အတွေးအမြင်

ပဋိပက္ခတခုအား ဖြတ်ကျော်ခြင်း

သက်ထွန်း | အတွေးအမြင်

ပဋိပက္ခတခုအား ဖြတ်ကျော်ခြင်း

သက်ထွန်း | အတွေးအမြင်

လူ့အဖွဲ့အစည်းအတွင်းမှာ ပဋိပက္ခတွေဟာ ၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ နေရာ ဒေသ ၊အချိန်အခါမရွေး တည်ရှိနေ ပါတယ်။ ပဋိပက္ခလို့ဆိုရာမှာ သဘာဝတရားကြောင့်ဖြစ်ပေါ်လာတဲ့အကြောင်းနဲ့ လူသားခြင်းဖန်တီးလို့ ဖြစ်ပေါ် လာတဲ့ အကြောင်းတရားတွေကိုသာ ဆိုလိုပါတယ်၊ ဒီနေရာမှာလည်း လူတစ်ဦးခြင်းဆီမှာရှိနေတဲ့ (ပုဂ္ဂလိက သဘောဆောင်တဲ့)ပဋိပက္ခနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့သက်ဆိုင်နေတဲ့ ပဋိပက္ခဆိုပြီး ထပ်မံခွဲခြားဖို့လိုပါတယ်( ဒီမှာတော့ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်တဲ့သဘောကိုသာ ရည်ညွန်းလိုတယ်)။

ပဋိပက္ခဖြစ်ပေါ်ဖို့အတွက် ဘက်နှစ်ဘက်လိုပါတယ်၊ လူ့အဖွဲ့အစည်းအတွင်းတဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့၊ လူတန်းစား တစ်ရပ်နဲ့တစ်ရပ် မိမိတို့လိုလားသော၊ ဖြစ်လိုသော ရည်မျော်ချက်များနှင့်ပတ်သက်ပြီး အယူအဆ၊ အတွေးအခေါ်၊ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များ မတူကွဲပြားနေတဲ့အခါ ပဋိပက္ခဆိုတာဟာ ရှောင်လွဲမရဘဲ ဖြစ်ပေါ်လာလေ့ ရှိပါတယ်။

အရာရာဟာ တစ်သားတည်းကျနေခဲ့မယ်ဆိုခဲ့ရင် ပဋိပက္ခဆိုတာဟာ ဖြစ်ပေါ်လာနိုင်စရာ လုံးဝမရှိပါဘူး၊ဒါပေမယ့် လူသားရဲ့သဘာဝအရတော့ ဘယ်အခါမှ တထပ်တည်းကျမယ့်အယူအဆ၊ အတွေးအခေါ်၊ လုပ်ဆောင်ချက်မျိုး ဆိုတာ မရနိုင်ပါဘူး၊ အနီးစပ်ဆုံးဆိုတဲ့အခြေအနေမျိုးမှာသာ ရှိနိုင်ပါတယ်၊ ဒါဟာလည်း လူသားရဲ့ပင်ကိုယ်ရှိပြီး ဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဗီဇသဘောတွေကြောင့်ပါဘဲ၊ ဒီအပေါ်မှာတည်ပြီး လူတစ်ဦးခြင်း(သို့) လူ့အဖွဲ့အစည်းရဲ့ တောင့်တချက်၊ ရည်မျော်ချက်ဆိုတာတွေ ဖြစ်ပေါ်လာလို့ပါဘဲ။ ဒါဟာ သဘာဝ ကျပါတယ် ။

သို့သော်လည်း မိမိတို့ရဲ့လိုအင်ဆန္ဒကိုလိုအပ်ချက်ဆိုတဲ့ဟန်မျိုးနဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးနဲ့ဆန့်ကျင်ဘက် ရည်မျော်ချက်မျိုးကို လုပ်ဆောင်လာပြီဆိုရင်တော့ အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေမျိုးကိုရောက်သွားပြီ ဖြစ်ပါတယ်။ လူ့သမိုင်းတစ်လျောက်လူ့အဖွဲ့အစည်းအတွင်းဖြစ်ပေါ်လာခဲ့တဲ့ ပဋိပက္ခတွေကြောင့် ပြောင်းလဲမှု များစွာ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြောင်းလဲမှုတိုင်းဟာ တိုးတက်မှုကိုရှေ့ရှုပါသလား ။ ဒီမေးခွန်းဟာ လူ့အဖွဲ့အစည်းတစ်ခုလုံး အတွက် အလွန်ရေးကြီးပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ပဋိပက္ခဆိုတာဟာ အစပ်အဟပ်မတည့်သော အနေအထားများကို ပေါင်းစပ်ရန်ကြိုးစားရာမှ တဆင့်မြစ်ဖျားခံလာခြင်းကြောင့်ပါဘဲ ၊ ဒီအတွက်ပြောင်းလဲမှု တိုင်းဟာ တိုးတက်မူတိုင်းကိုရှေ့ရှုဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ တိုးတက်မှုကို ရှေ့ရှုတဲ့ ပြောင်းလဲမှုဆိုတာဟာ အသွင်သဏ္ဌာန်ရော အနှစ်သာရပါ လိုအပ်လှပါတယ်။ ဒီနေရာမှာ လူ့အဖွဲ့အစည်းအတွင်း အပေါ်ယံပြောင်းလဲမှုနဲ့ အနှစ်သာရပြောင်းလဲမှုဆိုပြီး နှစ်မျိုးရှိပါတယ်။ အပေါ်ယံပြောင်းလဲမှုဟာ သာမညဖြစ်ပြီး၊ အနှစ်သာရ ပြောင်းလဲမှုကသာ အဓိကကျပါတယ်။

မည်သည့်ခေတ်ကာလမျိုးမှာမဆို တည်ရှိနေသော လူ့အဖွဲ့အစည်းအတွင်း ညီညွတ်လျော်ကန် သင့်မြတ်မှုမရှိတဲ့ ဆန္ဒများနဲ့ထူထောင်ကြပြီဆိုရင်တော့ ဆန့်ကျင်ဘက်ရည်ရွယ်ချက်တွေ အားပြိုင်မှုကြောင့် ပေါက်ကွဲထွက် တတ်တာဟာ ဓမ္မတာပါဘဲ။ ဒါကို လူ့သမိုင်းစတင်ချိန်ကစပြီး ယနေ့ထက်တိုင် ကမ္ဘာကြီးမှာ ဖြစ်ပေါ်ခဲ့တဲ့ခေတ်၊ စနစ်တွေကို ပြန်လည်ကြည့်ရင် ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။

လူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်အေးချမ်းဖို့ ဆိုတာဟာ ကိုယ်ချမ်းသာမူ(ကာယိကသုခ)ရှိရုံနဲ့မပြီးမြောက်၊ စိတ်ချမ်းသာမှု(စေတသိကသုခ)ရှိဖို့လည်း လိုအပ်လှပါတယ်။ လူ့အဖွဲ့အစည်းအတွင်းရှိနေတဲ့ ပဋိပက္ခအပေါ် လောဘ၊ ဒေါသ၊ မာန်မာနတွေ ဦးဆောင်နေသမျှ ကာလပတ်လုံးဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ လူ့အဖွဲ့အစည်း တည်ငြိမ်မှုရှိတယ်ဆိုရာမှာ လူတစ်ဦးခြင်းရော၊ လူ့အဖွဲ့အစည်းအတွင်းမှာပါ ပဋိပက္ခသဘော လုံးဝမရှိဟု မဆိုလိုပါ၊ ရှိနေမှာပါဘဲ။ သို့သော် လူ့အဖွဲ့ အစည်းတစ်ခုလုံးအား ဆိုးကျိုးဖြစ်စေနိုင်သော ပဋိပက္ခမျိုးကိုသာ မဖြစ် ပေါ်စေဖို့ရာ အဓိကလိုရင်းဖြစ်ပါတယ်။

တကယ်တော့ လူ့အဖွဲ့အစည်းအတွင်းမှာ အသွင်သဏ္ဌာန်ပိုင်းရော၊ အနှစ်သာရပိုင်းပါ တည်ငြိမ်မှုရှိဖို့ လိုအပ်လှ ပါတယ်။ ကြုံတွေ့နေရတဲ့ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းပုံမှားယွင်းပါက အသွင်သဏ္ဌာန်ပိုင်းအားဖြင့် တည်ငြိမ် သယောင်ရှိနိုင်သော်လည်း အနှစ်သာရ(အတွင်းပိုင်း)မှာ အခြေအနေဟာ အလွန်ဆိုးရွားနေပါဘဲ။ ဥပမာအားဖြင့်တော့ အဲဒီလိုအခြေအနေမျိုးမှာ ရောက်နေတဲ့လူ့အဖွဲ့အစည်းဟာ မြုံနေတဲ့အနာတစ်ခုကို ပိုင်ဆိုင်ထားရသလို ဖြစ်နေမှာပါဘဲ။ (ပဋိပက္ခ)ဖြစ်ရခြင်းရဲ့ အခြေခံအကြောင်းတရားတွေကိုပစ်ပယ်လို့မရ ၊ အကြောင်းတရားကိုပယ်ပြီးစဉ်းစားနေသမျှတော့ ထွက်ပေါ်လာတဲ့ရလဒ်ဟာလည်း မှန်ကန်သင့်လျော်တဲ့ အကျိုးတရားဖြစ်မလာနိုင်ပါဘူး။

အကြောင်းတရားများစွာ ပေါင်းစုံပြီးဖြစ်ပေါ်လာတဲ့ ပြဿနာ(ပဋိပက္ခ) တရပ်ကိုဖြေရှင်းရာမှာ ယထာဘူတကျတဲ့ အကျိုးတရား(ကြောင်းကျိုးဆီလျော်တဲ့ရလဒ်)ကိုမှမရရင်တော့ ဖြေရှင်းခြင်းဆိုတာဟာ ဘာများအဓိပ္ပါယ်ရှိတော့ မှာလဲ။ ဒီနေရာမှာ လူ့အဖွဲ့အစည်းကိုရုပ်ပိုင်း၊ စိတ်ပိုင်းနှစ်ခုစလုံးအေးချမ်းတည်ငြိမ်စွာနဲ့ တိုးတက်တည်ရှိနိုင်ဖို့ရာ ဘယ်ဘက်ကိုမှအလေးပေး မဲတင်းလို့မရနိုင်ပါဘူး။ စိတ်ကူးသက်သက်ဝါဒ၊ သဘောတရားတွေနဲ့ပုံဖော်ရင်း (မကြာခဏ)ပြင်လိုက်၊ ဖျက်လိုက် လူ့အဖွဲ့အစည်းမျိုးဟာ တကယ်စစ်မှန်တဲ့ တိုးတက်မှုမျိုးကိုရရှိဖို့ မလွယ်ကူပါဘူး။

ဒါကြောင့် လူ့အဖွဲ့အစည်း တစ်ခုလုံးတိုးတက်၊ တည်ငြိမ်မှုဆိုတာ ရရှိဖို့ရာမှာ ရုပ်ဝတ္တုပိုင်း ဆိုင်ရာ တိုးတက်မှုသက်သက်(ရုပ်ဝတ္တုများ ဖြစ်ပေါ်တည်ရှိခြင်း )နဲ့မပြည့်စုံသလို ၊ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်၊ အေးချမ်းမှုသက်သက်(တွေးခေါ်မျှော်မြင်နိုင်ရုံ)နဲ့ မပြည့်စုံနိုင်ပါဘူး။ စိတ်နဲ့ရုပ်၊ တို့ရဲ့ဟန်ချက်ညီညီ ဖြစ်ပေါ် တိုးတက်မှုရမှသာ လူ့အဖွဲ့အစည်းအတွင်း စစ်မှန်တဲ့ တိုးတက်ငြိမ်းချမ်းမှုမျိုးကို ရနိုင်မယ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူ့အဖွဲ့အစည်းအတွင်း တည်ရှိနေတဲ့ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းပုံပေါ်မူတည်ပြီး တိုးတက်မှု (သို့မဟုတ်)ဆုတ်ယုတ်ပျက်ပြားမှုကို ရရှိမှာဖြစ်ပါတယ်။

ပဋိပက္ခတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ ပြောင်းလဲခြင်းကနေ တိုးတက်မှုဆိုတာကိုရရှိဖို့ရာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေကို(တကယ်ပြေလည်မှုရအောင်)အစစ်အမှန်ဖြေရှင်းခြင်းမျိုးမှသာ ရနိုင်ပါတယ်။ ဖြစ်ပေါ်လာသော ပဋိပက္ခအား ညီညွတ်မျှတစွာ ပေါင်းစည်း၍ မိတ်ဖက်ပဋိပက္ခအသွင်သို့ ပြောင်းလဲကာ တိုးတက်မှုဆီသို့ ရှေ့ရှုနိုင် ပါတယ်။ ပဋိပက္ခကိုလုံးဝဖြေရှင်းခြင်းမပြုဘဲ လှစ်လျူရှုထားခြင်း၊ အတုအယောင်ဖြေရှင်းခြင်း၊ (မှန်ကန်သော ပြေလည်မှုမရရှိနိုင်ဘဲ)ဖြေရှင်းသယောင်နှင့်ပြဿနာကို အချိန်ဆွဲဆန့်နေခြင်းမျိုးဟာ မူလရှိရင်းစွဲအခြေခံ အနေအထားထက် အခြားအကြောင်းအရာများပါ ထပ်ဆင့်လာပြီး ပိုမိုရှုပ်ထွေးလာတတ်ပါတယ် ။

ဖြေရှင်းသယောင်နဲ့ ပဋိပက္ခကို ပိုမိုရှုပ်ထွေးအောင် ပြုလုပ်နေခြင်း၊ ဒါမှမဟုတ် လှစ်လျူရှုထားခြင်းမျိုးတွေဟာ လူ့အဖွဲ့အစည်းအတွင်းဆုံးရှုံးနစ်နာမှုကို ဖြစ်စေတာမို့ မကိုင်စွဲသင့်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ကောင်းမွန်တဲ့ အကျိုးစီးပွားကို လိုလားတယ်ဆိုရင် ပဋိပက္ခမှန်သမျှကို မှန်မှန်ကန်ကန်ဖြေရှင်းကြဖို့ပါဘဲ။ ဘယ်ကာလမှာမဆို ပစ္စက္ခမှာ တည်ရှိနေတဲ့ ပဋိပက္ခကို မှန်ကန်စွာဖြေရှင်းနိုင်ခြင်း မရှိခဲ့ကြလို့ ကျိုးပေါက်ထွက်ပေါ်လာတဲ့ အခြေအနေကြောင့် ရလာတဲ့ ပြောင်းလဲမှုမှာ ပေးဆပ်လိုက်ရတဲ့အရာ (ဆုံးရှုံးရမှု၊ စတေးရမှု)တွေဟာ မခန့်မှန်းနိုင်လောက်အောင် ကြီးကျယ်ပါတယ်။

ဒါတွေကို လူ့သမိုင်းရဲ့ခေတ်တွေ၊ စနစ်တွေ၊ ပြောင်းလဲခဲ့တဲ့အဖြစ်အပျက်တွေအပေါ်မှာ တွက်ဆကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းအတွင်းတိုးတက်မှုကို ရရှိခဲ့တယ်ဆိုသော်လည်း ပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးဟာ ကြီးမား လွန်းလှပါတယ်(ထိုက်တန်ဆီလျော်တဲ့ရင်းနှီးပေးဆပ်မူမျိုးထက် သာလွန်တဲ့ အခြေအနေမျိုးဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စမျိုးတော့ မဟုတ်ပါဘူး)။

ဒီတော့ ရည်ရွယ်ချက်ကဘာလဲဆိုတာအရေးကြီးပါတယ်။ ပြောင်းလဲမှုကနေ တိုးတက်မှုကိုလိုချင်သလား။ ဆုတ်ယုတ်ပျက်ပြားမှုကို လိုချင်သလားဆိုတာ ဆန်းစစ်ရပါတော့မယ်။ တကယ်တော့ လူ့အဖွဲ့အစည်းအတွက် ဘယ်လိုပြောင်းလဲမှုမျိုးကိုမဆို၊ တိုးတက်ခြင်းကိုသာ ရှေ့ရှုသင့်ပါတယ်။ ဖြေရှင်းမှု မမှန်ကန်တဲ့ အခြေအနေမျိုး မှာတောင် (လူ့အဖွဲ့အစည်း)ဟာ ဆုံးရှုံးနစ်နာမှုရှိနိုင်တယ်ဆိုရင် လုံးဝလှစ်လျူရှုထားခြင်းအားဖြင့်ဆိုရင်တော့ အလွန်ဆိုးဝါးတဲ့ ဆုံးရှုံးမူမျိုးကိုသာ လက်ခံရမှာပါဘဲ၊ ဘာကြောင့်လည်းဆိုတော့ ဆန့်ကျင်ဘက်အခြေအနေဟာ အစွန်းနှစ်ဖက်ကိုရောက်သွားမှာမို့ပါဘဲ ။

ဒီနေရာမှာ အခြေခံအားဖြင့်တော့ ရည်ရွယ်ချက်ဟာ တူညီဖို့လိုအပ်ပါတယ်။ ပဋိပက္ခတစ်ရပ်ကို ဆုပ်ကိုင်ထားတဲ့ ဘက်နှစ်ဘက်ဟာ ဘယ်လိုအကြောင်းအရာပေါ်မှာ ရပ်တည်လိုတဲ့ဆန္ဒသဘောထားလဲ၊ ဘာဖြစ်ဖို့ရည်ရွယ်ချက် သလဲ။ ဘာကြောင့်လဲဆိုတော့ ရည်ရွယ်ချက်ဆိုတာဟာလည်း တူမယောင်နဲ့ကွဲနေတတ်တယ်၊ ဒီတော့ နှစ်ဦးနှစ်ဘက်ထားရှိတဲ့ ရည်ရွယ်ချက်ဟာ အဓိကကျနေပါတယ်။ ရည်ရွယ်ချက်ဟာ ကွဲပြားနေခဲ့ပြီဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ စေ့စပ်ညှိနိုင်းလို့မရပါဘူး၊ ရည်ရွယ်ချက်ဟာ တူညီနေခဲ့မယ်ဆိုရင်တော့ ပြဿနာကိုဖြေရှင်းဖို့ အောင်မြင်နိုင်ပါတယ်။

ဒါကြောင့် နှစ်ဘက်စလုံးဟာ(လူ့အဖွဲ့အစည်းအတွင်း)ပဋိပက္ခတစ်ခုဖြစ်ပေါ်နေခဲ့ပြီဆိုရင် တိုးတက်မှုကိုရှေ့ရှုဖို့ ရည်ရွယ်ချက်(ဒါမှမဟုတ်)အနည်းဆုံး ပဋိပက္ခကိုပြီးပျောက်စေလိုခြင်း ရည်ရွယ်ချက်တော့ရှိဖို့လိုပါတယ်။  အဲဒီနောက် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် မည်ကဲ့သို့မျော်လင့်ချက်များတာရှိတယ်ဆိုတာကို ပွင့်လင်းစွာ ပြောဆိုညှိနိုင်းပြီးတဲ့နောက်မှာ ရည်ရွယ်ချက်ခြင်း တူညီနေကြပြီဆိုရင်တော့ လုပ်ဆောင်ကြရမှာက ပဋိပက္ခ ကိုဖြေရှင်းကြဖို့ပါဘဲ။ ပဋိပက္ခကိုပြေလည်ရှင်းလင်းအောင်ပြုလုပ်မယ်ဆိုရင် ပထမဆုံးအနေနဲ့ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကိုဖြေရှင်းချင်တဲ့စိတ် ရှိရပါမယ်။ မရှိသေးရင်လည်း ရှိလာအောင်မွေးရပါမယ်။

ဘာကြောင့်လဲဆိုတော့ ဖြေရှင်းလိုစိတ်မရှိဘဲ ဖြေရှင်းမယ်ဆိုရင်တော့ ဆန့်ကျင်ဘက်စက်ဝိုင်းပတ် သံသရာအတွင်းမှာဘဲ လည်နေပါလိမ့်မယ်။ ဘယ်သောအခါမှ မပြီးဆုံး၊ မအောင်မြင်နိုင်ပါဘူး ။ ဒါကြောင့် ပဋိပက္ခ တစ်ရပ်ကို ဖြေရှင်းအောင်မြင်ချင်တယ်ဆိုရင် ပြဿနာကိုဖြေရှင်းလိုစိတ်ဟာ နံပါတ်တစ် အရေးအကြီးဆုံးအချက် ပါဘဲ။

ဒုတိယအနေနဲ့ကတော့ လက်တွေ့ဖြေရှင်းဆောင်ရွက်ခြင်းပါဘဲ ။ ပဋိပက္ခတစ်ရပ်ကို ရှုမြင်သုံးသပ်ရာမှာ ကြည့်ရှုပုံ ကြည့်ရှုနည်းကွဲလို့ အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ သို့သော် ရည်ရွယ်ချက်ပန်းတိုင်(တကယ်လိုအပ်ချက်)ကို ပြန်လှည့်ကြည့်ပြီး ညှိနိုင်းနိုင်ပါတယ်။

တစ်ခါတရံ ရည်ရွယ်ချက်ခြင်းတူရင်တောင်မှ အမြင်၊ သဘောထားခံယူချက်တွေ မတူကွဲပြားနေခဲ့ရင် ရပ်တည် လုပ်ဆောင်ချက်တွေ ကွဲပြားလာလို့ ပဋိပက္ခဆိုတာ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒါပေမဲ့ဒီအခြေအနေမျိုးဟာ နည်းဗျူဟာအဆင့်မှာသာ ရှိနေလို့အရေးမကြီးပါဘူး ၊ မဟာဗျူဟာ ကွဲပြားခြင်းမျိုးမဟုတ်လို့ ကွာဟမူနည်းပါး သွားမှာ ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ပဋိပက္ခကိုဖြေရှင်း အောင်မြင်လိုစိတ်နဲ့ ရည်ရွယ်ချက်တွေတူညီနေခဲ့ပြီဆိုရင် ကွဲပြားနေတဲ့ အမြင်တွေကို(အနီးစပ်ဆုံး) ထပ်တူကျအောင် ပြုပြင် လာနိုင်ပါလိမ့်မယ်။ ရည်ရွယ်ချက်ချင်းတူညီပြီး အမြင်ကွဲ နေမယ်ဆိုရင် ညှိနိုင်းရတာလွယ်ပါတယ်။ ရည်ရွယ်ချက်ကိုက ကွဲနေပြီဆိုရင်တော့ အမြင်ခြင်းတူဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ ပဋိပက္ခဆိုတဲ့မီးဟာလည်း ငြိမ်းမှာမဟုတ်တော့ဘူး ။ ရည်ရွယ်ချက်နဲ့ အမြင်ဆိုတာဟာလည်း အပြန်အလှန်တည်မှီနေပါတယ်။

တူညီတဲ့ရည်ရွယ်ချက်နဲ့အမြင်ကနေ ပဋိပက္ခကိုဖြေရှင်းမဲ့သဘောတရားတွေ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုသတိပြုရမှာတော့ ပဋိပက္ခကိုဖြေရှင်းရာမှာ သဘောတရားပိုင်းနဲ့ လက်တွေ့ပိုင်း ညီညွတ်မျှတစွာ ပေါင်းစပ်နိုင်ဖို့ လိုပါတယ်။ သဘောတရားနဲ့ လက်တွေ့နှစ်ပိုင်းလုံး အဟပ်တဲ့လို့ ဆောင်ရွက်သင့်တဲ့ကိစ္စ၊ ပြုဖွယ်ရှိတဲ့ကိစ္စတွေကို လုပ်ဆောင်ပြီးကြတဲ့အခါ ရလဒ်တစ်ခု ထွက်ပေါ်လာမယ်။ ဒီရလဒ်ဟာ ပဋိပက္ခ တစ်ခုလုံး ရှင်းလင်းသွားပြီလို့ မှတ်လို့မရသေးပါဘူး ။

တတိယအဆင့်အနေနဲ့ ပဋိပက္ခကို ဖြေရှင်းလို့ရလာတဲ့အကျိုး၊ အပြစ်၊ လုပ်ဆောင်ချက်ရဲ့ ရလဒ်အခြေ အနေကိုလည်း လက်ခံရဲရပါလိမ့်မယ်၊ လက်ခံရဲဖို့လည်း လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရှာဖွေဖော်ထုတ်လို့ ရလာတဲ့ အဖြေဟာ ဘယ်လိုအဖြေဘဲဖြစ်နေစေ(လူ့အဖွဲ့အစည်းအတွက် စစ်မှန်သော အကျိုးရလဒ်ရှိတယ်ဆိုရင် ပုဂ္ဂလိကဆန္ဒနဲ့ မကိုက်ညီပေမဲ့)၊ ပဋိပက္ခကိုအမှန်တကယ်ပြီးဆုံးပြေလည်စေချင်တဲ့ စေတနာရှိတယ်ဆိုရင်တော့ (နှစ်ဘက်စလုံး ဟာ)ဆိုးကျိုး၊ ကောင်းကျိုးအခြေအနေအားလုံးကို လက်ခံရဲရပါလိမ့်မယ်။

အကယ်၍ အဖက်ဖက်က အခြေအနေရဲ့တောင်းဆိုမူနဲ့ မလျှော်ညီတဲ့ဆန္ဒကိုအခြေပြုပြီး အသာစီးရလိုမှုကိုသာ ဆုပ်ကိုင်ထားမယ်(သို့တည်းမဟုတ်)ဖြစ်သင့်တဲ့ နိမ့်ပါးမှုမျိုးကို ကြုံတွေ့ရလို့ ဒါကိုငြင်းဆန်နေရင်တော့ ဘယ်လိုနည်းနဲ့မှ အဆင်ပြေမယ် မဟုတ်ပေဘူး။ သတိပြုသင့်တာကတော့ လိုအင်ဆန္ဒနဲ့ ပစ္စက္ခအခြေအနေဟာ သဟဇာတဖြစ်ဖို့လိုပါလိမ့်မယ်။ လိုလားချက်များကို အပေးအယူ၊ အလျော့အတင်းနဲ့ တရားမျှတစွာ တောင်းဆိုပြီး ပဋိပက္ခ ဖြေရှင်းလိုတဲ့စိတ်ဆန္ဒကို အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်။

ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာမဆို လူ့အဖွဲ့အစည်းမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပဋိပက္ခကနေ တိုးတက်မူကို ရှေ့ရှုတဲ့ စစ်မှန်သောပြေလည်မူကို လိုချင်တယ်ဆိုရင် အရင်ဆုံး အဲဒီအခြေအနေကို ဖြေရှင်းပြေလည်ချင်စိတ် မွေးမြူဆုပ်ကိုင်ပြီး ဒီစိတ်ကိုအခြေခံကာ(ဖြစ်လိုတဲ့ရည်ရွယ်ချက်အတိုင်း)ဖြစ်ပေါ်နေတဲ့ ပဋိပက္ခရဲ့အခြေခံအကြာင်းတရားကို တည့်မတ်စွာ ရှာဖွေကြည့်ဖို့လိုပါလိမ့်မယ်။ ဘက်ပေါင်းစုံက ရှုမြင်သုံးသပ်ပြီး ဆီလျှော်ညီညွတ်တဲ့ဖြေရှင်းမှုမျိုး(အကျိုးရလဒ်)တစ်ခုကို ရှာဖွေဖော်ထုတ်ကြရပါမယ်။ အဲဒီနောက်တော့ ရလာတဲ့အဖြေကို ရိုးသားရဲဝင့်စွာ လက်ခံလိုက်ကြဖို့ပါဘဲ။

ဒါကြောင့် လူ့အဖွဲ့အစည်းအတွင်း ဘယ်လိုအခြေအနေ၊ အချိန်အခါမျိုးမှာမဆို ပဋိပက္ခ တစ်ရပ်ကြုံလာတိုင်း (တူညီသောရည်ရွယ်ချက်များသာ ရှိသည်ဆိုပါက) ပဋိပက္ခကိုဖြေရှင်းလိုစိတ်၊ ပဋိပက္ခကိုဖြေရှင်းခြင်း၊ ဖြေရှင်း၍ ရလာသည့်အဖြေကို လက်ခံခြင်းဆိုတာတွေကို ပိုင်ပိုင်နိုင်နိုင် ထိတွေ့ဆုပ်ကိုင်နိုင်ဖို့ရာလိုအပ်လှပါတယ် ။ ဒါမှလည်း လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခတွေကနေ မူဆိုတဲ့ပြောင်းလဲခြင်းကိုရရှိနိုင်မှာပါ။ တိုးတက်ပဋိပက္ခ ဆိုတာကတော့ လူ့သမိုင်း(ကမ္ဘာမြေပေါ်၌ လူသားများ ရှင်သန်တည်ရှိနေသ၍)အမြဲဖြစ်ပေါ်နေဦးမှာပါဘဲ။ ဤသည်ကို ကျော်လွှားအောင်မြင်ရန်မှာ လူသားရဲ့အားမာန်နဲ့ အသိစိတ်ဓါတ်ပဲဖြစ်ပါတော့တယ်။

သက်ထွန်း

Related Articles

Back to top button