အတွေးအမြင်

၄၇ ရဲ့ ၁၉ ဇူလိုင်နှင့် ၂၁ ရဲ့ ၁၉ ဇူလိုင်

၄၇ ရဲ့ ၁၉ ဇူလိုင်နှင့် ၂၁ ရဲ့ ၁၉ ဇူလိုင်

“၄၇ ရဲ့ ၁၉ ဇူလိုင်နှင့် ၂၁ ရဲ့ ၁၉ ဇူလိုင်”

ရေဆန် (၁၉ ဂျူလိုင်နေ့ အမှတ်တရ)

ဒီနေ့ ဇူလိုင် ၁၉ရက်နေ့ဟာ ခေတ်အဆက်ဆက်က မြန်မာပြည်သူတွေနဲ့ မစိမ်းတဲ့နေ့ “၁၉ ဇူလိုင် မမေ့နိုင်” လို့တောင် ခေါ်တွင်ခဲ့တဲ့နေ့ပါပဲ။

ဒီ ဇူလိုင် ၁၉ ဟာ မြန်မာပြည်ရဲ့ သမိုင်းဝင်နေ့တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒီနေ့ကို ခေတ်အဆက်ဆက် နှစ်စဉ်နှစ်တိုင်း အောက်မေ့အမှတ်ရ အလေးပြုကြပေမယ့် ဒီနေ့ရဲ့ အဖြစ်အပျက်နဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကိုတော့ သင်ခန်းစာယူတာ တာဝန်ယူတာနဲ့ပတ်သက်လို့ ယနေ့ထိတိုင် အားနည်းနေသေးတယ်လို့ ဆိုရပါမယ်။

ဒီလိုနေ့မှာ ငြိမ်သက်မယ် အလေးပြုမယ် ကားဟွန်းတီးမယ်ဆိုတဲ့ သမာရိုးကျ ဂုဏ်ပြုခြင်းအစီအစဥ်တွေ အုံကြွရေး ကမ်ပိန်းလှုံ့ဆော်ခြင်းတွေအပြင် အခြားသော သင်ခန်းစာယူဖွယ် တွေးတောဆင်ခြင်ဖွယ်ရာများဟာလည်း ခေတ်စနစ်ပြောင်းလဲတဲ့ တော်လှန်ရေးတစ်ခုကို ဖော်ဆောင်ရာမှာ အဓိကကျလှပါတယ်။

တကယ်တော့ ဒီနေ့ဟာ တိုင်းပြည်တည်ထောင်ရေး အခြေခံကတိကဝတ်များကို လက်တွေ့အကောင်အထည် ဖော်ဆောင်ဖို့ရန် ကြိုးစားအားထုတ်ခဲ့ကြတဲ့ ခေါင်းဆောင်များထဲက ခေါင်းဆောင်တစ်စုဖြစ်တဲ့ ဗိုလ်ချုပ်နဲ့ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်ကြီးများရဲ့ လုပ်ကြံခံခဲ့ရတဲ့နေ့ အာဇာနည့်နေ့မြတ်တွေထဲက အာဇာနည် နေ့စွဲတစ်ခုဖြစ်ပါတယ်။


ဒီနေ့ဟာ ပင်လုံနဲ့လည်း ဆက်စပ်နေပါတယ်။ ပင်လုံကတိကဝတ် ၊ နိုင်ငံတည်ထောင်ရေး အခြေခံ သဘောတူညီချက်တွေ ပျက်စီးသွားခဲ့ရတဲ့ အကြောင်းရင်းတစ်ရပ်လည်းဖြစ်ပါတယ်။

ဒီနေ့ကြောင့် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ဆုံးရှူံးခဲ့ကြရတယ်။

ဒီနေ့ကြောင့် ဖက်ဒရယ်ခြေလှမ်း ပြည်ထောင်စုအိမ်မက်ပြိုလဲခဲ့ကြရတယ်။

ဒီနေ့ကြောင့် ခေတ်အဆက်ဆက်ပြည်သူတွေဟာ အာဏာရှင်အဆက်ဆက်ရဲ့ ပြည်တွင်းစစ်တွေကြားထဲမှာ ဆင်းဆင်းရဲရဲနဲ့ ဆိုးဝါးစွာရှင်သန်ခဲ့ရ အသက်ပေးခဲ့ကြရတယ်။

ဒီနေ့ဟာ ကျဉ်းမြောင်းသောအမျိုးသားရေးဝါဒ နဲ့ ဘာသာရေးအခြေပြုအမျိုးသားရေးဝါဒီများရဲ့ ဆိုးယုတ်မှုများကို မီးမောင်းထိုးပြခဲ့တာဖြစ်တယ်။

ဒီနေ့ရဲ့နောက်ဆက်တွဲဟာ လူမျိုးကြီးဝါဒကိုင်စွဲပြီး မရိုးဖြောင့်တဲ့နိုင်ငံရေးသမားများရဲ့ နိုင်ငံရေးကတိကဝတ် မစောင့်ထိန်းမှုကိုလည်း သမိုင်းသင်ခန်းစာယူဖွယ်ရာအဖြစ် ဖော်ပြပေးတယ်။

ဒီနေ့ ၂၁ နွေဦးတော်လှန်ရေးကြီးဟာလည်း ၁၉၄၇ ကအစပြုခဲ့တဲ့ မြန်မာ့တော်လှန်ရေးဖြစ်စဉ်ကြီးထဲက ဖြစ်ရပ် အစိတ်အပိုင်းကြီး တစ်ခုဖြစ်လာခဲ့ရတယ်။  

ဒီနေ့ ကျနော်တို့မျိုးဆက်ဟာ ၁၉၄၇ ခေတ်က အခြေအနေဆီကို ပြန်ရောက်လာခဲ့ပြီဖြစ်တယ်။

၄၇ တုန်းက နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေးကနေ လွတ်လပ်ရေးရယူဖို့တော်လှန်ခဲ့ကြတာ နဲ့ အခု ၂၁ နွေဦးတော်လှန်ရေးဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဟာ အာဏာရှင်စနစ်ဆန့်ကျင့်တော်လှန်ခြင်း ပြည်သူတရပ်လုံးလွတ်မြောက်ရေးတိုက်ပွဲ အခြေခံအားဖြင့် တော်လှန်ရေး အသွင်တူညီတယ်လို့ ပြောလို့ ရနိုင်ပါတယ်။

ယနေ့ခေတ်မှာ အာဏာရှင်စနစ်အမျိုးမျိုးကို ဆန့်ကျင်တော်လှန်ပြီး နိုင်ငံသစ် စနစ်သစ် လူ့အဖွဲ့အစည်းသစ်ကို တည်ထောင်ဖို့ တည်ဆောက်ဖို့အတွက် နိုင်ငံတည်ထောင်ရေးအခြေခံအုတ်မြစ် သဘောတူညီမှုတွေ ကတိကဝတ်တွေ ချမှတ်ကျင့်သုံးဖော်ဆောင်ရာမှာ ၁၉၄၇တုန်းက အခြေအနေ ဖြစ်ရပ် အဖြစ်အပျက်များနဲ့ ယှဉ်တွဲလျက် အောက်မေ့သတိပြုဆင်ခြင်ရမှာ သင်ခန်းစာယူရမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးများကျဆုံးခဲ့ရခြင်းကြောင့် စစ်အာဏာရှင်တွေ ပေါ်ပေါက် လာခဲ့ပြီး ပြည်ထောင်စုအိမ်မက်ပျောက်ဆုံးရခြင်းလို့ အများစုသိမှတ်ထားကြပေမယ့် တကယ့်အတွင်း ကျကျ ဆန်းစစ် ဆင်ခြင်ရာမှာတော့ “ဒီခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့ သဘောတူညီခဲ့ကြတဲ့ နိုင်ငံရေး တည်ထောင်ရေး ကတိကဝတ်တွေ မူဝါဒလမ်းစဉ်နဲ့ အခြေခံလမ်းညွန်ချက်ပဋိညာဉ်တွေကို ခေါင်းဆောင်ကြီးများ မရှိတော့ သည့်နောက် ကျန်ရှိခဲ့တဲ့ မျိုးဆက်တွေ ခေါင်းဆောင်တွေက နိုင်ငံရေးရိုးသားမှုရှိရှိ တန်းတူမျှတမှုရှိရှိ လက်တွေ့ အကောင်အထည်မဖော်ဆောင်နိုင်ခဲ့ဘဲ သဘောတူညီမှုကတိကဝတ်များဖောက်ဖျက်ခဲ့ခြင်းကသာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအိမ်မက်ပြိုလဲရခြင်း” ရဲ့ အဓိကအကြောင်းရင်းလို့ ဆိုချင်ပါတယ်။

ဒါကြောင့်မို့ ဒီနေ့ခေတ် ကျနော်တို့မျိုးဆက်တွေကကော အနာဂတ်နိုင်ငံသစ် တည်ဆောက်ရေး ကတိကဝတ် တွေအပေါ်မှာ ဘယ်လောက်ထိခိုင်ခိုင်မာမာ ယုံကြည်မှုရှိရှိ လက်တွဲတည်ဆောက်ထားနိုင်နေပြီလဲ တာဝန် ယူနိုင်နေပြီလဲ။

တော်လှန်တပ်ဦးတွေနေရာမှာတာဝန်ယူထားကြတဲ့ ပြည်သူ့ထောက်ခံမှုနဲ့ရပ်တည်ရှေ့ဆက်နေကြရတဲ့ CRPH NUG NUCC ERO ဆိုတဲ့ အဖွဲ့စည်းများကကော အနာဂတ်နိုင်ငံသစ် စနစ်သစ်တည်ဆောက်ရေးအတွက် နိုင်ငံရေး ရိုးသားမှုရှိရှိ တာဝန်ခံမှုရှိရှိ ပြည်သူ့ဆန္ဒနဲ့အညီ အကောင်အထည်ဖော်နေကြသလား ရှေ့ဆက်နေကြသလား

သို့မဟုတ်ရင်တော့ဖြင့် မင်းအောင်လှိုင်စစ်အုပ်စုပြိုကျသွားသည့်တိုင် ၁၉၄၇ တုန်းကအခြေအနေဆီကိုပဲ ပြည်တွင်း စစ်သံ သရာများနဲ့ သမိုင်းတပတ် တကြော့ပြန်ပြန်လည်နေမှာဖြစ်ကြောင်း ဂျူလိုင် ၁၉ နေ့ အမှတ်တရ ဆင်ခြင် အောက်မေ့ဖွယ်ရာအဖြစ် ရေးသားတင်ပြလိုက်ရပါတယ်။

Related Articles

Back to top button