တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော အပြည့်အဝအရှိသော ပြည်ထောင်စုတည်ဆောက်ရန် ကြိုးပမ်းသွားမည်ဟု NUG ပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၁၂ ရက်၊ ၂၀၂၃။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) မှ သြဂုတ်လ ၁၂ရက်နေ့ (ယနေ့)တွင်ကျရောက်သော (၇၃)နှစ်မြောက် ကရင့်အာဇာနည်နေ့သို့ သဝဏ်လွှာ တစ်စောင်ပေးပို့ခဲ့ပါတယ်။
ထိုသဝဏ်လွှာထဲတွင် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ပြည် ထောင်စုကို တည်ဆောက်ရန်အတွက် ကရင်တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအပါအဝင် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ တော်လှန်ရေး အင်အားစုများအားလုံးနှင့် အတူတကွ လက်တွဲပြီး ဦးလည်မသုန် ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ဖော်ပြထားပါတယ်။
ထို့ပြင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ပေါက်လာရေး ဘုံရည်မှန်းချက်မှာ လက်တကမ်းအကွာသို့ ရောက်ရှိနေပြီဖြစ်တယ်လို့လည်း NUG မှ ပြောပါတယ်။
အာဏာရှင် စနစ်အား အပြီးသတ်အမြစ်ဖြတ်နိုင်ရေးတွင် အားလုံးသော တော်လှန်ရေးအင်အားစုအသီးသီးနှင့် ဆက်လက်ပူးပေါင်း၍ ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို CRPHရဲ့ ကရင့်အာဇာနည်နေ့ သဝဏ်လွှာတွင်လည်း ထည့်သွင်းဖော်ပြထားပါတယ်။
ထို့ပြင် KNU ၏ ဥက္ကဋ္ဌ ဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်းကလည်း စစ်တပ်၏ကံကြမ္မာအား ပြည်သူလူထု၏ လက်ဝယ်သို့ ပြန်လည်လွဲအပ်ကာ တိုင်းရင်းသားလူမျိုး များနှင့် ပြည်သူ လူထု၏ လိုအင်ဆန္ဒ အတိုင်း လိုက်နာလုပ်ဆောင်နိုင်သည်အထိ ရှေ့ဆက်ကြိုးပမ်းရပါမည်ဖြစ်တယ်လို့ ကရင့်အာဇာနည်နေ့မိန့်ခွန်းတွင် ပြောကြားထားပါတယ်။
စစ်အာဏာရှင်စနစ်အပြင် အာဏာရှင် စနစ်၏ လမ်းစဉ်နှင့် အုပ်ချုပ်ရေး လုပ်ငန်းအားလုံး အဆုံးသတ်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ် နှင့် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အစုအဖွဲ့များ အပြင် လူထုအခြေပြု လူ့အဖွဲ့ အစည်းများနှင့် လက်တွဲလုပ်ဆောင်ရပါမယ်လို့လည်း သူက ဆိုပါတယ်။
ယနေ့ ကျရောက်တဲ့ (၇၃) နှစ်မြောက် ကရင့်အာဇာနည်နေ့ တွေကို KNU ထိန်းချုပ်နယ်မြေများနှင့် ပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းများမှလည်း ကရင့်အာဇာနည်များအတွက် အောက်မေ့ဖွယ် အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
Photo – Getty Images