တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းအုပ်စုတွေ တောင်ကြီးမှာ အခြေချလှုပ်ရှားလာနေ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၂၊ ၂၀၂၃
တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းအုပ်စုတွေဟာ ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့မှာ အခုလ အတွင်း ပိုမိုအခြေချလှုပ်ရှားလာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
တရုတ်လူမျိုးတွေဦးစီးပြီး အွန်လိုင်းကနေတဆင့်နည်းအမျိုးမျိုးနဲ့ ငွေကြေးလိမ်လည်ကြတဲ့ အဲဒီကျား ဖြန့်အုပ်စုဟာ တောင်ကြီးစီးပွားရေးဇုန်(TBC)၊ မြို့တွင်းရှိ ဟိုတယ် ၂လုံးနဲ့ အဆောက်အဦး အချို့မှာ အခြေချလှုပ်ရှားလာနေတာဖြစ်တယ်လို့ သိရပါတယ်။
“TBCမှာ အရင် ၇လလောက်စဖွင့်တဲ့အုပ်စု ၁ခုပဲရှိတာ၊ အခုက အများကြီးပဲ။ ဝန်ထမ်းအများစုကတော့ မိုင်းကိုင်၊ လဲချား၊ ပင်လောင်းဖက်က တိုင်းရင်းသားတွေနဲ့ ပြည်မဖက်က ဗမာတွေ။ စားတာ သောက် တာကအစ သူတို့စီစဉ်ထားပေးပြီး အပြင်ပေးမထွက်ဘူး”လို့ သတင်းရင်းမြစ်တစ်ဦးက FJMM ကို ပြောပါတယ်။
လက်ရှိအချိန်မှာတော့ တောင်ကြီးမြို့ခံအများစုဟာ ကျားဖြန့်လုပ်ငန်းအကြောင်း နားလည်ကြသူ နည်းပါးတာမို့ အဆိုပါငွေလိမ်ဂိုဏ်းအုပ်စုတွေရဲ့ အသုံးချခံဖြစ်သွားမှာကို စိုးရိမ်နေရတယ်လို့ သူကဆက်ပြောပါတယ်။
အဲဒီတရုတ်လူမျိုးအုပ်စုတွေဟာ ကျားဖြန့်လုပ်ငန်းတွေသာမက အွန်လိုင်း လောင်းကစားဂိမ်း လုပ်ငန်း တွေကိုလည်း လုပ်ကိုင်နေပြီး လူမှုကွန်ရက်တွေမှာ လစာအများအပြားပေးကာ ဝန်ထမ်း ခေါ်ယူမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
လဲချားမြို့နယ်၊ မန်ပန်ကျေးရွာဘက်မှာလည်း ပြီးခဲ့တဲ့နိုဝင်ဘာလကစတင်လို့ တရုတ်လူမျိုး ကျားဖြန့် လုပ်ငန်းလုပ်ကိုင်သူ ၅၀၀ဦးထက်မနည်းရောက်ရှိနေပြီး သူတို့နေထိုင်ဖို့အတွက် အဆောက်အဦး များစွာ ဆောက်လုပ်နေတယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ – CJ