ဓါတ်ပုံ – Simsa Kasa
ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၁၉ ရက်၊ ၂၀၂၃။
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ဖွင့်လှစ်တဲ့ Mai Ja Yang Institute Of Education (MIED) လို့ခေါ်တဲ့ မိုင်ဂျာယန် ပညာရေးကောလိပ်ရဲ့ ၈ ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ဒီကနေ့ မေ ၁၉ ရက် ဖဂျီးဂင်ဒိုင် (HPAJI GIN DAI) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။
အခုနှစ် ဘွဲ့နှင်းသဘင်ရဲ့ ဘွဲ့ယူမောင်မယ်များဟာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ရဲ့ Pre-College Program, Diploma in English (Dip.Ed) program,Diploma in TESOL (Dip.TESOL) program,Diploma in TCL (Dip.TCL) program နှင့် Inservice Primary Teacher Training Short Course (PAT) သင်ယူခဲ့ သူများ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ ဘွဲ့ယူမောင်မယ်များ စုစုပေါင်း (၆၇၅) ဦးဖြစ်ပြီး Pre-College Program (English) မှ ၃၁၇ ဦး, Pre-Collage Program (Chinese) မှ ၁၅၇ ဦး, Dip.Ed Program မှ ၆၈ ဦး, Dip.TESOL Program မှ ၃၆ ဦး, Dip. TCL Program Third Year (Educational Studies) မှ ၂၆ ဦး, Dip. TCL Second Year အောင် မြင်သော ကျောင်းသား၊ကျောင်းသူ ၃၂ ဦး နှင့် PAT Short Course မှ ၄၂ ဦးတို့ ဖြစ်ကြပါတယ်။
အခုနှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစပြီး BEd. (Primary Education),BEd.(Secondary Education), BA(TESOL), BA(TCL) နှင့် Post Graduate Diploma in Education (PGDE) program အဆင့်ထိ အဆင့်မြင့်တင် သင်ကြားသွားဖို့ ရှိနေပါတယ်။
Mai Ja Yang Institute Of Education (MIED) ကျောင်းအတွက် ၂၀၁၉ ကနေ့စပြီး ကျောင်းစရိတ် မတတ်နိုင်သူများအတွက် ပညာတော်သင်ဆု Scholarship လျှောက်ထားနိုင်ပြီး (ကျောင်းစရိတ်ထောက်ပံကြေး) ပေးနေတယ်လို့လည်း သိရပါတယ်။
တရုတ် – မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ထိန်းချုပ်တဲ့ ပညာရေးမြို့တော်လို့ခေါ်တဲ့ မိုင်ဂျာယန် ဒေသမှာတော့ အဆင့်မြင့်ကျောင်းများဖြစ်တဲ့ ကချင်အမျိုးသားကောလိပ်၊ မိုင်ဂျာယန် ပညာရေးကောလိပ်၊ အင်္ဂလိပ်စာအထူးပြု သင်ကြားတဲ့ကော်လိပ်နဲ့ ဖက်ဒရယ်ဥပဒေ အကယ်ဒမီအပါအဝင် ကချင်ပြည်နယ်ပညာရပ်စုံ တက္ကိသိုလ်ကိုလည်း ဖွင့်လှစ် သင်ကြားပေး နေတာ ဖြစ်ပါတယ်။