ရခိုင်ကျောင်းသားခေါင်းဆောင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ရှာနေဟုဆို
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၁၉ ရက်၊ ၂၀၂၃။
ဩဂုတ် ၁၃ ရက်နေ့က ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကျင်းပခဲ့တဲ့ ရခိုင်ကျောင်းသားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေကြတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
ထိုကဲ့သို့ ရှာဖွေမှုတွေရှိနေတဲ့အတွက် ကျောင်းသားတွေဟာ ထွက်ပြေးတိမ်ရှောင်နေရပြီး မိဘတွေကလည်း စိုးရိမ်ကြောင့်ကြနေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့ကလည်း စစ်တွေမြို့၊ စံပြရက်ကွက်မှ ကျောင်းသားခေါင်းဆောင်တစ်ဦးရဲ့အိမ်ကို အရပ်ဝတ်ဖြင့် ရဲသားနှစ်ဦးကို ရောက်ရှိလာခဲ့ပြီး စုံစမ်းမှုများရှိခဲ့တယ်လို့ ရှာဖွေခံရတဲ့ ကျောင်းသားက ပြောပါတယ်။
” ကျနော်အိမ်ကို ရောက်လာပြီးတော့ ရဲစခန်းမှာလာပြီး ဖြေရှင်းဖို့ ပြောခဲ့တယ်လို့ ကျနော်တို့သိရတယ်။ကျနော်လာပြီးတော့ မဖြေရှင်းဘူးဆိုရင် ပညာရေးထိခိုက်မယ်လို့ ပြောခဲ့တယ်။ ကျနော်ထင်တာကတော့ ရဲစခန်းကိုသွားပြီးတော့မဖြေရှင်းရင် ကျနော်ကို ဝရမ်းထုတ်ထားမယ်ဆိုတဲ့ သဘောပေါ့” ဟု ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရှာဖွေမှုကြောင့် ကျောင်းသားတွေဟာ တိမ်းရှောင်နေကြရသော်လည်း ကြောက်လန့်သွားမှာမဟုတ်ဘဲ ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂက ချမှတ်ထားတဲ့ မူဝါဒအတိုင်း ပြည်သူဖက်ကရပ်တည်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။
အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဩဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားကာ စစ်တွေအကျဉ်းထောင်ရဲ့ အချုပ်ခန်းထဲတွင် ထိန်းသိမ်းထားတယ်လို့ သိရှိရပါတယ်။
ဓါတ်ပုံ – DMG