၁။ ဆီဆိုင်မြို့နယ် အရှေ့ဘက် လွယ်ထွယ်မှာ တိုက်ပွဲဖြစ်
August 6, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် အထွက်က လွယ်ထွယ်ကျေးရွာမှာ ဒီနေ့ ဩဂုတ်လ ၆ ရက် မနက်ပိုင်း မှာ တိုက်ပွဲတွေ ဖြစ်ပွားလာလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဆီဆိုင်မြို့အရှေ့ဘက်မှာရှိတဲ့ လွယ်ထွယ်ကျေး ရွာမှာ PNLA တပ်တွေနဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာဖြစ်ပြီး စစ်ဘေးရှောင်ရသူ ၃၀၀ ခန့်ရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။“PNLO/PNLA ဌာနချုပ်ကို လက်နက်ကြီးနဲ့ပစ်ကတည်းက စစ်ပြန်စတော့မယ်ဆိုတာ အကုန် လုံး က တွက်ဆမိပါတယ်” လို့ သူက ပြောပါတယ်။ မကြာသေးမီက နောင်ရင်း၊ လွယ်တဖြီးတောင်ခြေ၊ ထီဟန်ခွီ၊ ထီဟန်ထွိုင်း၊ လုဲင်းပေး၊ ပွဉ်ရင်း၊ လွယ်ပွတ်၊ ပင်ညိုး၊ ထမ်းသုဲင့်၊ ထီလုံးသူ၊ ပင်လဲမ် စတဲ့ကျေးရွာတွေကို တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေကြား သတိပေးချက်တွေ တွေ့ခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်မှာ စစ်ကောင်စီရဲ့နောင်ကျော့ အခြေပြုလက်နက်ကြီးနဲ့ PNLO ဌာနချုပ်ရှိရာ ဗန်းမက် ဒေသကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဆီဆိုင်နယ်ရဲ့ တကျော့ပြန်စစ်မီးကို စစ်ကောင်စီနဲ့ PNO တွေက ထပ်မံမီးမွှေးလိုက်တာလို့ ဒေသခံ တွေကဆိုပါတယ်။ စစ်ဖက်အရင်းအမြစ်တစ်ခုကတော့ တိုက်ပွဲဦးတည်နေတာ ဦးအောင်ခမ်းထီနေတဲ့ ကျောက်တလုံးကြီး၊ ခွန်သိန်းဖေ နဲ့ ခွန်စံလွင် အိမ်တွေရှိတဲ့ နောင်ကားစံပြရွာအပါအဝင် စစ်ကောင်စီတပ်တွေရှိတဲ့ ဟိုပုံးမြို့ကိုဦးတည်တိုက်ပွဲ ဖြစ်လာ နိုင်တယ်လို့ ပြောပါတယ်။ ရှမ်းတောင်၊ ပအိုဝ်းဒေသမှာ ဇန်နဝါရီ ၂၁ ရက်က စခဲ့တဲ့ PNLO မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ၊ PNO တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဆီဆိုင်မြို့ကြီးရဲ့ ၈၀% နီးပါပျက်စီးခဲ့ရသလို PYO ရဲ့ ဇူလိုင်လ ၂၉ ရက်အထိ အရပ်သား သေဆုံးမှု ၉၆ ဦး၊ ဒဏ်ရာရ ၁၄၈ ဦး၊ အဆောက်အဦထိခိုက်ပျက်စီးမှု ၁၀၈၈ ခုနဲ့ စစ်ဘေးရှောင် ၆၇၈၀၀ ဦးရှိခဲ့တယ်လို့ ထုတ်ပြန် ချက်မှာပါရှိခဲ့ပြီး အခုတကျော့ပြန်ဖြစ်ပွားလာတဲ့ ဆီဆိုင်မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ပြည်သူတွေစစ်ဘေးထပ်မံရှောင် တိမ်းလာကြရတာဖြစ်ပါတယ်။ Read in Full
၂။ လူမျိုးရေးပဋိပက္ခဖြစ်စေမည့် အသုံးနှုန်းများ စစ်ခေါင်းဆောင် မိန့်ခွန်း၌ ထည့်ပြော
August 5, 2024
မြန်မာအမျိုသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ပလောင်(တအာင်း) အမျိုးသားလွတ် မြောက်ရေး တပ်မတော်(TNLA) တို့ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသနှင့် ပတ်သက်၍ လူမျိုးရေးပဋိပက္ခဖြစ်စေ မည့် အသုံးနှုန်းများဖြင့် စစ်ခေါင်းဆောင်က မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုခဲ့သည်။ MNDAA၊ TNLA အဖွဲ့တို့သည် ၎င်းတို့ လူမျိုး အနည်းငယ်သာရှိသည့် နယ်မြေများကိုနယ်ချဲ့ကြီးစိုးနိုင်ရေး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ စစ်ခေါင်းဆောင်က “သူတို့ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့နေရာတွေကို ကြည့်ရင် သူတို့လူမျိုးနေထိုင်တာ ရာခိုင်နှုန်း အနည်းငယ်သာရှိတာ တွေ့နိုင်ပါ တယ်။ ဥပမာ လားရှိုးမြို့အတွင်းမှာ ကိုးကန့်လူမျိုး ၂၀ ရာ ခိုင်နှုန်းဝန်းကျင်ရှိပေမယ့် အများစုဟာ လားရှိုးမြို့ပေါ်မှာမဟုတ်ဘဲ ကျေးရွာ များမှာသာ နေထိုင်ကြပါတယ်။ မြို့ပေါ်မှာ ရှမ်း၊ဗမာနဲ့ ကချင်တို့သာအများဆုံးနေထိုင်ကြပါတယ်”ဟုဆိုသည်။ ထို့ပြင်ကျောက်မဲ မြို့တွင်လည်း ပလောင်လူမျိုးများနေထိုင်မှုမှာ ၁၅ ရာ ခိုင်နှုန်းဝန်းကျင်သာရှိကြောင်း၊ နောင်ချိုတွင် ပလောင် လူမျိုးနေထိုင်မှု ၁ ရာခိုင်နှုန်းပင် မပြည့်ဘဲ ရှမ်း၊ ဗမာ၊ ဓနုလူမျိုးများသာ နေထိုင်ကြောင်း ဆိုသည်။
“မြန်မာနိုင်ငံသားတိုင်းဟာ နိုင်ငံအတွင်း မည်သည့်ချုပ်ခြယ်ကန့်သတ်မှုမှမပါဘဲ လွတ်လပ်စွာသွားလာ နေထိုင်ခွင့်၊ လွတ်လပ်စွာ ကုန်စည်ကူးသန်းခွင့် ရရှိမှာဖြစ်ပါတယ်။ သောင်းကျန်းသူတွေ ကြီးစိုးလာတာနဲ့အမျှ ဒီအခွင့်အရေးတွေနဲ့ လွတ်လပ် ခွင့်တွေက အလိုလို ဆုံးရှုံးလျက်ရှိပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။ ထို့ပြင် MNDAA၊ TNLA အပါအဝင် စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNDF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အာရက္ခ တပ်တော်(AA)စသော လက်နက်ကိုင်အဖွဲ့များမှာ တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် မြို့ရွာများပျက်စီးခဲ့ရကြောင်း စစ်ခေါင်းဆောင် က အပြစ်ဖို့သည်။ သို့သော် စစ်တပ်စခန်းများ လက်လွှတ်ဆုံးရှုံးရသည့်အခြေအနေများကိုမူ ပြောဆိုသွားခြင်း မရှိပေ။“လက်ရှိ မှာ KNU အနေနဲ့ တပ်မဟာ ၁၊ ၃၊ ၅ ပူးပေါင်းပြီး စစ်တောင်းမြစ်တဝိုက်မှာ တိုက်ပွဲများ ဖော်ဆောင်နိုင်ဖို့ အတွက် KNU ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်က ပူးပေါင်း ကြံစည်လျက်ရှိတယ်ဆိုတဲ့ သတင်းတွေ ရရှိထားပါတယ်” ဟု ဆိုသည်။ ထို့ပြင် KNPP/ KNDF အဖွဲ့များ လွိုင်ကော်ကိုတိုက်ခိုက်ခဲ့သည်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း AA တိုက်ခိုက်မှုသည်လည်း ကိုယ့်လူမျိုးကိုယ် ဖျက်ဆီးသည့်လုပ်ရပ်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။ Read in Full
၃။ ထန်တလန်မြို့က စစ်ကောင်စီအမာခံတပ်ကုန်းကို ချင်းပြည်အစိုးရတပ် သိမ်းပိုက်
August 5, 2024
ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီရဲ့ အထိုင်စခန်းကြီးဖြစ်သည့် ၂၆၉ တပ်ကုန်းကို ယနေ့မနက်ပိုင်းတွင် ချင်း ပြည်အစိုးရပူးပေါင်းတပ်များကအပြီးသိမ်းလိုက်ပြီး စခန်းငယ် ၂ ခုကိုရှင်းလင်းပြီးပါက ထန်တလန်မြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်တော့မည်ဖြစ်ကြောင်း သိရသည်။“ကျနော်တို့ ဒီမနက်ပဲ ထန်တလန်က စစ်ကောင်စီရဲ့ ၂၆၉ အထိုင် တပ်ကုန်းကြီး တစ်ခုလုံးကို အပြီးသိမ်းနိုင်ခဲ့ပြီ။ ဒါပေမယ့် အဲဒီမှာ မြို့ထဲမှာရှိတဲ့ ကင်းစခန်းငယ် ၂ ခုကတော့ ကျန်ပါသေးတယ်။ အဲဒါတွေကို ဆက်လက်ပြီး သိမ်းဖို့လုပ်နေတယ်။ မကြာခင်တော့ အဲဒါတွေလည်း စိုးမိုးထားနိုင်တော့မယ်လို့ ပြောလို့ရတယ်”ဟု ချင်းအမျိုး သားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြော သည်။ ယနေ့ မနက် ၉ နာရီခန့်တွင် ထန်တလန်မြို့ ပေါ်က စစ်ကောစီတပ်ဖွဲ့ အခိုင်အမာချထားသည့် ခြေလျင်တပ်ရင်း ၂၆၉ တပ်ကုန်းကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက နှစ်ပတ် နီးပါးကြာတိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ မြို့ပေါ်ရှိ ချင်းပြည်သူအားလုံး စွန့်ခွာထားရသည့် ထန်တလန် မြို့ပေါ်တွင် စစ်ကောင်စီသည် ခလရ – ၂၆၉ တပ်ကုန်းတွင် အခိုင်အမာတပ်စွဲပြီး မြို့ပေါ်ရှိ ဗျူဟာအရ အရေးပါသော နေရာ ၇ ခု တွင် စခန်းငယ်များ တည် ဆောက်ကာ တပ်ဖြန့်နေရာ ယူထားကြောင်း သိရသည်။
“သူတို့တပ်ကုန်းမှာ ကျွန်တော်တို့ အလံကိုလဲချိန်းနိုင်ခဲ့ပြီ။ လက်နက်တော်တော်များများကိုလဲ သိမ်းနိုင်တယ်။ လက် နက်ကြီး၊ ငယ်၊ ကျည်စသဖြင့်လက်နက်ကတော့ များတယ်။ အခုကျန်တဲ့ဟာကိုတော့ ခဏနဲ့ အပြီးသိမ်းနိုင်မယ်လို့ မျှော်လင့် တယ်”ဟု CDF-Thantlang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ၂၆၉ တပ်ကုန်း မကျစေရေးအတွက် စစ်ကောင်စီသည် ဟားခါးမြို့ မှ လက်နက်ပစ်ကူနှင့် လေကြောင်းပစ်ကူများ အများအပြား ပေးခဲ့ကြောင်း သိရသည်။ ခလရ ၂၆၉ တပ်ကုန်းတွင် ရဲအင်အား ၄၀ ကျော်အပါအဝင် တပ်ရင်း (၂)ခုတို့မှ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ရှိကြောင်းသိရသည်။ ချင်းပြည်အစိုးရ ပူးပေါင်းတပ်မှ ဒဏ်ရာရရှိသူ ရဲဘော်တချို့ ရှိနေကြောင်း၊ စစ်ကောင်စီက ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြားရှိနိုင်ကြောင်း လတ် တလော သတင်းအရ သိရသည်။ “အခုက ၂ နေရာပဲ ကျန်တော့တယ်။ အဲဒါရှင်းလင်းပြီးရင်တော့ ထန်တလန်မြို့ တစ်ခုလုံးထဲ မဟုတ်ပဲနဲ့ ထန်တလန်တစ်မြို့နယ်လုံးက စစ်ကောင်စီ ကင်းစင်သွားပြီလို့ ပြောလို့ ရတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ Read in Full
၄။ ဖာပွန်ခရိုင်မှာ တစ်လအတွင်း စစ်ကောင်စီတပ်သား ၅၂ ဦး သေဆုံးကြောင်း KNU ပြော
August 5, 2024
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် တို့ရဲ့ ဇူလိုင်လအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၅၂ ဦး သေဆုံးတယ်လို့ ကရင်အမျိုးသားအစည်း အရုံး (KNU) က ဩဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဖာပွန်ခရိုင်ထဲမှာ ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီ ရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံ နှစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲတွေအတွင်း KNLA ပူးပေါင်းတပ် ဘက်က ထိခိုက်သေဆုံးတာမရှိခဲ့ဘဲ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင်လထဲမှာပဲ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၉၉)က တပ်သားနှစ်ဦး KNLA တပ်မဟာ ၅ ထံ လက်နက်ချ အလင်းဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖာပွန်ခရိုင်မှာ တိုက်ပွဲပေါင်း ၁၂၀ ကျော်ရှိခဲ့ပြီး စစ်ကောင်စီတပ်သား ခြောက်ဆယ်ကျော် သေ ဆုံးခဲ့တယ်လို့ KNU က ပြောထားပါတယ်။ KNLA ပူးပေါင်းတပ်ဘက်ကတော့ နှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါ တယ်။ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၄ ခုနှစ် မေလအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေ အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ဆယ်သိန်းကျော် ရှိလာပြီလို့ KNU က ဇွန်လ ၂၀ ရက်နေ့မှာ ထုတ် ပြန်ထားပါတယ်။ Read in Full
၅။ ရေဖြူမြို့ တံတားရှိ စစ်ဆေးရေးဂိတ်နှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ ၃ ဦးသေဆုံး
August 5, 2024
တနင်္သာရီတိုင်း၊ ရေဖြူမြို့ တံတားထိပ်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ဘုရားမဲ စစ်ဆေးရေးဂိတ်တို့ကို ဝင် ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း YePhyu People Defence Force – YPPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ရေဖြူမြို့ တံတားထိပ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စစ်ဆေးရေးဂိတ် နှင့် ဘုရားမဲ စစ်ဆေးဂိတ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါ ၊ ၆၀ မမ တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “စစ်ခွေး ၃ ကောင်သေပြီး ၇ ကောင် ဒဏ်ရာရတယ်။ လက်နက်တွေ သိမ်း ဆည်းရမိတာတော့ မရှိပါဘူး။ ပြည်သူတွေအနေနဲ့ကတော့ အရင် ကာလတွေကထက်တော့ သတိပို ရှိစေချင်ပါတယ်။ တိုက်ပွဲတွေလည်း ဆက်တိုက် ဖြစ်နေတဲ့အတွက် စစ်ရေးပစ်မှတ်တွေနဲ့ နီးနီး ကပ်ကပ် မနေကြဖို့ကိုပဲ တိုက်တွန်းချင်တယ်” ဟု YePhyu People Defence Force – YPPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) )၊ ရေဖြူပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ခွဲ(၂)၊ ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ (၁)၊ က္လားသစ္ဆတ်(ကျားသစ်နက်)၊ ဘီလုံးပျောက်ကျားအဖွဲ့နှင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ADin Hmue – Dawei (ထားဝယ်-ပကဖ)၊ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့- DGRF (ထားဝယ်-ပကဖ) ပူးပေါင်းပါဝင်သော “သာဂရစစ်ကြောင်း” တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ပြည်သူများဖြင့်လည်း တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် စစ်ဆင်ရေးများကို အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေ သည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင်ကြရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF မှ တာဝန်ရှိသူတစ်ဦးက ဆက် လက်ပြောဆိုသည်။ Read in Full
၆။ PNLA ဌာနချုပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် ဒေသခံတွေ တိမ်းရှောင်
August 5, 2024
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမက်ရွာက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်ကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက သြဂုတ်လ ၃ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ် တိုက် ခိုက်ပြီးနောက်ပိုင်း လူခြောက်ရာခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ အကြိမ်နှစ်ဆယ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ထပ်ဖြစ်လာမှာစိုးရိမ်တာကြောင့် ထွက်ပြေးတိမ်း ရှောင်ကြတာလို့ မောက်မယ်ဒေသခံတစ်ဦးက ပြောပါတယ်။“အကုန် ထွက်ပြေးနေရတယ်။ သူတို့က အချိန်မရွေးကို ပစ်ချင်တိုင်း ပစ်နေတာဟုတ်တယ်။ အိမ်မှာ မနေရဲကြတော့ဘူးလေ အကုန်လုံးက၊ တိုက်ပွဲဖြစ်ရင် ပိတ်မှာစိုးရိမ်ကြတာပေါ့” အဲဒီနေ့က လက်နက်ကြီးပစ်ခတ်မှုတွေမှာတော့ ဒေသခံတွေ ထိခိုက်တာမရှိဘူးလို့ သူကပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့စာရင်းတွေအရ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေကြား ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းကျော်အထိ ရှိနေပါတယ်။ Read in Full
၇။ မောင်တောမြို့မှ မွတ်ဆလင်များကို စစ်မှုထမ်းခေါ်နေသဖြင့် ဘင်္လားဒေ့ရှ်သို့ ထွက်ပြေး
August 5, 2024
ရခိုင်ပြည်၊ မောင်တောမြို့တွင် ပိတ်မိနေသော မွတ်ဆလင်များကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခေါ်နေ၍ ဇူလိုင်လနောက်ဆုံးအပတ်မှစ၍ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။“စစ်ကောင်စီကစစ်မှုထမ်း ခေါ်လို့ မောင်တောကနေ ထွက်ပြေးလာတဲ့ မိသားစုတွေရှိတယ်။ သူတို့ကို ဒုက္ခသည်စခန်းမှာ ခိုလှုံခွင့်မပေးဘူး။ ဆွေးမျိုးအိမ် တွေမှာ နေကြရတယ်။ လူပေါင်းရာချီရှိတယ်လို့ သိရတယ်။ အတိအကျတော့ မပြောနိုင်ဘူး”ဟု ကူတူပါလောင်ဒုက္ခသည် စခန်းမှ မွတ်ဆလင်တစ်ဦးကပြောသည်။ ဒုက္ခသည်စခန်းသို့ ခိုလှုံလာသူများကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးမှုရှိနေ၍ ထွက် ပြေးသွား သူများမှာ အခက်အခဲများရှိနေကြောင်း မောင်တောမြို့မှ မွတ်ဆလင်တစ်ဦးက ပြောသည်။“ဒီမှာ စစ်ကောင်စီက ဖမ်းဆီးမှုတွေ ရှိနေလို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြတယ်။ အဲဒီမှာလည်း ဒုက္ခသည်စခန်းမှာ ခိုလှုံခွင့်မရဘူး။ ဒုက္ခသည်စခန်းမှာ ခိုလှုံတဲ့သူ တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးမှုတွေရှိတဲ့အတွက် ဆွေးမျိုးမရှိတဲ့ သူတွေဆိုရင် အခက်အခဲတွေရှိတယ်” ဟု ပြောသည်။
မောင်တောမြို့ရှိ မွတ်ဆလင်များကို စစ်မှုထမ်းရန် အဓမ္မတောင်းခံနေ၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးနေသည့် သတင်း မှာ မဟုတ်မမှန် ဝါဒဖြန့်နေခြင်းဟု စစ်ကောင်စီက ဩဂုတ်လ ၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများတွင်လည်း ARSA၊ RSO လက်နက်ကိုင်အဖွဲ့များက လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးပြီး စစ်ကောင်စီလက်ထဲသို့ ပို့ ဆောင်မှုများရှိနေ၍ ထွက်ပြေးနေရသူများ ရှိနေသည်။ နိုင်ငံအနှံ့စစ်မျက်နှာတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် အရွယ် ရောက်သူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် ပြဌာန်းလိုက်သည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများမှာ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ဆိုထားသည်။ ယင်းအချိန်မှစ၍ စစ်ကောင်စီသည် ရခိုင်ပြည် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်မှ မွတ်ဆလင်များကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူပြီး AA နှင့် ဖြစ်နေသော တိုက်ပွဲများတွင် အသုံးပြုနေသည်။ Read in Full
၈။ စစ်ဘေးရှောင်သည့် သက်ကြီးပိုင်းအမျိုးသမီး အအေးပတ်ပြီး သေဆုံးသူ ၄ ဦးထိရှိလာ
August 5, 2024
ပင်လောင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများအနက်သက်ကြီးပိုင်းအမျိူးသမီးများ အအေးပတ်၍သေဆုံးမှု ၄ ဦးထိရှိ လာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တွင် ယခုနှစ်မိုးရာသီ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ရာသီဥတုအေးခြင်းကြောင့် သုံးရက်အတွင်း အအေးပက်၍သေဆုံးသူ ၄ ဦး ထိရှိသည်။ “အခုရက်ပိုင်း တစ်ချိူ့စစ်ရှောင်စခန်းဆိုရင် လူကြီး၊ ကလေးကလွဲရင် ကျန်တဲ့ လူကတစ်ရက်ကို ထမင်း(၂)နပ်လျှော့ စားကြတယ်ဆိုတဲ့ကိစ္စရပ်လဲပေါ်လာတယ်၊ နောက်ပြီးတော့ သေဆုံးသွားတဲ့အမျိူးသမီးတွေဟာ ပင်လောင်းတောင်ဘက်က စစ်ရှောင်တွေပဲဖြစ်တယ်”ဟုပအိုဝ်းလူငယ်အစည်းအရုံးတာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ဘေးရှောင်များသည် မိုးရာသီဖြစ်သည့်အတွက် အမိုးအကာမလုံလောက်ခြင်းတို့ ကြုံတွေ့နေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်းသိရသည်၊၊ ယခင်ကစစ်ရှောင်ရင်း ပြည်သူများပုံစံမတူသေဆုံးမှုရှိခဲ့သော်လည်း ယခု အအေးပက်၍ သေဆုံးမှုသည်ပထမဆုံးအကြိမ်ဖြစ်ပြီး သေဆုံးသူများမှာအသက် (၆၂)နှစ် နှင့် (၅၇) နှစ်အရွယ် နမ့်နိန်းဒေသခံ နှစ်ဦး၊ အသက်(၇၁) နှစ်အရွယ်နောင်ဝိုးဒေသခံတစ်ဦး၊အသက်(၅၆)နှစ်အရွယ် လဲင်းဗွာလဒေသခံတစ်ဦးတို့ဖြစ်ကာ သေဆုံးသူ များအားလုံးသည် အမျိူးသမီးများဖြစ်ကြောင်း သိရသည်။ အထက်ပါစာရင်းများသည် ပြီးခဲ့သည့်ဇူလှိုင်၂၅ ရက်မှဇူလိုင်၂၇ ရက် အထိသုံးရက်အတွင်း သေဆုံးမှုဖြစ်ကြောင်းပအိုဝ်းလူငယ်အစည်းအရုံး(PYO)၏ ကောက်ယူထားသည့်စာရင်းများအရ သိရ သည်။ Read in Full
၉။ စစ်မှုထမ်းရန် လူငယ်များဖမ်းဆီးခေါ်ဆောင်လာသည့် စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရ
August 5, 2024
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းအား သရက်ချောင်းမြို့နယ်အခြေစိုက် ဒေါင်းညီနောင်စစ်ကြောင်းက ပြောက်ကျားတိုက်ခိုက်မှုလုပ် ဆောင်ခဲ့ကြောင်း ယမန်နေ့ညတွင် ၎င်းစစ်ကြောင်းက ထုတ်ပြန်ထားသည်။ စစ်မှုထမ်းဥပဒေဖြင့် သရက်ချောင်းမြို့ နယ် တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်လာသည့် စစ်ကောင်စီကားသုံးစီးကို ပြီးခဲ့သည့် ဩဂုတ်လ (၂)ရက်နေ့ နံနက်(၉) နာရီခွဲအချိန်တွင် သင်းကျွန်းရွာနှင့် ရန်တောင်ကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ဗလာက ပြောသည်။“သုံးစီးမှာ နှစ်စီးကဖမ်းခေါ်ခံရတဲ့ လူငယ်တွေ ဖြစ်တယ်။ နောက်တစ်စီးက စစ်တပ်ကကားတွေပါ။ ပစ်ခတ် လိုက်တော့ ထားဝယ်ဘက်ကို မောင်းပြေးသွားတယ်။” ဟု ပြောသည်။
အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်မှယာဉ်မောင်းတစ်ဦး ပေါင်ထိမှန်ဒဏ်ရာရရှိခဲ့သည့်ဟု တော်လှန် ရေးတပ်ဖွဲ့ဘက်က ပြောဆိုသည်။ စစ်တပ်လော်ဘီတယ်လီဂရမ် ချန်နယ်များတွင်မူ သရက်ချောင်းမြို့မှ ထားဝယ်မြို့သို့ အချုပ် သားများကို ပို့ဆောင်ချိန်တွင် PDF တပ်ဖွဲ့များ၏ ကြားဖြတ်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ယာဉ်မောင်းတစ်ဦး လက်မောင်း ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ပစ်ခတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီကားများမှာလည်း ထားဝယ်မြို့ဘက် သို့မောင်းပြေးသွားပြီး ဖမ်းဆီးခံရသည့်လူငယ်အများစုမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင်မတရားဖမ်းဆီးခံရသည့် လူငယ် များဖြစ်နိုင်ကြောင်း ရဲဘော် ဗလာက ပြောသည်။ Read in Full
၁၀။ စစ်တွေဒေသခံ ၇၀ ဦးထက်မနည်းကို ဧည့်စာရင်းစစ်ဆေးစဉ် ဖမ်းဆီးသွား
August 5, 2024
ရခိုင်ပြည်၊ စစ်တွေမြို့မှ ဒေသခံ ၇၀ ဦးထက်မနည်းကို စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြချက်ဖြင့် ဩဂုတ် ၄ ရက် ညအချိန်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ကသဲ၊ ဓညဝတီ(ခ)၊ မင်းဂံ အကွက် (၆)၊ (၇)၊ (၈) ရပ်ကွက်များ သို့ စစ်ကားသုံးစီးဖြင့်ဝင်ရောက်ကာ ဧည့်စာရင်းနှင့် အိမ်ထောင်စုစာရင်းများကို စစ်ဆေးပြီးနောက် ဒေသခံ ၇၀ ဦးထက်မနည်းကို ဖမ်းဆီးသွားခြင်းဖြစ်သည်။“ရပ်ကွက်က လူကြီးတွေလည်း တစ်ယောက်မှ မပါဘူး။ ဒီအတိုင်း ကားနဲ့ပတ်ပြီးတော့ ဧည့်စာရင်း၊ အိမ်ထောင်စု စာရင်းတွေ စစ်ဆေးတယ်။ ပြီးရင် တစ်ခါတည်း ဒေသခံတွေကို ဖမ်းသွားတာပါ။ ဘာကြောင့် ဖမ်းဆီးသွားမှန်းလည်းမသိရဘူး”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဖမ်းဆီး ခံရသူများထဲ ကလေးငယ်များ၊ သက်ကြီးပိုင်းနှင့် အမျိုးသမီး များလည်း ပါဝင်ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးပေ။ ဩဂုတ် ၃ ရက်ကလည်း စက်ရုံစု၊ ဓညဝတီနှင့် ကုန်တန်းရပ်ကွက်တို့တွင် စစ်ကောင်စီက တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်ဆေးခဲ့ပြီး ဒေသခံတချို့လည်း ဖမ်းဆီးခံရမှု ရှိကြောင်း သိရသည်။
စစ်ကောင်စီက စစ်တွေဒေသခံများကို မတရားဖမ်းဆီးကာ ငွေညှစ်တောင်းခံမှုများ လုပ်ဆောင်လျက်ရှိနေသည်။ ဇူလိုင် လ အတွင်းက ကုန်တန်း၊ စက်ရုံစု၊ မြို့သူကြီးနှင့် ထန်းပင်ရင်းရပ်ကွက်တို့မှ ဒေသခံ ၁၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကို ငွေကျပ် သိန်း ၃၀ မှ သိန်း ၅၀ အထိ ငွေညှစ်တောင်းခံခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ယင်းအပြင် ဇွန်လကလည်း မင်းဂံ ရပ် ကွက် မှ ဒေသခံ ၂၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီးနောက် ၁၅၀ ဦးခန့်ကို လူတစ်ဦးလျှင် ငွေကျပ် ၇ သိန်းဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။ လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက “စစ်တွေမှာ စစ်ကောင်စီက လုပ်ချင်သလို လုပ်လို့ရနေတယ်။ နောက် ထပ် လည်း ဒီထက်ဆိုးလာဦးမှာ။ မြို့တွင်းမှာကျန်နေတဲ့ ဒေသခံအများစုက အခြေခံလက်လုပ်လက်စားတွေ ဖြစ်တယ်။ စစ်ကောင်စီ က အခုလိုလုပ်နေတဲ့အတွက် ဒုက္ခမျိုးစုံကို ခံနေကြရတယ်”ဟု ပြောသည်။ စစ်တွေဒေသခံအများစုမှာ ဘေးလွတ်ရာနေရာ အသီးအသီးတွင် ထွက်ပြေးတိမ်းရှောင်နေကြပြီး ကျန်ဒေသခံများမှာ ငွေကြေးအခက်အခဲနှင့် စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှု တို့ကြောင့် ယခုအချိန်ထိ ပိတ်မိနေကြဆဲဖြစ်သည်။ Read in Full
၁၁။ တောင်ကြီးတွင် ဘောလုံးပွဲကြည့်နေစဉ် လူငယ်အချို့ ဖမ်းဆီးခံရ
August 5, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းတွင် ပြုလုပ်ခဲ့သော ရှမ်းနှင့် ရန်ကုန်အသင်းတို့၏ ဘောလုံးပွဲသို့ သွားရောက်ကြည့်ရှုသော ပရိတ်သတ်များထဲမှ လူငယ် အချို့ဖမ်းဆီးခံရကြောင်း သိရှိရသည်။ ဩဂုတ် လ ၄ ရက် ညနေ ၅ နာရီခန့်အချိန်တွင် ဘောလုံးပွဲလာကြည့်နေသောလူငယ်အချို့ကို လုံခြုံရေးယူထားသည့် ရဲများက လာရောက်ခေါ် ဆောင်သွားကြောင်း ပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။“ဆဲလို့ ဖမ်းတာလား ဘီယာသောက်လို့ ဖမ်း တာလားပေါ့၊ ဆဲရင်လည်းတကွင်းလုံးဆဲနေတာပဲ ဘောလုံးပွဲဆိုတော့ ထုံးစံပဲလေအားပေးကြရင်းအော်ကြဟစ်ကြတာ ပုံမှန်ပါပဲ၊ ဘီယာတွေဘာတွေလည်း အဝင်မှာ သူတို့စစ်တယ်။ ခုက မျက်စိရှေ့ တင် ဘာမှမပြောဘဲ လာဆွဲခေါ်သွားတယ်။ ၁၀ ယောက်နီး ပါးရှိတယ်” ဟု ၎င်းကပြောသည်။ တောင်ကြီးမြို့၏ ပြည်နယ် အားကစားကွင်းတွင် ပြုလုပ်သော ရှမ်းယူနိုက်တက်နှင့် ရန်ကုန် ယူနိုက်တက်တို့၏ ဘောလုံးပွဲသို့ သွား ရောက်ကြည့်ရှုသူများပြားပြီး ကွင်းအပြည့်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
“ကောင်လေး တစ်ယောက်ကို တစ်ပွင့်နဲ့ရဲက သေနတ်နဲ့ချိန်ပြီးတော့လာခေါ်သွားတာ၊ ကောင်လေးကလည်း ရုန်းပေ မယ့် ပါသွားတာပဲ၊ လူတွေကလည်း ကြည့်ပဲကြည့်နေနိုင်တယ် သူတို့က လက်နက်တွေနဲ့ဆိုတော့ ဘယ်သူကမှ ဘာမှမလုပ်ရဲကြ ဘူး” ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် သူတစ်ဦးက ပြောသည်။ စစ်ကောင်စီ၏ မတရားဖမ်းဆီးမှုများနှင့် တပ်သားစုဆောင်းမှုများ ကြောင့် မြန်မာနိုင်ငံတွင်းမှ လူငယ်များသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူများရှိသလို၊ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်သွားကြသူများလည်းရှိနေသည်။ Read in Full
၁၂။ အာဏာသိမ်းစစ်တပ်ဟာ နေပြည်တော်အနီးတဝိုက်ကလွဲလို့ ဘယ်ကိုမှမရောက်နိုင်တော့ဘူးလို့ ကေအဲန်ယူပြောခွင့်ရဆို
August 5, 2024
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် ရှုံးနိမ့်မှုတွေဆက်တိုက် ရင် ဆိုင်နေရပြီး နေပြည်တော်မှာပဲ ကျန်ခဲ့တော့မယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။ “ဒီကနေ့မှာတော့ စကစ ဟာ နေပြည်တော်အနီးအနားတဝိုက်ကလွဲလို့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းတွေရှိတဲ့ နယ်မြေတွေထဲ ကို ဘယ်ကိုမှမရောက်နိုင်တော့ပါဘူး”လို့ ပဒိုစောတောနီးကပြောပါတယ်။ တရုတ်ကြားဝင်စေ့စပ်မှုနဲ့ ဟိုင်ဂင်သဘောတူညီ ချက်အရ ခေတ္တရပ်နားသွားတဲ့ ရှမ်းပြည်မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၄ ဇွန် ၂၅ မှာပြန်လည် အသက်ဝင်လာပြီး ရခိုင်စစ်ဒေသနဲ့ ရှမ်းမြောက်စစ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်စခန်းတွေ၊ မြို့တွေလည်း သိမ်းပိုက်ခံခဲ့ရပါတယ်။ အခုလ ၃ ရက်မှာတော့ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်ကို မဟာမိတ်အဖွဲ့တွေထဲက ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တိုင်းမှူးနဲ့ အဆင့်မြင့်အရာ ရှိတွေကိုပါ ဖမ်းမိခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့ က အခုလို စစ်ဌာနချုပ်တစ်ခုကျရှုံးခြင်းကို အားရနှစ်သက်ပြီး ဂုဏ်ယူတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ “ချုပ်ပြီးပြောရရင် စစ်တပ်က နေထစ်ကနဲရှိ အာဏာထသိမ်းတတ်တဲ့အကျင့်ဆိုးထပ်မံမပေါ်ပေါက်ဖို့အတွက် အုပ်ချုပ်သူပြောင်းလဲဖို့အတွက်နဲ့လောက်တော့ ကျွန်တော်တို့ စိတ်မဝင်စားတော့ဘဲ စနစ်တစ်ခုလုံးပြောင်းလဲပစ်ပြီး ကိုယ်ရည်မှန်းဦးတည်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်ထူထောင်နိုင်တဲ့အထိ ကျွန်တော်တို့တော်လှန်ရေးအဖွဲ့အစည်းအားလုံးဟန်ချက်ညီညီ နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်”လို့ ပဒိုစောတောနီးကပြောပါတယ်။ နေပြည်တော်ရဲ့ အရှေ့ မြောက်ဘက်မှာ ရှမ်းတောင်တန်းဒေသရှိပြီး ဌာနအသွင် ပြောင်းပအိုဝ်းပြည်သူ့စစ်ရှိတဲ့ ပင်လောင်းမြို့နယ်ပြီးရင် ကရင်နီဒေသတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဟာ အနီးဆုံးရှိနေပါ တယ်။ ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်မှာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) လက်အောက်ခံတပ်ဖွဲ့တွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့တွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်းရှိပါတယ်။ Read in Full
၁၃။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ
August 5, 2024
ကရင်နီပြည် နဲ့ ရှမ်းတောင်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးမှုရှိ သလို စခန်းကုန်း ၊ ရဲစခန်းကို မီးရှို့ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဇွန်လနဲ့ ဇူလိုင်လအတွင်း တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရှမ်းတောင်ပိုင်းက ဆောင်းပြောင်း နဲ့ နောင်ဝိုးကျေးရွာတစ်လျှောက်တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်း တပ် မှ တပ်သား ၂၀ နီးပါး သေဆုံးမှုရှိခဲ့ပြီး ဆောင်းပြောင်းရှိ အထိုင်စခန်းကုန်း (၁)ခု နဲ့ ရဲစခန်းကို သိမ်းပိုက် မီးရှို့ရှင်းလင်းနိုင်ခဲ့ သလို လက်နက်ငယ်စုံ (၁၅) လက်၊ ခဲယမ်း မီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင် လ ၁၈ ရက်နေ့ကစပြီး ဖယ်ခုံနယ်စပ်မှာရှိတဲ့ မှော်ဘီ-ဆီဆိုင်လမ်းမကြီးတစ်လျှောက်မှာ နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သား ၃၀ကျော်အပါအဝင် စစ်ကောင်စီနဲ့ PNOတို့ပူးပေါင်းပြီး အခြေချနေထိုင်တဲ့ လွယ်လုံစခန်းကုန်း နှစ်ခုနဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးဖက်မှ မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အလားတူ လွိုင်ကော်မြို့အတွင်းက မိုင်းလုံး၊ ရွာတန်းရှည်၊ GTC ကျောင်း၊ မြကလပ်တောင်၊ ထူဒူငံသနဲ့ ပန်ကန်း ရပ် ကွက်တွေမှာ ဇူလိုင်လက တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံးမှုများသလို လက်နက်ငယ် ၄ လက် နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရရှိခဲ့ပါတယ်။ ဒါ့အပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ဦး လက်နက် ငယ် ၁ လက်နဲ့ တော်လှန်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။ ဖားဆောင်းနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်ထိတွေ့တိုက်ပွဲမှုတွေ ဖြစ်ပွားခဲ့သလို ကရင်နီနဲ့ ရှမ်းနယ်စပ်ဖြစ်တဲ့ ဖယ်ခုံ၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့တွေမှာလည်း စစ်ကောင်စီစစ်ကြောင်းထိုးမှုတွေကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ KNDF က အသိပေးပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လွိုင်ကော်မြိုတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ ဒရုန်း နဲ့ဗုံးကြဲတိုက် ခိုက်မှုတွေကြောင့် သေဆုံးသူ ၅ ဦး အထက် နဲ့ ထိခိုက်ဒဏ်ရာရသူရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မီးရှို့ဖျက်ဆီးမှု တွေကြောင့် မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်ကန်းရပ်ကွက်တစ်လျှောက်က အရပ်သား နေအိမ် ၉၀ ကျော် မီးလောင်ပျက်စီးခဲတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။ Read in Full
၁၄။ ကျောက်မဲမြို့ကို TNLA သိမ်းပိုက်
August 6, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်တပ်ရင်းများကို သိမ်းပိုက်၍မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)က ယနေ့ (ဩဂုတ် ၆ ရက်)တွင် အလုံးစုံထိန်းချုပ်လိုက်နိုင်ကြောင်း ဒေသခံ များကဆိုသည်။ မြို့အနီးရှိ စစ်ကောင်စီ၏ လက်ကျန်တပ်ရင်းများဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ(၅၀၁)၊ ခမရ(၅၀၂) ဌာနချုပ် နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁ )တို့ ယမန်နေ့ ညသန်းခေါင်ယံတွင် TNLA က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ကြောင်း TNLA နှင့် နီးစပ်သည့် ကျောက်မဲမြို့ခံ အမျိုးသားတဦးက ပြောသည်။“ ညသန်းခေါင်ထိ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသေးတယ်။ အဲ့ကြားထဲက တပ်ရင်းဌာနချုပ်တွေကို သိမ်းလိုက်နိုင်ပြီ။ မြို့ပေါ်မှာလည်း TNLA အုပ်ချုပ်ရေးယန္တာရား စတင်နေပြီ။ “ဟု ၎င်းက ပြောသည်။ လတ်တလောတွင် TNLA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းအများအပြား ကို သိမ်းဆည်းရမိထားကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။
ဇူလိူင်လဆန်းကတည်းက ကျောက်မဲမြို့ပေါ်ကို TNLA က ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန်တပ်ရင်းများကို ပိတ်ဆို့ထားခဲ့ စဉ် ဇူလိုင် တတိယ အပတ်တွင် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကူအင်အား ၃၀၀ ကျော် ကျောက်မဲမြို့သို့ စေ လွှတ်ခဲ့သော်လည်း စစ်ကူတပ်အားလုံး ချေမှုန်းခံခဲ့ရသည်။ ကျောက်မဲမြို့သည် စစ်ကောင်စီခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ကျောက်မဲ ခရိုင်တွင် မြို့နယ် ခြောက်မြို့ရှိသည့်အနက် ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့နယ်တို့ကို TNLA က သိမ်းပိုက် ထိန်းချုပ်ထားပြီး သီပေါမြို့နယ်သာ ကျန်ရှိတော့သည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလိုင်းတွင် TNLA နှင့် ပူးပေါင်းတပ်များက ကျောက်မဲမြို့နယ်နှင့် တဆက်တည်းရှိသည့် မြို့မြောက်ဘက် နောင်ချိုမြို့၊ မြို့တောင်ဘက် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျောက်မဲမြို့သည် TNLA သိမ်းပိုက်လိုက်သည့် မြို့ပေါင်း ၁၁ ခု မြောက်ဖြစ်လာသည်။ Read in Full
၁၅။ ချင်းပြည် ကျန်းမာရေးဝန်ထမ်းအဖြစ် ထမ်းဆောင်နိုင်မည့် သင်တန်းသူ/သားများ ခေါ်ယူ
August 6, 2024
ချင်းပြည်နယ်အတွင်း လိုအပ်နေသည့်နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံခြင်း ကောင်းမွန်စေရေး အတွက် ချင်းပြည်ကျန်းမာရေး ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် သင်တန်းသူ/သားများကို ဖိတ်ခေါ်နေကြောင်းသိရ သည်။ ချင်းပြည်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကြားကာလ မြန်မာသူနာပြုနှင့် ဝမ်းဆွဲအတတ် ပညာသင် တန်း ကျောင်းကောင်စီတို့ ပူးပေါင်း၍ သူနာပြုနှင့် ဝမ်းဆွဲအတတ်ပညာဒီပလိုမာတန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ မှစတင်၍ ၃ နှစ်ကြာ သင်ကြားပေးမည်ဖြစ်သည်။ လျှောက်လွှာတွေကို သက်ဆိုင်ရာဒေသန္တာရအုပ်ချုပ်ရေးနှင့် ကျန်းမာရေး ကိုယ်စားလှယ် ထံတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း ချင်းကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၆ ရက်က သတင်းထုတ် ပြန်သည်။
လျှောက်ထားသူများတွင် ၁၀ တန်းအောင်မြင်ပြီးသူများကိုလည်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပြီး ၂၀၂၁ မတိုင်မီ အောင်မြင်သူများနှင့် ၂၀၂၁ နောက်ပိုင်း NUG အစိုးရ၏ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများဖြစ်ရမည်ဟု ဆိုသည်။ CDM midwife (ဝမ်းဆွဲဆရာမ/ CDM Midwifery student) များလည်း လျှောက်ထားနိုင်ပြီး CDM midwife ဖြစ်ပါက သက်ဆိုင်ရာ ဒေသန္တာရ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးကိုယ်စားလှယ်တို့၏ CDM ဖြစ်ကြောင်း ထောက်ခံစာ တင်ပြနိုင်ရမည်ဟု သိရသည်။ သင်တန်းပြီးမြောက်ပါက ချင်းပြည်တွင် အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊ လူဦးရေ ကန့်သတ်ထားပြီး လူတွေ့ စစ်ဆေးခြင်းပြုလုပ်သွားမည်ဟု သိရသည်။ ချင်းပြည်အတွင်း ကြုံ တွေ့နေရသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ရှားပါးခြင်းကို ဖြေရှင်းနိုင်ရေးနှင့် ချင်းပြည်၏ ပိုမိုလိုအပ်သော နေရာအတွက် ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံမှု ပိုမိုကောင်း မွန်စေရေးအတွက် ယခု ၃ နှစ်တာ ကျန်းမာရေးဝန်ထမ် ဒီပလိုမာတန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။ Read in Full
၁၆။ ကယန်းအမျိုးသား တက္ကသိုလ်ကို စတင်ဖွင့်လှစ်
August 6, 2024
ကရင်နီပြည်နယ်အတွင်း ကယန်းအမျိုးသားတက္ကသိုလ်ကို သြဂုတ် ၆ ရက် ဒီနေ့မှ ာစတင်ဖွင့်လှစ်လိုက်တယ်လို့ ကယန်းအမျိုးသား ပညာရေးကော်မတီ (Kayan National Education Committee) ထံမှ သိရပါတယ်။ ကျောင်း နေအရွယ် လူငယ်များအတွက် အခြေခံမှကစပြီး အဆင့်မြှင့်ပညာရေးကို လက်လှမ်းမီစေဖို့ (Kayan National University)ကို စတင်ဖွင့်လှစ် လိုက်တယ်ဆိုတာနဲ့ ဒီတက္ကသိုလ်ကို တိုင်းရင်းသား တက္ကသိုလ်များ၊ ပြည်ထောင်စုတက္ကသိုလ်များ၊ နိုင်ငံတကာတက္ကသိုလ်များနဲ့ ချိတ်ဆက်ထားတယ် လို့ ထုတ်ပြန်ပါတယ်။ ဒီတက္ကသိုလ်မှာ ဆရာအတတ်သင်၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဖွံဖြိုးရေး နဲ့ လူမှုသိပ္ပံ၊ ကွန်ပျူတာ၊ ကယန်းစာပေနဲ့ ဘာသာစကားစတဲ့ ပညာ(၆)ရပ်ကို သင်ကြားပေးမှာဖြစ်ပြီး နောက်မှတဆင့် သဘာဝသိပ္ပံ၊ စီးပွား ရေး၊ ဥပဒေ၊ မြို့ပြတည်ဆောက်ခြင်း ဆိုင်ရာပညာရပ်တို့ကို တိုးချဲ့ သွားမယ်လို့ ဆိုပါတယ်။
ကယန်းအမျိုးသားပညာရေး ကော်မတီကို ၂၀၂၂ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး၊ အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၁၄၅ ကျောင်း၊ ကျောင်းသား၊ကျောင်းသူ ၁၃၀၀၀ ၊ သင်ကြားရေး ဆရာ၊ဆရာမ ၁၀၀၀ ဦးနဲ့ ဒီနေ့အထိ လည်ပတ်ခဲ့တယ်လို့ ပြော ပါတယ်။ စတင်ဖွဲ့တဲ့အချိန်ကစလို့ အခုအချိန်ထိ ပညာရေးအတွက် ပံ့ပိုးပေးတဲ့ (KNLP) ကယန်းပြည်သစ်ပါတီ၊ တက္ကသိုလ် မြေ အတွက် လှူဒါန်းပေးတဲ့ မိသားစုဝင်များ၊ Critical thinking foundation မှ ဒေါက်တာ သိန်းလွင် နဲ့အဖွဲ့, မိတ်ဖက်ပညာရေး အသင်းများ၊ ပညာရှင်များကို ကယန်းအမျိုးသား ပညာရေးကော်မတီက ကျေးဇူးတင်တယ်လို့ မှတ်တမ်းတင်ဂုဏ်ပြုထားပါတယ်။ Read in Full
၁၇။ ဆီဆိုင်မြို့နယ်မှာ PNO ရိုက်နှက်ဖမ်းဆီးသွားတဲ့ ထီးလုံးဆူရွာသား ၅ ဦးကို အခုထိ ပြန်မလွှတ်ပေး
August 6, 2024
ရှမ်းတောင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ထီလုံးဆူကျေးရွာက ရွာခံ ၅ ဦးကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO က ဖမ်းဆီးရိုက်နှက်သွားပြီးတော့ အခုထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှာ ထီလုံးဆူက ရွာသူကြီးအပါအဝင် ၆ ဦးကို ဖမ်းဆီးသွားခဲ့ရာ သူကြီးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ ၅ ဦးကို လက်ရှိအချိန်အထိ ဖမ်းဆီးထားဆဲလို့ ဆိုပါတယ်။ ၎င်းက “ထီလုံးဆူရွာနဲ့ ပင်ညှိးရွာ အဲဒီရွာနှစ်ရွာကပေါ့နော်။ အဓိက က PNO အဖွဲ့က တစ်ရွာကို တစ်အိမ် ၅ သိန်းကောက်တယ်။ ရွာသားတွေက အချိန်မှီမပေးနိုင်လို့ အခုလိုဖြစ်သွားတယ်။ သူကြီး ကိုတော့ လွှတ်ပေးပြီ။ ပြန်လွှတ်ပေးတယ်ဆိုတာကလည်း ပိုက်ဆံပြန်ယူဖို့ လွှတ်ပေးတာ။ ပင်ညှိးရွာကတော့ အတိအကျမရဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးရိုက်နှက်ခံရပြီး လွတ်မြောက်လာသူကတော့ ထီးလုံးဆူ ရွာသူကြီး ခွန်နေထွဉ်ဖြစ်ပြီး လက်ရှိ အဖမ်းခံထားရသူ ကတော့ ခွန်လှဆွေ၊ ခွန်မော်ထင်းနဲ့ နောက်ထပ် ဒေသခံ ၃ ဦးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းတို့က်ို ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ PNO အဖွဲ့ခေါင်းဆောင်ဟာ ဆိုက်ခေါင်က ခွန်ထွိုက်အောင်ဖြစ်တယ်လို့ သိရပါတယ်။ PNO အဖွဲ့တွေဟာ လုံးခြုံရေးစရိတ်အတွက်ဆိုပြီး တစ်အိမ်ကို ကျပ်ငွေ ၅ သိန်း ကောက်ခံခဲ့ရာ ဒေသခံတွေက အချိန်မှီ မပေးဆောင်နိုင်ကြောင့် အခုလို ဖမ်းဆီးရိုက်နှက်တာ ဖြစ်တယ်လို့ သိရပါတယ်။ Read in Full
၁၈။ ZCD ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားမှု စစ်ကောင်စီ ငြင်းပယ်
August 6, 2024
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်- ZCD က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြန်လည်လျှောက်ထားချက်ကို စစ်ကောင်စီ၏ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်သည်ဟုသိရသည်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒမ ၆ ပါပြဠာန်း ချက်များနှင့် ညီညွတ်ခြင်းမရှိဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ ငြင်းပယ် လိုက်ခြင်းဖြစ်သည်ဟု ဩဂုတ်လ ၅ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီသည် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြီး ယခင်ရှိနေသောနိုင်ငံရေးပါတီများကို ပြန် လည်မှတ်ပုံတင်ခိုင်းခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံပြန်မတင်သည့် နိုင်ငံရေးပါတီများ အလိုအလျောက်ပျက်ပြယ်မည် ဖြစ်ကြောင်းကြေညာခဲ့သည်။ ZCD ပါတီဟာ ချင်းနိုင်ငံရေးပါတီများထဲမှာ ပထမဦးဆုံး ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထား သည့် ပါတီဖြစ်သည်။
ကျန်ချင်းနိုင်ငံရေးပါတီများဖြစ်ကြသော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုး ရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့မှာ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်းခြင်းမရှိခဲ့ကြပေ။ ZCD ပါတီဟာ ZNC ပါတီအမည်ဖြင့် ၁၉၉၀ ရွေးကောက်ပွဲတုန်းက တီးတိန် နှင့် တွန်းဇံမြို့နယ်မှာအနိုင်ရရှိခဲ့ပြီး ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၆ နေရာ၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ ၂ နေရာ အသီးသီးအနိုင် ရရှိခဲ့သည်။ Read in Full
၁၉။ ဒီးမော့ဆို စစ်ရှောင်စခန်း ရေဝင်၊ စာသင်ကျောင်းပိတ်ထားရ
August 6, 2024
ကရင်နီပြည်၊ ဒီးမော့ဆို့မြို့နယ်အရှေ့ဘက်ခြမ်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပွန်ချောင်းမှာ ရေမြင့်တက်လာ ပြီး ပွန်ချောင်းအနီးတဝိုက်ရှိ (အမှတ်၆) စစ်ရှောင် စာသင်ကျောင်းနှင့် စစ်ဘေးရှောင် အဆောင်းအချို့ ရေနစ်မြှုပ်ကြောင်း စုံစမ်း သိရသည်။ ထိုစာသင်ကျောင်း ရေဝင်မှုကြောင့် ယာယီပိတ်ထားရပြီး၊ အချို့စစ်ရှောင်များသည် ရေလွတ်ရာသို့ ထပ်မံ ပြောင်းရွှေ့ နေထိုင်ရကြောင်း စစ်ရှောင်ကူညီသူအမျိုးသမီးတစ်ဦးကပြောသည်။ “ခုလောလော ဆယ်တော့ ကျောင်းပိတ်ထားတယ်။ ဘယ် အချိန် ပြန်ဖွင့်ရမလဲတော့မသိသေးဘူး။ ကျောင်းကဖွင့်လို့ရအုံးမှာလားတောင်မသိတော့ဘူး။ ကလေးတွေလည်း တစ်နေရာစီ ဖြစ်ကုန်ပီလေ”ဟု စစ်ရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ အဆိုပါ စစ်ရှောင်ကျောင်းတွင် KG တန်းမှ Grade 10 အတန်းအထိ ဖွင့်လှစ်ထားပြီး ကျောင်းသား/သူ (၄၀၀)နီးပါးခန့် ပညာသင်ကြားနေကြသည်။
ပွန်းချောင်းရေရုတ်တရက်မြင့်တက်ပြီး ရေကြီးမှုကြောင့် စစ်ရှောင်ကလေးများတကွဲတပြားဖြစ်ပြီး၊ စစ်ရှောင်များ အခြား နေရာသို့ ထပ်မံရွှေ့ပြောင်းနေရကြောင်းလည်း ၎င်းကပြောသည်။ “အခုကစစ်ရှောင်တွေတကွဲတပြားထပ်ဖြစ်တယ်။ ရုတ်တရက် ကြီး ရေကြီးလာတော့ ကလေးတွေအတွက် စိတ်မကောင်းဘူး။ စိတ်ပူတာက ကျောင်းပြန်ဖွင့်မယ်ဆိုရင်တောင် ကျောင်းတစ်လုံး ရဖို့မလွယ်ဘူး။ ကုန်စျေးနူန်းတွေ အစစရာရာစျေးတက်နေတော့ ကျောင်းပြန်မဖွင့်နိုင်မှာ စိုးရိမ်တယ်။” ဟု ဒီမော့ဆိုးဒေသခံ တစ်ဦးကဆိုသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်တွင်လည်း စစ်ကောင်စီမှ မိုးဗြဲရေကာတာ ဖွင့်ချမှုကြောင့် ကျေးရွာ (၃)ရွာထက် မနည်းရေနစ်မြုပ်ကာ ဒေသခံထောင်နှင့်ချီရေဘေးသင့်ခဲ့ရကြောင်းသိရသည်။ လက်ရှိ ကရင်နီပြည်နယ်လွိုင်ကောင်ဘက်ကို စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေကြောင်း သိရသည်။ Read in Full
၂၀။ မောင်မယ်ရှောင်ကျေးရွာကို စစ်ကောင်စီတပ်မီးရှို့နေ
August 6, 2024
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာက နေအိမ်တွေကို ဒီကနေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်ကမီးရှို့နေတယ် လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့မနက်ပိုင်းက မောင်မယ်ရှောင်ရွာထဲကို ထပ်မံဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ဟာ မွန်းလွဲ ၃ နာရီလောက်မှာ ရွာအရှေ့ပိုင်းက နေအိမ်တွေကိုမီးရှို့နေတာပါ။“အခုထိလောင်လို့ကောင်းနေတုန်းပဲ။ မီးခိုးလုံး ကြီးတွေမြင်နေရတယ်။ တစ်နာရီကျော် နှစ်နာရီနီးပါးလောက်ကြာနေပြီဗျာ။ တော်တော်ဒေါသထွက်တယ်”လို့ မျက်မြင်တွေ့နေ ရတဲ့ ဒေသခံအမျိုးသားတစ်ဦးက ညနေငါးနာရီလောက်မှာပြောပါတယ်။ မီးရှို့ခံနေရတဲ့ နေအိမ် ဆယ်ဆောင်ဝန်းကျင်လောက် အထိရှိနိုင်တယ်လို့ မျက်မြင်တွေ့ရှိရတဲ့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။ အဲဒီစစ်ကောင်စီတပ်သားတွေဟာ ဒီနေ့မနက် ၁၁ နာရီလောက်ကတည်းက မြေတင်ကားလေးစီးစာနဲ့ ခြေလျင်အင်အား ၃၀ စုပေါင်းပြီး မောင်မယ်ရှောင်ရွာထဲကို ဝင်ရောက် လာတာပါ။ လက်ရှိမောင်မယ်ရှောင်ရွာထဲမှာ အင်အားအနည်းဆုံး ၁၀၀ ကျော်လောက်ရှိနိုင်ပြီး ရွာထဲကိုစတင်ဝင်ရောက်လာက တည်းက အိမ်တွေကို မီးရှို့မယ်လို့ကျုံးဝါးပြီးဝင်ရောက်လာတာလို့ ဒေသခံတွေကဆိုပါတယ်။
နောက်ထပ်စစ်ဘေးရှောင်နေတဲ့ဒေသခံတစ်ဦးက “မီးကတော်တော်များတယ်။ ကျမတို့ကတော့ တခြားမှာရှောင်နေ တာပေါ့။ မီးလောင်တဲ့နေရာနဲ့တော့လှမ်းတယ်။ မီးပေါက်ထွက်တဲ့သံတွေကိုတော့ သေချာကို ကြားနေရတယ်” လို့ဆိုပါတယ်။ မနေ့ကညနေပိုင်းမှာလည်း မောင်မယ်ရှောင်ရွာထဲကိုရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဒေသခံတွေရဲ့ ဆိုင်ကယ်သုံးစီး ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ဘယ်အဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတာကို မသိရသေးပေမဲ့ စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့ကလည်း မောင်မယ်ရှောင်ကျေးရွာကနေအိမ် ၄ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ မောင်မယ် ရှောင်ရွာက ဒေသခံတွေကတော့ ပြီးခဲ့တဲ့ဇွန်လကစလို့ ရွာလုံးကျွတ် နေအိမ်တွေကိုစွန့်ခွာပြီး နီးစပ်ရာမှာ တိမ်းရှောင်နေထိုင် နေကြပါတယ်။ Read in Full
၂၁။ ဆမီးဘက်မှာ စစ်ရှောင်နေတဲ့ ပြည်သူ ၁၀၀ ကျော် အကူညီလိုအပ်နေ
August 6, 2024
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပလက်ချောင်းဒေသရှိ ကျေးရွာ ၅က ပြည်သူ ၁၄၀ နီးပါးဟာ ဆမီးဘက်မှာ စစ်ရှောင် နေကြရပြီး စားနပ်ရိက္ခာအကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပလက်ချောင်းဒေသက ပြည်သူတွေ ဟာ အာရက္ခတပ်တော်(AA)ရဲ့ ရွာထဲဝင်ပြီး ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ ကတည်းက ဆမီးဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတာ လို့ဆိုပါတယ်။ “AA တွေက ရွာထဲဝင်ပြီး ခဏခဏဖမ်းဆီး စစ်ဆေးနေတော့ မနေရဲဘဲ ထွက် ပြေးနေကြတာပါ”လို့ ဘောင်းဝီးကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီပြည်သူတွေဟာ ဘောင်းဝီးရွာ၊ ဘောင်းကူးရွာ၊ တွီကင်းဝရွာ၊ ကန့်လာဝရွာနဲ့ ဟားလာဝရွာမှ ပြည်သူတွေဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးအများအပြားပါဝင်နေတာကြောင့် အချိန်ကြာတာနဲ့အမျှ စာနပ်ရိက္ခာနဲ့အသုံးအဆောင်ပစ္စည်းတွေ လိုအပ် လာနေတာဖြစ်ပါတယ်။ “ထွက်ပြေးလာတာက သုံးလလောက်ကြာနေပြီဆိုတော့ အကူညီတွေ အရမ်းလိုအပ်နေတယ်။ ဒီဘက်စ ရောက်တုန်းကဆို ဆွေမျိုးတွေအိမ်မှာ ကပ်နေကြတာ။ သူတို့ကလည်း ကူညီပေးပါတယ်။ အချိန်ကြာလာတော့ အားနာတာပေါ့။ ကလေးလည်းရှိတော့ အဆင်မပြေနိုင်ဘူးလေ။ ကူညီမယ့်သူတွေလည်း မရှိကြတော့ဘူး”လို့ ဆမီးဘက်မှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ Read in Full
၂၂။ တောင်ကုတ်မြို့ခံ သုံးဦးကို စစ်ကောင်စီ ဖမ်းဆီး
August 5, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ ဒေသခံအမျိုးသားသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ် ၄ ရက်တွင် ဖမ်းဆီးသွား ကြောင်း သိရသည်။ ဦးလှမြင့် (၅၀) နှစ်၊ ကိုအောင်ချမ်းငြိမ်းထွန်း (၂၀) နှစ်နှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့မှာ တောင်ကုတ် မြို့ဝင် ခမရ (၃၄၆) တပ်ရင်းအနီး ဖုန်ညိုစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။“သူတို့က မြို့ထဲကနေ ခရိုင်ဆိုတဲ့ရွာ ဘက်ကို သွားကြတာ။ သာမန်ပြည်သူတွေပဲ။ အဲဒီဂိတ်မှာ အဖမ်းခံလိုက်ရတာ” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ပြော သည်။ ထိန်းသိမ်းထားသည့်နေရာနှင့် မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရကြောင်းပြောသည်။ စစ်ကောင်စီ သည် တောင်ကုတ်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များကို ယခင်ထက် တင်းကျပ်ထားသည့်အပြင် သွားလာသူများကိုလည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ၃၁ ရက်ကလည်း တောင်ကုတ်မြို့ နယ်၊ ဂျီပြင်ကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်းဆရာမတစ်ဦး၊ သူနာပြုအမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့မှာ ဖုန်ညိုစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။
“မိသားစုဝင်တွေက သူတို့တွေနဲ့ အခုအချိန်ထိ အဆက်အသွယ်မရသေးဘူး။ သူတို့တွေကလည်း အခုအချိန်ထိ ပြန် လွှတ်လာတာ မရှိသေးဘူး” ဟု တောင်ကုတ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။ တောင်ကုတ်မြို့တွင် စစ်ကောင်စီက မြို့ပေါ် နေရာအနှံ့ တပ်စခန်းချနေရာယူထားပြီး ယခုရက်ပိုင်းအတွင်း မြို့နှင့် အနီးတဝိုက်ကို လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေ၍ ဒေသခံများမှာ စိုးရိမ်နေကြသည်။ Read in Full
၂၃။ သံဖြူဇရပ်တွင် ကျောင်းဆရာ၊ ဆရာမ ၅ ဦးကို KNLA ပူးပေါင်းတပ် ဖမ်းဆီး
August 5, 2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာက အထက်တန်းကျောင်းအုပ်ဆရာကြီးအပါအဝင် ကျောင်းဆရာ၊ ဆရာ မ ၅ ယောက်ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဝဲခမိကျေးရွာ အထက်တန်း ကျောင်းကို ဩဂုတ် ၂ ရက် မနက် ၁၀ နာရီခွဲက ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားတဲ့ လက်နက်ကိုင် ၁၀ ယောက်ကျော် ရောက်ရှိလာပြီး ကျောင်း ဆရာ၊ ဆရာမတွေနဲ့ ကျောင်းဝေယျာဝေစ္စလုပ်ကိုင်သူတွေကို တနေရာမှာ စုဝေးစေခဲ့ပါတယ်။ အကုန်လုံးကို စစ်ဆေးမေးမြန်းပြီး နောက် ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဇော်၊ အထက်တန်းပြဆရာမ ဒေါ်ခိုင်ခိုင်မိုးနဲ့ ဒေါ်ခင်မြတ်မြတ်ထွန်း၊ မူလတန်းပြဆရာ ဦးကျော်စိုးလွင်နဲ့ ဦးကျော်ဘုန်းဝေတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။ ဒေသခံတယောက်က “ကျောင်းကို သေနတ်တွေနဲ့ ဝင်လာပြီး ကျောင်းဆရာ၊ ဆရာမတွေနဲ့ ဝေယျာဝေစ္စလုပ်နေတဲ့သူတွေကို တနေရာမှာစုလိုက်တယ်။ အဲဒီထဲက မေးမြန်းပြီးတော့ ကျောင်းအုပ်၊ ကျောင်းဆရာ ၂ ဦးနဲ့ ဆရာမ ၂ ဦးကိုဖမ်းသွားတယ်။ ဘယ်သူတွေက ဘာကြောင့်ဖမ်းသွားလဲဆိုတာတော့ မသိသေး ဘူး။ ဒါပေမဲ့ ကျောင်းသားတွေရှေ့မှာ ဒီလိုကိစ္စတွေက လုံးဝ မလုပ်သင့်တဲ့ကိစ္စပါ။ နောက်ပြီး လက်နက်တကားကားနဲ့ လုပ်သွား တာဆိုတော့ ပိုတောင်ဆိုးသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်တွေကတော့ ကျောင်းအုပ်အပါအဝင် ကျောင်းဆရာ၊ ဆရာမ ၅ ဦးကို KNLA/PDF တပ် ဖွဲ့က ဖမ်းဆီးတာလို့ ပြောဆိုကြပါတယ်။ အဲဒီ ဆရာ၊ဆရာမတွေကို KNLA ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးသွားတာလဲဆိုတာ ပြောပြလို့မရသေးဘူးလို့ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တယောက်က ပြောပါတယ်။ ဝဲခမိကျေးရွာဟာ သံဖြူဇရပ်-ရေး အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ ကရင်တိုင်းရင်းသား အများစုနေထိုင်တဲ့ရွာဖြစ်ပြီး ရွာနားအနီး တဝိုက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဇူလိုင် ၂၀ ကျော်ကတည်းက တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပါတယ်။ Read in Full
၂၄။ နောင်မွန်မြို့မှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေ
August 5, 2024
ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်သွားတဲ့အတွက် ဒေသခံပြည်သူတွေ ဆန်ဝယ် ယူဖို့ ခက်ခဲလာတဲ့အခြေနေမှာ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်း ပျက်စီးသွားတဲ့ နောက်ပိုင်း ကုန်ကားအဝင်မရှိတော့အတွက် ပူတာအိုမြို့ထဲမှာ ကုန်ပစ္စည်းတွေပြတ်လပ်သွားတဲ့အပြင် လေယာဉ်နဲ့ တင်သွင်း ထားတဲ့ ကုန်ပစ္စည်းတွေကလည်း ကုန်စျေးနှုန်းမြင့်တက်ဒေသခံပြည်သူတွေဝယ်ယူစားသုံးဖို့ ခက်ခဲနေတာဖြစ်တယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ ပူတာအိုမြို့ထဲ ကုန်ကားအဝင်မရှိတော့တာ ၁ လကျော် လောက် ကြာမြင့်သွားတဲ့အတွက် ပူတာအို မြို့ကနေ တဆင့်ခံဝယ်ယူစားသုံးနေကြတဲ့ နောင်မွန်းဒေသခံတွေက အခြေခံ စားသောက်ကုန်ပြတ်လပ်သွားတယ်လို့ နောင်မွန် ဒေသခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။“ပူတာအိုနဲ့ နောင်မွန်ကြားမှာ တစ်ပတ်မှာ တစ်ကြိမ်လောက်က ကုန်ကား တွေရှိပါတယ်။ ကုန်မရှိလို့တဲ့ ဘာမှမရောင်းတော့ဘူး။ တစ်ပိဿာ ဗူးတစ်တစ်ခုက သုံးသောင်း နှစ်ထောင်လောက်ရှိတယ်။ ပြီး ရင် ကြက်သွန်ဖြူ၊ အနီးကလည်း ကျနော်တို့က မဝယ်စားနိုင်လို့ မဝယ်စားတာကြာပြီ။ အခုက ရှိတောင်မရှိတော့ဘူး။ အခုက ရှိ တဲ့ သူတွေဆီကနေ နည်းနည်းစီ တောင်းစားနေကြတာ”လို့ပြောပါတယ်။
လက်ရှိ နောင်မွန်မြို့ထဲမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်သွားတဲ့အတွက် ဒေသခံပြည်သူတွေ ဒေသထွက်ဆန် တစ်ခုတည်းကိုသာဖြစ်သလို စားသုံးနေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပူတာအိုမြို့နဲ့ နောင်မွန်အထိ ပုံမှန်တက်နေတဲ့ လိုင်းကားတွေကလည်း ပူတာအိုမှာကုန်ပစ္စည်းအဝင်နည်းသွားတာကြောင့် ကုန်ပစ္စည်းတင်စရာမရှိသည်သာတင်မက စက်သုံး ဆီ ရရှိဖို့ ခက်ခဲသွားတာကြောင့် အရင်လိုနေ့တိုင်းတက်တဲ့ လိုင်းကားသမားများတစ်ပတ်မှာ တစ်ကြိမ်လောက်သာ သွားနိုင်တော့ တယ်လို့ နောင်မွန်းဒေသခံက ဆက်ဆိုပါတယ်။“ကုန်ကားတစ်စီးက တစ်ပတ်မှာ တစ်ကြိမ်လောက်တောင် မတက်လာနိုင် တော့ဘူး။ ကုန်လည်းမရှိဘူးတဲ့ ပြီးရင် လူလည်း သွားသွားလာလာမရှိတော့ဘူး။ စက်သုံးဆီ ဒီဇယ်တစ်ဂါလံကို ခြောက်သောင်း ရှိတယ်။ ပူတာအိုနဲ့ နောင်မွန်သွားရင် ၁၅ ဂါလံလောက်ကုန်တယ်။ အဲဒါကြောင့် လိုင်းကားဆွဲတဲ့ သူတွေက မကိုက်ဘူးဆိုပြီး တစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ ကုန်ကားတွေ ရောက်တော့တယ်”လို့ ပြောပါတယ်။ နောင်မွန်ဒေသခံပြည်သူတွေလက်ရှိမှာ အခြေခံစားသောက်ကုန်တွေကို ဝယ်ယူစားသုံးနိုင်ဖို့ ခက်ခဲနေသလို စက်သုံးဆီတွေလည်း ဝယ်ယူဖို့ခက်ခဲနေကြတယ်လို့ ပြောပါ တယ်။ နောင်မွန်မြို့ထဲမှာ ဆန်တစ်အိတ်ကို နှစ်သိန်း ခုနှစ်သောင်း၊ စက်သုံးဆီ တစ်ဂါလံ ခြောက်သောင်းကျော်၊ ကြက်သွန်နီ/ဖြူ တစ်ပိဿာ သုံးသောင်းခွဲ၊ ငရုတ်သီး တစ်ဗူး ငါးထောင်ကျပ် ရှိတယ်လို့ သိရပါတယ်။ Read in Full
၂၅။ ညောင်ရွှေမှာ စစ်ဘေးရှောင်ကျောင်းသားတစ်ဦး အသတ်ခံရမှု ရဲက အရေးယူဆောင်ရွက်မှုမရှိသေး
August 5, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့မှာ စစ်ဘေးရှောင်တစ်ဦး အသတ်ခံရမှုဟာ ၃ ရက်ကြာခဲ့ပေမယ့် စစ်ကောင်စီ လက် အောက်ခံ ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။ ဩဂုတ် လ ၂ ရက်နေ့က တည်းက အေးသာယာနည်းပညာ တက္ကသိုလ်တက်ပြီး ပြန်လာတဲ့အချိန်မှာ အသတ်ခံခဲ့ရတာဖြစ်ပြီး ဆိုင်ကယ်နဲ့ဖုန်းလည်း အလု ခံလိုက်ရတယ်လို့ ဆိုပါတယ်။“ဓါးကအချက်ပေါင်းများစွာပဲ။ ရဲကတော့လာကြည့်ပြီးတော့ ပြန်သွားကတည်းကပေါ်မလာတော့ ဘူး။ စုံစမ်းတာလည်းမရှိဘူး။ မေးခွန်းတောင်သိပ်မမေးဘူး။ အမှုဖွင့်ထားတယ်လို့ကြားတယ်”လို့နီးစပ်သူတစ်ဦးကပြောပါတယ်။
နည်းပညာ တက္ကသိုလ်ကျောင်းသား မောင်ဟိန်းထက်အောင်ဟာ အရင်နှစ်တွေကတည်းက မိခင်နဲ့အတူ လွိုင်ကော်မြို့ ကနေ ညောင်ရွှေမြို့ကို စစ်ဘေးရှောင်လာသူ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ညောင်ရွှေ – အေးသာယာ လမ်းပေါ်က မြေဖြူရွာမှာ အမျိုးသားတစ်ဦး အသတ်ခံခဲ့ရပြီး ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်တာမျိုး မတွေ့ရသေးပါဘူး။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက အေးသာယာ – ညောင်ရွှေလမ်းတစ်လျှောက်မှာ ခိုးဝှက်လု ယက်သူတွေ များလာပြီး နေ့စဉ်သွားလာနေတဲ့ ပြည်သူတွေအတွက် စိုးရိမ်ထိတ်လန့်နေရတယ်လို့ စုံစမ်း သိရပါတယ်။ Read in Full
၂၆။ လွိုင်ကော် မြေမြုပ်မိုင်းကြောင့် ရပ်ကွက်ထဲဝင်ထွက်ခွင့်ပိတ်ထားတာကို အကြောင်းပြုပြီး သူခိုးသောင်းကြမ်းနေ
August 6, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်မှာ မြေမြုပ်မိုင်းအန္တရာယ်ကြောင့် ဝင်ထွက်ခွင့်ပိတ်ထားတာကိုအကြောင်းပြုပြီး သူခိုးတွေ ဝင်ရောက်ခိုးယူနေတယ်လို့ ရပ်ကွက်ချင်း နီးစပ်တဲ့ မြို့ခံတွေဆီက သိရပါတယ်။ ပန်ကန်းရပ်ကွက်မှာ လတ်တ လော တိုက်ပွဲငြိမ်သက်နေပေမယ့် မြေမြုပ်မိုင်း အန္တရာယ်မရှင်းလင်းရသေးတာကြောင့် စစ်ကောင်စီက ရပ်ကွက်နေ ပြည်သူတွေ ကို ဝင်ခွင့်ပိတ်ထားတာဖြစ်ပါတယ်။ “စစ်ကောင်စီက ရပ်ကွက်ထဲနေတဲ့သူတွေကိုတော့ ပေးမဝင်ဘူး သူခိုးတွေဝင်ခိုးနေတာကို လဲ ဖမ်းဆီးတာတွေမလုပ်ဘူး၊ သူခိုးကို တရာဝင် ဝင်ခိုးခွင့်ပြုထားသလို ဖြစ်နေတယ်။” လို့ ပန်ကန်းရပ်ကွက်ကနေ တိမ်းရှောင် နေသူ တစ်ဦးက ပြောပါတယ်။ ဩဂုတ်လ ပထမအတွင်းသူခိုးတွေကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပြီး စစ်ကောင်စီ တပ် လက်ထဲကို အပ်နှံခဲ့ပေမယ့် လုံခြုံရေး အကြောင်းပြပြီး ပြန်လွှတ်ပေးခဲ့တာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
ပန်ကန်းရပ်ကွက်မှာ ဖုန်းနဲ့လျှပ်စစ်မီးလည်း ပြတ်တောက်နေပြီး စစ်ကောင်စီတပ်ကလည်း သူခိုးတွေနဲ့ ပူးပေါင်းထားသ လို တော်လှန်ရေး အင်အားစုတွေဖက်ကလည်း မကြာခဏလူစုဆောင်းမှုတွေကြောင့် မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ ရှိပါတယ်။“ပေးမဝင်လို့ ပြန်လှည့်လာရတယ်။ တော်လှန်ရေးဖက်ကတော့ သတိပေးတာပဲ ရှိတယ်။ အတင်းပြန်ချင်တဲ့ သူဆိုရင် မတား ပါဘူး။ လုံးဝပေးမဝင်တာက စစ်တပ်” လို့ ရပ်ကွက်ချင်း နီးစပ်သူတွေက ပြောပါတယ်။ ပန်ကန်းရပ်ကွက်မှာ သူခိုးတွေ သောင်း ကျန်းနေတဲ့ အကြောင်းကို တော်လှန်ရေး အင်အားစုတွေနဲ့ မြို့ခံတွေက လူမှုကွန်ယက်စာမျက်နှာ (Facebook)မှာ ရေးသားဖော် ပြနေကြနေကြသလို စစ်ကောင်စီ ထောက်ခံသူတွေကလည်း တော်လှန်ရေး အင်အားစုတွေက လုပ်ဆောင်တယ်လို့ ဝါဒဖြန့်နေ ကြပါတယ်။ Read in Full
၂၇။ အမ်းမြို့နယ်က ပညာရေးဝန်ထမ်းများ ဇူလိုင်အတွက် လစာမရသေး
August 6, 2024
ရခိုင်ပြည် အမ်းမြို့နယ်က ပညာရေးဝန်ထမ်းများမှာ ကုန်ခဲ့သည့် ဇူလိုင်လအတွက် သတ်မှတ်လစာမရရှိသေးကြောင်း ပညာရေးဝန်ထမ်းများက ပြောသည်။ ဇူလိုင်လအတွက် သတ်မှတ်လစာကို အမ်းမြို့နယ်ရှိ တခြားဌာနဆိုင်ရာဝန်ထမ်းများမှာ ရရှိ ပြီးဖြစ်သော်လည်း ပညာရေးဝန်ထမ်းများမှာမရရှိသေးကြောင်း အမ်းမြို့နယ်မှ ကျောင်းဆရာတစ်ဦးကပြောသည်။ “ကျန်တဲ့ ဌာန ဆိုင်ရာဝန်ထမ်းတွေ လစာရပြီးပါပြီ။ ပညာရေးဌာနကသူတွေပဲမရတာ။ လစာကမရောက်သေးတာကြောင့် မရတာလို့ကြား တယ်။ ရတော့ရမယ်လို့ ပြောတာပဲ” ဟုပြောသည်။ လစာမှာ သတ်မှတ်ချိန်အတွင်း မရရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် အခက်ခဲများဖြစ်ပေါ်လျှက်ရှိသည်ဟု ပညာရေးဝန်ထမ်းများက ဆိုသည်။
“လစာ ရချိန်တန်လို့ မရသေးတော့ ခက်ခဲတာပေါ့။ တချို့ဆို လစာကိုပဲ မှီခိုပြီး စားသောက်နေကြရတာတွေ ရှိတယ်။ သူတို့အတွက်ဆို ပိုခက်ခဲတယ်။ လစာကတော့ မရသေးတာလို့ပဲ ကြားပါတယ်။ ရမယ်ဆိုတဲ့ သဘောမျိုးတော့ ရှိတယ်” ဟု ပြော သည်။ ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ရခိုင်မြောက်ပိုင်းတွင် ဒုတိယအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲများ စတင်ပြင်းထန်လာစဉ်ကလည်း မြောက်ပိုင်းမြို့နယ်အချို့မှ ပညာရေးဝန်ထမ်းများ လစာ မရရှိတော့ကြောင်း သိရသည်။ Read in Full
၂၈။ လွိုင်ကော်မြို့တွင်းရေကြီး ရေလျှံ၊ စစ်ရှောင်များ ရေဘေး ထပ်မံရှောင်နေရ
Augsut 5, 2024
ကရင်နီပြည် လွိုင်ကော်မြို့တွင် မကြုံစဖူး နေအိမ်ရေမြှုပ်သည့်အထိ ရေကြီးရေလျှံမှုဖြစ်ပွားပြီး စစ်ဘေးရှောင်များ ရေ ဘေးထပ်မံရှောင်နေရကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့အခြေစိုက် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ခမရ (၄၂၂) တပ်သည် ဇူလိုင် ၂၅ ရက် မိုးဗြဲရေကာတာရေတံခါးအား အဆင်အခြင်မဲ့ဖွင့်ချခဲ့ရာမှ လွိုင်ကော်မြို့ဘက်ကို အဓိကဆင်းလာပြီး နေအိမ် ရေ မြှုပ်သည့် အထိရေကြီးရေလျှံမှုဖြစ်ပွားကြောင်း လွိုင်ကော်ပြည်သူ့ ကာကွယ်ရေးတပ်သားကပြောသည်။‘မိုးဗြဲရေကာတာ ဖောက်ချတော့ ပထမဆုံးရေလွှမ်းမှာက မိုးဗြဲဘက်ခြမ်း သျှမ်းတောင်တွေ လွှမ်းပြီးတော့မှကျနော်တို့ ကယား လွိုင်ကော် ဘက်ကို ဆင်းလာတယ်။ စစ်ကောင်စီတွေ ရေဖောက်ချပြီးကတည်းက ယနေ့အထိ လွိုင်ကော်မှာ ရေတွေပိုပိုတက်လာတယ်’’ ဟု ၎င်းက ပြောသည်။ ရေမြင့်တက်မှုကြောင့် လွိုင်ကော်စစ်ရှောင်အချို့သည် ရေဘေးထပ်ရှောင်နေရချိန် မြို့ထဲကျန်ရစ်သူများ စားသောက် ရန်အခက်အခဲဖြစ်ပြီး၊ စိုက်ပျိုးရေးအတွက် ပြန်လုပ်ရန်ခက်ခဲနိုင်ကြောင်း လွိုင်ကော်လူမှုကူညီရေး အသင်းကပြောသည်။‘စစ် ရှောင်တစ်ချို့လဲ ရေဘေးထပ်ရှောင်နေရပြီ။ မြို့ထဲကျန်ရစ်သူတွေ စားသောက်ဖို့ခက်ခဲဖြစ်နေကြတယ်။ တောလယ်တွေ စိုက် ချင်တာစိုက်ခွင့်မရှိ ရေပေးမြောင်းတူးဖော် ပြင်ဆင်တာတွေမရှိတော့ ရေကျဖို့ကတော်တော်ကြာမယ်‘’ဟု ၎င်းက ဆိုသည်။
လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည် ရေဘေးသင့် ဒေသခံတစ်ထောင်ကျော်အတွက် ချိတ်ဆက်ကူညီပေးနေသည့် အဖွဲ့အစည်းများ မရှိသည့်အပြင် အခက်အခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။ မိုးဗြဲမြို့တွင် အခြေစိုက်နေသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-(ခမရ ၄၂၂) သည် လက်ရှိအချိန်ထိ မိုးဗြဲရေကာတာကို ဆက်လက်ဖွင့်ထားကြောင်း ဒေသခံ များက ပြောဆိုသည်။ ဇူလိုင်လ ၂၅ ရက်မှ စတင်၍ ၃ ရက်အတွင်း ရေများ ထပ်မံမြင့်တက်လာနိုင်ပြီး လွိုင်ကော်မြို့နှင့် အနီးတ ဝိုက်ရှိလူနေရပ်ကွက်များနှင့်ကျေးရွာများတွင်လည်း ရေကြီးရေလျှံမှု အရေးပေါ်အခြေ အနေရှိလာနိုင်ကြောင်း ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ IEC က သတိပေးထားသည်။ ကရင်နီတော် လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် “၁၁၁၁ စစ်ဆင်ရေး”တွင် မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်သော်လည်း မိုးဗြဲရေကာတာအနီးရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၄၂၂ ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ Read in Full
၂၉။ ရခိုင်မြောက်ပိုင်း ရေကြီးမှုဖြစ်စဉ်တွင် ဒေသခံ ၃ ဦး သေဆုံး
August 5, 2024
ရခိုင်ပြည်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရေကြီးရေလျှံမှုဖြစ်ပေါ် ခဲ့ပြီး မြောက်ဦးမြို့နယ်မှ မွတ်ဆလင် ၃ ဦးမှာ ရေနစ်သေဆုံးသွားကြောင်း သိရသည်။ ဩဂုတ်လ ၃ ရက်က ပီပင်ရင်းကျေးရွာမှ ချော်ရီ (၂၅) နှစ်မှာ လေးမြို့မြစ်အတွင်း ဒိုက်များနှင့်အတူ မျှောပါလာသည့် ထင်းများကို သွားဆယ်ရာတွင် ရေနစ်သေဆုံးသွားခဲ့ သည်။ ပီပင်ရင်းကျေးရွာသားတစ်ဦး “သူက ထင်းတွေကိုဆယ်ပြီး ဒီဖက်ကမ်းကူးလာတဲ့အချိန် ရေစီးသန်တာကြောင့် ဆက်မကူး နိုင်ဘဲ မြုပ်သွားတာ။ အလောင်းက လောင်းကြက်ရွာနားက လယ်ကွင်းမှာပေါ်တယ်” ဟု ပြောသည်။ မြောက်ဦးမြို့နယ်၊ ဆီသည် ကျေးရွာသားနှစ်ဦးမှာလည်း ဩဂုတ်လ ၃ ရက်က လေးမြို့မြစ်ကမ်းပါး ပြိုကျမှုကြောင့် ရေစီးနှင့်မျှောပါပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။
“ရေစီးကတအားသန်တော့ ကမ်းပါးကိုအရှိုန်ပြင်းပြင်းနဲ့ထောင်းတာ။ ကမ်းပါးပြိုကျလို့ နေအိမ်တွေနဲ့အတူ နှစ်ယောက် ရောပါပြီး သေဆုံးသွားတာ” ဟု ဆီသည်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသူများမှာ ဒီလူးကြီး (၅၀) နှစ်နှင့် ရူနာဘီ (၇) နှစ် တို့ဖြစ်ပြီး၊ ကမ်းပါးပြိုကျမှုကြောင့် ဆီသည်ကျေးရွာတွင် နေအိမ် ၂၄ ဆောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရ သည်။ ရေကြီးမှုအတွင်း နေအိမ်များအပါဝင် လယ်ယာများလည်း ရေလွှမ်းပျက်စီးသွား၍ အရေးပေါ်အကူအညီများပေးရန် ဒေသခံ မွတ်ဆလင်များက တောင်းဆိုနေကြသည်။“နေအိမ်ပျက်စီးသွားတဲ့သူတွေကို အုပ်ချုပ်သူတွေအနေနဲ့ နေထိုင်စရာတစ်ခုခု စီစဉ် ပေးစေချင်တယ်။ မဟုတ်ရင်တော်တော်ဒုက္ခရောက်ကြမှာ”ဟု ဆီသည်ကျေးရွာသား နောက်တစ်ဦးကပြောသည်။ ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် မြို့နယ်များတွင် ရေပြန်ကျသွားပြီ ဖြစ်သော် လည်း ရေဘေးသင့်ပြည်သူများမှာ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီး လိုအပ်နေကြသည်။ Read in Full
၃၀။ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းသည်အထိတိုက်မည်ဟု ရှစ်လေးလုံးနေ့မှာ BPLA တပ်မှူးမောင်ဆောင်းခ ပြော
August 5, 2024
ယခုလ ဩဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မည့် ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး အထိမ်းအမှတ်အဖြစ် တော်လှန်ရေးကတိကဝတ်ပြုရာတွင် ဗမာပြည်သူ့လွတ်လပ်ရေးတပ်တော် BPLA အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း သည်အထိ တိုက်ပွဲဝင်သွားမည်ဟု တပ်မှူးတစ်ဖြစ်ဦးဖြစ်သည့် မောင်ဆောင်းခက ပြောသည်။ BPLA က ထုတ်ဝေနေစော “ဗမာ သူပုန်” စာစဉ် ဩဂုတ်လထွက်တွင် တပ်မှူးမောင်ဆောင်းခက စစ်အာဏာရှင်များကိုအမြစ်ဖြတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ် ထွန်းရေးကတိကဝတ်ကို ပြုခဲ့ခြင်းဖြစ်သည်။ ” ဒီမျိုးဆက်မှာ စစ်အာဏာရှင်ကို အပြီးတိုင်အမြစ်ဖြတ်ပြီး ဒီမိုကရေစီ၊လူ့ရပိုင်ခွင့်နဲ့ လူမှုတရားမျှတမှုတို့ကို အာမခံတဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်း တဲ့အထိ လူထုနဲ့အတူ တော်လှန်ရေးအောင်ပွဲကို အရ ယူ နိုင်အောင် ကျနော်တို့ BPLA ကလည်း ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုပါတယ်။”ဟု ပြောသည်။ ယခု ဩဂုတ်လ ကျ ရောက်သည့် ရှစ်လေးလုံးလူထုအရေးတော်ပုံမှာ ၃၆ နှစ်ပြည့်မြောက်ဖြစ်ပြီး တပါတီအာဏာရှင်စနစ် ပြုတ်ကျရေးကို ဦးတည်ပြီး အစပြုရာကနေ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊စစ်အာဏာရှင်စနစ် ပပျောက်ရေးအထိတိုက်ပွဲဝင်ခဲ့ကြသည့်လှုပ်ရှားမှုဖြစ်သည်။
ခေတ်အဆက်ဆက် အာဏာရှင်စနစ်ပေါင်းစုံ၏ ဖိနှိပ်ချုပ်ချယ်မှုများကို မြန်မာပြည်သူလူထုသည် အသက်၊ သွေးချွေးနှင့် ဘဝများရင်းပြီး အရေးတော်ပုံအဆက်ဆက်မှသည် ယနေ့အချိန်ထိ တော်လှန်နေရဆဲဖြစ်၍ ရှစ်လေးလုံး အရေး တော်ပုံကို မမေ့သင့်ကြောင်း BPLA တပ်မှူး မောင်ဆောင်းခက ဆိုသည်။ ” ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံမှ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ အစိုးရဝန်ထမ်းနဲ့ လက်လုပ်လက်စားတွေ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ လူတန်းစားအလွှာပေါင်းစုံက အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံကို မမေ့မလျော့ အလေးအမြတ်ထားရမယ့် သမိုင်းစာမျက်နှာတစ်ခုဖြစ်ပါတယ်။ ” ဟု ပြောသည်။ တော်လှန်ရေးအဆက်ဆက်၊ လူထုအရေးတော်ပုံများ အဆက်ဆက်ကနေ တိုက်ပွဲဝင်စိတ်ဓာတ်ကို လက်ဆင့် ကမ်းလာခဲ့ပြီး သင်ခန်းစာယူစရာရှိသည်များကို သင်ခန်း စာယူရမည်ဟု မောင်ဆောင်းခက တိုက်တွန်းထားသည်။
၃၁။ လောင်းလုံးရဲစခန်းတွင် စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆုံး
August 4, 2024
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မရဲစခန်းမှာ စစ်ကောင်စီတပ်သားအချင်းအချင်း ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံး၊ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်သားနဲ့ရဲ အင်အား ၅၀ လောက်ရှိတဲ့ လောင်းလုံးမြို့မရဲစခန်းမှာ ဩဂုတ် ၃ ရက်နေ့ မနက် ၁၂ နာရီကျော်က စစ်ကောင်စီတပ်သား အချင်း ချင်းစကားများပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံး၊ ၇ ယောက် ဒဏ်ရာရရှိ ခဲ့တာပါ။ လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက “၂ ရက်နေ့ည ၃ ရက်နေ့မနက်က စစ်ခွေးအချင်းချင်း အုပ်စုလိုက်အပြန်အလှန်ပစ်ကြတာ။ သူတို့ကအော်ပြီး ဆဲဆိုနေကြရင်းကနေ ပစ်ခတ်မှုဖြစ်တာ။ ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရ တယ်လို့ စုံစမ်းသိရပါတယ်။ ပစ်ခတ်မှုပြီးတော့ ထိတဲ့သူတွေကို ဆေးရုံချက်ချင်းပို့တာ” လို့ ပြောပါတယ်။ ရဲစခန်းမှာနေတဲ့ စစ်ကောင်စီတပ်သားအချင်းချင်း မူးပြီးအော်ဟစ်ဆဲဆိုရင်းက ပစ်ခတ်မှု ဖြစ်သွားခဲ့တယ်လို့ လောင်းလုံမြို့ခံတယောက်ကလည်း ပြောပါတယ်။
“သူတို့မူးပြီး ပထမ အော်ဟစ်ဆဲဆိုကြတယ်။ ပြီးတော့ ပစ်ခတ်သံတွေ ကြားရပြီး လူနာတင်ကားတွေ ရောက်လာတာ ပဲ။ ကြားတာကတော့ လွန်ခဲ့တဲ့ရက်ကမှ အသစ်ရောက်လာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ရှိရင်းစွဲတပ်သားတွေနဲ့ မတည့်ဘူးလို့ ကြားတယ်။ အဲ့တာကြောင့် ဖြစ်မယ်ထင်တာ။ ညကပစ်ခတ်မှုမှာက ၃ ယောက်သေပြီး ၇ ယောက်ကနေ ၁၀ ယောက်လောက် ဒဏ်ရာရတယ်ကြားတယ်။ သေတဲ့ ၃ ယောက်က စစ်သားတွေချည်းပဲတဲ့။ ဒဏ်ရာရတဲ့သူထဲမှာတော့ ရဲတွေရော စစ်သားတွေ ရော ပါတယ်” လို့ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ ဒဏ်ရာရရှိတဲ့ ၇ ယောက်ကို ညတွင်းချင်း လူနာတင်ကားတွေနဲ့ ထားဝယ်ဆေးရုံဆီကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full
၃၂။ အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်ခံရမှုပေါင်း ၅၈၀၀ နီးပါးရှိလာ
August 6, 2024
အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်ကနိုင်ငံအနှံ့ကိုလေကြောင်း တိုက်ခိုက်အမှု အကြိမ်ရေ ၅၈၀၀ နီးပါးအထိ လုပ်ခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာ ဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က ဩဂုတ်လ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်ရေ ၁၅၀၀ ကျော် ရှိခဲ့ပြီး ဒါဟာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုရဲ့ ၂၆ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယအများဆုံး က ကယားပြည်နယ်ဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ် ၁၂၀၀ ကျော် ရှိခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းက မြို့နယ် ၃၃၀ အနက် ၁၄၇ မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက မြို့နယ် ၃၃ ခုနဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ၂၅ မြို့နယ်နဲ့ ဒုတိယအများဆုံး ဖြစ်ပါ တယ်။ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးရတဲ့ အရေအတွက်ကိုတော့ ISP Myanmar က ဖော်ပြထား တာ မရှိပါဘူး။ ဩဂုတ်လ ၄ ရက်နေ့တုန်းကတော့ ကာကွယ်ရေးတပ်ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ်က ကံတောင်နဲ့ နွယ်ရုံရွာ ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့လို့ အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။ Read in Full
၃၃။ ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်မှု ဒေသခံ ငါးဦးသေဆုံး၊ လေးဦးဒဏ်ရာရ
August 6, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံငါးဦးသေ ဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဩဂုတ်လ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီ လေတပ်က ကြဲချခဲ့တဲ့ ဗုံးတွေဟာ ကွတ်ခိုင်မြို့လယ်လမ်းဆုံ၊ ကွတ်ခိုင်မြို့မဈေးနဲ့ မြို့ထဲ ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားသုံးဦးနဲ့ မြို့လယ်ကဒေသခံနှစ်ဦး သေဆုံးသွားခဲ့တာလို့ TNLA ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။ ကွတ်ခိုင်ဒေသခံတစ်ဦးကလည်း နေ့လယ်ပိုင်းမှာ စစ်ကောင်စီ ကင်းထောက် လေယာဉ်တွေလာပြီးနောက် နာရီဝက်ကျော်အကြာမှာ ကွတ်ခိုင်ဈေးနဲ့ မီးပွိုင့်လမ်းဆုံနေရာတွေ ဗုံးကြဲတိုက်ခိုက်ခံရပြီး လူတွေ ထိခိုက်ခဲ့တာလို့ ပြောပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ပေါင်ငါးရာဗုံး ခုနစ်လုံးသုံးပြီး လေကြောင်းတိုက်ခိုက် တာလို့လည်း TNLA က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ သေဆုံးဒဏ်ရာရတာအပြင် နေအိမ် ငါးလုံးထက်မနည်း မီးလောင်ပျက် စီးသွားတယ်လို့ TNLA က ပြောပါတယ်။ ဒါ့အပြင် မြို့မဈေးထဲက ဆိုင်ခန်းတချို့လည်း မီးလောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကွတ်ခိုင်မြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ သိမ်းယူခဲ့တာဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့ဈေးကို စစ်ကောင်စီတပ် က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း TNLA က ပြောပါတယ်။ Read in Full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။