မြန်မာ့တော်လှန်ရေးမှာ ဇယ်လန်စကီးလို ဩဇာညောင်းတဲ့ခေါင်းဆောင်တစ်ယောက်လိုအပ်နေ
- By DAVID HUTT
ဘာသာပြန် ဆောင်းပါး ကဏ္ဍ
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇိကြီးကျေးရွာ မှာ မြန်မာစစ်တပ်ရဲ့ အရိုင်းဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တဲ့ လေယာဉ်ဗုံးကြဲခဲ့တာကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ပြီး ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့အပေါ် နိုင်ငံတကာ က အပြစ်တင်ရှုတ်ချဝေဖန်ခဲ့ပါတယ်။
ထိုမတိုင်ခင်တစ်ရက်ကလည်း ချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ ၉ ဦးထက်မနညး သေဆုံးခဲ့ရပါတယ်။
“ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေအတွက် တာဝန်ယူရမယ်” လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရှိသူ က ပြောကြားခဲ့ပါတယ်။
စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာပေမဲ့ အနောက်နိုင်ငံတွေ အနေနဲ့ လက်ရှိအချိန်အထိ အပြစ်တင်ရှုတ်ချတဲ့ လုပ်ရပ်သာ လုပ်ဆောင်လျက်ရှိပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းကာလ နှစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပေမဲ့ အိမ်နီးချင်းအာဆီယံနိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းလုံးက စာနာထောက်ထားမှုဟာ စကားလုံးအရသာ ရှိနေဆဲ ဖြစ်ပါတယ်။
“ ယနေ့ စစ်ကိုင်းတိုင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ရပ်အပါအဝင် စစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေကို ကမ္ဘာတစ်ခုလုံးက ထူးမခြားနား တုံ့ပြန်နေဆဲ၊ လက်နက်ထောက်ပံ့တင်ပို့နေဆဲပင်။ မြန်မာင်ငံက ကလေးငယ်တွေ ဘယ်နှယောက်ထပ်သေမှ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ဒီစစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်ကို ရပ်တန့်သွားအောင်လုပ်ကြမလဲ” လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွမ်အန်ုရူးစ်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။
အန်ဒရူးရဲ့ဖော်ပြချက်အရ “ မြန်မာစစ်ပွဲဟာ ကမ္ဘာ့အမေ့ခံစစ်ပွဲဖြစ်နေပြီလို့ ရေးသားထားပါတယ်။
မြန်မာ့တော်လှန်ရေးနဲ့ပတ်သက်ပြီး စစ်ရေးနှင့် ဘဏ္ဍာရေးထောက်ပံ့မှုနဲ့ ပတ်သက်ပြီးထပ်တလဲလဲ ငြင်းပယ် နေကြပေမဲ့ ယူကရိန်းစစ်ပွဲအတွက် အနောက်တိုင်းဒီမိုကရေစီတွေက အကြီးအကျယ်ထောက်ပံ့ ပေးလျက်ရှိ ပါတာကြောင့် ကမ္ဘာ့နိုင်ငံတွေရဲ့ ခွဲခြားဆက်ဆံမှုကို အထင်းသားမြင်တွေ့နိုင်ပါတယ်။
“ယူကရိန်းအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာက အရေးစိုက်နေကြပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံးလုံးလျားလျားကို လျစ်လျူရှုနေကြတယ်” လို့ တက်စ်မန်းနီးယားတက္ကသိုလ်မှ နီကိုးလပ်စ်ဖယ်ရာလီက စာတမ်း တစ်ခုမှာ ရေးသားထားပါတယ်။
ထိုသို့ဖြစ်ရတဲ့အကြောင်းပြချက်တွေထဲကမှာ ထင်သာမြင်သာတဲ့ ခေါင်းဆောင်မရှိတာကြောင့်လို့ ဆိုပါတယ်။ “ ဩဇာကြီးတဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နာမည်ကြီးနိုင်ငံရေးခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချ ထားတာကြောင့် မှတ်မှတ်ထင်ထင်ဖြစ်တဲ့ ပြည်သူ့ကိုယ်စားလှယ်မရှိတာကြောင့် ဖြစ်ပါတယ်” လို့ သူကရေးသားခဲ့ပါတယ်။
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် The Economist မှာ ဖော်ပြခဲ့တဲ့ စာတမ်းတစ်ခုမှ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ ဩဇာတိက္ကမကြီးတဲ့ ခေါင်းဆောင် မရှိနေဘူးလို့ ရေးသားထားပါတယ်။ ယူကရိန်းလို အားလုံးက အလွယ်တကူအသိအမှတ်ပြုနိုင်မဲ့ ခေါင်းဆောင်မရှိတာကြောင့် နိုင်ငံတကာထောက်ပံ့မှုရရှိဖို့ ပိုပိုခက်ခဲသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကို ပြည်ပအစိုးရအဖွဲ့အစည်းတွေက မသိတောင်မသိနေကြပါဘူး။
တော်လှန်ရေးထဲမှာ ပေါ်ပေါက်ခဲ့တဲ့ ခေါင်းဆောင်တွေဟာ နာမည်ကြီးလိုက် ပြန်ပျောက်ကွယ်သွားလိုက်နဲ့ မတည်မငြိမ်ဖြစ်နေပါတယ်။ တော်လှန်ရေးအစပိုင်းမှာ ဒေါက်တာဆာဆာကို သိကြပေမဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက ပြန်ပြီးတိမ်မြုပ်သွားပါတယ်။
တော်လှန်ရေးအစပိုင်းမှာနာမည်ကြီး လူကြိုက်များခဲ့တဲ့ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ မင်းကိုနိုင်အနေနဲ့ အခုနောက်ပိုင်းမှာ မြေပြင်က တော်လှန်ရေးရဲဘော်တွေရဲ့ ဝေဖန်ခံနေရပါတယ်။
တော်လှန်ရေးမှာ နာမည်ကြီးလာတဲ့သူတွေကို စစ်အုပ်စုက ပစ်မှတ်ထား ဖြိုခွင်းလာတာကြောင့် အလားအလာရှိတဲ့ခေါင်းဆောင်တွေ တိမ်မြုပ်နေတာလို့ သုံးသပ်ကြပါတယ်။ နောက်တချက်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမားတွေနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှု၊ စစ်ရေးတွေကို အာရုံအစိုက်ခံချင်သူအချို့က ပြည်သူ့ကို မက်လုံးပေးဖို့အတွက် အသုံးချလာတာကြောင့် ဖြစ်ပါတယ်။
စစ်အုပ်စုက ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြန်လည်လွတ်မြောက်လာမယ်ဆိုရင် ဇယ်လန်စကီလို တခုတည်းသောခေါင်းဆောင်အနေနဲ့ ပြည်လည်ရပ်တည်သွားမှာ ဖြစ်ပါတယ်။
သူမအဖမ်းခံရတဲ့နေ့က စစ်အာဏာသိမ်းတာကို လက်မခံဖို့နဲ့ စစ်အုပ်စုအနေနဲ့ အာဏာသိမ်းပြီး နောက်ထပ်စစ်အာဏာရှင်စနစ်ကို အသက်သွင်းသွားလိမ့်မယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက်ပိုင်းမှာ သူမအနေနဲ့ စကားပါးခြင်းမရှိတော့ပေ။ ပြီးခဲ့တဲ့ဧပြီလက အားလုံးစည်းလုံးကြဖို့နဲ့ မတူတဲ့အမြင်တွေကို စုစည်းကြဖို့” ပြောဆိုခဲ့ပါတယ်။
“အားလုံးကို စုစည်းပေးနိုင်တဲ့ ခေါင်းဆောင်တယောက်ရှိမယ်ဆိုရင် တော်လှန်ရေးအင်အားစုအားလုံးကို ထိရောက်အောင်စုစည်းညှိနှိုင်းပေးနိုင်ပြီးတော့ ပြည်သူတွေအားလုံးနဲ့လည်း ထိရောက်တဲ့ ဆက်သွယ်မှုပြုလုပ်ပေးနိုင်လိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သာလွတ်မြောက်လာမယ်ဆိုရင် ဇယ်လန်စကီလို အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြောခွင့်ရနိုင်သလို၊ အနောက်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးရဲ့ အရေးစိုက်မှုကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် သတင်းစာတွေမှာလည်း မြန်မာ့အရေးဟာ အမြဲတမ်းလိုလို ပါဝင်နေမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အနောက်နိုင်ငံတွေက ဒီမိုကရေစီပြယုဂ်အနေနဲ့ ထင်မြင်ကြသလို နယ်လ်ဆင်မန်ဒယ်လားအနေနဲ့ မှတ်ယူထားကြပါတယ်။
သို့ပေမဲ့ ၂၀၁၆ NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ်အနေနဲ့ တာဝန်ထမ်းဆောင်ချိန်မှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး စစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ကာကွယ်ထွက်ဆိုပေးခဲ့တာကြောင့် နိုင်ငံတကာရဲ့ အပြစ်မြင်မှုကို ခံခဲ့ရပါတယ်။
အကယ်၍ ဩဇာတိက္ကမကြီးတဲ့ ခေါင်းဆောင်တစ်ယောက်သာ ပေါ်ထွက်လာမယ်ဆိုရင် ပိုမိုစုစည်းနိုင်ပြီးနိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်ပေးမှုကိုရရှိနိုင်မှာ ဖြစ်ပါတယ်။
“ဒါဟာ ပုဂ္ဂိုလ်ရေးလိုအပ်ချက်ထက် ပိုပါတယ်။ ခေါင်းဆောင်မှုဆိုင်ရာ လိုအပ်ချက်တစ်ရပ်ဖြစ်တယ်” လို့ နိုင်ငံခြားရေးသံအမတ်တယောက်က အေးရှားတိုင်းမ်ကို ပြောကြားခဲ့ပါတယ်။
လက်ရှိတော်လှန်ရေးရဲ့ အဓိက ပြဿနာကတော့ တော်လှန်ရေးလှုပ်ရှားမှုတွေကို မစုစညးနိုင်တာဘဲ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
“တော်လှန်ရေးအင်အားစုတွေ မစုစည်းနိုင်တာကြောင့် အတိုက်အခံခေါင်းဆောင်တစ်ယောက်မထွက်ပေါ်လာနိုင်တာ” လို့ Southeast Asia Program at the Center for Strategic and International Studies (CSIS) ဒါရိုက်တာ ဂရီဂိုရီပေါလင်းက ပြောကြားခဲ့ပါတယ်။
“ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အတိုက်အခံအင်အားစုတွေအားလုံးကို ကိုယ်စားပြုပြောဆိုနေပေမဲ့၊ လက်တွေ့အခြေအနေမှာ ကိုယ်စားပြုနိုင်ခြင်းမရှိပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အခြားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် မျှော်လင့်ချက်မရှိတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံရေးဦးဆောင်မှုကို လိုက်နာဖို့အတွက် စိတ်ဝင်စားမှုနည်းပါးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ဖက်ဒရယ်ရေးနဲ့အဖြေရှာပြီးတိုင်းရင်းသားဒေသတွေကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုပေးခြင်းဖြင့် ဖြေရှင်းဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးကြောင့် မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းနည်း ပုံစံပြောင်းလဲခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ခေါင်းဆောင်အချို့ဟာ နိုင်ငံရေးပြဿနာကို အကြမ်းဖက်လမ်းစဉ်နဲ့ ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ကြပေမဲ့ လက်ရှိအခြေအနေကတော့ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်လမ်းကြောင်းဖြင့်သာ တိုက်ခိုက်ဖြိုခွင်းနိုင်မယ်လို့ ပိုမိုယုံကြည်လာကြပါတယ်။
လက်ရှိအခြေအနေဟာ စစ်အာဏာမသိမ်းခင်အခြေအနေကို ပြန်ရောက်နိုင်မဲ့အလားအလာမရှိတော့ပါဘူး။ စစ်အာဏာမသိမ်းခင်ကာလမှာ စစ်တပ်နိုင်ငံရေးနှင့် ဗဟိုထိန်းချုပ်မှုစနစ်ကို ကျင့်သုံးခဲ့ပေမဲ့ တောလှန်ရေးကာလမှာတော့ ထိုအရာတွေက ဖြိုချပြီးသားဖြစ်နေပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တချိန်က ဩဇာညောင်းခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ဦးဆောင်မှုမဲ့ တောလှန်ရေးလှုပ်ရှားမှုအဖြစ် ဆက်ရှိနေပါတယ်။
ASIA TIMES ရဲ့ Website စာမျက်နှာမှာ DAVID HUTT ရေးသားဖော်ပြတဲ့ Myanmar’s resistance needs a Zelensky-like charismatic leader ကို ကံ့ကော်ဖြူ ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။
မူရင်းလင့်ခ် ဖတ်ရှုလိုပါက