သတင်း

စစ်ကောင်စီက ပြုလုပ်မယ့် တောင်ကြီးတန်ဆောင်ပွဲက ရိုးရာပွဲတော်မဟုတ်ဘဲ အယောင်ပြပွဲအခမ်းအနားသာဖြစ်ပြီး လုံခြုံရေးအတွက် မေးခွန်းထုတ်စရာဖြစ်ဟုဆို

စစ်ကောင်စီက ပြုလုပ်မယ့် တောင်ကြီးတန်ဆောင်ပွဲက ရိုးရာပွဲတော်မဟုတ်ဘဲ အယောင်ပြပွဲအခမ်းအနားသာဖြစ်ပြီး လုံခြုံရေးအတွက် မေးခွန်းထုတ်စရာဖြစ်ဟုဆို

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၅၊ ၂၀၂၃

စစ်ကောင်စီက ပြုလုပ်မယ့် တောင်ကြီးတန်ဆောင်ပွဲက ယခင်နှစ်တွေက ကျင်းပခဲ့တဲ့ ရိုးရာပွဲတော်ပုံစံမဟုတ်ဘဲ အယောင်ပြပွဲအခမ်းအနားသာဖြစ်တယ်လို့ မီးပုံးပျံပညာရှင်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။

အခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၇ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က အသိပေးထားပါတယ်။

ဒါပေမယ့် အဲဒီပွဲတော်ဟာ ယခင်နှစ်တွေကလို ရိုးရာပွဲတော်မဟုတ်ဘဲ အယောင်ပြကျင်းပမှာဖြစ်ပြီး မီးပုံးပျံပြိုင်ပွဲတွေပါဝင်မှာမဟုတ်ဘဲ စစ်ကောင်စီနဲ့ လက်အောက်ခံ ဌာနဆိုင်ရာတွေ၊ စစ်ကောင်စီနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပေးမယ့် ငွေကြေးတွေနဲ့ အဖြစ်သဘောသာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

“ပြိုင်ပွဲမပါတော့ဘူး၊ သူတို့ပေးမယ့် စပွန်ဆာတွေနဲ့ မီးပုံးပျံတွေလုပ်ပြီး လွှတ်တင်မယ်၊ ဒီလောက်ပါပဲ။ အရင်ကလုပ်ခဲ့တဲ့ ရိုးရာပွဲတော်တွေနဲ့ သွေဖယ်သွားတာပေါ့။ ပွဲလုပ်ရတဲ့အဓိကရည်ရွယ်ချက်က ရှမ်းပြည်နယ်ကြီးငြိမ်းချမ်းပြီး ပြည်သူတွေပျော်ရွှင်နေတဲ့သဘောကို ပြချင်တာပေါ့။ အသေးစိပ်ကို ထပ်အသိပေးမယ်လို့ ပြောထားတယ်”လို့ မီးပုံးပျံပညာရှင်တစ်ဦးက FJMM ကို ပြောပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် တန်ဆောင်တိုင်ပွဲကို မီးပုံးပျံပညာရှင်တွေနဲ့ ဒေသခံတွေက ပါဝင်မှာမဟုတ်ကြောင်း လူမှုကွန်ရက်တွေမှာ အသိပေးထားကြသလို တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီကပြုလုပ်မယ့် ဘာသာရေးနဲ့ ရိုးရာအယောင်ပြပွဲတွေမှာ မပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

“တိုင်းပြည်က နာရေးဖြစ်နေတဲ့အချိန် အခြားတဖက်မှာ စစ်အကြမ်းဖက်အုပ်စုက မြို့ရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေ၊ အမျိုးသမီးနဲ့ကလေးသူငယ်တွေကို အကြမ်းဖက် သတ်ဖြတ်တာတွေ၊ ဘာသာရေးအဆောက်အဦတွေကို ဖျက်ဆီးတာတွေလုပ်နေပြီး တဖက်မှာတော့ ကမ္ဘာသိထင်ရှားတဲ့ တောင်ကြီး မြို့ရဲ့ ရိုးရာတန်ဆောင်တိုင်ပွဲကို ဖိအားပေး ပြန်လည်ကျင်းပစေပြီး မြို့ရွာအေးချမ်းနေသယောင် ဖန်တီးပြတဲ့ဇာတ်ကွက်ပါ။ တဖက်မှာလည်း စစ်မီးကြောင့် နေရပ်စွန့်ခွာရသူတွေကို ကိုယ်ချင်းမစာရာ ရောက်ပါတယ်” လို့ ရှမ်းတောင် တော်လှန်ရေး ထောက်ပို့တပ်ဖွဲ့ဦးဆောင်သူတစ်ဦးက FJMM ကို ပြောပါတယ်။

ဒါ့အပြင် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ဟာ ခေတ်ကောင်းစဥ် ကာလကပင် လုံခြုံရေး အင်အားနည်း ခဲ့တဲ့အတွက် နှစ်တိုင်းလူသတ်မှု လုယက်မှုတွေ ရှိခဲ့တာ ကြောင့် အခုလို တရားဥပဒေ စိုးမိုးမှု မရှိတဲ့ ကာလဆိုရင် လုံခြုံရေးအတွက် မစဥ်းစားရဲစရာပဲလို့ တောင်ကြီးက တော်လှန်ပြည်သူတချို့ ကလည်း မေးခွန်း ထုတ်ကြ ပါတယ်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကိုတော့ ၂၀၂၀ ပြည့်နှစ် COVID-19 ကပ်ရောဂါ ဖြစ်ပွားစဉ်ကတည်းက ရပ်နားထားခဲ့တာဖြစ်ပြီး အခုနှစ်မှာ စစ်ကောင်စီက ဦးဆောင် ပြန်လည်ကျင်းပမှာ ဖြစ်သလို ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေက အဲဒီပွဲတော်မှာ ပြည်သူတွေ မပါဝင်ကြဖို့ မြေပြင်မှာ ဆန္ဒပြကန့်ကွက်တာ မရှိပေမယ့် လူမှုကွန်ရက်တွေမှာတော့ တိုက်တွန်း နှိုးဆော်နေကြပါတယ်။

Related Articles

Back to top button