ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားတချို့မှ (၈) လေးလုံး (၃၅) နှစ်ပြည့် လူထုလှုပ်ရှားမှုကို US သံရုံးရှေ့မှာ ပြုလုပ်
ဖက်ဒရယ်ဂျာနယ်မြန်မာ။
သြဂုတ် ၈ရက်၊ ၂၀၂၃။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးရှေ့မှာ ထိုင်းရောက် မြန်မာနိုင်ငံသား အချို့မှ (၈) လေးလုံး အရေးတော်ပုံ (၃၅) ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ခုကို ယနေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့ကြပါတယ်။
ယနေ့လှုပ်ရှားမှုမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးကို တောင်းဆိုမှုအိတ်ဖွင့်ပေးစာပေးခြင်း၊ ကျရှုံးသွားတဲ့ အာဇာနည်တွေအတွက် ဆုတောင်းမေတ္တာပို့သခြင်း၊ အထိမ်းအမှတ် သီချင်းများ သီဆိုခြင်းများနှင့် လာရောက်ဝန်းရံပေးကြတဲ့ ပြည်သူလူထုအင်အားစုတွေနဲ့ အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
” ကျွန်တော်တို့က (၈) လေးလုံး (၃၅)နှစ်ပြည့်တဲ့ နေ့တိတိမှာလုပ်ချင်တာပါ။ ဒီနေ့လှုပ်ရှားမှုက ထိုင်းအစိုးရရော US သံရုံးက တာဝန်ရှိတဲ့သူတွေကရော ခွင့်ပြုချက်ပေးပါတယ်။ အလုပ် ပိတ်ရက်မဟုတ်လို့ လာရောက်ဝန်းရံကြတဲ့ ပြည်သူလူထုတွေတော့ နည်းပါးတယ်။ ဒီနေ့မှာ အမေရိကန်သံရုံးကတာဝန်ရှိသူတွေကို မြန်မာ့အရေးအတွက် အိတ်ဖွင့်စာပေးဖို့ကလည်း အဓိကစီစဥ်ထားပါတယ် ” လို့ လှုပ်ရှားမှုတွင် ပါဝင်ဦးဆောင်သူတစ်ဦးက FJMM ကိုပြောပါတယ်။
အဆိုပါအိတ်ဖွင့်ပေးစာထဲတွင် မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအထောက်အကူတွေပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဥ်းသားအားလုံးကို လွှတ်ပေးရေးနှင့် စစ်ကောင်စီကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရေးတို့ကို ထည့်သွင်းတောင်းဆိုထားတယ်လို့ သူက ပြောပါတယ်။
ယနေ့လှုပ်ရှားမှုကို ထိုင်းအစိုးရ နဲ့ အမေရိကန်သံရုံးရှိ တာဝန်ရှိသူများ၏ တရားဝင် ခွင့်ပြုချက်ဖြစ်ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးမှလည်း အိတ်ဖွင့်ပေးစာကို လက်ခံခဲ့ပါတယ်။
Photo – FJMM