သတင်း

ရင်းငြိမ်တောင် ကျေးရွာရှိ အရပ်သားတစ်ဦး ပစ်ခတ်ခံရ

ရင်းငြိမ်တောင် ကျေးရွာရှိ အရပ်သားတစ်ဦး ပစ်ခတ်ခံရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၃။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာရှိ အရပ်သားတစ်ဦးမှာ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရပါတယိ။

ရင်းငြိမ်တောင်ကျေးရွာ တောင်ပေါ်တန်းပိုင်းတွင် နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ် ဦးကျားကြီးဆိုသူသည် ၎င်း၏ နေအိမ်သို့ ရှိနေစဉ် ဆိုင်ကယ်နဲ့ လူ ၂ ယောက်ရောက်လာပြီး ပစ်ခတ်ခဲ့ပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ဦးကျားကြီး၏ ဝဲဘက်ပေါင်ကို သေနတ်ကျည်ဆံ ထိမှန်ခဲ့ပြီး ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သထုံဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ရပါတယ်လို့ သိရပါတယ်။

” အရင်တစ်ခါကလည်း သူ့ကို လာပစ်တာ အပြင်သွားနေလို့ မဆုံလိုက်ဘူးဆိုပြီးကြားဖူးတယ်။ အခုတော့ မနက်မှာတော့ သူအိမ်မှာ ရှိနေချိန်ပဲ။ သူက ရဲ ဝတ်စုံဝတ်ပြီး ရပ်ကွက်ထဲမှာ လိုက်သွားနေတော့ သူ့ကို တခြားသူတွေ ကြည့် မရဘူး ဖြစ်မယ်။ ” လို့ ဒေသခံတစ်ဦးက FJMM ကိုပြောပါတယ်။

ဒေသခံတချို့ ပြောကြားချက်အရ ဦးကျားကြီးမှာ မီးသတ်နှင့် ပြည်သူစစ်တပ်ဖွဲ့ဝင် မဟုတ်ဘဲ ကျောင်းတက်ချိန် လွှတ်ချိန်များတွင် ကလေးများ အန္တရာယ်ကင်းရှင်းစေရန် လမ်းရှင်းလင်းပေးသူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုအပြီးတွင် ရင်းငြိမ်ကျေးရွာ အတွင်းရှိ အရပ်သားပြည်သူ ၁၀ ဦးခန့်ကိုလည်း ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်လျှက်ရှိတယ်လို့လည်း သိရပါတယ်။

ပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက မည်သည့်အတွက်ကြောင့် လာရောက်ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ FJMM အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက် စုံစမ်းလျှက်ရှိပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း ရင်းငြိမ်တောင်ကျေးရွာက ကျေးရွာပြည်သူစစ်တစ်ဦး လဖက်ရည်ဆိုင်ထိုင်နေချိန် ပစ်သတ်ခံရလို့ သေဆုံးသွားပါသေးတယ်။

Photo – CJ

Related Articles

Back to top button