■ ဖက်ဒရယ်တပ်မတော် အတွက် ကြိုတင် စဉ်းစားချက်
မင်းသေ့ | အတွေးအမြင်
▂
• အခက်ခဲဆုံးဖြစ်လာမယ့်
• စစ်မှန်သည့်
• တစ်ခုတည်းသော
• ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေး
ဖက်ဒရယ်ဒီမိုကရေစီကို လက်တွေ့ ထူထောင်ကြရင် — အခက်တွေ့မယ့် အကြောင်းအချက်တွေ အများကြီး ရှိလာနိုင်တယ်။ အဲသည့်အထဲမှာ အခက်ဆုံး လုပ်ရမယ့် အချက် တစ်ခုရှိတယ်။ ခက်လည်း ခက်တယ်။ လွယ်လည်း မလွယ်ဘူး။ ရေတိုနဲ့လည်း မရဘူး။ ရေရှည်သဘောတောင် မျှော်လင့်ဖို့ ခက်တဲ့ကိစ္စ ရှိတယ်။
အထူးသဖြင့် လူမျိုးစုပယောဂတွေနဲ့ လက်နက်ကိုင်သက်တမ်း ကြီးရင့်တဲ့ အဖွဲ့အစည်းကြီးတွေ ရှိနေတာကြောင့် လက်တွေ့ လုပ်ဖို့ အခက်ဆုံးကိစ္စ ဖြစ်နေတယ်။ အဲဒါက ဘာလဲ။ အဲဒါက ဘာလဲ။ အဲဒါကတော့ — DDR/ SSR ဖြစ်တယ်။ SSR (Security Sector Reform) လို့ ခေါ်တဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကိစ္စ ဖြစ်တယ်။ အဲဒါက ဘာနဲ့ သက်ဆိုင်လဲဆိုတော့ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးနဲ့ တိုက်ရိုက်သက်ဆိုင်တယ်။
ဖက်ဒရယ်တပ်မတော်ဆိုတာ အလွယ်တကူ ဖြစ်လာမှာ မဟုတ်ဘူး။ လက်နက်ကိုင်တိုက်ပွဲနဲ့ နိုင်တဲ့ တော်လှန်ရေးဖြစ်ရင်တောင် — စစ်မှန်တဲ့ တစ်ခုတည်းသော ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးဟာ ဖက်ဒရယ်အစိုးရဖွဲ့စည်းရေးထက် ပိုခက်လာမယ့်ကိစ္စဖြစ်တယ်။
ဒါကို ကြိုတင်တွက်ဆထားရမှာ ဖြစ်တယ်။ ဒါ့အပြင် ဒါဟာ တော်လှန်ရေးခေါင်းဆောင်တွေက အမြော်အမြင်ရှိတဲ့ နိုင်ငံပြုသုခမိန်စိတ်ထားတွေနဲ့ ဝိုင်းဝန်း တည်ဆောက်မှ ဖြစ်မယ်။ လောလောဆယ်အားဖြင့် လူမျိုးစုအကျိုးစီးပွားတွေနဲ့ လက်နက်ကိုင်အဖွဲ့ အကျိုးစီးပွားတွေ ခြေချင်းလိမ်နေတာကြောင့် စစ်မှန်တဲ့ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးဟာ အလွန် ခက်ခဲလာလိမ့်မယ်။
ဒါဟာ တော်လှန်ရေးအလွန် ကာလမှာ အခက်ခဲဆုံးဖြစ်လာမယ့် ကိစ္စကို ကြိုတင် စဉ်းစားထားဖို့ တင်ပြတာဖြစ်ပါတယ်။
ဘာလို့ လိုသည်ထက် ပို၍ ခက်ခဲရမလဲဆိုတဲ့ အကြောင်းရှိပါတယ်။ တစ်ချက်ချင်းစီကို နားလည်အောင် ကြည့်ပါ။
• လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေက အပြိုင်ဖြစ်တည်နေတယ်။
• တရုတ်လက်ဝေခံ လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေ အမြောက်အမြားရှိတယ်။
• နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်လမ်းစဉ်ဟာ လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေအပေါ် လိုသည်ထက်ပို၍ မှီခိုနေတယ်။
• မြန်မာပြည်မှာ အုပ်စုဓလေ့ ထွန်းကားတယ်။
• မြန်မာပြည်မှာ လူမျိုးစုဓလေ့ အပြိုင် တည်ရှိနေတယ်။
• စစ်နယ်ဝန်းဒေသတွေဟာ ထပ်နေတယ်။
• ဖက်ဒရယ်ယူနစ်တွေ ပြန်လည် ခွဲခြမ်းဝေခွဲရေးမှာ နယ်နမိတ်ပိုင်စိုးရေး ပြဿနာတွေ ခံနေလိမ့်မယ်။
• ဗမာပြည်မက နိုင်ငံရေးအုပ်စုဟာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေရဲ့ ဩဇာလောင်းရိပ်ခံရပြီး အချင်းချင်း အားပြိုင်မှု ပြင်းထန်နေလိမ့်မယ်။
• စစ်မှန်သော တစ်ခုတည်းသော ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးဟာ — လက်နက်ဖြုတ်သိမ်းရေး (disarmament) ကိစ္စမှာတင် တစ်,နေလိမ့်မယ်။ ရှေ့ဆက်ဖို့ မလွယ်ဘူး။ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေဟာ အလွယ်တကူနဲ့ လက်နက်ဖြုတ်သိမ်းရေးကို တော်လှန်ရေးအလွန်ကာလမှာ အလွယ်တကူနဲ့ လုပ်မှာ မဟုတ်ဘူး။
• အထူးသဖြင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေဟာ — သူတို့ရဲ့ လူမျိုးစုတော်လှန်ရေးအတွက် ဆွဲကိုင်ထားတဲ့လက်နက်တွေကို ပြန်လည် ဖြုတ်သိမ်းပြီး အသစ်ပြန်လည် ဖွဲ့စည်း တပ်ဆင်ရေး ဖြစ်တဲ့ (demobilization နဲ့ reintegration) ကို ဘယ်တော့မှ အလွယ်တကူ လုပ်မှာ မဟုတ်ဘူး။ အဲသည်လို လုပ်နိုင်အောင်လည်း ပြည်မက ဘယ်လိုနိုင်ငံရေးခေါင်းဆောင်မျိုးကမှ ဆွဲဆောင် စည်းရုံးဖို့ မလွယ်ကူဘူး။
• ဒီလိုဖြစ်နေရင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး (SSR) ဟာ ခက်ခဲနေမှာပဲ။ SSR ခက်ခဲနေရင် တစ်ခုတည်းသော ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးဟာ မျှော်လင့်ချက် မဲ့ နေ မှာပဲ။
ဒါဟာ အထူး ဂရုပြု စဉ်းစားထားရမယ့် အချက်တွေလို့ မြင်တယ်။ အဲသည့်ထဲမှာ အညာပြည်မအတွက် အထူး ထည့်သွင်းစဉ်းစားရမယ့်ကိစ္စ (၂) ချက်ရှိပါတယ်။ အဲဒါကတော့ —
• ■ (၁) ဖြစ်နိုင်ရင် လက်နက်ကိုင်လမ်းစဉ် လျှောက်လမ်းကို အချိန်တိုအတွင်းမှာ အဆုံးသတ်တိုက်ပွဲ ရအောင် အပြတ်ဖြတ်ပါ။ အဲသည်လိုမှ မဟုတ်ရင် လက်နက်ကိုင်သက်တမ်း ရှည်ကြာလာတာနဲ့ အမျှ၊ တော်လှန်ရေးအလွန် ကာလမှာ လက်နက်ဖြုတ်သိမ်းရေးကို လုပ်ဖို့ လုံးဝ မလွယ်ဘူးဖြစ်လာမယ်။ လက်နက်ဟာ ကိုင်လိုက်ရတာ သိပ်လွယ်တယ်။ မူလနေရာ ပြန်ချထားဖို့ မလွယ်ပါ။ အထူးသဖြင့် ကိုယ်ထူကိုယ်ထ ရှာဖွေထားရတဲ့ လက်နက်တွေကို ဗဟိုမှာ ပြန်လည်စုစည်းထားနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။
• ■ (၂) အညာပြည်မမှာ လက်ဝေခံ လက်နက်ကိုင်အဖွဲ့တွေအဖြစ် အစုအဖွဲ့အသီးသီးက မွေးမြူထားကြရင် အဲဒါ….လက်နက်ဖြုတ်သိမ်းရေးအတွက် ပိုခက်နိုင်တယ်။ အဲသည့်ကြားထဲမှာ အကျိုးစီးပွား ပဋိပက္ခတွေနဲ့ ခြေချင်းလိမ်နေလိမ့်မယ်။ မလွယ်ဘူး။ ဒီတော့ အညာဒေသ ပြည်မနယ်မြေက လက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးသမားတွေရဲ့ ခါးပိုက်ဆောင်တပ်တွေ မဖြစ်အောင်လည်း သတိထားရမှာ ဖြစ်သလို၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေရဲ့ လက်ဝေခံ အဖွဲ့တွေ (သစ္စာခံအဖွဲ့တွေ) မဖြစ်စေဖို့လည်း အထူး သတိထားရလိမ့်မယ်။
■ လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ ပြဿနာတွေ အမြောက်အမြားရှိနေတယ်။ အဲဒါကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ဟာ — အာမခံချက်ရှိတဲ့ နိုင်ငံရေးပဋိညာဉ်တစ်ခုဖြစ်မနေဘူး။ အထူးသဖြင့် အဓိက နိုင်ငံရေးအစုအဖွဲ့တွေနဲ့ အဓိက လူမျိုးစုလက်နက်ကိုင်အစုအဖွဲ့တွေ အားလုံး သဘောညီထားတဲ့ နိုင်ငံရေးပဋိညာဉ်တစ်ခု ဖြစ်မနေဘူး။
လက်ရှိ နွေဦးတော်လှန်ရေးမှာ မူဘောင်အနေနဲ့ သုံးနိုင်လောက်အောင် ယေဘုယျသဘောညီထားတဲ့ လုပ်ငန်းလမ်းညွှန်သဘောလောက်သာဖြစ်တယ်။ ဒါ့အပြင် ကောင်းတာတွေကို ဆွဲစုထည့်ထားတဲ့ နှုန်းစံ တန်ဖိုး အစုအဝေးကြီးသာ ဖြစ်နေတယ်။ လက်တွေ့နဲ့ ကိုက်ညီတဲ့ နိုင်ငံရေးပဋိညာဉ် တစ်ခု မဟုတ်ဘူး။ ဒါ့အပြင် ဒါကို လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးအတော်များများက အာရုံမရဘူး။
စာရွက်ပေါ်က နှုန်းစံတန်ဖိုးတွေအဖြစ်သာ သဘောထားကြတယ်။ ဒါပေမယ့် ဒါတွေကို သူတို့က ငြင်းပယ်သလားဆိုတော့ မငြင်းပယ်ဘူး။ အကြောင်းကတော့ သူတို့ဟာ လူမျိုးစုလွတ်မြောက်ရေးကိုသာ အဓိက ဗဟိုပြုထားသူတွေသာဖြစ်တယ်။ NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) က သဘောညီထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ဒီမိုကရေစီရေးနှုန်းစံတွေကို သိပ်အာရုံရကြတာ မဟုတ်ဘူး။ ဒါကို အဲသည်လို ပြောရင် အငြင်းပွားဖွယ် ဖြစ်မယ်။ ဒါပေမယ့် ဒါဟာ လက်တွေ့ဖြစ်နေတာပဲ။ ငြင်းချင်လည်း ငြင်းနိုင်တယ်။
■ NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) ဟာ နွေဦးတော်လှန်ရေးအလွန်ကာလမှာ – ဒီပဋိညာဉ်အတိုင်း လုပ်ကို လုပ်ရမယ်ဆိုတဲ့ political commitment ကို တောင်းယူနိုင်တဲ့ ဩဇာကြီးမှုမျိုး မရှိဘူး။ အကောင်းတွေကို ပလက်ဖောင်းတစ်ခုပေါ်မှာ ဒိုင်ယာလော့ခ်လုပ်ထားတဲ့ အစုအဖွဲ့က ထွက်လာတဲ့ ကြေညာချက် (တင်ပြချက်) မျိုးသာ လုပ်နိုင်တယ်။
ဆိုလိုချင်တာက — NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) က သဘောညီထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို တော်လှန်ရေးအစုအဖွဲ့အားလုံးက — မဖြစ်မနေ လုပ်ကို လုပ်ပါမယ်လို့ အာမခံ ကတိပြုထားချက်မျိုး မထားထားဘူး။ ဒါ့ကြောင့် ခိုင်မာမှုမှာ ပြဿနာရှိတယ်၊ အာမခံချက်ထားမှုမှာ ပြဿနာရှိတယ်။ တိတိကျကျ ပြောရရင် တော်လှန်ရေးအစုအဖွဲ့အားလုံးကို legal binding (တနည်း) political binding လုပ်နိုင်တဲ့ အဆင့်အတန်းမှာ မရှိဘူး။
■ တိတိကျကျ ပြောရမယ်ဆိုရင် NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) က အတည်ပြု ပြဋ္ဌာန်းဆုံးဖြတ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ဟာ — နိုင်ငံရေး timing တိုက်ထားခြင်း သဘောသက်သက်မျှသာဖြစ်တယ်။ ဥပဒေအရ တုပ်နှောင်ထားပြီး ကတိကဝတ်ပြုထားတဲ့ နိုင်ငံရေးပဋိညာဉ် မဟုတ်ဘူး။
ဒါ့အပြင် နိုင်ငံရေးအရ တော်လှန်ရေးအတွင်းမှာ ကြည့်ကောင်းတဲ့မူ ဖြစ်အောင် ပြုစုထားတဲ့ နိုင်ငံရေး လုပ်ငန်းလမ်းညွှန် သဘောလောက်သာဖြစ်တယ်။ စစ်မှန်သော ဖက်ဒရယ်တပ်မတော်တစ်ခုဖြစ်ထွန်းဖို့အတွက် အခြေခံထားနိုင်တဲ့ နိုင်ငံရေးပဋိညာဉ် တစ်ခု မဖြစ်ဘူး။
ဒီအပေါ်မှာ အခြေခံပြီး ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရင်လည်း — ဖက်ဒရယ် ဘယ်လို ဘယ်ကဲ့သို့မှာ ဒီဇိုင်းပိုင်း ပြဿနာရှိနိုင်တယ်။ ရှိလည်း ရှိနေတယ်။ ပိုကြီးမားတဲ့ အကွဲအပြဲ မဖြစ်အောင် နိုင်ငံရေး ခန္တီတရားနဲ့ ဝိုင်းဝန်း ထိန်းသိမ်းကြဖို့သာ ဖြစ်တယ်။
■ လူမျိုးစုအကျိုးစီးပွားကြည့်မှု သိပ်ကဲနေရင် — လူမျိုးစုလွတ်မြောက်ရေးကိုသာ ဗဟိုပြု ပြောကြလိမ့်မယ်။ အားလုံးပေါင်းစည်းညီညွတ်မယ့် ဖက်ဒရယ်တပ်မတော်မျိုး သိပ်မစဉ်းစားချင်ကြဘူး ဖြစ်မယ်။ ဒါ့အပြင် လူမျိုးစုလွတ်မြောက်ရေး အာဂျင်ဒါနဲ့ တစ်ခုတည်းသော ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးဟာ ဖီလာ ဆန့်ကျင် ဖြစ်နိုင်တယ်။
လူမျိုးစုလွတ်မြောက်ရေးကို အရှည်တည်တံ့အောင် အာမခံချက်ရှိထားဖို့ တည်ဆဲ လက်နက်ကိုင်တပ်ကို ဆက်ထားမှ ရမယ်။ ကိုယ့်နယ်မှာ ကိုယ့်လူမျိုးနဲ့ ကိုယ့်တပ် ကိုယ့်အစိုးရ ပုံစံ ဖြစ်သွားမယ်။ ဒါကို ဖက်ဒရယ်ဒီမိုကရေစီလို့ သတ်မှတ်ရင် မှားမယ်။ နှုန်းစံအရ အများကြီး မေးခွန်းထုတ်စရာရှိမယ်။ ဒါတွေကို ဒီလိုပြောလို့ ယခု ရောက်တဲ့နေရာမှာ ရပ်လိုက်ရမှာလားဆိုတော့ — မဟုတ်ပါဘူး။
စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်နိုင်ရေးဟာ ဘုံနိုင်ငံရေးရည်မှန်းချက် ဖြစ်တယ်။ ဒါကို နင်းပြီး တတ်နိုင်သမျှ ဖက်ဒရယ်ပုံပေါက်အောင် တဖြည်းဖြည်း ဖမ်းယူ တည်ဆောက်ကြရမှာပဲ။ ဒါပေမယ့် အကွဲအပြဲကြီးကြီး ထပ်မဖြစ်အောင် သတိအမြဲ ရှိမှရမယ်။ ကိုယ့်အချင်းချင်း ဖြစ်မယ့် စစ်ပွဲတွေက ပိုထိန်းရ ခက်နိုင်တယ်။ ဒီလို လုံးဝ အဖြစ်ခံလို့ မရဘူး။
နောက်ဆုံး၊ စစ်မှန်တဲ့ တစ်ခုတည်းသော ဖက်ဒရယ်တပ်မတော် မဖြစ်နိုင်ဘူးဆိုရင်တောင် — ကိုယ့်နယ်မှာ ကိုယ့်တပ်နဲ့ ကိုယ့်အစိုးရနဲ့ နားလည်မှုရှိရှိ ချိတ်ဆက် ပေါင်းဖက်နိုင်ရေးကိုသာ စဉ်းစားနိုင်လိမ့်မယ်။ ဒါဟာ စံကိုက် ဖက်ဒရယ်တပ်မတော်တော့ မဟုတ်ဘူး။ ရွက်ကြမ်းရေကျိုအဆင့်ရှိတဲ့ ဖက်ဒရယ်ပုံဖမ်းထားတဲ့ ပြည်ထောင်စုတပ်မျိုးသာ ဖြစ်နေမယ်။