တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 59, July 23, 2024)

၁။  ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်
  July 23, 2024
စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန်ဟုဆိုကာ ပြန်လည်ဖမ်းဆီးထိန်းသိမ်းခဲ့သည့် သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန် ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားအကျဉ်း ထောင်ရှိ ဧည့်ရိပ်သာတွင် သုံးလကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် နေအိမ်သို့ပြန်လည်ရောက်ရှိနေပြီဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။“ဘာတစ်ခွန်းမှမပြောဘူး လွတ်ပြီဆိုတာပဲပြောပြီးလွတ်လိုက်တာမနေ့က။ ထောင်ထွက်ဖို့အတွက် လက်မှတ်လည်း ဧပြီလ ၁၇ ရက်နေ့မှာပေးထားပြီးသား။ အခုက မလိုတော့ဘူးဆိုတဲ့ သဘောမျိုးပေါ့ ပြန်လွတ်လိုက်ပြီပေါ့” ဟုဆိုသည်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန် ကို မြစ်ကြီးနားအကျဉ်းထောင်တွင် တစ်နှစ်နှင့်လေးလအကြာ ဖမ်းဆီးထောင်ချခဲ့ပြီးနောက် ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က ပြန်လွတ်ပေးခဲ့သော်လည်း ငြိမ်းချမ်းရေးအတွက်ဆွေး နွေးရန်ဟုဆိုကာ စစ်ကောင်စီက ညတွင်းချင်းပြန်လည် ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးရန်အကြောင်းပြကာ ပြန်လည်ဖမ်းဆီးထားခဲ့သည့် သုံးလကျော်အတွင်း တစ်စုံတစ်ရာမေးမြန်း၊ ဆွေးနွေးခြင်းမရှိဘဲ မြစ်ကြီးနားအကျဉ်းထောင် ဧည့်ရိပ်သာတွင်နေထိုင်ခိုင်းခဲ့ခြင်းဖြစ်သည်။ ဒေါက်တာ ခလမ်ဆမ်ဆွန် ကို ဖမ်းဆီးခံခဲ့ရစဉ်က မတရားအသင်းနှင့်ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) တို့ဖြင့်တရားစွဲဆိုကာ ထောင် ဒဏ် ၆ ချမှတ်ခဲ့သည်။ သိက္ခာတော် ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ အတွင်‌ရေးမှူး အဖြစ် ရှစ်နှစ်၊ ဥက္ကဋ္ဌအဖြစ် လေးနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖမ်းဆီးခံရချိန်တွင်အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ Read in Full

၂။ငပုအင်းရွာသစ်ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၃၀ ကျော်သေဆုံးမှုတွင်ကရင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စောမောင်ကြီး ပါဝင်

July 22, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာသစ်ဘုန်းကြီးကျောင်းကို ဇူလိုင်လ ၁၉ ရက်က စစ်ကောင်စီ၏ လေ ကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၀ ကျော်တွင် ကရင်ပြည်နယ်အခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စောမောင်ကြီး သေဆုံးခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် နိုင်ငံရေး /စစ်ရေး လုပ်ဖော်ကိုင်ဖက်များပြောဆိုချက်အရ သိရှိရသည်။“စောမောင်ကြီးအဖွဲ့က ဘုန်ကြီးကျောင်းမှာ ချက်ရေးပြုတ်ရေးလုပ်နေကြတာ ရွာသားတွေနဲ့  တော် လှန်ရေးအဖွဲ့တွေနဲ့ အတူတူ ပေါ့။ ဗုံးက ဆွမ်းစားဆောင်ပေါ်တည့်တည့်ကျတော့သေ ကြထိကြတာမှာ သူပါဆုံးပါးသွားတယ်။ ရဲဘော်တွေရော၊ မိသားစုတွေ ရော အစအနတွေပေါ့ ပြန်ရှာရ‌‌တာပေါ့။”ဟု စောမောင်ကြီး သေဆုံးမှုကို သိရှိသူစစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြော သည်။ သေဆုံးချိန်တွင် အသက် ၅၅ နှစ်ရှိ စောမောင်ကြီးသည် ကရင်ပြည် နယ်အတွင်း အရပ်သားဒေသခံ မြေ သိမ်း၊ ယာသိမ်း နစ်နာမှုပြဿနာများအား လူထုဘက်မှအစဉ်တစ်စိုက် တက်ကြွလှုပ်ရှား ဦးဆောင် သူတစ်ဦးဖြစ်သည်။ သူသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အခြေစိုက်ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီထူထောင်ပြီး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သေးသည်။

စောမောင်ကြီးမိတ်ဆွေတစ်ဦးက “သူက စစ်တပ်အာဏာသိမ်းတော့ ဖားအံမှာ ဆန္ဒထုတ်ဖော်တာတွေ လုပ်တယ်။ စစ်တပ်နဲ့ ရဲက ဖမ်းတာ၊ ပစ်ခတ်တာတွေလုပ်တော့ တော်လှန်ရေးနယ်မြေထဲရောက်လာပြီး လူငယ်တွေကို ကူညီနေတာ မျိုး / ရိက္ခာ ဖြည့်တင်းပေးတာမျိုး ထောက်/ပို့ကူညီနေတဲ့ အပိုင်းကနေ လုပ်ကူပေးနေသူပါ။ အခုလို ဖြစ်သွားတော့ အတော့်ကို စိတ်ထိ ခိုက်ရပါတယ်။ ဒီလိုသတင်း ကြားရတာ အဆင်မပြေပါဘူး ”ဟု ပြောသည်။ လက်ရှိတွင် သေဆုံးသူ စောမောင်ကြီးအား ရည်စူး ပြီး ဆွမ်းသွပ်အလှူအတန်း ပြုလုပ်ရန် လွတ်မြောက်နယ်မြေရောက် စစ်ရေး/နိုင်ငံရေး မိတ်ဆွေအစုအဖွဲ့များက ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိုက်မရောမြို့နယ် (ကရင်အမျိုး သားအ စည်းအရုံး-KNU တပ်မဟာ ၆ နယ်မြေ) ငပုအင်းကျောင်းသစ်၊ လွှစင်ကုန်းလမ်းဆုံနေရာ ၂ ခုအား ဗုံးကြီး ကျပေါက်ကွဲမှု ဖြစ်စဉ် ဒေသခံအရပ်သား ၂၀ ဦးခန့်နှင့် KNLA မဟာမိတ်ပူးပေါင်းတပ် စစ်ကြောင်းများဘက်မှ ၁၀ ဦးဝန်းကျင်ခန့် သေဆုံးခဲ့ ကြောင်း ခန့်မှန်းပြောဆိုကြသည်။ အဆိုပါ ဖြစ်စဉ်အတွင်း တက်ကြွလှုပ်ရှားသူ စောမောင်ကြီးအပါအဝင် ဝါဆိုသင်္ဃန်းကပ် အလှူလုပ်ရန်အတွက် ရောက်ရှိနေသော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်- DKBA ၉၀၃ တပ်ရင်းမှ တပ်ခွဲမှူး ကိုစေးလာ ၏ အမျိုးသမီးနှင့် ကလေးလည်း သေဆုံးခဲ့သည်ဟု စစ်မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။ 

၃။  ဟားခါး – ထန်တလန်မြို့ကြား စစ်ကောင်စီ တပ်စခန်း ၃ ခု သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရရှိ

July 22, 2024

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက စစ်ကောင်စီ၏ တပ်စခန်းသုံးခုကို တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNF/CNA) ပြောခွင့်ရ ဆလိုင်းထက်နီထံက သိရသည်။ ဇူလိုင်လ ၂၂ ရက်နေ့ မနက် အစောပိုင်းက ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သော ချင်းပြည်အစိုးရ လက်အောက်ရှိ ချင်းကာကွယ်ရေးပူးပေါင်း တပ်တို့က တိုက်ခိုက် သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။ ဟားခါးမြို့နှင့် ထန်တလန်မြို့မှ စစ်ကောင်စီတပ်ဖွဲ့များ အဆက်သွယ် ပြတ်တောက်ရန်အတွက် မြို့နှင့် မိုင် ၂၀ အကွာတွင်ရှိသည့် စစ်ကောင်စီ တပ်စခန်းလေးခုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စခန်းလေး ခုရှိသည့်အနက် စခန်းသုံးခုကို ချင်းပြည်အစိုးရ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က သိမ်းပိုက်ရရှိထားပြီး နယ်မြေ ရှင်းလင်းရေးတွင် လုပ်ဆောင်ကာ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲက ဖြစ်နေဆဲပါ။ စခန်းသိမ်း တိုက်ပွဲတွင်းစစ်ကောင်စီဘက်က လက်ခဲယမ်းတွေ သိမ်းဆည်းရမိသလို စစ်သုံ့ပန်း တွေကိုလည်း ဖမ်းဆီးမိတာရှိပါတယ်။ အဲ့ဒီ စခန်းတွေက စစ်ကောင်စီအတွက် ရိက္ခာလမ်းကြောင်းတွေ၊ ဆက်သွယ်ရေးလမ်း ကြောင်းတွေ၊ စစ်ရေးအရအရေးပါတဲ့ စခန်းတွေဖြစ်တယ်” ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောသည်။ တိုက်ပွဲတွင်း ဟားခါးအခြေစိုက် စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများ ပစ်ကူပေးသည့်အတွက် ချင်းကာကွယ်ရေးပူးပေါင်းတပ် က ရဲဘော်အချို့ ထိခိုက်မူရှိကြောင့် သိရသည်။ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ဟားခါးမြို့မရဲစခန်းကို CDF(ဟားခါး)မှ ဝင်ရောက် စီးနင်းပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦး သေဆုံးကာ သေနတ် ၂၂ သိမ်းဆည်းရပြီး အကျဥ်းသား ၆၀ ကျော် ကယ်ထုတ်နိုင်ခဲ့ သည်။ Read in Full

၄။  ညောင်ရွှေမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး ကလေး ၃ ဦးနဲ့ဘအမျိုးသမီး ၁ ဦးတို့ ထိခိုက် ဒဏ်ရာရ
 July 22, 2024

ရှမ်းတောင် ညောင်ရွှေမြို့နယ် စံကားကျေးရွာ အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီလက်နက်ကိုင် တော်လှန်ရေး အင်းအားစုတို့အကြား တိုက်ပွဲဖြစ်ပွါးနေပြီး ဒေသခံ ၄ ဦးထိခိုက် ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်မှာ တိုက်ပွဲစတင်ဖြစ်ပွားတာဖြစ်ပြီး ၂၁ ရက်နေ့မှာတော့ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက် ကြီးကြောင့် ထီကာကျေးရွာက ကလေး ၃ ဦး နဲ့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။ စံကားဒေသခံ အမျိုးသား တစ်ဦးက “ လက်ရှိ တော့ ငြိမ်နေတယ်။ တိုက်ပွဲက အရှေ့ကမ်းဘက်မှာ ဖြစ်တာ။ အနောက်ကမ်းမှာတော့ မဖြစ်ဘူး။ အနောက်ကမ်းဖက်ကို သူတို့က လက်နက်ကြီးနဲ့ ပစ်နေတာ။ ထီကာထိတဲ့ဟာဆိုရင်လည်း တိုက်ပွဲမဖြစ်ဘူး လက်နက်ကြီးကျတာ။ ရွာထဲလည်း စက်လှေပေး မဝင်ဘူး။ အဝင်လဲ အထွက်မပေးဘူး။ လက်နက်ကြီးနဲ့ပစ်နေတာ။ အရှေ့ကမ်းမှာ တိုက်ထားတော့ အရှေ့ကမ်းအနောက်ကမ်းက စက်လှေတွေလည်း ပေးမသွားဘူး” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိထားတဲ့ အမျိုးသမီးနဲ့ ကလေး ၃ ဦး ကတော့ တောင်ကြီးဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါ တယ်။ စံးကား၊ကုန်သာ၊ ဆည်ခေါင်းက ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ကြပြီး ဆယ်ခေါင်ရွာက နေအိမ် ၂ အိမ်၊ ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတို့လည်း ထိခိုက်ပျက်စီးသွားပါတယ်။ စံကား အနောက်ကမ်းက  စစ်ရှောင် အမျိုးသား တစ်ဦးက “ပြေးနေကြတယ်။ ကျနော်တောင် ညောင်ရွှေရောက်နေတယ်။ ကျနော်တို့ အနောက်ကမ်းက တိုက်ပွဲမဖြစ်ဘူး ရွာ အပေါ်ကနေ လက်နက်ကြီး ပစ်ထည့်တာ။ ကျနော်တို့ရွာထဲကို စစ်ရှောင်ပေးမဝင်စေချင်ကြဘူးထင်တယ်။ စက်လှေဖက်ကို လက်နက်ကြီးပစ်ပစ်ထည့်နေတာ။ ဘယ်လိုလုပ်မရလဲ အရမ်းဒုက္ခ ရောက်နေကြတာကို”လို့ ပြောပါတယ်။ စံကားအနောက် နောက်ကမ်းက ထီကာ၊မြို့ဟောင်းက ဒေသခံတစ်ချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။ ထီကာ၊ လုံစံ၊ စံကားလေဆိပ်၊ မြို့ဟောင်း၊ ဘုရားတောင်၊ ရေပူ၊ နမ်းဗွန်၊ဆည်းခေါင်း စတဲ့ ကျေးရွာတွေဖက်မှာလည်း  လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး နေအိမ်ထိခိုက် ပျက်စီးမှုတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full

၅။ ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးကိုဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
 July 22, 2024

တနင်္သာရီတိုင်း ပုလောမြို့နယ် (၅)မိုင်ရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား(၂)ဦးကို ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပုလောဒေသကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ အင်အား(၅၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ် ဖွဲ့က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁၀)ရက်နေ့တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၅)ဦးသေပြီး (၂)ဦးကို အရှင်ဖမ်းဆီး ရမိသည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ (၆၀)မမ စိန်ပြောင်း၊ MA-7 တစ်လက်၊ (၆၀)မမ အသီး(၃)လုံး၊ MA-1 တစ်လက်၊ MA-2 (၂)လက်၊ MA-3 (၃)လက်၊ MA-5 ပစ္စတိုတစ်လက်၊ အီနာဂါတစ်လုံး၊ လက်ပစ်ဗုံး (၆)လုံး၊ MA-14 ခြေနင်းမိုင်း (၃)လုံး၊ MA ကျည်ဘောက် (၂၇)ခု၊ MA-2 ကျည်ဘောက်အဝိုင်း တစ်ခု၊ ကျည်ဆံ (၂၄၁၂)တောင့်၊ စစ်ဦးထုပ် (၆)လုံး၊ စကား ပြောစက်အသေးတစ်လုံး၊ ဖုန်း (၄)လုံး၊ ကျည်ကာ (၅)ခုနှင့် အီကွဲမင့်(၅)ခုတို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ (PRDF)နှင့် ပြည့်သူကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း ၁ (PPDF)တို့ ပူးပေါင်းတိုက်ခိုက်ပြီး ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း(၇) တပ်ခွဲ (၅) က စစ်ကူပေးခဲ့သည်ဟု သိရသည်။ ပုလောမြို့နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်၊ စစ်ကောင်စီတပ်၏ ယာဥ်တန်းနောက် ကပ်မလိုက်ရန်၊ ဗုံးခိုကျင်းများ တူးထားရန်နှင့် ဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန် ချက်များကို လေးစားလိုက်နာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။ Read in Full

၆။ ခမီလူမျိုး ၇ ဦးကို စစ်ကောင်စီ လက်နက် တပ်ဆင်ပေးထားသည့် အကြမ်းဖက်အဖွဲ့က  သတ်ဖြတ်သွား
 July 22, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုး ပြည်သူ ခုနစ်ဦးအား စစ်ကောင်စီက အကြမ်းဖက်သင်တန်းပေးကာ လက်နက် တပ်ဆင်ပေး ထားသည့် မူဆလင်အစွန်းရောက် လက်နက်ကိုင်များက အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း အာရက္ခတပ်တော်  (AA) က ထုတ်ပြန်ထားသည်။ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင် ကြသော ခမီလူမျိုး ခုနစ် ဦးတို့သည်  ဇူလိုင် ၁၈ ရက်နေ့၊ နံနက် ၁၁ နာရီခန့်က  မျှစ်သွားချိုးရန် ထွက်ခွာသွားရာ ၁ ရက်ကြာမြင့်သည်အထိ ၎င်းတို့၏ နေအိမ်များ အသီးသီးသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိ သောကြောင့်  ဇူလိုင် ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ၎င်းတို့၏ မိသားစုဝင်များက အာရက္ခတပ်တော်ထံ သတင်းပို့လာ ကြောင်း သိရသည်။ ထိုသို့ သတင်းပို့လာ၍ လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် ဂန္ဓာရီရွာသားများ စုပေါင်းကာ ၎င်းတို့သွားရောက်နိုင်မည့် နေရာများနှင့် အနီးအနားရှိ ကျေးရွာများကို လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။ လိုက်လံရှာဖွေစဉ် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခံထား ရသည့်  ဦးဦးလှထွန်း၊ ဦးကျော်လှ နှင့် ဦးမောင်ထွန်းတို့ သုံး ဦး၏ ရုပ်အလောင်းများကို ဇူလိုင် ၁၉ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ထို့အတူ အခြား လေးယောက် ဖြစ်ကြသော ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နှင့် ဦးကြာထွန်းဦးတို့ကို ဇူလိုင် ၂၀ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင်  ဓားဒဏ်ရာများနှင့် သေဆုံး နေသည်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း  AA က ဆိုသည်။ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင်နေထိုင်ကြသော အပြစ်မဲ့ပြည်သူ ခမီလူမျိုး ခုနစ်ဦးတို့မှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသူများဖြစ်ပြီး ဝမ်းရေးအတွက် ဟင်းရှာ သွားစဉ် စစ်ကောင်စီက အကြမ်း ဖက်သင်တန်း ပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်များ၏ ရက်ရက်စက်စက် အကြမ်း ဖက်သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်‌ကြောင်း ထုတ်ပြန်ချက်အရ  သိရသည်။ စစ်ကောင်စီသည်  ဘူးသီးတောင်နှင့် မောင်တောဒေသ တွင် မူဆလင်များကို အကြမ်း ဖက် သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးခြင်းများကို ဆက်တိုက် ပြုလုပ်ပေးခဲ့ပြီး နောက်ပိုင်းတွင် အရပ်သားပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ ပြည်သူများသွားလာသည့်လမ်းများတွင် မိုင်းထောင်ခြင်း၊ ရပ်ရွာအချို့ကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူပိုင်အိမ်များကို ဖောက်ထွင်းလုယက်ခြင်း၊ ခြိမ်းခြောက် စာကပ် ခြင်းများကို ဆက်တိုက်ပြုလုပ်လာသည်။ Read in Full

၇။    ဝူယန်စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်ကူညီထောက်ပံ့ မှုလိုအပ်နေ
 July 22, 2024

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဒိန်ဂျာယန်ကျေးရွာ စစ်ရှောင်စခန်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတစ်ဦးက ပြောပါတယ်။ စစ်ရေးအခြေနေကြောင့် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဝူယန်စစ်ရှောင်တွေဟာ အိမ်ခြေ ၂၀ ရှိတဲ့ အထဲကနေ  မသန်စွမ်း ၁၅ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။ မသန်စွမ်းထဲမှာ ကိုယ်လက်အင်္ဂါ ၊ အမြင် အာရုံနဲ့အကြားအာရုံချို့တဲ့သူတွေအပြင် မွေးရာပါ ပိုလီယိုရောဂါဖြစ်သူတွေလည်းပါဝင်တယ်လို့သိရပြီး သာမန်လူတွေလို အလုပ် လုပ်ကိုင်နိုင်ဖို့ ခက်ခဲနေတာကြောင့် အစားသောက်ပြတ်လပ် အာဟာရချိုု့တဲ့သူတွေများလာနေတယ်လို့ သိရပါတယ်။  ဒါကြောင့် မသန်စွမ်းတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဆေးနဲ့အာဟာရပြည့်ဝတဲ့ အစားအစာကူညီထောက်ပံ့ဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။“ဒီမှာတော့ ထမင်းတောင်မနည်း စားနေရတဲ့အတွက်  တခါတလေ ဆန်ပြုတ်တောင် ပြုတ်သောက်ရတဲ့အထိဆိုတော့ အဓိကတော့ သူတို့အတွက် အာဟာပြည့်ဝတဲ့ အစားအသောက်အကူအညီ တွေလိုအပ်နေတာပေါ့ လမ်းခရီးလည်း ခက်ခဲတော့”လို့ဆိုပါတယ်။ ဝူယန်စစ်ရှောင်စခန်းမှာ နေထိုင်သူတွေဟာ အများစုဟာ ဝူယန်ကျေးရွာကဖြစ်ပြီး လမြန်၊ခကွမ်ကျေးရွာဒေသခံတွေလည်း အနည်းအကျဉ်းပါဝင်တယ်လို့ သိရပါတယ်။

ဝူယန်ပြည်သူတစ်ချို့ထွက်ပြေးခိုလှုံနေတဲ့ ဒိန်ဂျာကျေးရွာဟာ ဝါးရှောင်ရွာကနေ ဆိုင်ကယ်နဲ့ ၁ နာရီကျော်သွားရတဲ့ နေရာမှာရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်တဲ့အပြင် ဝိုင်းမော်ကနေ– ဝါးရှောင်အထိ စစ်ရေးအခြေနေအရ သွားလာဖို့လည်း ခက်ခဲတာကြောင့် ကူညီထောက်ပံ့မှုရဖို့လည်း ခက်ခဲနေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း စစ်ရှောင်စခန်းက ပြည်သူတွေ စစ်ဘေးစရှောင်ချိန်သယ်ယူလာတဲ့ စားနပ်ရိက္ခာတွေလည်း ပြတ်လတ်လာပြီလို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။“ဖြစ်နိုင်ရင်တော့ ငွေကြေးထောက်ပံမှု အကူအညီရချင်တာပေါ့။ ဘာလို့ဆိုတော့ တစ်ချို့က ဆန်ဝယ်စားဖို့မရှိ တစ်ချို့ကတော့ ဆေးဝယ်သောက်ဖို့မရှိ တချို့ကြပြန်တော့လည်း ဆန်နဲ့ငွေကြေးတို့ချေးဌားပြီး အရင်ဖြေရှင်းထားတဲ့သူတွေရှိတော့”လို့ ဆိုပါ တယ်။ ကချင်ပြည်နယ်နေရာအနှံ့ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်ရေဘေးသင့်ပြီး ကျောင်းဆောင်တွေများစွာ ထိခိုက်ပျက်စီး သွားတာကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေလည်းများစွာရှိပြီး အဲဒီထဲမှာ ဒိန်ဂျာယန်ကျေးရွာက စာသင်ကျောင်းလည်း ပါဝင် တယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။ လက်ရှိ ဒိန်ဂျန်ယန်ရွာမှာ ကျောင်းပိတ်ထားတာကြောင့် စစ်ရှောင်တွေဟာ ကလေး သူငယ်တွေရဲ့ပညာရေးအတွက် ဒိန်ဂျာယန်ကျေးရွာကနေ လဘန်ကျေးရွာဘက်ကို ထပ်ပြီးပြောင်းရွေ့နေထိုင်ဖို့ ပြင်ဆင်နေ တယ်လို့ သိရပါတယ်။ Read in Full

၈။  ရပ်စောက်တွင် ရှမ်းနှစ်တပ် တိုက်ပွဲဖြစ်ပြီး SSPP တပ်သား ၅ ဦးဖမ်းဆီးရမိဟု RCSS ထုတ်ပြန်
July 22, 2024

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုး တက် ရေးပါတီ (SSPP)တို့  ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့က တိုက်ပွဲဖြစ်ပြီး SSPP တပ်သား(၅)ဦးကို ဖမ်းဆီးရမိကြောင်း RCSSက ရှမ်းဘာသာဖြင့် ထုတ်ပြန်သည်။ ဇူလိုင်လ (၂၁)ရက်နေ့ ညပိုင်းတွင် မိုင်းပျဉ်း၊ ရပ်စောက်ဘက်၌ SSPP စစ်ကြောင်းကို RCSS က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း SSPP တပ်သား(၅)ဦးကို သေနတ်(၉)လက်နှင့်အတူ ဖမ်းမိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း SSPP တပ်သားတချို့သည် ရှမ်းလူမျိုးအချင်းချင်း ပြန်လည်တိုက်ခိုက်လိုခြင်းမရှိသဖြင့် RCSS ထံ အလင်းဝင်သည့် တပ်သားတချို့လည်းရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇူလိုင် လ (၁၆)ရက် နေ့က ရပ်စောက်မြို့နယ်အတွင်း SSPP တပ်နှင့် RCSS တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကိုလည်း SSPP က ထုတ်ပြန်ခဲ့ကာ SSPP တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း TNLA နှင့် စစ်ရေးကိစ္စများကြောင့် ဖြေရှင်းထားရသည်။ 

၉။ ကျွန်းစုမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဝါရစ်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်မီးရှို့
 July 22, 2024

ကျွန်းစုမြို့နယ်ကနေ တနင်္သာရီမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဝါရစ်ရွာအနီးတဝိုက်မှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ် ကြောင်း (၂) ဆီက သိရပါတယ်။ ကျွန်းစုမြို့နယ်က စစ်ကောင်စီတပ်သားတွေဟာ ကျွန်းစုမြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့  တနင်္သာရီမြို့နယ်ထဲက လယ်သစ်ရွာကို ဦးတည်ပြီး လမ်းကြောင်းနှစ်ခုကနေ စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ မြေပြင်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာကနေတဆင့် ကျောက်ပုဇွန်တောင်လမ်းကြောင်းကို အသုံးပြုပြီး စစ်ကြောင်းထိုးနေသလို သပြေပင်ရွာ၊ သထာရွာ၊ ဝါရစ်ရွာလမ်းကြောင်းကို အသုံးပြုပြီးလည်း စစ်ကြောင်းထိုးနေတယ်လို့ စစ်ကြောင်း (၂) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီနေ့ နေ့ခင်း ၂ နာရီဝန်းကျင်မှာ သပြေပင်ရွာ၊ သထာရွာ ဘက်ကနေ ပင်လယ်ကမ်းစပ်လမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၆၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ဝါရစ်ရွာ အနီးဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ဆိုပါတယ်။

“စစ်ကောင်စီဘက်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး လယ်သစ်ဘက်ကိုဆက်တိုးနေပါတယ်။ ဝါရစ်ဘက်ကစစ်ကြောင်း ကို ကျနော်တို့ဖြတ်ချတာပါ။ မိုင်းသုံးလုံးဆွဲတာ နှစ်လုံးထိတယ်” လို့ ကိုမျိုးကြီးက ပြောပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးထိခိုက်ခဲ့ပြီးနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်လေးဆယ်ဝန်းကျင်ခန့် ဖြစ်ပွားခဲ့တယ်လို့ စစ်ကြောင်း (၂)ပြန်ကြားရေးတာဝန်ခံနဲ့ မြေပြင်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ မိုင်းဆွဲ တိုက်ခိုက်မှုမခံရခင်မှာ ဝါရစ်ရွာထဲက နေအိမ်တွေကို မွှေနှောက်ပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့လည်း မြေပြင် ပြည်သူ့ ကာကွယ်ရေးရဲဘော်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။ “ ရွာမှာ မပြေးသေးဘဲ ကျန်နေတဲ့ ရွာသားတွေကိုအကုန် အိမ်ထဲ ကနေထွက်လာခိုင်းတယ်ဗျ။ ပြီးတော့ပစ်သတ်လိုက်မယ်တို့၊ ရွာမှာတိုက်ပွဲဖြစ်ရင်တစ်ရွာလုံးမီးရှို့ပစ်မယ်တို့ပြောပြီး ခြိမ်းခြောက် တယ်ဗျ။ နောက်ပြီး ရွာထဲကနေထွက်သွားခိုင်းတယ်”လို့ ဝါရစ်ရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။ ဝါရစ်ရွာဒေသခံ တွေ ရွာထဲကထွက်လာချိန်မှာပဲ စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကို ဖောက်ထွင်းတာ၊ ပစ္စည်းတွေကို ဖျက်ဆီးတာတွေ ကို စတင်လုပ်ဆောင်ခဲ့တယ်လို့ ဝါရစ်ရွာခံတွေက ပြောပါတယ်။ Read in Full

၁၀။ ဒီးမော့ဆို၊ အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ ဆန်ပြတ်လပ်နေ
 July 22, 2024

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကန်သာယာ စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူတွေ ဆန်ပြတ် လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်စခန်းရဲ့ ကော်မတီဝင်တစ်ဦး က ပြောပြပါတယ်။ ” အမြဲတမ်း မရှိမဖြစ်တဲ့ အစားအစာ ကိုနော်။ ဘယ်လိုလုပ်ရမလဲဆိုတော့ နည်းနည်းခက်ခဲတာပေါ့ စားနပ်ရိက္ခာလိုအပ်သလို ဆေးဖိုးလည်းလိုအပ်တယ်။ ဒီမှာက နာတာရှည်များတယ်။ အသက်ရှုကြပ်တာ တစ်ယောက်နှစ်ယောက်လည်းရှိတယ်။ ဆေးဝါးအမြဲတမ်းသုံးဖို့ လိုတာတွေများတာ ပေါ့ ပြီးတော့ ဆီးချို၊ သွေးချိုသမားတွေလည်းရှိတယ်။ မသန်စွမ်းတွေလည်းများတဲ့ခါကြတော့ ငွေရေးကြေးရေးက တကယ်လို အပ်တယ်။”လို့ စစ်ရှောင်စခန်းကော်မတီဝင် တစ်ဦးကဆိုပါတယ်။ အဆိုပါစစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့ မတ်လ အတွင်းကစပြီး ဆန်ရိက္ခာတွေ မလုံလောက်မှုနဲ့ စတင်ကြုံတွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရှောင် အိမ်ခြေ ၄၄ အိမ်ရှိပြီး အဓိကအားဖြင့် ဆန်၊ ဆီ၊ ဆားတွေ လိုအပ်နေတယ်လို့လည်း သူက ဆိုထားပါတယ်။

” အစားအစာကြတော့တစ်ရက်ကို နေ့လည်စာရှောင်ပြီး နှစ်နှပ်လောက်ဘဲစားကြတယ်။ စစ်ရှောင်မှာရှိတဲ့ လူအကုန်က လည်း အဲ့လိုဘဲစားကြတယ်။ ကျနော်တို့ မိသားစုဝင်က ဆယ်ယောက်ရှိတယ်။ ညနေပိုင်းကြတော့ မစားလို့မရဘူးလေ ထမင်း ပြဲ  ပြဲနဲ့ဘဲစားကြရတာပေါ့။ ဆန်ပြုတ်ပြောလို့လည်း မကောင်းဘူးပေါ့။ နည်းနည်းပြဲအောင်တော့ ချက်စားရတာပေါ့။”လို့  စစ်ရှောင် အမျိုးသားတစ်ဦးကပြောပါတယ်။ ကန်သာယာစစ်ဘေးရှောင်စခန်းဟာ ဒီးမော့ဆို၊ ထူလွီးဘီလာ၊ လောစီ၊ ဘောလခဲ၊ နာနတ်တော စတဲ့ နေရာအသီးသီးက စစ်ဘေးရှောင်တွေ လာရောက်နေထိုင်ကြတာဖြစ်ပြီး အိမ်ခြေ ၄၄ အိမ် နဲ့ လူဦးရေ ၁၈၀ ကျော်ရှိနေပါတယ်။ Read in Full

၁၁။ သံတွဲရေတပ်ကို AA တိုက်ခိုက်၊ ရေတပ်မကျဖို့ စစ်ကောင်စီ အင်အားဖြည့်တင်း
 July 22, 2024

ရခိုင်ပြည်၊ သံတွဲမြို့နယ်အခြေစိုက် မောင်ရွှေလေးရေတပ်စခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက လည်း ရေကြောင်းကနေ အင်အားဖြည့်တင်းကာ ခုခံနေကြောင်း သိရသည်။ မောင်ရွှေလေး ရေတပ်စခန်းကို AA က ဇူလိုင်လ ၂၀ ရက်နေ့က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ချို့ သေဆုံးမှုရှိခဲ့ကြောင်း စစ်ရေး သတင်း ရင်းမြစ်များက ပြောသည်။ သံတွဲဒေသခံတစ်ဦးက “အာရက္ခတပ်တော်က ဇူလိုင်လ ၂၀ ရက်နေ့ကတည်းက မောင်ရွှေလေး ရေတပ်ထဲကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိတယ်လို့ သိရတယ်။ ရေတပ်တိုက်ခိုက်ခံနေရတာကြောင့်  စစ်ကောင်စီက တပ်အနီးပတ်ဝန်ကျင်တွေကို လေကြောင်းကနေ ဗုံကြဲတိုက် ခိုက်နေတယ်”ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ မောင်ရွေလေးရေတပ် တိုက်ခိုက်ခံရပြီးနောက် ရေတပ်အနီးရှိ ကျွဲသောက် ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီ၏ ခမရ(၅၆၆) တပ်ရင်းနှင့် ခလရ(၅၅) တပ်ရင်းတို့ကို အာရက္ခတပ်တော်က သိမ်း ပိုက်ထားပြီး မောင်ရွှေလေးရေတပ်တစ်ခုတည်းသာ ကျန်ရှိတော့ခြင်းဖြစ်သည်။ မောင်ရွှေလေးရေတပ်မကျဆုံးရန် စစ်ကောင်စီ က ဂျိတ္တောကျေးရွာနှင့် ဇလွန်ကျေးရွာတွင် ခံတပ်ပြင်ဆင်ထားပြီး ရေကြောင်းကနေ စစ်အင်အား ဖြည့်တင်းမှုများရှိနေသည် ကြောင်း နောက်ထပ် သံတွဲဒေသခံတစ်ဦးက ပြောသည်။“စစ်ကောင်စီက လက်ကျန်တပ်ရင်းတစ်ခုဖြစ်တဲ့ မောင်ရွှေလေး ရေတပ်မကျဖို့ကို ဂျိတ္တောနှင့် ဇလွန်ကျေးရွာတို့မှာ ရေကြောင်းကနေ အင်အားတိုးပြီးတော့ ခံစစ်ပြင်နေတာတွေရှိတယ်။ ဂျိတ္တော ကျေးရွာမှာလည်း စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဖက်က အကျအဆုံးတွေ ရှိတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။ သံတွဲမြို့နယ်အတွင်း နေရပ်စွန်ခွာဒေသခံပေါင်း ၆ သောင်းနီးပါးရှိလာပြီး ဆေးဝါးနှင့် စားသောက်ကုန်များ ပြတ်လပ်နေ၍ အရေးပေါ်အကူအညီများ လိုအပ်နေသည်။ Read in Full

၁၂။ သိမ်ဇရပ်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးပစ်လို့ အရပ်သားတစ်ဦးသေဆုံး နှစ်ဦး ဒဏ်ရာရ
 July 23, 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ သိမ်ဇရပ်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သိမ်ဇရပ် ရဲစခန်း ကို ဇူလိုင် ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ တွေက လက်နက်ကြီးခုနှစ်လုံးထက် မနည်း လာရောက်ပစ်ခတ်တိုက်ခိုက်သွားတာပါ။ အဲဒီတိုက်ခိုက်မှုပြီးနောက် တော်လှန် ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ပြန် လည်ဆုတ်ခွာစဉ် သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ ပါတယ်။ သိမ်ဇရပ်အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက် ကြီးကျည်တွေဟာ သိမ်ဇရပ်မြို့ ရွာလေးရပ်ကွက်ထဲ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၃၀ ကျော်အရွယ် ဒေသခံကိုလင်းစစ်သူ သေဆုံးပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။ လက်နက်ကြီးထိမှန် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေကတော့ လူမှုကယ်ဆယ်ရေးအဖွဲ့အကူအညီနဲ့ သိမ်ဇရပ်ဆေးရုံထံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သိမ်ဇရပ်ရဲစခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုနဲ့ အဆောက်အဦး ပျက် စီးမှု အခြေအနေအသေးစိတ် မသိရသေးပါဘူး။ နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ဇူလိုင် ဒုတိယအပတ်ကစပြီး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ အတွက် တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပါတယ်။ လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း မွန်ပြည်နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၇၂ ဦး သေဆုံးပြီး ၁၃၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ Read in Full

၁၃။ လိုင်လင်းပီမြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်မည်ဟု MDF/ MTC ထုတ်ပြန်
 July 23, 2024

ချင်းပြည်နယ်၊ မရာဒေသ၊ လိုင်လင်းပီမြို့ကို မရာပဋိညာဉ်ပြဌာန်းချက်နှင့်အညီ မြို့ခံလူထုနှင့် ပူးပေါင်းပြီး မြို့စီမံအုပ် ချုပ်ရေးလုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC ကပြော  သည်။  လိုင်လင်းပီမြို့ကို မရာပဋိညာဉ်အခန်း ၆ ၊ ကြားကာလအုပ်ချုပ်ရေး၊ ပုဒ်မ ၄၃ ပါ ပြဌာန်းချက်နှင့်အညီ ပြည်သူ လူထုနှင့် ပူးပေါင်း ၍ လိုင်လင်းပီမြို့ စီမံအုပ်ချုပ်ရေး ကော်မတီကို အမြန်ဆုံးဖွဲ့စည်းကာ မြို့အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၂ ရက်က MDF က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ “လိုင်လင်းပီမြို့ အုပ်ချုပ်ရေးပုံစံကို Mara charter မှာ ဖော်ပြထားတဲ့အတိုင်းပဲ  မြို့နေလူထုတွေနဲ့ ပူးပေါင်း အကောင်ထည်ဖော် လုပ်ဆောင်သွားပါမယ်။ အရင်က မြို့အုပ်ချုပ်ရေး လုပ် ငန်းတွေ ဆောင်ရွက်ထားမှု မရှိသေးတော့ အခုမှ စတင်ဆောင်ရွက်တဲ့ သဘောပါ”ဟု MDF အတွင်းရေးမှူး ကိုဓူဝံက ပြောသည်။

မတူပီမြို့နယ် လိုင်းလင်ပီမြို့သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန် ရေးတပ်ပေါင်းစုတို့က ပြီးခဲ့သည့်နှစ်ကုန် ပိုင်းက တိုက် ခိုက်သိမ်းပိုက်ခဲ့ကြပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် CDF – Mara ပူးပေါင်းတပ်တို့က ထိန်းချုပ်ထားခဲ့ ကြသည်။ ထိုကဲ့သို့ထိန်းချုပ်ပြီး ၈ လနီးပါးအကြားတွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF/ MTC) က အာရက္ခတပ်တော် (ULA/AA) အကူအညီဖြင့် ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ကာ မြို့ စီမံအုပ်ချုပ်ရေး လုပ်ငန်းများကိုအကောင်အထည်  ဖော်ဆောင် ရန်ပြင်ဆင်လာခြင်းဖြစ်သည်။ တစ်ဖက်တွင် လိုင်လင်းပီမြို့မှာ CDF – Mara အဖွဲ့၏ ဦးဆောင်မှုဖြင့် ကြားကာလ မရာနယ်ကောင်စီရုံးကို ၂၀၂၄ ခုနှစ်၊ ဇန်န ဝါရီလ ၇ ရက်တွင် ဖွင့်လှစ်၍ အုပ်ချုပ်ရေးလည်ပတ်ခဲ့ကြောင်း CDF – Mara က ယခင် ကထုတ်ပြန်ထားသည်။ MDF/MTC နှင့် ULA/AA တပ်များက လိုင်လင်းပီမြို့ကို အင်အားအလုံးအရင်းဖြင့် တက်လာသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်းမှု မရှိစေရန် CDF- မရာနှင့် CNA ပူးပေါင်းတပ်တို့က ခဏသာ ရှောင်ပေးခြင်းဖြစ်ကြောင်း ကြားကာလ မရာနယ်ကောင်စီ၊ ပြောရေးဆိုခွင့်ရှိသူ ဂျေဆန်စီက ခိုယခင်ကဖြေကြားထားသည်။ Read in Full

၁၄။ လားရှိုးမြို့နယ် တန့်ယန်းလမ်းဆုံမှာ ယာဉ်မောင်းတစ်ဦး MNDAA စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်ခံရလို့ သေဆုံး
 July 22, 2024

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ လားရှိုး – မန္တလေး လမ်းမပေါ် တန့်ယန်းလမ်းဆုံမှာ ဇူလိုင်လ ၂၁ ရက်နေ့ မနက် ပိုင်းက ယာဉ်မောင်းတစ်ဦး ပစ်သတ်ခံရကြောင်း ကာယကံရှင်နဲ့ နီးစပ်သူနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ “ကား အဖော်တွေပါတယ်။ တန့်ယန်းလမ်းဆုံမှာ သွားလို့ မရ‌လို့ ပြန်အလှည့်မှာ ပစ်ခံရတာ” လို့ ကာယကံရှင်နဲ့ ရင်းနှီးသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။ ပစ်သတ်ခံရသူဟာ အသက် ၂၆ နှစ် ရွယ် ကိုဝေယံထွန်းဆိုသူဖြစ်ပြီး တန့်ယန်းလမ်းဆုံက MNDAA ဂိတ်မှာ မနက် ၅ နာရီ ဝန်းကျင်ခန့်က ပစ်ခတ်ခံရကာ လည်ပင်းမှာထိမှန်တာကြောင့် ပွဲ ချင်းပြီး သေဆုံးသွားပြီး နောက်ထပ် ယာဉ်မောင်း တစ်ဦး လည်း ထိခိုက်ဒဏ်ရာ အနည်းငယ် ရသွားတယ်လို့ ဆိုပါတယ်။

“ပစ်ခံရတာပဲသိတယ်။ အခြေနေမသိရပါ။ ကားသိမ်းခံရတာရှိပါတယ်။” လို့ ယာဉ်မောင်းတစ်ဦးကလည်း ပြောပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ကစ မြို့ထဲဝင်တဲ့ကားတွေ ပစ်ခတ်ခံရတာရှိပြီး ကားသိမ်းခံရတာလည်း ရှိ‌ပေမယ့် အရင်ရက်တွေက မြို့ထဲ ဝင်ရောက်သွားနိုင်တဲ့ ကားသမားတွေလည်း ရှိခဲ့သော်လည်း လမ်းက အရမ်း အန္တရာယ်များတယ်လို့ သူကပြောပါတယ်။  လားရှိုး မှာ တိုက်ပွဲဖြစ်ပွားလာချိန်ဝန်းကျင်ကတည်းက ကားတွေ အပါအဝင် ခရီးသည်ရော ကားသမားတွေပါ အဆက်ပြတ် ပျောက်ဆုံး နေတာလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full

၁၅။ လားရှိုးတိုက်ပွဲ ပြင်းထန်ပြီး အရပ်သားသေဆုံးမှုတိုးလာ၊ MNDAA က တပ်ကူထပ်ပို့
 July 22, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို MNDAA ကိုးကန့်တွေက တပ်ကူတွေ ထပ်ပို့နေသလို စစ်တပ်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ရှမ်းမြောက်ရဲ့မြို့တော် လားရှိုးကို MNDAA ဦးဆောင်တဲ့တပ်တွေက ဇူလိုင် ၃ ရက်က စတင်ထိုးစစ်ဆင်ခဲ့တာ ဇူလိုင် ၂၂ ဆိုရင် ရက်ပေါင်း ၂၀ ရှိလာပါပြီ။   တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ ၄ ရက်ကာလမှာ MNDAA က တဖက်သတ် အပစ် ရပ်ထားသလို ဒီနောက်မှာလည်း တရုတ်ရဲ့ ပန်ကြားချက်အရ တဖက်သတ် အပစ်ရပ် ဆက်လက်ကြေညာထားပါတယ်။ ဒါပေမဲ့ ဇူလိုင် ၁၉ ရက်ကစလို့ မြို့ရဲ့စည်ပင်နယ်နိမိတ်ထဲက ခလရ-၄၁ နဲ့ ခမရ-၅၂၂ တပ်တွေကို တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၂ ရက်အထိ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ လားရှိုးမြို့ခံ စစ်ရှောင်တွေက ပြောပါတယ်။ လားရှိုးမြို့ခံ စစ်ရှောင်တဦးက “အဓိကတော့ ဒီနေ့ က အဲဒီ ၅၂၂ နဲ့ ၄၁ တပ်ကို တအားကြီးကို အင်နဲ့အားနဲ့ လုပ်နေတယ်လို့ ကြားတယ်။ ပြည်သူတွေကတော့ ရှိတဲ့၊ ကျန်တဲ့ဟာတွေ တော့ များပါတယ်။ ထွက်တာတော့ နေ့တိုင်းကတော့ ထွက်နေတာပဲ။ ကျနော်ကြည့်ရတာ တချို့တွေကလည်း ချက်ချင်းအဆင် မပြေတာနဲ့ စုထားဆောင်းထားတဲ့ဟာတွေ ဘယ်လိုလုပ်သင့်လဲ၊ တချို့လည်း အဲဒီကနေ အဝေးကအသိတွေဆီမှာ ပြန်အကူအညီ လှမ်းတောင်း၊ ပိုက်ဆံဘာညာရမှ ထွက်လာနိုင်တဲ့ဟာတွေလည်း ရှိတာပေါ့” လို့ ပြောပါတယ်။

ဇူလိုင် ၂၂ ရက်နေ့မှာပဲ လားရှိုးမြို့ထဲက မိဘမဲ့ကလေးဂေဟာတခုကို လက်နက်ကြီး ကျတာကြောင့် ကလေးငယ် တယောက်သေပြီး လားရှိုးနဲ့ သိန္နီကြားက မိုင်းလီနားမှာလည်း လေကြောင်းပစ်ခတ်မှုကြောင့် စစ်ရှောင်တွေ အများအပြား သေဆုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ လားရှိုးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း အဆင်မပြေဖြစ်နေပြီး MPT လိုင်းပဲ ရပေမဲ့ တချို့နေရာတွေမှာ မရဘူးလို့ ဒေသခံက ပြောပါတယ်။ ဆက်သွယ်ရေးအခက် အခဲကြောင့် တိုက်ပွဲဖြစ်စဉ်တွေကို အသေးစိတ် အတည်မပြုနိုင်သေးပေမဲ့ မြို့တွင်းတိုက်ပွဲတွေက တဖြည်းဖြည်း ပိုပြင်းထန်လာတယ်လို့ ဇူလိုင် ၁၈ ရက်က လားရှိုးမြို့ကနေ ထွက်ခွာလာတဲ့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။ ကိုးကန့်တပ်-MNDAA ရဲ့ စစ်ကားအစီး ၅၀ လောက် ဇူလိုင် ၂၂ ရက် မနက်ပိုင်းက သိန္နီဘက်ကနေ လားရှိုးကို တပ်ကူတွေပို့နေတာကို မြင်တွေ့ခဲ့ရကြောင်း တခြားစစ်ရှောင်တဦး ကလည်း ပြောပါတယ်။ ဇူလိုင်လကုန်အထိ အပစ်ရပ်မယ်လို့ MNDAA ဘက်က ကြေညာထားပေမဲ့ လက်ရှိဖြစ်ရပ်တွေကို ကြည့် မယ်ဆိုရင် ခဏအနားတောင်းတဲ့သဘောပဲ ဖြစ်မယ်လို့ ရှမ်းမြောက်က စစ်ရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။ Read in Full

၁၆။ သိမ်ဇရပ်မှာ စစ်ကောင်စီနဲ့ KNLA/PDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွားနေ
 July 23, 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီးမှာ ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင် စီတပ်နဲ့ KNLA/ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲနှစ်နေရာ ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။ အဲဒီတိုက်ပွဲတွေဟာ KNU ကျိုက်ထိုမြို့နယ်ကနေ စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ကို KNLA ဦးဆောင်တဲ့ တောာ်လှန်ရေးအင်အားစုအဖွဲ့တွေက သိမ်ဇရပ်မြို့ ကျောက်တန်းလေးကျေး ရွာအနီး စောင့်ကြိုတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ ဒ့ါအပြင် ဒီနေ့မနက်ပိုင်းမှာပဲ သိမ်ဇရပ်မြို့အခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းရဲ့ ကုက္ကိုပင် ကာကင်းဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိသေးဘူးလို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သိမ်ဇရပ်တိုက်ပွဲကြောင့် ဒေသခံပြည်သူတချို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တာတွေရှိနေပြီး အများစုကတာ့ ပုန်းခိုး နေထိုင်ပြီး အခြေအနေ စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြ ချက်အရ သိရပါ တယ်။ ဇူလိုင် ၂၂ ရက်နေ့ကလည်း KNU ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ လနဲ့ချီတိုက်ပွဲတွေ ငြိမ်သက်ခဲ့တဲ့ ကျိုက်ထိုမြို့နယ်မှာ ဇူလိုင်ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ ပြီး ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ Read in Full

၁၇။ တနင်္သာရီမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ
 July 23, 2024

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်သစ်ရွာဘက်ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာ တာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေထံက သိရပါတယ်။ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကစလို့ ကျွန်းစုမြို့နယ်ကနေ တနင်္သာရီမြို့နယ် လယ်သစ်ရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်တာပါ။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လမ်းတလျှောက် လက်နက်ကြီး၊ လက်နက်ငယ် အဆက်မပြတ်ပြီး ပစ်ခတ်ဝင်ရောက်လာတဲ့အတွက် ဘယ်သစ်၊ ဝါရစ်၊ မင်းဂုတ်၊ မောင်းလှော်အပါ အဝင်ကျေးရွာခုနှစ်ရွာက ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရတာပါ။ အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တို့မှာ ကျောက်ပုဇွန်တောင်အနီး တိုက်ပွဲဖြစ်ပွားတာတွေရှိခဲ့ပေမယ့် နှစ်ဖက်ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ အဲဒီစစ်ကြောင်းဟာ ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းအထိ ကျောက်ပုဇွန် တောင်အနီးမှာပဲ ဆက်ရှိနေတဲ့အတွက် နှစ်ဖက်စစ်ရေးဆက်လက် တင်းမာနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ ကလည်း တနင်္သာရီမြို့နယ် ဆင်ခေါင်းကျေးရွာထဲကို စစ်ကောင်စီရဲ့ အ မှတ် ၅၆၁ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ် မှုကြောင့် အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာတွေအရ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့လေကြောင်း ရန်တွေကြောင့် အမြဲတမ်းစစ်ရှောင်နေရသူ ၇၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ Read in Full

၁၈။ တောင်ကုတ်က ပညာရေးဝန်ထမ်းများ ကျောင်းတက်ရန် စစ်ကောင်စီ ဖိအားပေး
 July 22, 2024

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းများဖွင့်ရန် ဆရာ/မ များကို စစ်ကောင်စီက ဖိအား ပေးထားပြီး ကျောင်းသားမိဘများမှာ လေကြောင်းအန္တရာယ် စိုးရိမ်နေကြကြောင်း ဒေသခံများနှင့် ပညာရေးအသိုင်း အဝိုင်းထံမှ သိရသည်။  တောင်ကုတ်ဒေသတွင် လက်နက်ကြီးပစ်ခတ်မှု မကြာခဏ ရှိနေသည့်အပြင် အနီးအနားက သံတွဲမြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေသဖြင့် ကလေးများအား ကျောင်းတက်ခိုင်းနေရခြင်းမှာလုံခြုံရေးစိုးရိမ်စရာဖြစ်နေကြောင်း ကျောင်းသား မိဘများက ပြောသည်။“ အခုလိုအချိန်မှာ ကိုယ့်သား၊သမီးကို ကျောင်းတက်ခိုင်းရတာက တော်တော်လေး စိတ်မချရဘူး။ ဂျက် လေယာဉ်ပျံလိုက်၊ လက်နက်ကြီးပစ်လိုက်နဲ့ ဘယ် ကလေး က စာကိုစိတ်ဝင်စားမှာလဲ။ မတော်လို့ လက်နက်ကြီးလာကျရင် ကလေးတွေပဲ ထိခိုက်မှာ။ အာမခံချက်ဘယ်သူမှမပေးနိုင်ဘူး”ဟု တောင်ကုတ်မြို့နယ်မှ ကျောင်းသားမိဘတစ်ဦးကပြောသည်။ စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်ဆဲဖြစ်သည့် တောင်ကုတ်မြို့တွင်းတွင် အခိုင်အမာနေရာယူပြီး ခံစစ်ပြင်ဆင်ထားသည့် အပြင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကုတ်ဒေသတွင် AA က ပြင်းထန်သော ထိုးစစ်ဆင်မှုများ မရှိသေးသော်လည်း တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်ပွားလေ့ ရှိပြီး စစ်ကောင်စီ၏ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တည်ရှိရာ တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA) က ဝိုင်းရံ ပိတ်ဆို့ထားသည်။ လက်ရှိတွင် စစ်ကောင်စီက တောင်ကုတ်မြို့နယ်၌ တာဝန်ကျပညာရေး ဝန်ထမ်းများကို အတင်းအဓမ္မ ကျောင်းတက်ခိုင်းနေပြီး မတက်ပါက တာဝန်မှ ရပ်ဆိုင်းမည့်အပြင် တည်ဆဲဝန်ထမ်းဥပဒေအရ အရေးယူမည်ဟု ပြောဆိုထား သည်။“ အခုက ဖိအားပေးထားတဲ့အတွက် ကျောင်းတွေ ဖွင့်ပေးထားရတယ်။ ကျောင်း သားတွေတော့ အရင်နှစ်တွေကထက် နည်းတာပေါ့။ ဒါပေမယ့် တိုက်ပွဲတွေက တဖြည်းဖြည်းနီးလာတော့ ကျောင်းလည်း မလုံခြုံတော့ဘူး။ လက်နက်ကြီးကျမလား၊ ဘာဖြစ်မလဲ စိုးရိမ်နေရတယ်”ဟု တောင်ကုတ်မြို့နယ်မှ ကျောင်း ဆရာတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇွန်လအတွင်းက အမ်းမြို့နယ်မှ ပညာရေးဝန်ထမ်း ၇၁ ဦး ကို စစ်ကောင်စီက တာဝန်ကျရာနေရာများသို့ မရောက်ဟုဆိုကာ တာဝန်မှ ယာယီရပ် ဆိုင်းခဲ့သည်။ ဇွန် ၁ ရက်တွင် အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းအပ်လက်ခံမည်ဖြစ်၍ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော် စသည့်မြို့နယ်များမှ ပညာရေးဝန်ထမ်းများအနေဖြင့် မေ ၂၅ ရက်ကို နောက်ဆုံးထားပြီး သက်ဆိုင်ရာကျောင်း များသို့ အရောက်လာကြရန် ပြည်နယ်ပညာရေးမှူးမှတစ်ဆင့် ညွှန်ကြားခဲ့သည်။  Read in Full

၁၉။ ပုလောဒေသခံများ အစားအသောက် အကန့်အသတ်ဖြင့် ဝယ်နေရ
 July 22, 2024

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့အဝင်အထွက်ရှိ စစ်ဆေးရေးဂိတ်များသည် မြို့အနီးအနား ဒေသခံများ မြို့ထဲတက် ဈေးဝယ်ရာတွင် အကန့်အသတ်ဖြင့်သာ ဝယ်ခွင့်ပြုထားသည်ဟု အဆိုပါ လမ်းဖြတ်သန်းသွာသူများထံမှ သိရသည်။ ထို့သို့ ကန့် သတ်ရာတွင် မြို့ပေါ် ဈေးသွားဝယ်မည်ဆိုပါက ဝယ်ယူမည့် စာရင်းပြုလုပ်ခိုင်းခြင်း၊ မြို့အဝင် အထွက်လက်မှတ်များကို ပြုလုပ် ပြီးမှ ဈေးဝယ်ခွင့်ပြုခြင်းများ ရှိနေဖြစ်း ဖြစ်သည်ဟု လမ်းသွားလမ်းလာအချို့က ဆိုသည်။“မြို့ထဲသွားပြီး အစားသောက်ဝယ် မယ်ဆို ဝယ်မယ့် စာရင်းဖောင် အရင်ဖြည့်ပေးရတယ်။ စာရင်းကို ကြည့်ပြီး ဘယ်ဟာက ဘယ်လောက်ပဲ ဝယ်ရမယ်၊ ဘယ်ဟာ က ပိုမဝယ်ရဘူးဆိုပြီးပြောတယ်။ ပိုဝယ်လို့လည်းမရဘူး”ဟုအဆိုပါလမ်းကိုဖြတ်သန်းသွားခဲ့ဖူးသူ တစ်ဦးကပြောသည်။ သတ် မှတ်ထားသည်ထက် ပိုဝယ်ယူလာပါက အရေးယူဆောင်ရွက်မှုများ ရှိသောကြောင့် အခက်အခဲများ ရင်ဆိုင်နေကြရသည်ဟုလည်း နောက်ထပ် ဖြတ်သန်းသွားလာဖူးသူ တစ်ဦးက ဆိုသည်။

ထိုကဲ့သို့ စစ်ဆေးမှုများတင်းကြပ်စွာပြုလုပ်နေပြီး တစ်ခါတရံမသင်္ကာသည့်ဝယ်ယူလာခြင်းများ၊ အပိုဝယ်လာခြင်းများ ရှိပါကဝယ်ယူလာသည့် အစားအသောက်ပစ္စည်းများကို သိမ်းယူထားခြင်း၊ ဒဏ်ရိုက်ခြင်း၊ ထောင်ချဖမ်းဆီးသည်အထိပြုလုပ် ခြင်းများ ရှိသည်ဟု အပိုဝယ်လာမိသူတစ်ဦးက သူကြုံတွေ့ခဲ့ရသည်ကို ပြောသည်။ ပုလောမြို့အဝင်လမ်းတွင် စစ်ရေး ဂိတ်နှစ်ခု ရှိပြီး မြို့အနီးတဝိုက်ဒေသခံများအနေဖြင့် မြို့ထဲသွားရာတွင် ထိုဂိတ်များမှ ဖြတ်သွားနေရခြင်းဖြစ် သည်။ အဆိုပါဂိတ်များသည် ယခုအခါတွင် ဖြတ်သန်းသွားသည့် သူများကို စစ်ဆေးမှုများပြုလုပ်သည့်အပြင် ဒေသခံ များအနေဖြင့်လည်း ဖြတ်သန်းခွင့်လက် မှတ်ပြုလုပ် ထားမှသာသွားလာခွင့်ရသည်ဟု ၎င်းလမ်းကို အသုံးပြုခဲ့ဖူးသူ တစ်ဦးကပြောသည်။ ၎င်းက “အဲဒီမှာ မြို့ထဲ သွားမယ် ဆို ထောက်ခံစာလက်မှတ်လုပ်ရတယ်၊ ထောက်ခံစာတစ်စောင်ကို ငွေနှစ်ထောင် (ကျပ်) နဲ့ တစ်ပတ်စာအတွက် သွားဖို့ခွင့်ပြု ပေးတယ်” ဟု ပြောသည်။ Read in Full

၂၀။ ရခိုင်မှာ ဆေးဝါးပြတ်လပ်မှု အဆိုးဆုံးအခြေအနေသို့ ရောက်ရှိ
 July 22, 2024

ရခိုင်ပြည်အတွင်း ဆေးဝါးပြတ်လပ်မှုမှာ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေပြီဟု လူနာများနှင့် ဆေးဆိုင်များထံမှ သိရသည်။ ဆေးဝါးပြတ်လပ်မှုကြောင့် အရေးပေါ်လူနာများနှင့် နာတာရှည်ရောဂါဝေဒနာရှင်များဖြစ်သော အာရုံ ကြော၊ နှလုံး၊ သွေးကင်ဆာ၊ လည်ပင်းကင်ဆာ၊ အသဲ၊ ကျောက်ကပ်နှင့် HIV ပိုး ရောဂါသည်များ အဓိက ခံစားနေရသည်ဟု စုံစမ်းသိရသည်။ အာရုံကြော အားနည်းရာကနေ ဆေးဝါးပြတ်လပ်မှုနှင့် ဆရာဝန်များဖြင့် မကုသရ၍ ကျန်းမာရေးအလွန်ဆိုးရွာနေသည်ဟု အဖေ ဖြစ်သူ၏ ဝေဒနာကို သမီးဖြစ်သူက ပြောပြသည်။ ” အာရုံကြောက အားနည်းရာကနေ အခု အားပျော့တဲ့ အဆင့်ရောက်သွားပြီ။ ဆေးကရှာလို့မရဘူး။ ပုံမှန်သောက်တဲ့ ဆေးအမျိုးအစားကရှာမရတော့ အာနိသင်တူကုမ္ပဏီမတူတဲ့ ဆေးကိုသောက်နေရတယ်။ ပြီးတော့ ဆေးက ဈေးတအားကြီးတယ်။ အဖေ့ကို မနည်းကြိုးစားပြီးကုသနေရပါတယ်။ ဆရာဝန်တွေနဲ့လည်း မပြရဘူး။ ဒီတိုင်း အိမ်မှာပဲအရင်ဆေးညွှန်းတွေနဲ့ကုနေရတာပဲ။”ဟု ပြောသည်။ ၂၀၂၃တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းက ရခိုင်ပြည်အတွင်း ရေလမ်း၊ ကုန်းလမ်းအားလုံးကို အာဏာသိမ်း စစ်ကောင်စီ ပိတ်ဆို့ခဲ့၍ ယင်းအချိန်ကစပြီး ဆေးဝါးများပြတ်လပ်နေခဲ့သည်။

ရခိုင်ပြည် မြောက်ပိုင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အိန္ဒိယ-ပလက်ဝ-ရခိုင် နယ်စပ်ကို ဖွင့်ပေးကာ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် စက်သုံးဆီများ တင်သွင်းခွင့်ရရှိခဲ့သော်လည်း လက်ရှိတွင် အိန္ဒိယနယ် စပ် မီဇိုရမ်ပြည်နယ်လူငယ်များက နယ်စပ်ဂိတ်များကို ပိတ်ပင်ထားကြသည်။ အိန္ဒိယလူငယ်များ၏ ကုန်စည်ဖြတ်သန်းခွင့် ပိတ်ပင်မှုကြောင့် ရခိုင်ပြည်အတွင်း ဆေးဝါးပြတ်လပ်မှုမှာ ပိုမိုးဆိုးရွာလာပြီး ယခုနာတာရှည် ရောဂါသည်များအတွက် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။ မင်းပြားဒေသခံ ကင်ဆာဝေဒနာရှင်၏ သားဖြစ်သူက ” ကျနော့် အဖေက လည်ပင်း ကြီး ကင်ဆာရှိတယ်။ ပြီးတော့ ကျောက်ကပ်လည်းမကောင်းဘူး။ သွေးတိုးကလည်းရှိသေး။ အခု သောက်နေကြ ဆေးက ပြတ်သွားတာ ၅ လလောက်ရှိပြီ။ အိန္ဒိယက လာတဲ့ ဆေးကိုသောက်တာ မသက်သာဘူး။ ဝေဒါနာကို ပိုဆိုးလာတယ်။ အရင်က ရန်ကုန်မှာတာ။ လမ်းပိတ်ထားတော့ ရန်ကုန်ကနေ မင်းပြားကို ဘယ်လို ပို့ရမှန်းမသိဘူး။ သောက်နေကြ ဆေးမရတော့ အခု အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပြီ။ ” ဟု ပြောသည်။  Read in Full

၂၁။ လောက်ကိုင်မြို့ ပြည်သူများအိပ်မောကျချိန် စစ်ကောင်စီတပ် လေကြောင်း ထပ်မံဗုံးကြဲ၊ အပျက်အစီးများ
 July 23, 2024
သျှမ်းပြည် လောက်ကိုင်မြို့ရှိ တုံချိန်ရပ်ကွက်တွင် ပြည်သူများ အိပ်မောကျနေစဉ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အဦးအများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ နံနက် ၁ နာရီခွဲတွင် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးရှိ ဟိုတယ် နှင့် ဆိုင်ခန်း အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း လောက်ကိုင်ဒေသခံများက ပြောသည်။“ဒီမနက် ၁ နာရီခွဲ လောက်မှာ လေယာဉ်လာဝဲ ပြီးတော့ ဗုံးကြဲသွားတာ၊ ဗုံးဘယ်နှလုံးတောင်မှလဲ မသိဘူး။ စီကေစီဟိုတယ်နဲ့ အဲ့နားကဆိုင်ခန်း တော်တော်များများထိကုန် တယ်၊ လူထိခိုက်တာတော့မသိရသေးဘူး”ဟုလောက်ကိုင်မြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လောက်ကိုင်မြို့သို့ ယခုလေကြောင်းဗုံးကြဲမှု မတိုင်ခင် ဇူလိုင်လ ၁၈ ရက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ရှိ မြို့မဈေးပေါ်သို့ လူစည်ကားချိန်တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ သိန္နီမြို့နယ် SNLD ပါတီ တွဲဘက်အတွင်းရေးမှူး အပါအဝင် အရပ်သား (၁၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၃၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိန္နီဒေသခံများထံမှ သိရသည်။ ထို့အပြင် ထို့အပြင် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက် Rainbow တံတားဘေးရှိ Royal Lover Hotel နှင့် Dongcheng International Hotel များအပြင် ဖူလီလိုက်နှင့် ဟွမ်ကျားလိဟွာ ဟိုတယ်များလည်း ထိခိုက်ခဲ့ပြီး ပေါက် ကွဲမှု ပြင်းထန်သောကြောင့် အနီးဝန်းကျင်ရှိ အဆောက်အဦးများလည်း ပျက်စီးခဲ့သည်။ Read in Full

၂၂။ ဗန်းမော် – မန္တလေး ကားလမ်းပိုင်း ပိတ်လိုက်တဲ့နောက် ဗန်မော်ပြည်သူတွေ အဖက်ဖက် ကြပ်တည်းနေ
 July 22, 2024
ဗန်းမော်– မန္တလေး ကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ဗန်းမော်မြို့နယ်မှာ ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေး သိသိသာ သာမြင့်တက်လာတဲ့အတွက် ပြည်သူတွေစားဝတ်နေရေး၊ သွားရေးလာရေး ပိုခက်ခဲလာနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နောက်ပိုင်းစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား ဗန်းမော်မြို့အနီးတစ်ဝိုက် နေရာအနှံ့တိုက်ပွဲပြင်းထန်လာတဲ့အတွက် နှစ်ဖက်လက်နက်ကိုင်တပ်တွေ ဗန်းမော်– မန္တလေး ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်တာ ခုဆိုရင် ၂ လကျော်ကြာလာပြီဖြစ်ပါတယ်။ အဲ့ဒီ နောက်ပိုင်းမှာတော့ ဗန်းမော်ဘက်ကို စင်းခမ်း၊ ကသာ၊ ရွေကူဘက်ကနေ ရေလမ်းကြောင်းစက်လှေနဲ့တစ်ဆင့် အခြေခံစား သောက်ကုန်တွေ သယ်ယူနေကြပေမဲ့ စက်လှေစရိတ်၊ ကုန်တင်ကုန်ချ စရိတ်ကြီးတဲ့အတွက် ကုန်ဈေးနှုန်းတွေ မြင့်တက်လာ တာဖြစ်တယ်လို့ ဗန်းမော်မြို့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။“မော်တော်ခတွေလည်း အရမ်းဈေးကြီးလာ တယ်လေ ပြီးတော့ ဟိုဘက်ကမ်းကနေ ဗန်းမော်ရေဆိပ်မှာ ရောက်ပြီဆိုရင် အဲ့မှာ ရောက်လာကြပြီ ကုန်တင်ကုန်ချတွေလည်း တောင်းတာများလာတယ်။ ဟိုတလော ရေကြီးတဲ့ချိန်ဆိုရင် အရမ်းသိသာတယ်၊ ပစ္စည်းပျောက်တာတွေလည်း အရမ်းရှိခဲ့တယ်၊ ကုန်ဈေးနှုန်းတွေဆိုရင်လည်း ဗန်းမော်မှာ တစ်ခါမှ မကြားဖူးတဲ့ ဈေးတွေဖြစ်နေပြီ” လို့ဆိုပါတယ်။

ဒါ့အပြင် ဗန်းမော်မှာ ဓာတ်ဆီကားမဝင်တော့တဲ့အတွက် ဆီပန့်ဆိုင်ကြီးတွေ ပိတ်ထားပြီး လမ်းဘေးပုလင်းချိန် ရောင်း သူတွေ ဓာတ်ဆီဈေးတွေ မြင့်တက်နေတာကြောင့် ဗန်းမော်စခန်းမှူးကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄/၁၅ ရက်မှာတော့ လမ်းဘေး ဆီဆိုင်တွေကို ဓာတ်ဆီတစ်ဘူး ၄၀၀၀ ကျပ်သာရောင်းချကြဖို့ ခံဝန်ကတိထိုးခိုင်းတာမျိုးရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ဓာတ်ဆီ တစ်ဘူးကို ၉၀၀၀ ကျပ်ရောက်နေပြီလို့ ဆိုပါတယ်။ အခုလို ကုန်ဈေးနှုန်းမြင့်တက်နေတာဟာ အခြေခံလူတန်းစားတွေအတွက် ပိုမိုခက်ခဲစေတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။“လူတွေလည်း ကျစရာဆိုလို့ စိတ်ဓာတ်ဘဲရှိတော့တယ်၊ ကုန်ဈေးတွေကတော့ ကျမှာမဟုတ်တော့ဘူး အတက်ဘဲရှိတာအဆင်းက မရှိဘူး။ ရေကြီးတဲ့ချိန်ဆို ပိုတောင်ဆိုးသေးတယ် ရေသာကျသွားတယ် ကုန်ဈေးက မကျဘူး၊ လက်လုပ် လက်စားတွေဆို တစ်နေ့ကိုမှ ၁သောင်းလောက်ရတာ၊ ဆီထည့်တာနဲ့ ကုန် ပြီလေ”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်မှာ ဓာတ်ဆီတွေကို ဘူးသေး၊ ဘူးလတ်၊ ဘူးကြီး ခွဲထားပြီး အများဆုံး ၉၀၀၀ ကျပ်ထိရှိ တဲ့အပြင် ရိုးရိုးဆန် တစ်အိတ် ၁ သိန်း ၂ သောင်းကျပ်၊ ဆီ တစ်ပိဿာ ၁ သောင်း ၇ ထောင်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၈ ထောင် ကျပ်ရှိတဲ့အပြင် တစ်ခြားကုန်တွေလည်း နဂိုဈေးထက် ၁၀၀၀ လောက်ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။“ဂိတ်တွေမှာ ဆိုရင် ဘာပစ္စည်းဘဲသယ်သယ် ပိုက်ဆံတောင်းတယ်၊ သူတို့ရဲ့ လက်သုံးစကားက မင်းတို့ ဒါတွေကို ဘယ်ယူသွားမှာလဲ PDf တွေ ကို ထောက်ပံ့မလို့မဟုတ်လားတဲ့၊ အိမ်စားဖို့အတွက် သယ်တာလို့ပြောရင်လည်း ဂိတ်ကြေးက ၂ သိန်း ၃ သိန်းတောင်းတာရှိ တယ်၊ ဆဲဆိုပြီးတောင်းတာလည်းရှိတယ်၊ သူတို့ကိုက ဝင်ရင်လည်းပေးရ ထွက်ရင်လည်းပေးရတယ်”လို့ပြောပါတယ်။ Read in Full

၂၃။ ပအိုဝ်းလူငယ် အကယ်ဒမီ(Pa-O Youth Acadamy) ဖွဲ့စည်းပြီး သင်တန်းများလုပ်ဆောင်နေ
 July 22, 2024
 လူငယ်တွေ စုစည်းထားတဲ့  ပအိုဝ်းလူငယ်အကယ်ဒမီ (Pa-O Youth Acadamy)ကို ဖွဲ့စည်းပြီး စွမ်းရည်သင်တန်းတွေ လုပ်ဆောင်နေတယ်လို့ ပအိုဝ်းလူငယ်အကယ်ဒမီအဖွဲ့ထံက သိရပါတယ်။ PYA ကို ပအိုဝ်းလူငယ်တွေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက် က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒေသတွင်းလူငယ် ညီနောင် ပအိုဝ်း၊ တောင်ရိုး၊ ဓနုနဲ့ ဗမာလူငယ်တွေနဲ့ အကယ်ဒမီစုဖွဲ့ကာ ဌာနကြီး ၃ ခုနဲ့ အခြားဌာနတွေနဲ့ စုဖွဲ့လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ ကျောင်းသားအစုအဖွဲ့၊ လူမှုရေးအစုအဖွဲ့၊ အမျိုးသား လူငယ်အစုအဖွဲ့နဲ့ တသီးပုဂ္ဂလအစုအဖွဲ့တွေအနေနဲ့ လုပ်ဆောင်နေရာက စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်း ကျင့်သုံးလိုက်ပြီးနောက်မှာ အကယ်ဒမီကို ဖွဲ့စည်းရတာလို့ ပြောပါတယ်။ “တဦးတယောက် ကိုယ်စားပြုမဟုတ်ဘဲ အတွင်းရေး မှူး စနစ်နဲ့ စုပေါင်းဦးဆောင်မှုနဲ့ အစုအဖွဲ့လိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်၊ စုဖွဲ့ကာလဖြစ်လို့ ညီနောင်အဖွဲ့အစည်းများနဲ့ လူထုရဲ့ယုံကြည်မှု ရယူရန် အားနည်းနေပါသေးတယ်၊ ဒေသတွင်းလူငယ်တွေ အစုအဖွဲ့တွေဆီ ဖိတ်ခေါ်စာတွေပို့ထားပြီး ဒီနေရာ ကနေလည်း ထပ်မံဖိတ်ခေါ်ပါတယ်”လို့ ယင်း PYA ရဲ့အတွင်းရေးမှူးအဖွဲ့ဝင် ၁ ဦးက ဖြေကြားပါတယ်။

အဖွဲ့ရဲ့ရည်ရွယ်ချက်နဲ့ဦးတည်ချက်ကတော့ ပအိုဝ်းလူငယ်တွေအပါအဝင် ဒေသတွင်းလူငယ်တွေ စုစည်းပြီး စစ်အာဏာရှင်နဲ့ အာဏာရှင်တော်လှန်ရေးမှာ တတ်စွမ်းတဲ့ ကဏ္ဍအသီးသီးက ပါဝင်ဖို့ လေ့ကျင့်တည်ဆောက်ပေးရန်၊ အမျိုးသားရေးရည် မှန်းချက်နဲ့ ဖက်ဒရယ်စီမိုကရေစီ အခင်းအကျင်းနဲ့အညီ လူငယ်အစုအဖွဲ့ကိုယ်စားပါဝင်နိုင်ရေး၊ တော်လှန်ရေးကာလအလွန်မှာ ဒေသတွင်းလူငယ်တွေ ပြန်လည်ထူထောင်ရေးနဲ့ ပညာရေးနယ်ပယ်မှာ အထောက် အကူဖြစ်ရေးနဲ့ ကြားကာလအစီအမံမှာ စနစ် တကျပူးပေါင်းပါဝင်နိုင်ဖို့အတွက် အဓိကအားဖြင့် ပြည်သူလူထု လုံခြုံမှုဆိုင်ရာအခန်းကဏ္ဍကို အာမခံပေးရေးတို့ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ စစ်သင်တန်းမှာ အခြေခံ၊ တိုက်ခိုက်ရေး တန်းမြင့်လျာထားသင်တန်းတွေ၊ အကြပ်၊ ဆေးနဲ့ကယ်ဆယ်ရေး၊ တပ်ဖွဲ့စည်းပုံ၊ လက်နက်ငယ်၊ မိုင်းဘာသာရပ်တွေအပြင် အထွေထွေ နိုင်ငံရေးမိတ်ဆက်၊ ဒီပလိုမေစီမိတ်ဆက်၊ ဖက်ဒရယ်မိတ် ဆက်၊ လူထုနိုင်ငံရေး၊ ပထဝီနိုင်ငံရေးတွေကို သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်တွေဖိတ်ခေါပြီး သင်ကြား လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။ Read in Full

၂၄။ ခြင်၊ ဖြုတ်ကောင်တွေကြောင့်ဖြစ်တဲ့ အရေပြားရောဂါနဲ့ ငှက်ဖျားရောဂါကို ပွန်ချောင်းစစ်ရှောင်တွေ ခံစားနေရ
 July 23, 2024
 ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက ပွန်ချောင်း စစ်ရှောင်စခန်းမှာ ခြင်နဲ့ ဖြုတ်ကောင် ကိုက်ရာကနေတဆင့် ဖြစ်ပွားလာတဲ့ အရေပြားယားနာနဲ့ ငှက်ဖျားရောဂါတွေ အဖြစ်များနေကြတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေတဲ့ ထွန်း မြန်မာဒိုနေးရှင်းအဖွဲ့ဝင်ဖြစ်တဲ့ ကိုဖိုးဇော်က ပြောပါတယ်။“ခြင်နဲ့ ဖြုတ်ရဲ့ အန္တရာယ်ကြောင့်ပေါ့နော် ကျနော်တို့ ခြင်ဆေးခွေ တွေ လိုအပ်သလို ကျနော်တို့တောင် ခေတ္တခန သွားတာ ယားနာမှုတွေတောင် ဖြစ်တယ်။ ဖြုတ်ကိုက် ခြင်ကိုက်လို့လေ ဆိုတော့ ကလေးတော်တော်များများ အရေပြား အဲ့လိုအရေပြားရောဂါပေါ့နော်၊ ယားနာမှုတော်တော်များများ ဖြစ်တဲ့အတွက် ယားနာဆေး တော့ တော်တော် လိုအပ်တယ်။ နောက်ငှက်ဖျားနည်းနည်း ပိုများလာတယ်။ ” လို့ ကိုဖိုးဇော်က ဆိုပါတယ်။ ပွန်ချောင်းစစ်ရှောင် စခန်းဟာ တောတောင်ထဲမှာ ရှိနေတာဖြစ်တဲ့အတွက် ယခုမိုးတွင်းကာလမှာ ခြင်နဲ့ဖြုတ်ကောင်တွေ ပေါများနေတာပါ။

စစ်ရှောင်စခန်းမှာ အထိုင်ဆေးပေးခန်းတွေ ဖွင့်တာမျိုးမရှိပဲ ဒေသခံဆေးဆရာမ တွေကနေတဆင့် ကြည့်ရှု ကုသပေး ပေးတာမျိုးတွေပဲရှိတယ်လို့ ဆိုပါတယ်။“ခြင်ကိုက်လို့ ဖြုတ်ကိုက်လို့ ကုပ်ရာကနေ အနာတွေဖြစ်လာတယ် အဲ့လိုပေါ့။ ခြင်ဆို ခြင်ထောင်ထောင်ရင် သက်သာသေးတယ်။ အဲ့ဖြုတ်က အကောင်သေးတော့ ညမအိပ်ခင်ကတည်းက ကိုက်နေတော့ တောထဲ လည်းဖြစ် မိုးရာသီလည်းဖြစ်ဆိုတော့။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။ ဒေသခံတွေရဲ့ အဆိုအရတော့ စာသင် ကျောင်းမှာရှိတဲ့ ကလေးဦးရေရဲ့ ထက်ဝက်ကျော်ဟာလည်း အရေပြားယားနာဖြစ်နေကြတယ်လို့လည်းသိရပါတယ်။ ပွန်ချောင်း စစ်ရှောင်စခန်းမှာ အိမ်ခြေ (၆၀၀)ကျော်ရှိပြီး စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလို ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ Read in Full

၂၅။ ကျိန္တလီမှာ စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ပင်နေ
 July 22, 2024

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တွင် ဆန်သယ်ယူခွင့်ကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ပိတ်ပင်နေ၍ ဒေသတွင်း ဆန်ဈေးမှာ ကျပ် ၂ သိန်းအထိ မြင့်တက်နေကြောင်း သိရသည်။ ဇူလိုင်လ ပထမအပတ်ကစ၍ ဆန်သယ်ယူခွင့် တင်းကျပ်ထား သလို လက်ရှိတွင် ပိုမိုဆိုးရွားလာကြောင်း ကျိန္တလီဒေသခံ ဆန်ရောင်းဝယ်သူတစ်ဦးက ပြောသည်။ ” အရင်ရက်ပိုင်းတွေက ဂိတ် တွေနဲ့ ညှိပြီး ငွေလည်း နည်းနည်းပေးပြီးတော့ သွားလာလို့ ရသေးတယ်။ အခုတော့ မရတော့ဘူး။ တချို့ဂိတ်တွေက အရမ်းတင်း ကျပ်ထားတယ်။ ဆန် တစ်အိတ်စ နှစ်အိတ်စကို ဂိတ်တွေကို ငွေပေးပြီး သယ်လို့ရပေမယ့် ဆန်အိတ် ဆယ်ဂဏန်း၊ ရာဂဏန်း ဆိုရင်တော့ ဖြတ်သန်းခွင့် လုံးဝ မရတော့ဘူး။”ဟု ပြောသည်။ ကျိန္တလီမြို့သည် သံတွဲနှင့် ဂွမြို့ကို ဆက်ထားသော ဟိုက်ဝေး လမ်းမပေါ်တွင်တည်ရှိပြီး မြို့နယ်ချင်းကုန်စည်စီးဆင်းမှု၏ အဓိကဆက်သွယ်ရေးမြို့လည်းဖြစ်သည်။ သံတွဲမြို့နယ်က စစ်ရှောင် ပြည်သူများအတွက် ကူညီနေကြသူများမှာ ဂွမြို့နှင့်ကျိန္တလီမြို့က ဆန်လှမ်းဝယ်ယူနေရချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ် ပင်လိုက်ခြင်းဖြစ်သည်။

လက်ရှိ ဆန်ဈေးမြင့်တက်နေပြီး ဆန်တစ်အိတ် ကျပ် ၂ သိန်းအထိ မြင့်တက်နေပြီး ဆန်ရှားပါးလာခြင်းနှင့် စစ်ဆေးရေး ဂိတ်ကြေးများကြောင့် မြင့်တက်သွားရခြင်းဖြစ်သည်ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။ “ဆန်ဈေးမြင့်တာက ဂိတ်ကြေးတွေ နဲ့ ဆန်ရှားပါးတာကြောင့်ပါ။ ဧရာဝတီကနေ ဂွ၊ ဂွကနေ ကျိန္တလီ ပေါ့နော်။ သံတွဲကို ရောက်သွားရင် ဈေးပိုကြီးသွားမှာပေါ့။ အရင် ကနည်းတယ်။ အခု စကစ ဂိတ်အသစ်တွေများလာတာရယ်။ ဂိတ်ကြေးတွေမြင့်လာတာရယ်ပါတယ်။ ဒေသထွက် ဆန်တွေက မရှိတော့ဘူး။ ဧရာဝတီက မှာဖို့က အရမ်းခက်ခဲနေတယ်။ အခု ဖြန့်နေတဲ့ ဆန်တွေက ဟိုအရင် လတွေက မှာထားတဲ့ ဆန်တွေ ပါ။ အခု ပေါက်ဈေး ကျပ် ၂ သိန်းက အရင်က ဈေးနဲ့ ရောင်းနေကြတာပါ။ ” ဟု ပြောသည်။ ဂွမြို့နှင့် ကျိန္တလီမြို့က ဆန် ဈေးမြင့် တက်သွားခြင်းသည် သံတွဲမြို့နယ်ထဲက စစ်ရှောင်များနှင့် ပြည်သူများအတွက် များစွာထိခိုက်မှုရှိမည်ဖြစ်သည်။  

၂၆။ တိုက်ပွဲရပ်ဖို့ တရုတ်က ဖိအားပေးနေပြီး တိုက်ပွဲတွေရပ်ဖို့ ဗဟိုက ညွန်ကြားထားတာ မရှိသေးဘူးလို့ TNLA ပြော
July 22, 2024

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက ဖိအားပေးနေပြီး တိုက်ပွဲတွေရပ်ဖို့ ဗဟိုက ညွန်ကြား ထားတာ မရှိသေးဘူးလို့ တအာင်းတပ်မတော် (PSLF/TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။ လက်ရှိမှာ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက် လက်ဖြစ်ပွားနေတယ် လို့ ဆိုပါတယ်။ “အပစ်ရပ်နဲ့ပတ်သက်ပြီး ဗဟိုညွန်ကြားတာ မရှိသေးဘူး။လက်ရှိ တိုက်ပွဲပြင်း ထန်နေတယ်။ တရုတ်အစိုးရလည်း ဖိအားပေးနေပါတယ်” လို့ လွေးယေဦးက ပြောပါတယ်။ PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် က လည်း “ဘရိတ်ခဏယူရအောင် ဘောလုံးကန်နေတာလည်း မဟုတ်သလို ခဏခဏရပ်ရအောင်လည်း လက်ဝှေ့ထိုးတာ မဟုတ် ဘဲ ရှေ့သို့ ချီတက်သွားမယ်”လို့ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နာမှာ မနေ့ ဇူလိုင် ၂၁ ရက်က ရေးသား ဖော်ပြထားပါတယ်။

ကိုးကန့်တပ်မတော်-MNDAA ဘက်ကတော့ တရုတ်ရဲ့ ဖိအားကြောင့် ဇူလိုင်လကုန်အထိ အပစ်ရပ်မယ်လို့ ကြေညာ ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကစပြီး ရှမ်းမြောက် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်၊ စဥ့်ကူးနဲ့ မတ္တရာမြို့မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ MNDAA နဲ့ ပူးပေါင်းတပ် ကလည်း ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကစပြီး စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်-ရမခ တည်ရှိရာ လားရှိုးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ စစ်ရေးအရှိန်ရနေတဲ့ ၁၀၂၇ စစ်ဆင် ရေး ပထမလှိုင်းဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ မှာ ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။ Read in Full

၂၇။ မိုးကုတ် အကျဉ်းထောင်ကို TNLA နှင့်ပူးပေါင်းအဖွဲ့ သိမ်းပိုက်
 July 23, 2024
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ပန်မထိပ်ကျေးရွာအနီး အကျဉ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင် ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်သည်။ လက်နက်ငယ် (၅)လက်၊ ဒရုန်း(၁)စင်းနှင့် အခြားစစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ရွှေမြဝင်း၊ ဒေါ်နန်းကြည်တောင်၊ ပန်းသပြေတောင်နှင့် ရွှေသာယာ စသည့် စစ်ကောင်စီတပ်စခန်းများကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

လက်ရှိတွင် မိုးကုတ်မြို့အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး TNLA နှင့်ပူးပေါင်းအဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ မိုးကုတ်မြို့အရှေ့ပိုင်းရှိ တာဝါတိုင်၊ ရေကန်တောင်၊ ပတ္တမြားစေတီတပ်စခန်းများကို သိမ်းပိုက်ထားကြောင်း TNLA က ထုတ်ပြန်ထားသည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဇွန် ၂၅ ရက်မှစသည့် စစ်ကောင်စီနှင့် TNLA ၏ တိုက်ပွဲများမှာ တစ်လခန့် ကြာမြင့်လာပြီဖြစ်သည်။ လက်ရှိတွင်လည်း မိုးကုတ်မြို့အပြင် နောင်ချို၊ ကျောက်မဲမြို့နယ်တို့မှ စစ်ကောင်စီတပ်စခန်းများကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသည်။ Read in Full

၂၈။ ကချင်တစ်ပြည်နယ်လုံး ဖုန်းနဲ့ အင်တာနက် ပြတ်တောက်နေ
 July 22, 2024
 မြို့နယ်ပေါင်း ၁၈ ခု၊ လူဦးရေ တစ်သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်မှာ ဇူလိုင် ၂၁ ရက်နေ့မနက် ဆယ်နာရီခန့်ကစ လို့ ဖုန်းလိုင်းနဲ့ အင်တာနက် ဆက်သွယ်ရေးတွေအားလုံး ပြတ်တောက်နေပါတယ်။ ဒီနေ့ညနေပိုင်းအထိ ဆက်သွယ်ရေးတွေ အားလုံး ပြတ်တောက်နေတာလို့ ကချင်ပြည်နယ်ပြင်ပကို ရောက်ရှိနေတဲ့ ဟိုပင်မြို့ခံတစ်ဦးက ပြောပါတယ်။ “အင်တာနက် လှိုင်းက မနေ့က ဆယ်နာရီလောက်ကနေ ပြတ်တောက်သွားတယ်။ ပြီးရင် အင်တာနက်လိုင်းတွေတင်မကဘူး၊ ဖုန်းလိုင်းတွေ လည်း မရတော့ဘူး။ လောလောဆယ်တော့ ကချင်တစ်ပြည်နယ်လုံး မရဘူးလို့သိထားတယ်။ တစ်ပြည်နယ်လုံးဆိုတဲ့နေရာ Starlink သုံးနိုင်တဲ့နေရာတွေနဲ့ နယ်စပ်ဒေသဘက် တရုတ်ဘက်ခြမ်းက အင်တာနက်မှီခိုနေတဲ့သူတွေတော့ အင်တာနက်လိုင်း ရတာပေါ့နော်။ လောလောဆယ်တော့ အဲဒီလိုမျိုးရှိတယ်” ဆက်သွယ်ရေးအားလုံး ပြတ်တောက်နေတာ အချိန်နှစ်ရက်အထိ ကြာလာပြီဖြစ်လို့ မိသားစုအတွက် စိုးရိမ်မိတယ်လို့ ရန်ကုန်မြို့ကိုရောက်နေတဲ့ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။ ကချင်ပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ဖိုက်ဘာဆက်သွယ်ရေးလိုင်းတွေ မန္တလေးတိုင်း တကောင်းမြို့ဘက်မှာ တိုက်ပွဲတွေ ကြောင့် ပြတ်တောက်သွားကြောင်း လူမှုကွန် ရက်တွေမှာ ရေးသားတာတွေရှိပေမဲ့ ဆက်သွယ်ရေးပြတ်တောက်ရတဲ့ အကြောင်း ရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကချင်ပြည်နယ်မှာ အရင်ကတိုက်ပွဲတွေပြင်းထန်ချိန် မြို့နယ်အချို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအချို့ ပြတ်တောက် တာတွေရှိခဲ့ပေမဲ့ အခုလို ပြည်နယ်တစ်ဝန်းက ဆက်သွယ်ရေးကွန်ရက်အားလုံး ပြတ်တောက်သွားတာမျိုး တစ်ခါမှမကြုံခဲ့ဖူးလို့ လည်း ဒေသခံတွေက ပြောပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/KIO) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက တော့ အကြောင်းရင်းကိုစုံစမ်းနေဆဲပဲလို့ ပြောပါတယ်။“အတိအကျကတော့ ပြောလို့တော့မရဘူးပေါ့ နော်။ ဒါပေမဲ့ ထူးတာကတော့ စကစဘက်ကနေ စစ်ရေးအခြေအနေတွေကြောင့် အခုလိုမျိုး ပြည်သူလူထု သုံးနေကြတဲ့ ဖုန်း လိုင်းတွေ အင်တာနက်တွေ အကုန်လုံးပိတ်တာတော့ တွေ့ရတယ်။ ဘာကြောင့် ပိတ်တယ်ဆိုတာတော့ အတိအကျတော့ မသိရ ဘူးပေါ့။ ဒါပေမဲ့ ခုနကပြောသလိုပေါ့။ စစ်ရေးအခြေအနေကို သူလည်း စိုးရိမ်လို့လည်း ဖြစ်နိုင်တာပေါ့။ နောက် မိုးလေဝ သကြောင့်လည်း ဖြစ်နိုင်တာပေါ့။ ဒါက ကျွန်တော်တို့ စုံစမ်းနေဆဲဖြစ်ပါတယ်” လက်ရှိမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ ဝိုင်းမော်၊ မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာ စစ်ရေးတင်းမာနေဆဲဖြစ်သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ထားတဲ့ မြစ်ကြီးနား ဘက်ကလည်း ဝိုင်းမော်မြို့နယ်ဘက်ကို ပုံမှန်လိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြော ပါတယ်။ ကချင်နိုင်ငံရေး သုတေသီတစ်ဦးဖြစ်တဲ့ ကိုရှဘတ်ကတော့ အခုလိုပြတ်တောက်မှုက စစ်ရေးနဲ့ ဆက်စပ်မှုရှိနိုင် တယ်လို့ ပြောပါတယ်။ Read in Full

၂၉။ လောင်းလုံးမှာ ထားဝယ်သပိတ်ကော်မတီဝင်ရဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံရ
 July 23, 2024
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ပြင်ကျောင်းရွာမှာရှိတဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဝင်တစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၂ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ မီးရှို့ခံရတဲ့နေအိမ်ဟာ DDMSC မှာ Dawei LGBT community ရဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်နေသူ ရဲဘော် ဆူနာမီရဲ့ နေအိမ်ဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ချိန် မီးရှို့ဖျက်ဆီးခံရတာလို့ DDMSC ကော်မတီဝင် တစ်ဦးက ပြောပါတယ်။“ဒီနှစ်ဆန်းပိုင်း စစ်ကြောင်းထိုးလာချိန်ကလည်း အခုကျွန်တော်တို့ ရဲဘော်အိမ်ကို ဝင်ရှာပြီး အိမ်ထဲရှိ တဲ့ ပစ္စည်းတွေ ဖျက်စီးသွားတာတွေ ရှိတယ်။ အဲဒီမတိုင်ခင်ကလည်း အိမ်ထဲဝင်ရှာတယ်။ စစ်ကြောင်းထိုးတိုင်း အိမ်ထဲဝင်ရှာ ဖျက်စီးသွားပြီး ဒီတစ်ခေါက်တော့ သူတို့ တစ်ခါ တည်း မီးရှို့ဖျက်စီးခဲ့တယ်။ DDMSC က အာဏာရှင်ကို ဆန့်ကျင်နေတာဆိုတော့ သူတို့ဘက်ကလည်း ရန်သူလို့ ယူ ဆတယ်။ အဲလို ယူဆရင်တောင်မှပဲ နေအိမ်တွေကို မီးရှို့တာက မဖြစ်သင့်ဘူး” ဇူလိုင်လ ၁၉ ရက်နေ့ကစလို့ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြင်ကျောင်းရွာခံ အမျိုးသမီးနှစ်ဦးကို လည်း ဖမ်းဆီးသွားတယ်လို့ သူက ပြောပါတယ်။

စစ်ကြောင်းထိုးချိန် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ ညင်းမော်ရွာနဲ့ ရင်းဘုတ်ရွာလမ်းဆုံမှာ တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီအနီးအနားက နေအိမ်သုံးလုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်က အခုလို စစ် ကြောင်းထိုးဝင်ရောက်နေတာကြောင့် အနီးအနားရွာတွေဖြစ်ကြတဲ့ ပြင်ကျောင်း၊ ကြက်ယက်တွင်း၊ ကဒက်ကြီး၊ ဟင်းချိုတော၊ သပြေရှောင်စတဲ့ ရွာတွေမှာ နေထိုင်ကြသူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full

၃၀။ ချင်းကာကွယ်ရေးတပ်ဖွဲ့ ကန်ပက်လက်ထံသို့ ရဲဒုတပ်ကြပ် တစ်ဉီး လက်နက်ခဲယမ်းများနဲ့အတူ အလင်း၀င်
 July 22, 2024
 ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်ရှိ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲဒုတပ်ကြပ် ကွီးလိန်းသည် ဇူလိုင်လ ၁၈ ရက်နေ့တွင် အလင်း၀င်ရောက်လာကြောင်း ဇူလိုင် ၂၂ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ် ကန်ပက်လက်က ထုတ် ပြန်ခဲ့ပါတယ်။ အလင်း၀င်ရောက်လာတဲ့ ရဲဒုတပ်ကြပ် ကွီးလိန်းသည် BA. 63 (၁)လက်၊ ကျည် ၃၀ တောင့်၊ ကျည်ဘောက် (၂) ခု နှင့် ဆက်သွယ်ရေးစက် (၁) လုံး တို့နှင့်အတူ CDF-Kanpetlet ထံသို့အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဆက်လက်ပြီး ကန်ပက်လက်မြို့အတွင်းရှိ စစ်ကောင် စီတပ်သား၊ ရဲသားများအနေဖြင့် CDF-Kanpetlet ထံ သို့ ယုံကြည် စွာ ဆက်သွယ်လာနိုင်တယ်လို့ အလင်း၀င်ကိစ္စနဲ့ပတ်သက်လို့ တိုက်တွန်းထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနော် တစ်နိုင်ငံ လုံးတွင် လက်ရှိအထိ CDM ဝင်ရောက်လာတဲ့  စစ်သားနဲ့ ရဲ  စုစုပေါင်း ၁၄၀၀၀ ခန့်  ရှိနေပြီး အဲဒီအထဲမှာ အမြင့်ဆုံးရာထူး ဒုတိယ ဗိုလ်မှူးကြီးအထိ ပါဝင်တယ်လို့ပြည်သူ့ရင်ခွင်ရဲ့ ဖော်ပြချက်အရသိရပါတယ်။ Read in Full

၃၁။ မဒေးကျွန်း သံဇစ်မြစ် တူးဖော်ရေးစီမံကိန်းကြောင့် ဒေသခံတွေ အခက်ကြုံ
 July 23, 2024
 ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ် မဒေးကျွန်းက ရေနံတွေကိုသယ်မဲ့ တရုတ်ရေနံတင် သင်္ဘာကြီးတွေ အလွယ်တကူ ဝင်ထွက်သွားလာနိုင်အောင် ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းဖို့အတွက်ဆိုပြီး သံဇစ်မြစ် ရေလမ်းကြောင်း တူးဖော်တဲ့ စီမံကိန်းကို စစ်ကောင်စီက ဇူလိုင် ၁၅ ရက်နေ့မှာ စတင်လိုက်ပါတယ်။ စီမံကိန်းက စက်တင်ဘာ ၃၀ ရက်နေ့အထိ နှစ်လခွဲခန့်ကြာမှာဖြစ်ပြီး အဲဒီကာလအတွင်း သံဇစ်မြစ်ထဲ ဖြတ်သန်းသွားလာတာ၊ ငါးဖမ်းတာတွေမလုပ်ဖို့ ဒေသခံတွေကို စစ်ကောင်စီက တားမြစ်ထားပါတယ်။ ဒီလို ရက်ရှည်ပိတ်လိုက်တာကြောင့် အဲဒီမြစ်ကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေ ရတဲ့ တံငါသည်တွေအပါအဝင် ဒေသခံတွေအတွက် ထိခိုက်နစ်နာစေတယ်လို့ ဒေသခံ ဦးဖိုးမောင်ကပြောပါတယ်။“ကျောက်ဖြူ ဒေသဟာ ရေလမ်းကြောင်းနဲ့ပဲ သွားလာတာတွေ အများကြီးရှိတဲ့ ဒေသတစ်ခုဖြစ်တယ်။ အဲဒီဒေသမှာ ဒီလိုရေလမ်းကြောင်းကို ရက်ရှည်ရှည်နဲ့ ပိတ်ပစ်လိုက်မယ်ဆိုတော့ သွားလာနေတဲ့ ဒေသခံတွေအတွက်ရော ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြု နေတဲ့လူတွေအတွက်ရော အတော့်ကို ဒုက္ခ ရောက်မယ်လို့ အဲဒီလိုမြင်မိပါတယ်။ ဒီအရပ်သား ပြည်သူလူထုအနေနဲ့ ဒုက္ခတွေ ပိုပြီး ဖြစ်သွားအောင်ဆိုပြီး တမင်လုပ်သလို အဲဒီလိုဖြစ်နေတယ်ခင်ဗျာ” ဇူလိုင် ၃ ရက်နေ့ကထုတ်တဲ့ စစ်ကောင်စီ ကြေညာချက်မှာ ဒီစီမံကိန်းလုပ်ငန်း မကြန့်ကြာအောင် လုပ်ငန်းခွင်ဧရိယာရဲ့ ငါးရာမီတာပတ်လည်အတွင်း သင်္ဘောကြီးငယ်တွေ၊ ကုန်တင် စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ၊ စက်တပ်လှေတွေ ဖြတ်သန်းသွားလာတာ၊ ကျောက်ချရပ်နားတာ၊ ငါးဖမ်းတာ၊ ငါးဖမ်း ကိရိယာတွေ ချတာတွေမလုပ်ဖို့ တားမြစ်ထားပါတယ်။

စစ်ကောင်စီက သံဇစ်မြစ် ပြုပြင်ထိန်းသိမ်းရေး အကြောင်းပြချက်နဲ့ ပိတ်ဆို့လိုက်တာကြောင့် အဲဒီမြစ်ကြောင်းကို အမှီ ပြုပြီး မြို့ပေါ်ကို သွားလာနေရတဲ့ မဒေးကျွန်းပေါ်က ဒေသခံတွေဟာ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအပြင် အငတ်ဘေးနဲ့ပါ ရင်ဆိုင်ရနိုင်တယ်လို့ ဒေသခံ ဦးမောင်သာဇံက ပြောပါတယ်။“ရက်ပေါင်း ရှစ်ဆယ်လောက်အထိ ပိတ်ပစ်လိုက်မယ်ဆိုရင် ဒီလူ တွေကငတ်လို့ သေသွားနိုင်တဲ့အထိ အခက်အခဲရောက်နိုင်တယ်။ ဘယ်လိုဖြစ်လာမလဲဆိုရင် ပြောကောင်းတဲ့စကားတော့ မဟုတ်ဘူး။ ဆူပူသွားမယ်၊ ကျွန်းမှာ ဒီလူတွေက သွားစရာလမ်းမရှိ။ တံငါသည်ဘဝနဲ့ လုပ်စားနေကြတာတွေကို မပိတ်စေချင် ဘူး။ နောက်တစ်ခုက သွားလို့လာလို့လည်း ထိုကမ်းဒီကမ်းလည်း ရောက်စေချင်တယ်။ ဆိုတော့ အဲဒီလိုသာ ခွင့်မပြုဘူးဆိုရင် တော့ ဒီလူတွေကတော့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အားလုံးချို့တဲ့ကြမယ်” ကျောက်ဖြူမြို့နဲ့ မဒေးကျွန်းဟာ ဆယ်မိုင်ခန့်ဝေးပြီး အဲဒီကျွန်းပေါ်မှာရှိတဲ့ ရွာမ၊ ကျောက်တန်း၊ ပရိမ်၊ ငတောက်တူတောင်၊ ပန်းတူချေ၊ ကျောက်ရွာကြီးစတဲ့ ကျေးရွာခြောက်ရွာက အိမ်ထောင်စု ရှစ်ရာ၊ လူဦးရေ သုံးထောင်ဝန်းကျင်ဟာ စစ်ကောင်စီ လက်ရှိပိတ်ဆို့ထားတဲ့ မြစ်ကို အသုံး  ပြုသွားလာနေကြရတာပါ။ တရုတ်ရဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ ၃၇၀ ဧကနဲ့ မျက်နှာချင်း ဆိုင်မှာရှိတဲ့ ရမ်းဗြဲကျွန်းပေါ်က ၂၃၇ ဧက၊ စုစုပေါင်း မြေဧရိယာ ၆၀၇ ဧကမှာ အကောင်အထည် ဖော်နေတာပါ။ အဲဒီရေနက် ဆိပ် ကမ်းစီမံကိန်းမှာ ပင်လယ်ကူးသင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မဲ့ဆိပ်ကမ်း ဆယ်ခုပါဝင်ပါတယ်။ Read in Full

 
၃၂။ ဖရူဆို၊ အင်တောစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်တွေရဲ့ ဝက်သားပေါက် သေဆုံးမှုများနေ
 July 22, 2024

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက အင်တောစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်တွေ တနိုင်တပိုင် မွေးမြူထားတဲ့ ဝက်သားပေါက်တွေ သေဆုံးနေတယ်လို့ ဝက်မွေးမြူနေတဲ့ စစ်ရှောင် တစ်ဦးက ပြောပါတယ်။“ဝက်က သစ်ပင်အောက်၊ ဝါးပင်အောက် မှာ ဖြစ်တော့ နည်းနည်း သန့်ရှင်းမှု အားနည်းသေးတာပေါ့။ ဝက်ခြံနဲ့ တဲအိမ်ကလည်း နီးတယ်လေး။ ခြင်မဟုတ်လည်း တစ်ခုခု ရောဂါရနိုင်တာပေါ့၊ ဆေးတစ်ခုခု ဖျန်းပေးနိုင်ရင်တော့ ကောင်းတာပေါ့၊” လို့ ဝက်မွေးမြူထားတဲ့ စစ်ဘေးရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။ သေဆုံးသွားတဲ့ ဝက်သားပေါက် ၁၅ ကောင်အထိ ရှိနေပြီဖြစ်ပြီး ဝမ်းလျောတဲ့ လက္ခဏာနဲ့ ဝမ်းဖြူတွေ သွားပြီး သေဆုံးသွားကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်ရှောင်စခန်းမှာ စားဝတ်နေရေးအတွက် ဝက်တွေကို တနိုင် တပိုင်တွေကို မွေးမြူထားကြတာဖြစ်ပါတယ်။

အခုလို ဝက်သားပေါက်တွေ သေဆုံးနေတဲ့အပေါ် ကာကွယ်ကုသနိုင်တဲ့ နည်းလမ်းနဲ့ ဆေးဝါးတွေမရှိတဲ့အပြင် တိရိစ္ဆာန် ဆရာဝန်တွေမရှိတာကြောင့် တခြား ဝက်တွေကိုပါ ကူးစက်မှာကို စစ်ရှောင်တွေက စိုးရိမ်နေကြပါတယ်။ ဒေသပေါက်စျေးအရ ဝက်သားပေါက် ၁ကောင်ကို ကျပ် ၁၆၀၀၀၀ အထိ ပေါက်စျေးရှိနေပါတယ်။ ဒေသခံတွေရဲ့ အဆိုအရ ယခုလို ဝက်တွေ၊ ကြက် တွေ သေဆုံးတာ နှစ်စဥ် နှစ်တိုင်း ကြုံတွေ့ကြရပါတယ်။ အင်တောစစ်ဘေးရှောင်မှာ စစ်ဘေးရှောင် အိမ်ခြေ (၂၀၀) ကျော် ရှိနေ ပါတယ်။ Read in Full

၃၃။ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ဖမ်းဆီးထားတဲ့ လူငယ်ပေါင်း ၁၇၀ ကျော် လွတ်မြောက်လာခြင်း မရှိသေး
 July 22, 2024

ရှမ်းပြည်မြောက်ပိုင်း တစ်ခွင်မှာ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးထား တဲ့ လူငယ်ပေါင်း ၁၇၀ ကျော် ရှိလာပြီလို့ တအာင်းအမျိုးသမီးအဖွဲ့ (TWO)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်တဲ့ ၁၀၂၇ ပထမပိုင်းနဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက် ရက်နေ့ စတင်တဲ့ ဒုတိယပိုင်းတွေမှာ ကိုးကန့်ဒေသရှိ ဆယ်တန်၊ ချင်းရွှေဟော်၊ တုံချိန်၊ ပါစင်ကျော်၊ နမ့်တစ်နဲ့ လားရှိုးအဝင် မယ်ဟန် စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီး ခံရတာပဲ ဖြစ်ပါတယ်။ “ကျမတို့ တအာင်းအရပ်ဘက် အဖွဲ့စည်းတွေက ဘာလုပ်လဲဆိုတော့ ကောက်ထားတဲ့ စာရင်းဇယားနဲ့ တကွ ဘယ်နေရာမှာ အဖမ်းခံရတယ်။ ဘယ်ရက်၊ ဘယ်ဒေသက လူတွေဖြစ်တယ်ဆိုတာကို အတိကျ သူတို့ရဲ့ မှတ်ပုံတင် အမည် တွေနဲ့တကွ သူတို့ဆီစာပို့ဖူးတယ်။ Offline ‌ရော ဗဟိုရုံးချုပ်ရော။ သူတို့ဘက်ကတုံ့ပြန်မှုမရှိတဲ့အခါကျတော့ ကျမတို့က ဘာလုပ် လဲဆိုတော့ စာတွေကို အွန်လိုင်းပေါ် တင်တာမျိုးတွေ တခြားသော သူတွေ သိအောင်ပေါ့” လို့ TWO ရဲ့ သတင်းအချက် အလက် စုဆောင်းရေး ရုံးတာဝန်ခံ တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ မူဆယ်၊ တန့်ယန်း၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုးမြို့နယ်တွေက အသက် ၂၀ ဝန်းကျင်တွေ ဖြစ်ပြီး အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်လည်း တချို့ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီး ခံရသူတွေထဲမှာ တအာင်းလူငယ် အများစုနဲ့ တအာင်း၊ ရှမ်း၊ တရုတ်၊ လီဆူလူမျိုးတွေ လူနည်းစု ပါဝင်ပြီး “ဝ”ဒေသနယ်စပ်က စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ထားတယ်လို့ လွတ်မြောက်လာသူ တချို့ဆီက သိရပါတယ်။“ကျမတို့က ရပ်ထားမှာ တော့ မဟုတ်ဘူး။ အခု ၁၀၂၇ ဒုတိယပိုင်းမှာလည်း လူငယ်တွေ အများကြီး ပြန်ဖမ်းဆီးတာတွေ ဖြစ်လာတယ်။ သူတို့ ဖမ်းခေါ် ထားတဲ့ လူဦးရေ၊ ဘယ်နေရာမှာ၊ ဘယ်သူတွေကို ဖမ်းဆီးတယ် ဆိုတာ ပြန်ကောက်သွားမယ်ပေါ့နော်။ သူတို့ဘက်ကလည်း သူတို့ စစ်သားတွေ လူကောက်တယ်ဆိုရင် တိုင်လို့ရတဲ့ ဖုန်းနံပါတ်တွေ ကြေညာထားတာတော့ ရှိတယ်။ အခုလိုမျိုး အောက်ခြေ မှာ ဖြစ်နေတာတွေကို ပြောပြထားတာတော့ မရှိဘူး” လို့ TWO ရဲ့ ရုံးတာဝန်ခံ တစ်ဦးက ဆက်ပြောပါတယ်။ 

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button