ
၂) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ
၃) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် လူမှု အဖွဲ့အစည်းများ
၄) တိုင်းရင်းသား အခြေပြု သတင်းမီဒီယာများ
၅) ဖက်ဒရယ်ဂျာနယ် မြန်မာမှ သီးသန့်မေးမြန်းချက် စုဆောင်းချက်များ
စာတမ်းဖိုင်ကို ဒေါင်းလုတ်ရယူရန်လင့်ခ် – CLICK HERE TO DOWNLOAD