စကားဝိုင်း

၂၀၂၃ မေလ (စကားဝိုင်း) အနှစ်ချုပ်

မြန်မာ့အရေး နိုင်ငံတကာ ပံ့ပိုးမှု၊ သံခင်းတမန်ခင်း လမ်းကြောင်းများနှင့် နွေဦးတော်လှန်ရေး (စကားဝိုင်း) အနှစ်ချုပ်

မြန်မာ့အရေး နိုင်ငံတကာ ပံ့ပိုးမှုဆိုင်ရာ ဆွေးနွေးခြင်း

၁) ပထမဦးဆုံး မြန်မာ့အရေးက ကမ္ဘာ့အရေးလို့ ပြောလို့ရပြီလား၊ မြန်မာ့အရေးက ပြည်တွင်းအရေးပဲလား။ ဘယ်လို ပြောချင်လဲ။

ဒေါက်တာ လှကျော်ဇော ( မြန်မာ့နိုင်ငံရေးလေ့လာသူ)

လက်ရှိမြန်မာ့အရေးဟာ ပြည်တွင်းရေးသက်သက် ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ၂၀၂၁ ခုနှစ်မှ ပေါ်လာတာမဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်ရှိပြီဖြစ်ပါတယ်။ တော်လှန်ရေးအတက်အကျရှိပေမဲ့ စဉ်ဆက်မပြတ် ဆက်လက်တော်လှန်နေခဲ့တာ ဖြစ်တာပါတယ်။ တော်လှန်ရေးမှာ ပြည်သူလူထုကသာ အခရာကျပြီးတော့ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

 ရဲဘော်ဆလိုင်းယောအောင်

(ဗဟိုဦးဆောင်ကော်မတီဝင်-မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး)

ကမ္ဘာကြီးဟာ ဒီမိုကရေစီကို လက်ခံနေတာ ဖြစ်တဲ့အတွက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုဟာ  ကမ္ဘာ့အရေးဖြစ်ပါတယ်။ တဆက်တည်းမှာ ပြောရမယ်ဆိုရင် နိုင်ငံတကာရဲ့ အကျိုးစီးပွားကို ဘယ်လောက်အကျိုးသက်ရောက်မှုရှိနိုင်မလဲ ဆိုတဲ့အပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ပြည်တွင်းအရေးလို့ လည်းပြောလို့ရနိုင်မလို၊ ဒေသတွင်းအရေး၊ နိုင်ငံတကာအရေးလို့ ပြောလို့ ရနိုင်ပါတယ်။

နိုင်ဗညားမွန်– တိုင်းရင်းသားနိုင်ငံရေးလေ့လာသူ၊ ဒါရိုက်တာ – မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ

လက်ရှိအနေအထားမှာ မြန်မာ့အရေးဟာ ပြည်တွင်းရေးသက်သက်သာဖြစ်ပါတယ်။ ဒေသတွင်းအရေးလို့ လည်းပြောလို့ ရနိုင်ပါတယ်။ တော်လှန်ရေးကို ပြည်သူတွေကသာ ဦးဆောင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍကလည်းအရေးပါပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးနဲ့ စောင့်ရှောက်ရေးအတွက် အများကြီးအထောက်အပံ့ဖြစ်စေပါတယ်။

၂) နွေဦးတော်လှန်ရေးကို ဘယ်လိုမြင်ပါသလဲ။ လက်ရှိအချိန်ကာလထိ အားကောင်းချက်၊ အားနည်းချက် ဘာတွေ ဖြစ်နေပါသလဲ။  

ရဲဘော်ဆလိုင်းယောအောင်

(ဗဟိုဦးဆောင်ကော်မတီဝင်-မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး)

နွေဦးတော်လှန်ရေးဟာ လက်ရှိအချိန်မှ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးမဟုတ်ဘူး။ ၁၉၆၂ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ တော်လှန်ရေးဟာ လက်ရှိအချိန်အထိ တော်လှန်နေရဆဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် မချုပ်ငြိမ်း မချင်း ပြည်သူတွေရဲ့အသက်သွေးချွေးတွေ ပေးဆပ်နေရအုံးမှာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ အစပိုင်း အချိန်ဘဲ ရှိသေးတဲ့အတွက် ပြင်ဆင်မှုအကောင်းဆုံးနဲ့ တော်လှန်ရမဲ့အချိန် ဖြစ်ပါတယ်။

၃) စစ်အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေး ဖြစ်တည်လာတာက ၂ နှစ်ကျော်လာပါပြီ၊ ပေးဆပ်မှုတွေ ကြီးမားလှတဲ့ နွေဦးတော်လှန်ရေးက မြန်မာ့နိုင်ငံအတွက် ဘယ်လိုပြောင်းလဲမှုတွေဖြစ်အောင် လုပ်ဆောင်သင့် ပါသလဲ။

နိုင်ဗညားမွန်– တိုင်းရင်းသားနိုင်ငံရေးလေ့လာသူ၊ ဒါရိုက်တာ – မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ

နွေဦးတော်လှန်ရေးဟာ နိုင်ငံရေးအပြောင်းအလဲအတွက် အရေးကြီးတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးက ဘုံသဘောတူညီမှုကို ရရှိနေပြီဖြစ်ပါ တယ်။ အရင်က EAO တွေ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နှိပ်စက်အကြမ်းဖက်မှုတွေကို ပြည်မက ကောင်းစွာနားလည်နိုင်ကြပြီ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးလမ်းကြောင်းကို ပိတ်နေတဲ့ စစ်အာဏာရှင်စနစ်၊ အာဏာရှင်စနစ်အားလုံးကို ဖြိုချဖို့အတွက် အားလုံးက စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်ပါတယ်။

၄) ပေးဆပ်မှုတွေကြီးမားလှတဲ့ မြန်မာ့နိုင်ငံရေး ပဋိပက္ခကို တည်ငြိမ်မှု ဖြစ်လာအောင် ဝိုင်းဝန်းပံ့ပိုးပေးနိုင်ဖို့ နိုင်ငံတကာ အတိုင်းအဝန်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကလည်း အရေးပါဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ နိုင်ငံ တကာရဲ့  ပံ့ပိုးမှုက မြန်မာ့အရေးဖက်ဒရယ်ကရေစီ ဖြစ်ထွန်းရေးနှင့် စစ်အုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေး တို့ အတွက် ဘယ်လောက်အထိ အရေးပါသလဲ။

ဒေါက်တာ လှကျော်ဇော ( မြန်မာ့နိုင်ငံရေးလေ့လာသူ)

တော်လှန်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာထက် ပြည်တွင်းအင်အားကို ပိုပြီးအလေးစိုက်ဖို့လိုပါတယ်။ စစ်တပ်က အမျိုသားရေးနှင့် ဘာသာရေးကို အသုံးချပြီး ပြည်သူတွေကို သွေးခွဲဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာတော့ ပြည်သူတွေကို ဒီလိုလုပ်လို့ မရတော့ဘူး။ စစ်အာဏာရှင်ကို ဒီလောက်တောင်မုန်းရက်သားနဲ့ အာဏာရှင်အသက်ဆိုးရှည်နေတာ ပြည်သူတွေမစုစည်းကြလို့ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့သာ အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်မယ်ဆိုတာ အားလုံး သိပြီးသား ဖြစ်ပါတယ်။ အချင်းချင်းကြား သွေးမကွဲအောင် စုစည်းပြီးတော့ စစ်အာဏာရှင်စနစ်ကို တော်လှန်ဖို့ လိုပါတယ်။ တော်လှန်ရေးအင်အားစုစည်းနိုင်မှ တော်လှန်ရေးအလားအလာကောင်းမှ နိုင်ငံတကာ ကလည်း ကူညီထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

ရဲဘော်ဆလိုင်းယောအောင်

(ဗဟိုဦးဆောင်ကော်မတီဝင်-မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး)

တော်လှန်ရေးဆိုတာ ကိုယ့်အားကိုယ်ကိုးပြီး တော်လှန်ရေးလုပ်ဆောင်ဖို့လိုပါတယ်။ သို့ပေမဲ့ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုနဲ့ ထောက်ခံမှုကလည်း အလွန်အရေးပါပါတယ်။

၅) အထက်ကမေးခွန်းနဲ့ ဆက်စပ်ပြီး မြန်မာပြည်သူများရဲ့ ဖက်ဒရယ်နှင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုရရှိရေး လှုပ်ရှားမှုအတွက် ထောက်ပံ့ကူညီ ပေးနိုင်ဖို့ အမေရိကန်အစိုးရက ချမှတ်ထားတဲ့ Burma Act လို့ခေါ်တဲ့ ဥပဒေတစ်ခု အတည်ပြု ပြဌာန်းထားပါတယ်။ ဒီဥပဒေက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကို ဘယ်လောက် အထောက်အပံ့ ဖြစ်စေနိုင်မလဲ။

နိုင်ဗညားမွန်– တိုင်းရင်းသားနိုင်ငံရေးလေ့လာသူ၊ ဒါရိုက်တာ – မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ

Burma Act ဆိုတာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး အမေရိကန်က ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။ ထိုအရေးနဲ့ပတ်သက်ပြီး ပြောဆိုရာမှာ NUCC, NUG, CRPH, PDF တွေကိုလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးအပ်သွားမယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။ သို့ပေမဲ့ တော်လှန် ရေးကို ကိုယ့်အားကိုယ်ကိုးပြီး ရေချိန်ကို ဆက်ထိန်းထားရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးရေချိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မှသာလျှင်နိုင်ငံတကာယုံံကြည်မှု၊ ထောက်ခံမှုနဲ့ ထောက်ပံ့မှုကို ရရှိမှာ ဖြစ်ပါတယ်။

၆) နောက်တချက်က အဲဒီ Burma Act ထဲမှာပါတဲ့ အထောက်အပံ့တွေကို လိုအပ်နေတဲ့နေရာတွေကို တိုက်ရိုက်ရောက်အေင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ။

Burma Act နဲ့ ပတ်သက်ပြီးစိုးရိမ်ချက်ကတော့ ငွေကြေးပါလာတဲ့အတွက် သေချာပြင်ဆင်ပြီးမှာ လက်ခံဖို့လိုပါတယ်။ ငွေကြေးထောက်ပံ့သူနဲ့ လက်ခံတဲ့သူ နှစ်ဦးနှစ်ဖက်လုံးက ပွင့်လင်းမြင်သာဖို့လိုပါတယ်။ မဟုတ်ရင် ငွေကြေးကြောင့် အချင်းချင်းကြား အချင်းပွားမှုတွေ ဖြစ်ပွားတတ်ပါတယ်။ အချင်းချင်းကြားမှာ နိုင်ငံရေးသဘောအရ သဘောထားမှန်ဖို့လိုပါတယ်။ တော်လှန်ရေးအတက်အကျအပေါ် မူတည်ပြီးတော့ ထောက်ပံ့မှုတွေ ရရှိနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့လိုပါတယ်။

၇) အမေရိကန်အစိုးရက ချမှတ်ထားတဲ့ Burma Act နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ သဘောထား ဘယ်လိုရှိပါသလဲ။ ဒီဥပဒေနဲ့ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်နဲ့ အမေရိကန် တို့ရဲ့ ရပ်တည်ချက် သဟဇာတ ဖြစ်နိုင်လား။ တော်လှန်ရေး အတိုက်အခံ အင်အားစုတွေ ဘာတွေလုပ်ဆောင်သင့်ပါသလဲ။

ဒေါက်တာ လှကျော်ဇော ( မြန်မာ့နိုင်ငံရေးလေ့လာသူ)

Burma Act နဲ့ပတ်သက်ပြီး တရုတ်ကတော့ တုန်လှုုပ်မှုမရှိပါဘူး။ တရုတ်ကတော့ သူ့မူဝါဒကို ဆက်လက်အကောင်အထည်ဖော်ဖို့ လိုပါတယ်။ သို့ပေမဲ့ ထောက်ပံ့မှုနဲ့ပတ်သက်ပြီး နိုင်ငံရေးလွတ်လပ်မှုရှိဖို့ လိုပါတယ်။ ထောက်ပံ့မှုကြောင့် တော်လှန်ရေးမှာ ကိုယ်ဒူးကိုယ်ချွန်တဲ့စိတ်ဓာတ်တွေ မလျော့ပါးသွားဖို့လိုပါတယ်။ နိုင်ငံတကာအကူအညီကို အသုံးပြုပြီး တော်လှန်ရေးကို ပိုမိုအားကောင်းအောင်လုပ်ဆောင်သွားဖို့လိုပါတယ်။

နိုင်ဗညားမွန်– တိုင်းရင်းသားနိုင်ငံရေးလေ့လာသူ၊ ဒါရိုက်တာ – မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ

Burma Act နဲ့ပတ်သက်ပြီး အိန္ဒိယက ထူးထူးခြားခြား ထုတ်ပြန်ခြင်းမရှိသလို၊ အာဆီယံကလည်း ထုတ်ပြန်ခြင်းမရှိပါဘူး။ အာဆီယံအနေနဲ့ ထုတ်ပြန်ထားတဲ့ သဘောတူညီချက် (၅) ချက်အပေါ် အခြေခံလုပ်ဆောင်နေတာ တွေ့ရပါတယ်။

ရဲဘော်ဆလိုင်းယောအောင်

(ဗဟိုဦးဆောင်ကော်မတီဝင်-မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး)

Burma Act နဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်မှာ (၁) စစ်ဘေးရှောင်ပြည်သူတွေ၊ ဒုက္ခသည်တွေကို ကူညီ ထောက်ပံ့ ပေးခြင်း၊ (၂) နည်းပညာဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်းစတဲ့နေရာတွေကို ထိုထောက်ပံ့ငွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

မြန်မာ့အရေး နိုင်ငံတကာ၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများ ချဉ်းကပ်မှုဆိုင်ရာ ဆွေးနွေးခြင်း

၁) မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့သဘောတူညီချက်(၅)ရပ် လက်တွေ့ အလုပ်ဖြစ်မယ်လို့ မြင်လား။ အာဆီယံရဲ့သဘောတူချက် လမ်းကြောင်းအပြင် နောက်ထပ် နည်းလမ်းသစ် ရှာသင့်ပြီလား။ ဘယ်လို ချဉ်းကပ်သင့်ပါသလဲ။

နိုင်ဗညားမွန်– တိုင်းရင်းသားနိုင်ငံရေးလေ့လာသူ၊ ဒါရိုက်တာ – မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ

လက်ရှိမှာတော့ အာဆီယံသဘောတူညီချက် (၅) ချက်ဟာ လက်ရှိမှာ အကောင်အထည်ဖော်နိုင်တဲ့အခြေအနေမှာ မရှိနေဘူးလို့ ပြောလို့ရပါတယ်။ အာဆီယံသဘောတူညီချက်(၅) ချက်ဟာ အလုပ်ဖြစ်မယ်လို့ မထင်ပါဘူး။ မင်းအောင်လှိုင်က ကိုယ်တိုင် လက်မှတ်ထိုးထားပေမဲ့ ဘယ်အချိန်မှာအကောင်အထည်ဖော်လုပ်ဆောင်ရမယ်၊ မလုပ်ရင် ဘာဖြစ်မယ်ဆိုတာ မပါပါဘူး။ အာဆီယံရဲ့ ဖွဲ့စည်းမှုကိုယ်တိုင်ကလည်း တင်းတင်းကျပ်ကျပ်ဖွဲ့စည်းထားတာမဟုတ်တဲ့အတွက် အရေးယူဖို့ အလွန်ခက်ပါတယ်။ အာဆီယံအနေနဲ့ စစ်တပ်ကို အစည်းအဝေးတွေမှာ မဖိတ်တာကလည်း တော်လှန်ရေးအတွက် အင်အားတရပ်ဖြစ်ပါတယ်။ အာဆီယံက NUG နဲ့လည်း တွေ့ဆုံနေတာဖြစ်ပါတယ်။ ကောင်းတဲ့အလားအလာ တစ်ရပ်ဖြစ်ပါတယ်။

၂) မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်အမှတ် S/RES/2669(2022) ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာ ချမှတ်ခဲ့ပါတယ်။ ဒီကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံအပေါ် ဘယ်လောက်ထိ သက်ရောက်မှု ရှိတယ်လို့ မြင်လဲ၊ အထူး သဖြင့် စစ်ကောင်စီက လိုက်နာဆောက်ရွက်မှု ရှိနေပြီလား။ လိုက်နာမှုမရှိရင် ဘယ်လိုသက်ရောက်မှု ရှိနိုင်လဲ။ ကုလသမဂ္ဂအဖွဲ့အနေဖြင့် မြန်မာ့အရေးကို နောက်ထပ် ခြေလှမ်းသစ် ဘယ်လို ချဉ်းကပ်သင့်ပါသလဲ။

ရဲဘော်ဆလိုင်းယောအောင်

(ဗဟိုဦးဆောင်ကော်မတီဝင်-မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး)  

စစ်တပ်အနေနဲ့ ထိုထုတ်ပြန်မှုနဲ့ပတ်သက်ပြီး ရှက်တတ်မယ်ဆိုရင် အလွန်ရှက်ဖို့ကောင်းပါတယ်။ သို့ပေမဲ့ စစ်တပ်က မရှက်ပါဘူး။ တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေအနေနဲ့ စုစည်းပြီး ပိုပြီးအလုပ်လုပ်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာကတော့ အထွေအထူးလုပ်ဆောင်မဲ့အနေအထား ဖြစ်ပါတယ်။

၃) မြန်မာ့အရေးနဲ့ ပတ်သက်ပြီးပြောရင် အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့ရဲ့ ရပ်တည် ချက် တွေကလည်း အင်မတန်အရေးတယ်လို့ မြင်ပါတယ်။ တရုတ်နိုင်ငံက သဘောထား၊ ခြေလှမ်းတွေက ဘယ်လို ချဉ်းကပ်မှုမျိုးလို့ မြင်ရပါသလဲ။ တရုတ်ရဲ့ ချဉ်းကပ်မှုက မြန်မာ့အရေး တည်ငြိမ်မှုကို အမှန်အကယ် ဦးတည်စေနိုင် သလား။ အိန္ဒိယရဲ့ ချဉ်းကပ်လှုပ်ဆောင်မှုက ဘာတွေမြင်ရလဲ။

ဒေါက်တာ လှကျော်ဇော ( မြန်မာ့နိုင်ငံရေးလေ့လာသူ)

တရုတ်အနေနဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့ မူအတိုင်း နိုင်ငံတကာကို ဆက်ဆံနေတာ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ ကိုဗစ်အပြီး စီးပွားရေးနာလန်ပြန်ထူနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ထိုအတွက် အာဆီယံအပါအဝင်၊ မြန်မာကိုလည်း ချဉ်းကပ်လုပ်ဆောင်နေပါတယ်။ စီးပွားရေးအကျိုးစီးပွားအရသာ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ရဲဘော်ဆလိုင်းယောအောင်

(ဗဟိုဦးဆောင်ကော်မတီဝင်-မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး)

တရုတ်အနေနဲ့ လက်တလောမှာ မြန်မာပြည်ကိုအလာစိတ်လာရခြင်းအကြောင်းအရင်းမှာ Burma Act ကြောင်းဖြစ်နိုင်ပါတယ်။ မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးကို တရုတ်လိုလားတဲ့အကြောင်းအရင်းဟာ ယူနန်အကျိုးစီးပွားနဲ့ ဆက်စပ်မယ်လို့ မြင်ပါတယ်။ Burma Act နဲ့ ပတ်သက်ပြီးတရုတ်အမြင်ကတော့ အမေရိကန်အနေနဲ့ မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ မြင်ပါတယ်။ အမေရိကန်က ဒီထက်ပိုတိုးပြီးလုပ်ဆောင်မယ်ဆိုရင် တရုတ်ဘက်ကလည်း ပိုပြီးစစ်ကောင်စီနဲ့ ထိစပ်လာနိုင်ချေရှိပါတယ်။

အိန္ဒိယနဲ့ပတ်သက်ပြီး နယ်စပ်ဒေသမှာ ရှိတဲ့ စစ်ဘေးရှောင်တွေရဲ့ လုံခြုံရေးနှင့် စားဝတ်နေရေးအတွက် အကူအညီပေးနိုင်ရေးအတွက် တောင်းဆိုမှုတွေ ပြုလုပ်ဖို့ လိုပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

၄) မြန်မာ့ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲက မြန်မာ့နိုင်ငံရေး အတွက် ဘယ်လို သက်ရောက်မှု ရှိစေမယ်လို့ မြင်ပါသလဲ။ လက်ရှိ ရွေးကောက်ပွဲနိုင်ထားတဲ့ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ် ကတော့ ကူညီပေးသွားမယ်လို့ ပြောဆိုထားသလို တဖက်မှာလည်း မြန်မာ့နဲ့ ထိုင်း စစ်ခေါင်း ဆောင်တွေကြားတော့ အနီးစပ်ဆုံး ဖြစ်နေတဲ့ပုံစံ မြင်ရပါတယ်။

နိုင်ဗညားမွန်– တိုင်းရင်းသားနိုင်ငံရေးလေ့လာသူ၊ ဒါရိုက်တာ – မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ

Move Forward အနေနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် နိုင်ငံရေးအရ ဒီမိုကရေစီအတွက် ပိုမိုအလေးသာလာနိုင်တဲ့ အလားအလာရှိပါတယ်။ စစ်ဘေးရှောင်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ပတ်သက်ပြီး အကူအညီတွေ ပေးသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ သို့ပေမဲ့ နယ်စပ်အရေးနဲ့ပတ်သက်ပြီး ထိုင်းစစ်တပ်က ပိုပြီး ကိုင်တွယ်တာ ဖြစ်တဲ့အတွက် ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

၅) မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အတိုင်းအဝန်းအပါအဝင်၊ အိမ်နီးချင်းနိုင်ငံများကို လက်ရှိ တော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ဘယ်လိုချဉ်းကပ် လုပ်ဆောင် သင့်ပါသလဲ။

ဒေါက်တာ လှကျော်ဇော ( မြန်မာ့နိုင်ငံရေးလေ့လာသူ)

တရုတ်ရဲ့ သဘောတရားကတော့ ဘက်ပေါင်းစုံက ဆက်ဆံတာ ဖြစ်တဲ့အတွက် အားလုံးပေါင်းဆုံကြီး ဆွေးနွေးအဖြေရှာရေးအတွက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း တရုတ်က နှစ်ဖက်လုံးကို တွေ့ဆုံနေတာ ဖြစ်ပါတယ်။ တရုတ်ကတော့ နေရာတကာပါပြီးလုပ်ဆောင်ပေမဲ့ အသံမထုတ်ဘဲ လုပ်နေတယ်လို့ မြင်ရပါတယ်။

ရဲဘော်ဆလိုင်းယောအောင်

(ဗဟိုဦးဆောင်ကော်မတီဝင်-မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး)

NUG အနေနဲ့ စစ်မျက်နှာ (၆) ခု ဖွင့်ပြီး တိုက်ခိုက်သွားမယ်လို့ ပြောထားပေမဲ့ အကောင်အထည်ဖော်ဖို့ ခက်ခဲ နေသေးတယ်လို့ မြင်ပါတယ်။ နိုင်ငံတကာနဲ့ ပတ်သက်ပြီး အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယနဲ့ ဆက်ဆံ ရေးကောင်းမွန်အောင် တည်ဆောက်နိုင်ဖို့ လိုပါတယ်။

၆) နောက်ဆုံးမေးခွန်းအနေနဲ့ ၂၀၂၃ ခုနှစ်မှာ နွေဦးတော်လှန်ရေးဟာ ဘယ်လို ပုံစံမျိုးနဲ့ ရှေ့ဆက်နိုင်ချေ ရှိပါသလဲ။ ဘာတွေအပြောင်းအလဲ ဖြစ်လာမယ်လို့ ခန့်မှန်းပါသလဲ။

ဒေါက်တာ လှကျော်ဇော ( မြန်မာ့နိုင်ငံရေးလေ့လာသူ)

နွေဦးတော်လှန်ရေးဟာ သမိုင်းတလျှောက်မှာ အလွန်အားကောင်းတဲ့တော်လှန်ရေးဖြစ်ပါတယ်။ သမိုင်းအရ တော်လှန်ရေးဟာ အဆုံးသတ်အောင်မြင်ရမဲ့ကာလကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် အောင်ကိုအောင်ရမှာ ဖြစ်ပါတယ်။ အနှေးနဲ့အမြန်သာ ကွာမှာ ဖြစ်တဲ့အတွက် နိုင်ငံရေးအရ၊ တော်လှန်ရေးအရတောင့်ခံထားဖို့ လိုပါတယ်။

နိုင်ဗညားမွန်– တိုင်းရင်းသားနိုင်ငံရေးလေ့လာသူ၊ ဒါရိုက်တာ – မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ

နွေဦးတော်လှန်ရေးအရှိမကျဆင်းရအောင် ထိန်းပြီး ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီဘက်က လက်ရှိအချိန်မှာ အားအနည်းဆုံးကာလဖြစ်တဲ့အတွက် ကြိုးစားပြီး စစ်အာဏာရှင်စနစ်ကို ဖြိုချသွားဖို့ လိုပါတယ်။

ရဲဘော်ဆလိုင်းယောအောင်

(ဗဟိုဦးဆောင်ကော်မတီဝင်-မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး)

ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြဿနာကို ကျွန်တော်တို့ ကိုယ်တိုင် တော်လှန်ဖို့ လိုပါတယ်။ တချိန်တည်းမှာ နိုင်ငံတကာရဲ့ အကူအညီကိုလည်း ရရှိအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ အာဏာရှင်စနစ်ကို တော်လှန်ရာမှာ အချင်းချင်းကြားမှာ အာဏာရှင်စရိုက်မဖြစ်ပွားအောင်၊ လူထု ဆန့်ကျင်ရေးအလုပ်တွေ မလုပ်ဖြစ်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ တော်လှန်ရေးဟာ ရေရှည်တိုက်ပွဲဖြစ်တဲ့အတွက် အဘက်ဘက်က ပြင်ဆင်ထားဖို့လိုပါတယ်။ အမိန့်နာခံမှုရှိမှသာ ရန်သူကို အနိုင်တိုက်ဖို့ လိုပါတယ်။

Related Articles

Back to top button